မြန်မာနဲ့ ဖက်ဒရယ်၊ အနှစ် ၆ဝ က မပြီးသေးတဲ့အိမ်စာ

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာ့နိုင်ငံရေးမှာ ဖက်ဒရယ်ဆိုတာ အငြင်းပွားစရာစကားလုံးလို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်စုခန့်ထိ ရှုမြင်ခဲ့ကြပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ အသွင်ပြောင်းအစိုးရလက်ထက်မှာ ဖြေလျှော့မှုတွေ ပေါ်လာပြီး နောက်ပိုင်း ဒီစကားလုံးကို အစိုးရသတင်း စာမျက်နှာတွေမှာ ပြန်တွေ့လာရပြီး မြေပေါ်ပြန်ရောက်လာခဲ့ပါတယ်။
၂ဝ၁၅ မှာ လူမျိုးစု လက်နက်ကိုင် အဖွဲ့တချို့နဲ့ အန်စီအေခေါ် ငြိမ်းချမ်းရေးစာချုပ်လက်မှတ်ထိုးမှုတွေ စတင်ပြီးနောက်မှာတော့ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး ဆိုတဲ့ အသံတွေက လူမျိုးစုနိုင်ငံရေးနဲ့ လူမှုရေး အဖွဲ့ တွေကြားမှာ ပိုကျယ်ပြန့်လာသလို တပ်မတော် ဘက်ကလည်း စတင်သုံးစွဲလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာတော့ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ အဆက်ဆက် ခေတ်တွေကလိုပဲ လူမျိုးစု ခေါင်းဆောင်တချို့ကို အစိုးရ ရာထူး ကြီး တွေပေးတာကလွဲပြီး ဖက်ဒရယ်ပုံစံ ပေါ်ထွက် လာရေး ကြိုးပမ်းမှု မတွေ့ခဲ့ရပါဘူး။၂ဝ၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပွဲ နောက်ပိုင်းမှာတော့ NLD ရော စစ်တပ်ဘက်ကပါ ဖက်ဒရယ်သံတွေ မြည်ဟည်းလာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STRINGER
တပ်မတော်ပြောသော ဖက်ဒရယ်
နောက်ဆုံး အာဏာမသိမ်းခင်လပိုင်း ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလက အမေရိကန်ပြည်ထောင်စု မြောက်အီလီနွိုင်းတက္ကသိုလ်က ထုတ်တဲ့ မြန်မာ့ ရေးရာဂျာနယ်မှာတော့ မြန်မာ သုတေသီတယောက်ရဲ့ ဆောင်းပါးတစ်ပုဒ် ပါလာခဲ့ပါတယ်။ ရဲဘုန်းကျော်ပြုစုတဲ့ မြန်မာ့အမျိုးသား မူဝါဒ ဖွံ့ဖြိုးမှု စာတမ်းပါ တပ်မတော်ရဲ့ အမျိုးသားမူဝါဒဖြစ်ပေါ်မှုစခန်း အဆင့်ဆင့်မှာ အခုတော့ တို့တာဝန်အရေးသုံးပါးနဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ဖက်ဒရယ် စနစ် ပဉ္စမအဆင့်ရောက်လာပြီလို့ ပါရှိပါတယ်။ စာတမ်းရှင်ဟာ ဂျပန်နိုင်ငံတကာတက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေးပညာ ပါရဂူဘွဲ့ယူစာတမ်း ပြုနေသူလို့ သိရပြီး တပ်မတော်အရာရှိတစ်ယောက်လို့ ခန့်မှန်းရပါတယ်။ ဒီစာတမ်းမှာ ကာကွယ် ရေး ဦးစီးချုပ်နဲ့ ဒုချုပ်တို့ရဲ့ အာဏာမသိမ်းခင်က မိန့်ခွန်းတွေကို သူက လေ့လာပြီး ဒီလိုသုံးသပ်ထားတာပါ။
