(၂၁)ရာစု ပြည်ထောင်စုထိ ရိုက်ခတ်တဲ့ နှစ် ၉ဝ က တို့ဗမာဝါဒ

ဓာတ်ပုံ ရင်းမြစ်, စာပေဂျာနယ်
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
သခင်ပါတီလို့ ထင်ရှားတဲ့ တို့ဗမာအစည်းအရုံးကို ၁၉၃၀ မေ ၃ဝ က ရန်ကုန်မှာ တည်ထောင်တာဖြစ်လို့ ဒီနှစ်မှာ အနှစ် ၉ဝ ပြည့်ပြီ ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လွတ်လပ်ရေးကို သခင်နဲ့ ကျောင်းသားတွေ ဦးစီးတဲ့ စစ်တပ်ကြီး တည်ထောင် တိုက်ယူခဲ့တာ ဖြစ်လို့ တို့ဗမာအဖွဲ့ကို လွတ်လပ်ရေးရဲ့ ပေါက်ဖွားရာလို့လည်း တင်စားကြပါတယ်။
တို့ဗမာကို တည်ထောင်သူ သခင်ဘသောင်းကို စာရေးဆရာကြီးအဖြစ်လည်း လူသိများပါတယ်။ ဂျာမန်တွေးခေါ်ရှင် နစ်ရှေးရဲ့ စာတွေနဲ့ အိုင်းရစ် ရှင်ဖိန်းလှုပ်ရှားမှုတွေကနေ ပေါ်ပေါက်လာတဲ့ တို့ဗမာဝါဒကို သခင်ဘသောင်းရဲ့ နိုင်ငံပြုစာစုတွေကနေ မွေးထုတ်ပေးခဲ့ပါတယ်။ ဝံသာနုခေါင်းဆောင်ကြီး ဦးထွန်းရှိန်ရဲ့ သားတပည့်ဖြစ်တဲ့ သခင်ဘသောင်းဟာ အီတလီကို နိုင်ငံတခုဖြစ်အောင် စုစည်းပေးခဲ့တဲ့ ဂယ်ရီဘော်ဒီရဲ့ အဆိုအမိန့်တွေကိုလည်း အားကျပြီး လွတ်လပ်ရေး ကြိုးပမ်းသူတွေအတွက် အောင်ဆုကတော့ သေခြင်းဆိုတဲ့ ဆိုရိုးကို အားကျခဲ့ပါတယ်။
ဒါကြောင့် မြန်မာတိုင်းဟာ ကိုယ့်တိုင်းပြည်မှာ ကိုယ်သခင်ဆိုတဲ့ စိတ်နဲ့ ရဲရင့်လာအောင် ကိုဘသောင်းက သခင်အမည်ခံကာ စည်းရုံးခဲ့ပါတယ်။ သခင်တွေကို ပေါ်ကာစက လူထူးလူဆန်းတွေ ဆိုပြီး ရှုမြင်ကြတာကြောင့် ကိုယ်တော်မြတ် အဖွဲ့ဆိုပြီး နောက်ပြောင်တဲ့ စာရေးဆရာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သခင်တွေရဲ့ တစိုက်မတ်မတ် ဆောင်ရွက်မှုတွေကြောင့် လူငယ်တွေကြားမှာ ခေတ်စားလာပါတယ်။ လူကြီးပိုင်းကတော့ သခင်ကိုယ်တော်မှိုင်း ဝင်လာမှ ဂရုပြုလာကြတယ် ဆိုပြီး သခင်အေးက မြန်မာ့စွယ်စုံကျမ်းမှာ ရေးသားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bettmann
သခင်လှုပ်ရှားမှု ပေါ်ချိန်ဟာ ကမ္ဘာမှာ စီးပွားပျက်ကပ်ဆိုက်နေပြီး မြန်မာပြည်မှာလည်း လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်နေချိန်ပါ။ စပါးဈေးမကောင်းတာကနေ ဗြိတိသျှအစိုးရက လူခွန်၊လယ်ခွန်တွေ လျှော့မပေးလို့ လယ်သမားတွေ သူပုန် ထတာကလည်း ၁၉၃ဝ မှာပဲ ဖြစ်ပါတယ်။ ဒီလို နိုင်ငံလှုပ်ရှားနေချိန်မှာ မြန်မာပြည်ရဲ့ ပထမဆုံး နိုင်ငံရေး ဦးဆောင်အဖွဲ့ ဖြစ်တဲ့ ဂျီစီဘီအေခေါ် မြန်မာအသင်းချုပ်ကြီး အစိတ်စိတ် ပြိုကွဲပြီး အင်အားလျော့နည်းနေပါတယ်။ ပထမနိုင်ငံရေး ခေတ်က ခေါင်းဆောင်တွေဟာ ဗြိတိသျှပေးတဲ့ ရာထူးယူသူကယူ၊ မယူသူတွေကလည်း အပြင်မှာ ညီညွတ်မှုမရှိဘဲ ကွဲပြဲနေချိန်မှာ သခင်တွေ ပေါ်ထွက်လာပါတယ်။
သခင်လှုပ်ရှားမှုမှာ အဆိုးအကောင်း ပြောစရာတွေစုံတဲ့အထဲက လက်ရှိခေတ်ထိ ရိုက်ခတ်နေတဲ့ အချက်တွေလည်း ရှိနေပါတယ်။ ဒီထဲက ကောက်နုတ်ပြောရရင်တော့

ဓာတ်ပုံ ရင်းမြစ်, © British Library Board Asia Studio collection [19
တို့ဗမာသီချင်း
သခင်အဖွဲ့ဟာ သီချင်းနဲ့ စည်းရုံးလှုပ်ရှားတဲ့ အဖွဲ့ ဖြစ်ပါတယ်။ နယ်ချဲ့ကိုနှင်တဲ့ ဂါထာလို့ တင်စားတဲ့ တို့ဗမာသီချင်းဟာ သခင်ဘသောင်းရဲ့ စိတ်ကူးနဲ့ ဝိုင်အမ်ဘီသခင်တင်ရဲ့ ဂီတစွမ်းအားတို့ ပူးပေါင်းထွက်ပေါ်လာတဲ့ လက်ရာဖြစ်ပါတယ်။ တို့ဗမာသီချင်းဟာ မြန်မာတွေရဲ့အတိတ်က အောင်မြင်မှုတွေကို ပြန်ပြောင်းပြောရင်း အနာဂတ်မှာ လွတ်လပ်ရေးယူဖို့ လှုံ့ဆော်တဲ့ တခြားနိုင်ငံရေးတေးတွေလို တေးတပုဒ်အဖြစ်ကနေ ပိုပြီး ထင်ရှား အောင်မြင်ခဲ့တာကတော့ လွတ်လပ်ပြီး နောက် နိုင်ငံတော်သီချင်းရဲ့ မူရင်းဖြစ်နေလို့ပါ။
ကမ္ဘာမကြေ ဗမာတွေ ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ ဆိုတဲ့ တို့ဗမာသီချင်းသံပြိုင်ပုဒ်ဟာ ၁၉၄၇ မှာ စပ်တဲ့ နိုင်ငံတော်သီချင်းမှာ ပါလာခဲ့ပြီး ကမ္ဘာမကြေ ဗမာပြေ ဒို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ ဖြစ်လာသလို ကမ္ဘာမကြေသီချင်း ဆိုတဲ့ နာမည်သစ် ရလာခဲ့ပါတယ်။ နောက်ဆုံးအတည်ပြုတဲ့ နိုင်ငံတော်သီချင်းမှာ တရားမျှတလွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြေဒို့မြေလို့ အစချီပြီး တို့ဗမာမှာတော့ တကောင်းအဘိရာဇာ တို့ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာနဲ့ စခဲ့ ပါတယ်။
၁၉၄၇ တိုင်းပြည်ပြုလွှတ်တော်အမိန့်နဲ့ နိုင်ငံတော်သီချင်း စစပ်တုန်းကတော့ ဝန်ကြီးချုပ်သခင်နုနဲ့ လူကြီးတချို့ ပြင်ဆင်ရေးစပ်ခဲ့တဲ့ စာသားတွေမှာ အမျိုးသားရေး ကြိုးပမ်းစို့လေ ဒို့ပြေဒို့မြေ အရှေ့ကနေဝန်းထွန်းသစ်စပုံသို့ ဒို့ဆောင်သမျှ အောင်ရမည်မှာ မလွဲပေ စတဲ့ တို့ဗမာသီချင်းစာသားတွေနဲ့ စခဲ့တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.