၁၉၄၂ ဗမာ့ တပ်မတော် သန္ဓေ တည်စကစပြီး လွတ်လပ်ရေး၊ ဒီမို ကရက်တစ် ဆိုရှယ်လစ်ဝါဒ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်၊ တို့တာဝန် အရေးသုံးပါး နဲ့ အခု တို့တာဝန် ဖက်ဒရယ် ဒီမိုကရေစီထိ တပ်မတော်ဝါဒတွေ ပြောင်းလဲခဲ့ပြီလို့လည်း ရဲဘုန်းကျော်က သုံးသပ်ပါတယ်။ ဒါကြောင့် အာဏာသိမ်း ပြီးနောက် စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေမှာ လူမျိုးစုကိုယ်စားလှယ်တွေ စုံအောင်ထည့်သွင်းတာ တွေ့လာရပြီး ဖက်ဒရယ် ဒီမိုကရေစီကို အခြေခံတဲ့ ဖွဲ့စည်းပုံတစ်ရပ် ပေါ်ထွန်းရေးဆိုတဲ့ ကြွေးကြော်သံကို ပြည်ထောင်စုနေ့မှာ စစ်ကောင်စီ သတင်းစာတွေက ဖော်ပြ ခဲ့ပါတယ်။
တကယ်က ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကြေညာခဲ့တဲ့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဆိုတဲ့ တို့တာဝန် အရေး သုံးပါးကို စစ်တပ်ချုပ်ကိုင်မှုများတဲ့စနစ်ရဲ့ ကြွေးကြော်သံ ဆိုပြီး အရပ်ဘက် နိုင်ငံရေးသမားတွေနဲ့ လူမျိုးစုခေါင်းဆောင်တွေဘက်က အစဉ်သဘောထား ဆန့်ကျင်လာခဲ့တာပါ။ ဒါကြောင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိန့်ခွန်းတွေမှာ လွတ်လပ် ညီမျှခြင်းနဲ့ တရားမျှတရေး အခြေခံတွေ၊ ဒီမိုကရေစီ၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံတွေ ဘယ်လိုပင် ပြောစေကာမူ ဖက်ဒရယ်ကို ဗဟိုချုပ်ကိုင်မှုအခြေခံနဲ့ ပေးဖို့ပြင်နေတာလား ၊ ကွန်မြူနစ် နိုင်ငံတွေမှာရှိတဲ့ ဒီမိုကရေစီဗဟိုဦးစီးစနစ်ဆိုတာနဲ့ သဘော ဆင်လေမလား တွေးချင့်စရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN
နောက်ပြီး တပ်မတော် ခေါင်းဆောင်ပိုင်းမှာ ၁၉၄၉ ကစပြီး လူမျိုးစုစစ်ဗိုလ်ချုပ်တွေ ပျောက်ကွယ်ပြီး မြန်မာ စစ်ဗိုလ်တွေ ကြီးစိုးခဲ့ တာကြောင့်လည်း တပ်မတော်ကို ဗမာတပ်အဖြစ် ပြည်နယ်ဒေသတွေမှာ ရှုမြင် ခံရ ပါတယ်။ နောက် စစ်ခေါင်းဆောင်တွေ တည်ထောင်တဲ့ နေပြည်တော် စစ်ရေးပြကွင်းနဲ့ စစ်တက္ကသိုလ်ရှေ့မှာ ထားရှိတဲ့ မြန်မာဘုရင်သုံးပါး အရုပ်တွေကလည်း ဒီဘုရင်တွေ ကျူးကျော်ရန်စတာ ခံခဲ့ရတဲ့ လူမျိုးစုတွေ အတွက် အခဲမကျေစရာ ဖြစ်ပါတယ်။ အနှစ် ၇ဝ ကျော်ပြည်တွင်းစစ်အတွင်း တပ်မတော်ရဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေး တွေကြောင့် လူမျိုးစုပြည်နယ်တွေမှာ အရပ်သားတွေ ထိခိုက်ခဲ့မှုကို တပ်မတော်ရဲ့ အမျိုးသား မူဝါဒ အသစ်က ဘယ်လောက် ကုစားပေး နိုင်မလဲ ဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
CRPH နဲ့ အရေးပေါ်ဖက်ဒရယ်