ဗမာနဲ့မြန်မာ
အစဉ်အလာအားဖြင့် မြန်မာလို့ ခေါ်ဝေါ်ခဲ့ကြတဲ့ လူမျိုးစုဟာ အလယ်ပိုင်းဒေသတွေကနေ ဧရာဝတီမြစ်ဝှမ်းလွင်ပြင်မှာ ကြီးစိုးအုပ်ချုပ်ခဲ့ပါတယ်။ ဗြိတိသျှအောက် ကျပြီးနောက် အဓိက လူမျိုးကြီးဖြစ်တဲ့ မြန်မာတွေဟာ အုပ်ချုပ်ရေးနဲ့ တခြား အရေးတွေမှာ နေရာသိပ်မရတော့ဘဲ ဗြိတိသျှနဲ့ ဥရောပနွယ်ဖွား၊ တောင်အာရှနဲ့ တရုတ်နွယ်ဖွား၊ ကရင်စတဲ့ လူနည်းစုတွေနောက်မှာ ရောက်လာခဲ့ပါတယ်။ ဒါကို ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ (၂ဝ) ရာစုဦးမှာ ပေါ်လာခဲ့ပြီး ၁၉၂ဝ နောက်ပိုင်းမှာ ပိုပြင်းထန်လာခဲ့ပါတယ်။ တို့ဗမာဝါဒပေါ်ချိန်မှာတော့ အသံပျော့တဲ့ မြန်မာစကားလုံးကို အားပြင်းတဲ့ ဗမာနဲ့ အစားထိုးပြီး အမျိုးသားရေးကို ထူထောင်ခဲ့ပါတယ်။
အစပိုင်းမှာ မြေပြန့်က မြန်မာတွေကိုသာ ရည်ရွယ်ပုံရပေမယ့် နောင်မှာတော့ ဗမာဟာ တပြည်လုံးက တိုင်းရင်းသားဆိုသူတွေကို ကိုယ်စားပြုတဲ့သဘောဆောင်လာပါတယ်။ သခင်သိန်းမောင်စတဲ့ တို့ဗမာခေါင်းဆောင်များ ကလည်း မြန်မာ ဟာ လူမျိုးငယ်တွေကို အနိုင်ကျင့်အုပ်ချုပ်ခဲ့တဲ့ လူမျိုးကြီး နာမည်ဖြစ်လို့ ဗမာအမည်ကို ပြောင်းလဲသုံးသင့်တယ်လို့ ဆိုပါတယ်။ ဒါကို မနှစ်သက်တဲ့ လူကြီးပိုင်းက ထုတ်တဲ့ သူရိယ သတင်းစာမှာ တို့မြန်မာဆိုတဲ့ နာမည်နဲ့ အစည်းအရုံးကို ခေါ်ဝေါ်သုံးစွဲခဲ့ကြောင်း ရန်ကုန် တက္ကသိုလ် သမိုင်းပါမောက္ခ ဒေါက်တာဇော်စိုးမင်းရဲ့ မြန်မာအမျိုးသားရေး လှုပ်ရှားမှုအတွင်း တို့ဗမာ အစည်းအရုံးနဲ့ သခင်များ ပေါ်ထွန်းလာမှု စာတမ်းမှာ ပါရှိပါတယ်။ တို့ဗမာအရှိန်နဲ့ အဲဒီခေတ်မှာ ပေါ်တဲ့ ကျောင်းသားအဖွဲ့ချုပ်၊ ပါတီနဲ့ တပ်မတော်တွေရဲ့နာမည်တွေမှာလည်း ဗမာစကားလုံး သုံးစွဲခဲ့ပါတယ်။
တခါ ၁၉၄၃ ဂျပန်ဆီက လွတ်လပ်ရေးရချိန်မှာ ဗမာနိုင်ငံအဖြစ် ခေါ်ဆိုခဲ့ကြပြီး ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံတော့ ပြည်ထောင်စုမြန်မာနိုင်ငံ ဖြစ်လာပြန်ပါတယ်။ ၁၉၈၉ နောက်ပိုင်းမှာတော့ မြန်မာက တပြည်လုံးက တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ဗမာက မြေပြန့်က လူမျိုးစုကြီးကို ရည်ညွှန်းတယ်ဆိုပြီး အဲဒီအချိန်က စစ်အစိုးရက ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ နိုင်ငံအမည်ကိုလည်း အင်္ဂလိပ်အမည် ဘားမားကနေ မြန်မာပြောင်း ခဲ့တာပါ။
တို့ဗမာနဲ့ ဗမာ/မြန်မာအငြင်းပွားမှုက ခုထိ ဂယက်ရိုက်ဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection
သုံးရောင်ခြယ်အလံ
ဗမာကိန်းအညီ အဝါအစိမ်း အနီ ဆိုတဲ့ သုံးရောင်ခြယ်အလံဟာ တို့ဗမာအလံဖြစ်ပြီး အလယ်မှာ ကဒေါင်းရုပ်ပါတဲ့အလံနဲ့ တူတံစဉ်အလံရယ်လို့ ရှိပါတယ်။ ဒီသုံးရောင်ခြယ်အလံကို ၁၉၃၅ ကတည်းက သခင်တွေက အမျိုးသားအလံအဖြစ် သတ်မှတ်ပြီး ၁၉၃၈ မှာ တူတံစဉ်ထည့်သွင်းခဲ့တယ်လို့ အမေရိကန် ကော်နဲတက္ကသိုလ်က ၁၉၈၈ မှာ ထုတ်တဲ့ ဒေါ်ခင်ရီရဲ့ မြန်မာပြည် တို့ဗမာ လှုပ်ရှားမှု (၁၉၃ဝ - ၁၉၃၈) စာအုပ်မှာ ပါရှိပါတယ်။
၁၉၄၃ တို့ဗမာနဲ့ ဒေါက်တာဘမော်အဖွဲ့တို့ ပူးပေါင်းအုပ်ချုပ်တဲ့ ဗမာနိုင်ငံသစ်ရဲ့အလံကလည်း သုံးရောင်ခြယ် ကဒေါင်းအလံ ဖြစ်ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံအရ အနီခံအပြာထောင့်ထဲမှာ ကြယ်ငါးပွင့်က ကြယ်ဖြူကြီးကို ရံတဲ့အလံဖြစ်လာပြီး အဲဒီလံဟာ ချန်ကေရှိတ်အစိုးရရဲ့ တရုတ်အလံ (လက်ရှိ တိုင်ဝမ်အလံ)နဲ့ တူတယ်ဆိုပြီး ခင်နှင်းယုလို စာရေးဆရာတွေက ဝေဖန်ခဲ့ကြပါတယ်။
၁၉၇၄ မှာတော့ အနီခံ အပြာထောင့်မှာ ကြယ် (၁၄) လုံးက စပါးနှံနဲ့စက်သွားကို ရံတဲ့ အလံဖြစ်လာပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဝါစိမ်းနီ အလယ်မှာ ကြယ်ဖြူပါတဲ့အလံကို အလံသစ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
တော်လှန်ရေးဆယ်စုလေးစု
တို့ဗမာအစည်းအရုံးဟာ ဂျပန်ခေတ် သုံးနှစ်မှာ အစိုးရအဖွဲ့ထဲ ပါခဲ့တာကလွဲပြီး သီးသန့်အာဏာရအစိုးရအနေနဲ့ အုပ်ချုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တို့ဗမာသခင်တချို့ကတော့ မြန်မာပြည်ကို အနှစ် ၄ဝ ကျော် အုပ်စိုးခဲ့ပြီး ပါတီသုံးခု ပြောင်းခဲ့ပါတယ်။ ဖဆပလ၊ ပထစနဲ့ မဆလအစိုးရတွေကို ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နုနဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ဟာ တို့ဗမာအစည်းအရုံးက သခင်ခေါင်းဆောင်တွေပါ။ သူတို့ အစိုးရတွေမှာ မတူတဲ့ အုပ်ချုပ်ပုံတွေ ရှိပေမယ့် တူညီတာတွေလည်း ရှိပါတယ်။