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးဖြစ်ပေါ်မှုတွေ အင်မတန်လျင်မြန်ပြောင်းလဲခဲ့ပြီးနောက် NLD ရဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲ အနိုင်ရအမတ် တွေ ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဖက်ဒရယ် ဒီမိုကရေစီဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို ထုတ်ပြန်ပြောဆို လာကာ မတ်လ ၃၁ ရက်ညတင်ပဲ ၂ဝဝ၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းကြောင်း CRPH က ကြေညာခဲ့ပါတယ်။ နောက် ၂ဝ၂ဝ အမတ်နဲ့ ပါတီတွေ၊ စီဒီအမ်ခေါင်းဆောင် တွေနဲ့ သပိတ်အင်အားစုတွေ၊ အမျိုးသမီးနဲ့လူငယ်အဖွဲ့တွေ၊ အရပ်ဘက်လူမှုအဖွဲ့တွေနဲ့ လူမျိုးစု လက်နက်ကိုင်အဖွဲ့ တွေ စုပေါင်း ဆုံးဖြတ်တယ်ဆိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ကြေညာသလို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
ဒီမိုကရေစီဖက်ဒရယ်၊ ဖက်ဒရယ်ဒီမိုကရေစီ ရှေ့နောက်စကားလုံး အငြင်းပွားတာတွေ မရှိတော့ပေမဲ့ ဒီ NLD နဲ့ CRPH က တင်ပြ လာတဲ့ ဖက်ဒရယ် ဒီမိုကရေစီဟာ လူမျိုးစု လက်နက်ကိုင်တပ်တွေနဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့တွေက လိုလားတဲ့ ဖက်ဒရယ် စနစ်နဲ့ ဘယ်လောက် ကိုက်ညီသလဲ ဆိုတာ ပြောစရာ ဖြစ်ပါတယ်။ နိုင်ငံရေးမုန်တိုင်းကြားမှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဖက်ဒရယ် ပဋိညာဉ်ကို အကောင်အထည် ဖော်ရာမှာ NLD နဲ့ တခြားပါတီအဖွဲ့အစည်းတွေ ဘယ်လောက် စည်းဝါးမိမလဲ ဆိုတာကလည်း NLD အစိုးရ သက်တမ်းမှာ လူမျိုးစုပါတီနဲ့ လက်နက်ကိုင်တွေ၊ ပြည်နယ်ပြည်မက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆက်ဆံရေးကွာဟပြီး တပ်ဘက်ကို စည်းလုံးဖို့ ကြိုးစားခဲ့တဲ့ သာဓကတွေကြောင့် စဉ်းစားစရာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Harry Entwistle via BBC UGC
တခါ တပ်မတော်လိုပဲ NLD မှာ လူမျိုးပေါင်းစုံပါတယ်လို့ ခေါင်းဆောင်ပိုင်းက ပြောလေ့ရှိပေမဲ့ ဗမာခေါ် မြန်မာလူမျိုး တွေ ကြီးစိုးတဲ့ အဖွဲ့အဖြစ် လူမျိုးစုငယ်တွေဘက်က အမြင်ရှိတာကလည်း လူအများအသိ ဖြစ်ပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက် ချောင်းဆုံတံတားနာမည်ပေးတာ၊ လွိုင်ကော်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ပြဿနာကနေ ရခိုင်က ပြည်နယ်ဝန်ကြီးချုပ် ခန့်တာအထိ လူမျိုးစုတွေနဲ့ အငြင်းပွားစရာတွေ ဖြစ်ခဲ့တာကလည်း ပြည်နယ်သားတွေဘက်က မမေ့နိုင်စရာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
နောက် CRPH က အမျိုးသားညီညွတ်ရေး အစိုးရဖွဲ့မယ်ဆိုတဲ့ အသံတွေ ပေါ်ထွက်လာချိန်မှာပဲ ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ စစ်ဗိုလ် ဟောင်းတွေ ဗျူရိုကရက်ဟောင်းတွေ ပါဝင်တဲ့ အစိုးရဖွဲ့ခဲ့တဲ့ NLD ဟာ လေးသံမြားသံ စဲတဲ့အချိန်ရောက်ရင် လူမျိုးစု တွေကို နိုင်ငံရေးအာဏာခွဲဝေရေးမှာ တကယ် သဘောထားကြီးမလား ဆိုတာကလည်း မေးခွန်းထုတ်စရာ ရှိပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်မှာတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာတွေမှာ ပြည်နယ် အစိုးရတွေ လွှတ်တော် တွေနဲ့ ပြည်ထောင်စုကြား အာဏာခွဲဝေရေးမှာ အရင်ဖွဲ့စည်းပုံဟောင်းတွေထက် ပိုပြီး ရက်ရောလာတာ တွေ့ရပေမယ့် လက်တွေ့မှာ ဘယ်လို ဖော်ဆောင်မလဲဆိုတာက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အရင်က ပြည်နယ်အစိုးရဖွဲ့ရေးမှာ အာဏာရပါတီပဲ စိတ်ကြိုက် ချယ်လှယ်ခဲ့ပေမဲ့ အခုကြားကာလအုပ်ချုပ်ရေးမှာတော့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီနဲ့ တိုင်ပင်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရက ပြည်နယ်အစိုးရတွေကို ဖွဲ့စည်းနိုင်တယ် ဆိုပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်မှာ ဖော်ပြထားပါတယ်။
၂ဝ၁၅ နဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲတွေအတွင်း SNLD အပါအဝင် လူမျိုးစုပါတီတွေနဲ့ မဟာမိတ်မဖွဲ့ဘဲ ယှဉ်ပြိုင်ခဲ့တဲ့ NLD နဲ့ လူမျိုးစု တွေကြား ယုံကြည်မှုဟာ စစ်အာဏာသိမ်းမှုကြောင့် ပြန်လက်တွဲမိတယ် ဆိုပေမဲ့ တကယ် ရွှေလက်မြဲပါ့မလား ဆိုတာ ကတော့ ပြောရစောပါသေးတယ်။ ဘုံရန်သူအတွက် ညီညွတ်မှုယူတဲ့ နိုင်ငံရေးမဟာမိတ်တွေကြား ကွဲလွဲမှုတွေကြောင့် တပ်ပေါင်းစု ပြိုကွဲမှုတွေကို ၁၉၄၈ နိုင်ငံရေးပြိုကွဲမှုနဲ့ ဦးနု လက်နက်ကိုင် လှုပ်ရှားမှု၊ ၁၉၇ဝ- ၈ဝ ကျော်က စီအာဒီဘီနဲ့ မဒတလှုပ်ရှားမှုတွေမှာ တွေ့ခဲ့ရ ပြီး ဖြစ်ပါ တယ်။ ဖက်ဒရယ်တပ်မတော် ပေါ်ထွန်းရေးဆိုတဲ့ ကြွေးကြော်သံကတော့ လူမျိုးစုတပ်ပေါင်းစုနဲ့ မြို့ပြကာကွယ်ရေးတပ်တွေကြား ညှိနှိုင်း ချိတ်ဆက်တဲ့ ကွန်ရက်ကို ညွှန်းဆိုသလား မသိရသေးသလို ကမ္ဘာရန်ဖြစ်နေတဲ့ တပ်မတော်ဘက်ကို ဘယ်လို ပူးပေါင်းလာအောင် စည်းရုံး မယ် ဆိုတာလည်း မမြင်ရသေးပါဘူး။
ဖက်ဒရယ်ကို ဘယ်လိုဖွဲ့မလဲ
တကယ်က ဖက်ဒရယ်ပြည်ထောင်စု တစ်ခုဖွဲ့ရေးမှာ အာဏာခွဲဝေရေးအပြင် နိုင်ငံနာမည်ပေးတာကအစ ပြည်နယ်ဖွဲ့စည်းပုံအပြင် အလံ၊ တံဆိပ်၊ ရုံးသုံးစာ စကားနဲ့ တခြားသေချာတိကျအောင် ဆွေးနွေးရမယ့် ကိစ္စများစွာ ရှိသေးတဲ့အတွက် ချက်ချင်းလက်ငင်း နတ်ရေကန်ထဲ ဆင်းသလို အများညီ ဖက်ဒရယ်ဖြစ်ပုံစံမျိုး လုပ်လို့ ဖြစ်တာ မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စု တည်ထောင်စမှာတင် ဗြိတိသျှ ကိုလိုနီတပ် တွေကို တွန်းလှန် စစ်ဆင်ရသလို လျော့ရဲတဲ့ ပြည်နယ်စုဘဝကနေ ပြည်ထောင်စုအစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ ၁၃ နှစ်ကြာ တည်ဆောက် ရပါ တယ်။ ဒါလည်း နောက် အနှစ် ၆ဝ ကျော်အကြာမှာ တောင်ပိုင်းနဲ့ မြောက်ပိုင်း ကျွန်စနစ် အကြောင်းပြုပြီး ပြည်တွင်းစစ် ဖြစ်ခဲ့ပါသေး တယ်။ ဒါကြောင့် မြန်မာလို လူမျိုးစုံ တပ်တွေစုံတဲ့ နိုင်ငံမှာ ဖက်ဒရယ်ကို သေချာကျနအောင် မညှိနှိုင်းဘဲ နိုင်ငံရေးအပြေးပြိုင်ပွဲပုံစံမျိုး ဦးသူဖွဲ့စတမ်းလုပ်ပြီး တည်ထောင် တာမျိုးကလည်း မဖြစ်သင့်ပါဘူး။