ပထမဆုံးက မြန်မာပြည်မှာ အရင်က ကြီးစိုးခဲ့တဲ့ လက်ယာပြုပြင်ရေးသမားတွေရဲ့ အရင်းရှင်မြေရှင်လိုလားတဲ့ နိုင်ငံရေးကို ဆန့်ကျင်ပြီး လက်ဝဲဆန်တဲ့ ဆိုရှယ်လစ်စီးပွားရေးကို ကျင့်သုံးတာပါ။ ဒုတိယကတော့ သူတို့ သုံးယောက်ဟာ တော်လှန်ရေးခေတ်တွေ ဖြတ်သန်းအာဏာရလာခဲ့သူတွေ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ရွေးကောက်ပွဲနည်းတွေ ကျင့်သုံးပေမယ့် အာဏာမှာတော့ စုပေါင်းအုပ်ချုပ်မှုကို သိပ်လိုလားသူတွေ မဟုတ်ပါဘူး။ ဒါကြောင့် တနည်းတဖုံစီ အာဏာရှင် ဆန်တယ်လို့ ရှုမြင်ခံရသူတွေ ဖြစ်ကြပါတယ်။ တတိယကတော့ လက်ယာလူကြီးတွေရဲ့ ပြုပြင်ရေးနည်းနဲ့ သွားတဲ့ နိုင်ငံရေးလမ်းကို မလိုက်ဘဲ တော်လှန်ရေး၊ စစ်နဲ့ အာဏာသိမ်းပိုက်တဲ့နည်းတွေ ကျင့်သုံးခဲ့တာပါ။ ဒါကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တပ်မတော်ဖခင် ဖြစ်လာသလို ဗိုလ်ချုပ်ကြီးနေဝင်းက စစ်အာဏာနှစ်ကြိမ်သိမ်းခဲ့ပြီး ၁၉၈၈ အာဏာသိမ်းပွဲကို ညွှန်ကြားတယ်လို့ သမုတ်ခံခဲ့ရပါတယ်။ သခင်နုခေါ် ဦးနုကတော့ စစ်သမားမဟုတ်ပေမယ့် ပြည်တွင်းစစ် အတွင်း နိုင်ငံကို ထိန်းကျောင်းရာမှာ စစ်တပ်ကို အသုံးချခဲ့တဲ့အတွက် စစ်တပ်က အာဏာသိမ်းတာ နှစ်ကြိမ်ခံခဲ့ရပါတယ်။
သူတို့အလွန် အနှစ် ၃ဝ ကျော်မှာလည်း မြန်မာပြည် နိုင်ငံရေးဟာ စစ်၊ တော်လှန်ရေးနဲ့ အစွန်းရောက် အမျိုးသားရေး၊ ဝါဒရေးတွေ ကြီးစိုးဆဲ ဖြစ်တာ တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection
ဗမာပြုမှု
ဗမာပြည်သည်တို့ပြည်၊ ဗမာစာသည်တို့စာ ၊ ဗမာစကားသည်တို့စကား ဆိုတဲ့ တို့ဗမာကြွေးကြော်သံတွေဟာ လွတ်လပ်ပြီးခေတ် မြန်မာပြည်မှာ ကြီးစိုးခဲ့တဲ့ အမျိုးသားရေး အမြင်တွေရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ စစ်ပြီးခေတ် မှာ မြန်မာဘာသာ ကို ရုံးသုံးဘာသာအဖြစ် အင်္ဂလိပ်ဘာသာနေရာမှာ သတ်မှတ်တာကစပြီး ဗမာပြုမှု ခေါ်တဲ့ ဗမာကြီးစိုးရေး ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဦးနုခေတ်အစိုးရကျောင်းတွေမှာ ငါးတန်းမှ စပြီး အင်္ဂလိပ်စာ သင်ရတာ၊ ၁၉၆၂ အာဏာသိမ်း ပြီးနောက် တက္ကသိုလ်မှာ မြန်မာဘာသာနဲ့ ပြောင်းလဲသင်ကြားတာ စတာတွေဟာ တို့ဗမာဝါဒ ရိုက်ခတ်ချက်တွေ ဖြစ်ပါတယ်။ အာရှ အာဖရိက နိုင်ငံတွေမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသားရေးဝါဒ ရှေ့တန်းရောက်လာသလို မြန်မာပြည်မှာလည်း အများစုဖြစ်တဲ့ မြန်မာတွေရဲ့ ဘာသာစကားနဲ့ စာပေယဉ်ကျေးမှုတွေ နေရာပိုရလာတာပါ။
ထိုင်းနိုင်ငံမှာ ဗိုလ်ချုပ်ကြီး ဆုန်ဂရမ်လက်ထက် ၁၉၃၉ မှာ နိုင်ငံနာမည်ကို ယိုးဒယားက ထိုင်းပြောင်းတာ၊ နိုင်ငံအလံနဲ့ နိုင်ငံတော်သီချင်းကို နေရာပေးမြှင့်တင်တာ၊ ဝတ်စားဆင်ယင်ပုံကအစ ခေတ်မီအောင် အားထုတ်တာတွေ ဖြစ်ခဲ့ ပါတယ်။ မြန်မာပြည်မှာတော့ ထိုင်းလို နိုင်ငံသားတိုင်း လူမျိုးမခွဲဘဲ ထိုင်းဖြစ်ကြောင်း သတ်မှတ်တဲ့ ပြဋ္ဌာန်းမှုမျိုး မရှိခဲ့ဘဲ ဗမာ/မြန်မာမှုကို အားပေးအရေးထားတဲ့မူတွေကြောင့် လူနည်းစုတွေရဲ့ သံသယတွေ ပိုလာစေပြီး ပြည်တွင်းစစ် သက်ဆိုးရှည်ခဲ့ပါတယ်။

နာဇီနဲ့ လက်ဝဲ
တို့ဗမာအစည်းအရုံးဟာ ၁၉၃၈ မှာ အစည်းအရုံး နှစ်ခြမ်းကွဲခဲ့ပေမယ့် ဒီနှစ်ခြမ်းက လွှတ်တဲ့ ရဲဘော်သုံးကျိပ်နှစ်စု ၁၉၄၁ က ဟိုင်နန်ကျွန်းမှာ ဆုံမိချိန်က စပြီး အကွဲအပြဲတွေ ပပျောက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မိန့်ခွန်းတရပ်မှာ ပါပါတယ်။
တပ်မတော်ထဲက သုံးကျိပ်ဝင်တွေကြားက ညီညွတ်ရေးရပေမယ့် နိုင်ငံရေးနယ်က သခင်တွေအကွဲကတော့ ဂျပန်ခေတ်နဲ့ စစ်ပြီးခေတ်မှာ ဆက်ရှိခဲ့ပါတယ်။ သခင်ထွန်းအုပ်နဲ့ သခင်ဗစိန်ကို ဂျပန်နဲ့ ဒေါက်တာဘမော်အစိုးရ က စင်္ကာပူနဲ့ ဂျားဗားကို ပြည်နှင်ဒဏ်ပေးပေမယ့် သခင်နု၊ သခင်သန်းထွန်း၊ သခင်ဗဟိန်း စတဲ့ သခင်ကိုယ်တော်မှိုင်းဘက်ခြမ်းက သခင်တွေကိုတော့ အစိုးရထဲမှာ ဆက်ထားပါတယ်။ စစ်ပြီးခေတ်မှာ ပေါ်လာတဲ့ ဗိုလ်ချုပ် အောင်ဆန်းတို့ ဖဆပလအဖွဲ့ မှာလည်း ဗစိန်ထွန်းအုပ်ဘက်က လူတွေ မပါဘဲ သူတို့က တို့ဗမာအစည်းအရုံးကို ပြန်ထူထောင်ပြီး အတိုက်အခံလုပ်ပါတယ်။ နောက်ဆုံး ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ စောစိန်မော် ဂိုဏ်းသား တွေဆိုပြီး ဖမ်းဆီးခံရတဲ့အထဲမှာ သခင်ဗစိန်နဲ့ သခင်ထွန်းအုပ်ပါခဲ့ပါတယ်။