ဖက်ဒရယ်တည်ထောင်တဲ့အခါမှာ ပြည်နယ်တွေ အခြေခံဖွဲ့မယ့် မူအဖြစ် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အရ သိရပေမဲ့ မြန်မာအများစု နေတဲ့ ပြည်မက တိုင်းခြောက်တိုင်းကို ပြည်နယ်တစ်ခုတည်း ပေါင်းဖွဲ့မှာလား၊ ဒီထဲက ကရင်နဲ့ မြန်မာ ရောယှက်နေကြတဲ့ ဧရာဝတီကို ဘယ်လိုစီစဉ်မလဲ၊ နောက် ကရင်ကလည်း လက်ရှိ ရထားတဲ့ အရှေ့ကရင်ဒေသကို ပြည်နယ် ဆက်ပေးတာနဲ့ပဲ ကျေနပ်မှာလား၊ ကချင် ပြည်နယ်ထဲက ရှမ်းဗမာတွေနဲ့ ရှမ်းပြည်မြောက်ပိုင်းက ကချင်တွေအတွက် ဘယ်လို စီစဉ်မှာလဲ စတဲ့ မေးခွန်းတွေက တသီတတန်းကြီး ရှီပါတယ်။ နောက် ရှမ်းပြည်နယ်ဟာ မြန်မာပြည်ထောင်စုရဲ့ ဘော်လကန်ဒေသ ဖြစ်နေပြီး ဝ၊ တအာန်း၊ ပအိုဝ်း၊ ဓနု၊ ကိုးကန့်နဲ့ မိုင်းလားလို ဒေသတွေကို ရှမ်းအုပ်ချုပ်ရေးအောက် ပြန်ထည့်မှာလား ဆိုတာကလည်း ခေါင်းခဲစရာ ကိစ္စဖြစ်ပါတယ်။ ရခိုင်ထဲက ရိုဟင်ဂျာ အရေး ကလည်း ကမ္ဘာသိပြဿနာကြီး ဖြစ်ခဲ့ပြီး ထွက်ပြေးသွားသူတွေ နေရပ်ပြန်လာ နိုင်ရေးကလည်း နှစ်ချီကြာမယ့် ကိစ္စဖြစ်ပါတယ်။
နောက် နိုင်ငံနာမည်ကို သမိုင်းတစ်လျှောက် သိထားခဲ့တဲ့ မြန်မာပဲ ဆက်ပေးမှာလား၊ ဗြိတိသျှခေတ်က မှည့်ခဲ့တဲ့ ဘားမားပဲ ထားမှာလား၊ ဒီနာမည်နှစ်မျိုးလုံးကို ဘဝင်မကျသူတွေကလည်း လူနည်းစုတွေထဲမှာ အများ အပြား ရှိနေပါတယ်။ ဒေါက်တာဆာဆာကတော့ မြန်မာ ပြည်ထောင်စု ဖက်ဒရယ်ယူနိုက်တက်စတိတ်အော့မြန်မာလို့ သုံးတာ တွေ့ရပါတယ်။ တခါ ပြည်နယ်တွေကို လူမျိုးစု နာမည်မထားဘဲ မြို့တော်နဲ့ ဒေသနာမည် တွေနဲ့ မှည့်ဖို့ ကြံ့ခိုင်ရေးက ဦးအောင်သောင်းစတဲ့ လူတချို့ ပြောဆိုခဲ့တဲ့ စဉ်းစားမှုမျိုး ကလည်း လူမျိုးစုတွေ ဘဝင်ကျမယ့် ပုံစံ မရှိပါဘူး။ နောက်ပြီး ပဋိညာဉ်မှာ CRPH ဘက်က တိုင်းရင်းသား စကားလုံး ဆက်လက် သုံးစွဲနေတဲ့အတွက် မြန်မာပြည် မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေ၊ ရန်ကုန် မန္တလေး မော်လမြိုင် တောင်ကြီး စတဲ့ မြို့ပြဒေသတွေမှာ နေထိုင်ကြတဲ့ တရုတ်နဲ့ တောင်အာရှနွယ်ဖွား တွေကို နိုင်ငံခြားသားအဖြစ် ရှုမြင် ခဲ့တဲ့ ခေတ်ဟောင်းအငွေ့အသက် မကုန်သေးတာလို့ ပြောနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PRANABJYOTI DEKA
အနီးဝန်းကျင်က နမူနာများ
မြန်မာဖက်ဒရယ်စနစ်နဲ့ အနီးစပ်ဆုံး ဆင်တူမယ့် ပုံစံကတော့ အိန္ဒိယအရှေ့မြောက်က ပြည်နယ်တွေ ဖြစ်နိုင်ပါတယ်။ ဒီဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်နယ် ခုနစ်ခုက လူမျိုးစုတွေဟာ မြန်မာနဲ့ ယူနန်ဘက်မှာ ဖြန့်ကျက် နေထိုင်ကြတဲ့ မွန်ဂိုလွိုက်အနွယ်ဝင်တွေ ဖြစ်ကြပြီး ဆွေမျိုးတော်စပ်တဲ့ လူမျိုးစုတွေ ဖြစ်ပါတယ်။ နောက် ဗဟိုအစိုးရကို ဆန့်ကျင်တဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေလည်း မြန်မာနဲ့ အိန္ဒိယ နှစ်ဘက်စလုံးမှာ ရှိခဲ့ရှိဆဲ ဖြစ် ပါတယ်။ ဒီ မီဇိုရမ်၊ တြိပူရ၊ အာသံ၊ မဏိပူရ၊ မက်ဂါလေယ၊ အရူနာချယ်ပရာဒက်ရှ်၊ နာဂလန်း ပြည်နယ် ခုနစ်ခုက လူမျိုးစုတွေဟာ ချင်း၊ ရခိုင်၊ သက်၊ ရှမ်း၊ ကသည်း၊ ကူကီး၊ မွန်၊ ကချင် ၊ နာဂ စတဲ့ မြန်မာဘက်မှာ လည်း နေတဲ့ လူမျိုးစုတွေနဲ့ အနွယ်တူ လူမျိုးစုတွေ ဖြစ်ပြီး အိန္ဒိယပြည်မနဲ့ ကိုလိုနီခေတ်ကျမှ ပေါင်းစည်းမိတဲ့ ဒေသတွေ ဖြစ်ပါတယ်။ ဒါကလည်း မြန်မာပြည်က တောင်တန်းဒေသတွေကို ဗြိတိသျှသိမ်းပိုက်ပြီးမှ မြန်မာ ပြည် အုပ်ချုပ်ရေးထဲ စသွတ်သွင်းတဲ့ပုံနဲ့ တူညီနေပါတယ်။
တခြားဘက်မှာကြည့်ရင်တော့ မြန်မာပြည် အရှေ့မြောက်နယ်စပ်က တရုတ်ပြည် ယူနန်ပြည်နယ်မှာရှိတဲ့ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသပုံစံတွေဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ ပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ဒေသတွေအတွက် နမူနာဖြစ်ခဲ့တယ်လို့လည်း ဆိုကြပါတယ်။ တရုတ် ကွန်မြူနစ်အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုအောက်မှာရှိတဲ့ လူမျိုးစုနယ်မြေတွေမှာ ဗဟိုခွင့်ပြုတဲ့ လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်က အကန့်အသတ်သာ ရှိပါတယ်။ ဒါကြောင့် တရုတ်လက်အောက်က ရှင်ကျန်းနဲ့ တိဘက်နယ်မြေတွေမှာ လူမျိုးရေး ဘာသာရေးအရ ဖိနှိပ်ညှဉ်းပန်းမှုတွေနဲ့ လူမျိုးတုံး နှိပ်ကွပ်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနဲ့ ကျောခိုင်း နံစပ်ဖြစ်တဲ့ ယူနန်နယ်က ဒိုင်ခေါ် ရှမ်းလူမျိုးတွေနဲ့ ဂျိန်းဖော၊ ဝ၊ ယီ၊ မြောင်စတဲ့ တိဘက်မြန်မာနဲ့ ထိုင်းတရုတ်အနွယ်ဝင် လူမျိုးစုတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပုံစံ တွေကလည်း တပ်မတော်အစိုးရအဆက်ဆက်အတွက် လေ့လာစရာဖြစ်ခဲ့ပါတယ်။

တခါ အာဆီယံအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံဟာလည်း နိုင်ငံတည်ထောင်စကတည်းက ဂျားဗားကျွန်းနဲ့ ပြင်ပကျွန်းတွေ ဖြစ်တဲ့ စူမတြား၊ ဘော်နီယို၊ ဆူလာဝေစီ၊ ဘာလီ စတဲ့ ကျွန်းတွေကြား နိုင်ငံရေးအာဏာ ခွဲဝေရေးကိစ္စမှာ မပြေလည်မှုတွေ ရှိခဲ့ပြီး ပုန်ကန်မှုတွေလည်း ရင်ဆိုင်ခဲ့ရသလို အရှေ့တီမောခွဲထွက်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ ဒီအခြေအနေတွေကနေ နိုင်ငံကို ပြန်တည်ငြိမ်အောင် ထိန်းနိုင်ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ အုပ်ချုပ်မှုကနေ ဒီမိုကရေစီတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အင်ဒိုနီးရှား နမူနာကလည်း မြန်မာပြည် အတွက် လေ့လာစရာ ဖြစ်ပါတယ်။
ကမ္ဘာတလွှားက ပြည်ထောင်စုများ
တကယ်က ဂျာမနီနဲ့ အီတလီဆိုတဲ့ ကမ္ဘာ့နိုင်ငံကြီးနှစ်ခုဟာ ၁၈၇ဝ ပြည့်လွန်နှစ်တွေကမှ ပြည်နယ်တွေကို စုပေါင်းပြီး ပေါ်ထွက်လာတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ပြည်ထောင်တွေကို စုပြီး နိုင်ငံဖွဲ့ကြတဲ့အထဲ ဆိုဗီယက်၊ ယူဂိုဆလားဗီးယား၊ ချက်ကိုဆလားဗီးယား စတဲ့ ပြိုကွဲ သွားတဲ့ နိုင်ငံတွေ ရှိခဲ့သလို ခွဲထွက်ရေးတောင်းဆိုမှုနဲ့ ပုန်ကန်မှုတွေ မချုပ်ငြိမ်းသေးတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ ဗြိတိန်၊ ကနေဒါ စတဲ့ ဒီမိုကရေစီ ထိပ်သီးနိုင်ငံ တွေမှာတောင် စကော့တလန်နဲ့ ကွီဘက်ခွဲထွက်ရေး လှုပ်ရှားမှုမျိုး ရှိပါတယ်။ ဖက်ဒရယ် မဟုတ်တဲ့ စပိန်လို နိုင်ငံ မှာလည်း ဘက်စ်၊ ကာတာလိုနီးယား စတဲ့ ခွဲထွက်ရေး လှုပ်ရှားမှုတွေ ရှိပြီး ဘယ်လ်ဂျီယံလို နိုင်ငံကလေး မှာတောင် ပြင်သစ်နဲ့ ဒတ်ချ် စကားပြောတဲ့ နှစ်ခြမ်းကြား ညီညွတ်မှုက ထိန်းညှိရတုန်း ဖြစ်ပါတယ်။
၂၁ ရာစုမှာ လူမျိုးဘာသာကို အခြေခံတဲ့ နိုင်ငံရေးစနစ်တွေ ခေတ်မမီတော့ဘူး ဆိုကြပေမဲ့ အခုထက်ထိ ဒီနိုင်ငံရေးက ရုန်းမထွက် နိုင်သေးတာကိုလည်း အမေရိကန်မှာ မကြာခင်က ဖြစ်ခဲ့တဲ့ လူမျိုးရေး အဓိကရုဏ်းများနဲ့ ကမ္ဘာတလွှားထိ ပြန့်နှံ့သွားတဲ့ လူမည်းဘဝ လှုပ်ရှားမှု၊ ကိုလိုနီစိတ်ဖျက်သိမ်းရေး လှုပ်ရှားမှုတွေက ပြနေပါတယ်။ တချိန်က အခွင့်ထူးခံဖြစ်ခဲ့တဲ့ လူဖြူအနောက်တိုင်းသားတွေနဲ့ လူညိုလူဝါလူမည်း အရောင်စုံမျိုးနွယ်စုတွေ တန်းတူညီမျှရေး ကမ္ဘာမှာ တောင်းဆိုနေကြသလို မြန်မာပြည်မှာလည်း မြန်မာနဲ့ လူနည်းစု တွေကြား တန်းတူရေးနဲ့ သိနားလည်ညီညွတ်ရေးကို ပိုတောင်းဆိုလာကြတာကို အာဏာသိမ်းပြီးနောက်ပိုင်း တွေ့လာရပါတယ်။
အတိတ်တစ္ဆေ
ဆွစ်တောင်ကြားပြည်နယ်တွေရဲ့ ပြည်နယ်စုဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး ပြည်ထောင်စု တစ်ခု ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ပဒေသရာဇ်နိုင်ငံငယ်တွေနဲ့ တောင်ပေါ်လူမျိုးစုနယ်မြေတွေကို ဗြိတိသျှကိုလိုနီ အဖြစ် သိမ်းပိုက်ပြီးနောက် မြေပုံ၊ သန်းခေါင်စာရင်း၊ အခွန်ကောက်ခံမှုနဲ့ အုပ်ချုပ်ရေး၊ တရားရေးစနစ်တွေကနေ ခေတ်သစ်နိုင်ငံအဖြစ် ပုံဖော်ပေးမှုကြောင့် မြန်မာနိုင်ငံအဖြစ် ပေါ်ထွန်း လာသလို ၁၉၄၇ မှာ လူမျိုးစုတွေနဲ့ ညှိနှိုင်းတွေ့ဆုံပြီး ပြည်ထောင်စုဖွဲ့ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒီနောက် စည်းလုံးမှု ပြိုကွဲပြီး ပြည်တွင်းစစ်ဖြစ်ရာကနေ ပြည်ထောင်စုလည်း မပီမပြင်နဲ့ စစ်တပ်ချုပ်ကိုင်တဲ့ နိုင်ငံဘဝ ရောက်ခဲ့ပါတယ်။ နယ်စပ်ဒေသတွေမှာ လူမျိုးစု တပ်တွေက ထိန်းချုပ်ပြီး စစ်တပ်နဲ့ အာဏာပြိုင်သလို မြေပြန့်လွင်ပြင်မှာတော့ NLD နဲ့ အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေက စစ်ဘက် နဲ့ ခွဲဝေအုပ်ချုပ်တဲ့စနစ်ကို စမ်းသပ်ကျင့်သုံးခဲ့ပေမဲ့ မအောင်မြင်ဘဲ အာဏာ သိမ်းတဲ့ အဆင့် ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
စစ်တပ်က မြန်မာပြည် အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားမှာစိုးလို့ အာဏာကို ထိန်းချုပ်ထားရတယ်ဆိုပြီး အာဆီယံ အတွင်းရေးမှူးချုပ် ဟောင်းတစ်ယောက်ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြောခဲ့ဖူးပါတယ်။ ဒီစကားဟာ ၁၉၆၂ အာဏာသိမ်းပွဲနဲ့ ပြည်တွင်းစစ် ကာလ တစ်လျှောက် တပ်ဘက်က ပြောခဲ့တဲ့ စကားဖြစ်ပါတယ်။ နောက် အာဏာနဲ့ စည်းလုံးမှုကို ဖိနှိပ်မှုအင်အားနဲ့ ထိန်းမှရတယ်လို့ ယူဆချက် ဟာ မူဆိုလီနီနဲ့ ဟစ်တလာခေတ်က ထင်းစည်းကို ကြိုးနဲ့စည်းတဲ့ ဖက်ဆစ်နာဇီစည်းလုံးမှုမျိုးသာ ဖြစ်ပြီး ဒီမိုကရေစီ နည်းကျ တဲ့ တန်းတူ ညီညွတ်မှု မဟုတ်ပါဘူး။ ဒါကြောင့် လူမျိုးစုလက်နက်ကိုင်အုံကြွမှုတွေ ချုပ်ငြိမ်းသွားရင် နိုင်ငံရေးကနေ တပ်ဆုတ်ခွာ သွားမယ်ဆိုတဲ့ တပ်မတော်ဘက်က စကားမျိုးဟာ တပ်ရဲ့ဖိနှိပ်မှုကြောင့် လက်နက်ကိုင်တော်လှန်နေရတယ်ဆိုတဲ့ လူမျိုးစုတွေဘက်က တုံ့ပြန်မှုနဲ့ ဖီလာဆန့်ကျင်ဖြစ်နေသလို အာဏာလက်ဆုပ်မဖြေရအောင် ဆင်ခြေကန် တာလို့လည်း ပြောနိုင်ပါတယ်။
ပြည်တွင်းစစ်ဖြစ်နိုင်တဲ့အထိ တပ်မတော်နဲ့ လူမျိုးစုအဖွဲ့တွေကြား၊ NLD အပါအဝင် ဆန္ဒပြသပိတ်သမားတွေနဲ့ စစ်ကောင်စီကြား ခါးခါးသီးသီးဖြစ်နေတာတွေကို စားပွဲဝိုင်းထိုင် ဖြေရှင်းမှ တကယ့် ဖက်ဒရယ် ပြည်ထောင်စု အစစ်ကို တည်ဆောက်နိုင်မယ်၊ မဟုတ် ရင်တော့ တရုတ်ပြည်မှာ သမ္မတနိုင်ငံထူထောင်တဲ့ ပြုပြင်ရေးသမား ဒေါက်တာဆွန်ယက်ဆင်ကို စစ်ဘုရင် ယွန်ရှိကိုင် ဖြုတ်ချပြီးနောက် စစ်ဘုရင်တွေ စစ်ခင်းတဲ့ခေတ်လိုပဲ မြန်မာ ပြည်မှာ စစ်ခင်းကြလိမ့်မယ်လို့ စိုးရိမ်သူတွေလည်း ရှိနေပါတယ်။ ဒီလို နိုင်ငံရေး အုပ်စုတွေကြား မညှိနှိုင်းဘဲ စစ်ခင်းတိုက်ခိုက်ကြရင်တော့ ဖက်ဒရယ်ရှမ်းပြည်နယ်စုကို ဗြိတိသျှခေတ်က ပဒေသရာဇ်ရှမ်းပြည်လို့ ဘာသာ ပြန်ခဲ့ဖူးသလို မြန်မာဖက်ဒရယ်ပြည်ထောင်စုဟာလည်း ပဒေသရာဇ်ပြည်ထောင်စု ဖြစ်သွားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LILLIAN SUWANRUMPHA