ဂိုဏ်းကွဲကြတဲ့အထဲမှာ ဝါဒရေးနဲ့ ခေါင်းဆောင်နေရာလုမှုတွေ ပါဝင်ပါတယ်။ သခင်ဗစိန်တို့အုပ်စုက ဂျာမနီ နာဇီဝါဒကို အားကျပြီး သခင်ကိုယ်တော်မှိုင်းအုပ်စုက လက်ဝဲယိမ်းပါတယ်။ ဒါကြောင့် သခင်ဗစိန်အုပ်စုက ဂျပန်နဲ့ တိုက်ရိုက် ဆက်ပြီး လက်နက်အကူအညီတောင်းပေမယ့် မှိုင်းအုပ်စုကတော့ တရုတ်ကွန်မြူနစ်နဲ့ ဆက်ဖို့ ကြိုးစားရင်း ဂျပန်လက် ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bert Hardy
နောက် အနှစ် (၂ဝ) ကျော်အကြာ သခင်ဗစိန်အစုက ဗိုလ်ချုပ်ကြီးနေဝင်း ထူထောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကတော့ နာဇီလို အမျိုးသားရေးဆိုရှယ်လစ်ဝါဒတမျိုး ဖြစ်ပါတယ်။ မှိုင်းသခင်တွေထဲက သခင်စိုးနဲ့ သခင်သန်းထွန်းတို့က ကွန်မြူနစ်ပါတီတွေ ထူထောင်ကြပြီး သခင်မြကတော့ ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။
တို့ဗမာအစည်းအရုံးဥက္ကဋ္ဌဟောင်း သခင်လေးမောင်ကတော့ ခေါင်းဆောင်တွေကြား မကျေလည်မှုတွေကို သေချာ မဆွေးနွေးဘဲ အုပ်စုဖွဲ့အာဏာလုမှုကြောင့် ကွဲပြဲမှုတွေ ဖြစ်ရတယ်လို့ သုံးသပ်ပါတယ်။ လူထုကို စနစ်တကျစည်းရုံးပြီး နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ မဖော်ထုတ်နိုင်တာကြောင့်လည်း ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှနဲ့ ဂျပန်နယ်ချဲ့ နှစ်ဖက်ကြားမှာ နိုင်ငံရေးအချောင်သမားဝါဒကို လမ်းဖွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ သခင်တွေကို မေ့လျော့နေနိုင်ပေမယ့် သူတို့ထွင်ခဲ့တဲ့ လာမယ့်ဘေးပြေးတွေ့ ၊ သခင်မျိုးဟေ့ တို့ဗမာ၊ ကြောက်မွေးပါ ဇာဂနာနဲ့နုတ် စတဲ့ စကားလုံးတွေကတော့ မတိမ်ကောဘဲ ကျန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection








