အိုင်စီဂျီအစီရင်ခံစာ၊ စစ်မီးနဲ့ အိုက်စ်မက်သာဖက်တမင်းတို့ ဖုံးလွှမ်းနေတဲ့ ရှမ်းပြည်

ရှမ်းပြည်နယ်ဖယ်ခုံမြို့အတွင်းက ဘိန်းခင်းတခင်းမှာ ကစားနေတဲ့ ကလေးငယ်များ။ ၂၀၁၆ ခုမတ်လ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှမ်းပြည်နယ်ဖယ်ခုံမြို့အတွင်းက ဘိန်းခင်းတခင်းမှာ ကစားနေတဲ့ ကလေးငယ်များ။ ၂၀၁၆ ခုမတ်လ။

မြန်မာအစိုးရတပ်မတော်ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ မက်သာဖက်တမင်း၊ အန်ဖက်တမင်း၊ ဟီးရိုးအင်း ဆိုတဲ့ မူးယစ်ဆေးဝါးမျိုးစုံကိုထုတ်လုပ်နေတယ်လို့ အိုင်စီဂျီအစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

အိုက်စ်ထုတ်လုပ်မှုအများဆုံး

ထုတ်လုပ်မှုဟာ အလွန်များပြားတဲ့အတွက် ရှမ်းပြည်နယ်ဟာ ကမ္ဘာပေါ်မှာ အိုက်စ် သို့မဟုတ် ရေခဲ သို့မဟုတ် မက်သာဖက်တမင်း မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်ရာဌာနတွေထဲက တခုတောင်ဖြစ်လာနေပြီလို့ အိုင်စီဂျီ အစီရင်ခံစာကဆိုပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံထဲမှာ၊ အိမ်နီးချင်းနိုင်ငံတွေထဲမှာသာမက အာရှနဲ့ပစိဖိတ်ဒေသတလွှားမှာပါ ဒေါ်လာဘီလျံ ဆယ်ဂဏန်းအများအပြားတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး အမြောက်အမြားကို ဖမ်းမိနေတယ်လို့လည်း ဆိုပါတယ်။

အိုင်စီဂျီ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က "မီးနဲ့ရေခဲ- ရှမ်းပြည်နယ်ထဲက စစ်ပွဲနဲ့ မူးယစ်ဆေးဝါး" ဆိုတဲ့နာမည်နဲ့ ဇန်နဝါရီလ ၈ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာမှာ အဲသလို ဖော်ပြရေးသားထားတာပါ။

ဘိန်းခင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြည်သူ့စစ်၊ နယ်ခြားစောင့်နဲ့ မူးယစ်ဆေး

"ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတပိုင်းတွေလို ဖြစ်နေပြီး သူတို့နေရာဟာ ကိုယ်လုပ်ချင်ရာလုပ်ခွင့်ရှိတဲ့ နိဗ္ဗာန်ဘုံကြီးတွေလို ဖြစ်နေပြီး အဲသလိုနေရာတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်နေပါတယ်။ ဒါ့အပြင် အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ရာနယ်မြေတွေထဲက ချောင်ကြိုချောင်ကြားနေရာလေးတွေဟာလည်း မူးယစ်ဆေးဝါးထုတ်လုပ်ရာ နေရာတွေ ဖြစ်နေပါတယ်။ အိုက်စ်၊ အန်ဖက်တမင်း၊ ဟီးရိုးအင်းတွေက ရတဲ့အမြတ်တွေက သိပ်ကြီးလွန်းတော့ ရှမ်းပြည်ရဲ့ မိရိုးဖလာ စီးပွားရေးတွေဟာ အလိုလိုသေးကွေးကျုံလှီလာပါတယ်။ မူးယစ်ဆေးဝါးဟာ စီးပွားရေးရဲ့ အချက်အချာ ဖြစ်လာပြီး ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုတွေကိုလည်း တိုးပွားလာစေပါတယ်။ အဲသလိုတိုးပွားလာတာဟာ ကာလရှည်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်စဲရေးမှာ အဟန့်အတားအနှောက်အယှက်တွေ ဖြစ်လာပါတယ်"လို့လည်း အစီရင်ခံစာက ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ရှမ်းပြည်ဟာ စစ်ပွဲဆိုတဲ့မီးနဲ့ မက်သာဖက်တမင်းဆိုတဲ့ ရေခဲတွေ ဖုံးလွှမ်းနေရာ ပြည်နယ်တခုဖြစ်လာပါတယ်။

စစ်ပွဲတွေနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှုဟာလည်း ဆက်စပ်နေတယ်လို့ အိုင်စီဂျီက ဆိုပါတယ်။

မူးယစ်ဆေးသုံးစွဲသူ

ဓာတ်ပုံ ရင်းမြစ်, Getty Images

စစ်ပွဲကြောင့်တိုးပွားလာတဲ့ လက်နက်ကိုင်အဖွဲ့များ

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ လက်နက်ကိုင်အဖွဲ့ တွေကို တိုးပွားလာစေပါတယ်။ ၂၀၀၉ ခုနှစ်မှာ အစိုးရစစ်တပ်ဟာ MNDAA ခေါ် မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် ( ကိုးကန့်အဖွဲ့)ကို လောက်ကိုင်ကနေ တိုက်ခိုက်မောင်းထုတ်ခဲ့ပါတယ်။ ဖုန်ကြားရှင်နဲ့ သူ့တပ်ဖွဲ့ဝင်တွေဟာ တရုတ်ပြည်ထဲထွက်ပြေးခဲ့ပါတယ်။ အစိုးရက သူတို့နေရာမှာ ကိုးကန့်နယ်ခြားစောင့်တပ်ဖွဲ့ကို ဖွဲ့ပေးခဲ့ပါတယ်။ ၂၀၁၇ ခုမတ်လမှာတော့ ဖုန်ကြားရှင်ရဲ့ အဖွဲ့ဟာ လောက်ကိုင်ကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။

၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲပြီး ယာယီငြိမ်းချမ်းရေးယူထားတဲ့ KIA ကချင်လွတ်လပ်ရေးတပ်မတော်ကို အစိုးရက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ဖိအားပေးရာမှာ KIA က ငြင်းဆန်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်ကစတင်ပြီး စစ်ပွဲပြန်လည်ဖြစ်ပွားလာပါတယ်။ KIA က တအာန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကို လက်နက်တပ်ဆင် လေ့ကျင့်ဖွဲ့စည်းပေးခဲ့ပါတယ်။ KIA ၊ TNLA ၊ AA၊ MNDAA တို့ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်လာပါတယ်။

ရှမ်းပြည်နယ် ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းတို့မှာ အခုလောလောဆယ် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အဲဒီပဋိပက္ခတွေရဲ့ နောက်ဆက်တွဲတွေ ဖြစ်ပါတယ်။

ဘိန်းခင်းကို ဖျက်ဆီးနေတဲ့ တအာန်းပလောင် စစ်သားတဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘိန်းခင်းကို ဖျက်ဆီးနေတဲ့ တအာန်းပလောင် စစ်သားတဦး

စစ်ပွဲနဲ့ မူးယစ်ဆေး

MNDAA ကိုးကန့်အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မတိုင်ခင်အထိ မူးယစ်ဆေးနဲ့ပတ်သက်ပြီး ကျော်ကြားတဲ့ အဖွဲ့ဖြစ်ပါတယ်။

AA ရက္ခိုင့်တပ်မတော်ဟာ ရာဘမှောင်ခိုလုပ်ငန်းနဲ့ ဆက်နွှယ်တယ်လို့ အစိုးရကစွပ်စွဲထားပါတယ်။ AA ဘက်ကတော့ ငြင်းပါတယ်။

TNLA က မူးယစ်ဆေးဝါးဆန့်ကျင်ရေး မူဝါဒချမှတ်ထားပါတယ်။ TNLA ဟာ အရင်က ပလောင်လွတ်မြောက်ရေးတပ်မတော် PSLA ရဲ့ အဆက်အနွှယ်တွေ ဖြစ်ပါတယ်။ PSLA ဟာလည်း မူးယစ်ဆေးဝါးဆန့်ကျင်တဲ့ မူဝါဒရှိခဲ့ပါတယ်။ PSLA ကို စစ်တပ်က တိုက်ခိုက်ဖျက်သိမ်းခဲ့ပြီးနောက်မှာ တအာန်းနယ်မြေထဲမှာ ဘိန်းအကြီးအကျယ်စိုက်ပျိုးလာတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ အများဆုံးအစွပ်စွဲခံရတဲ့ အဖွဲ့အစည်းကတော့ အစိုးရစစ်တပ်ရဲ့ မဟာမိတ်ဖြစ်တဲ့ ပန်ဆေးပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။ TNLA ထူထောင်ပြီးနောက် ဘိန်းရာသီမှာ ပန်ဆေးပြည်သူ့စစ်နဲ့ တိုက်ပွဲတွေ ဖြစ်လာပါတယ်။ ပန်ဆေးပြည်သူ့စစ်က အစိုးရတပ်မတော်ကို အကူအညီတောင်းပြီး လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ အိုင်စီဂျီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ မူးယစ်ဆေးဝါးလက်လီ ရောင်းချသူတွေကိုဖမ်းဆီးနေတာ ရပ်တန့်ပြီး အကြီးအကျယ်ထုတ်လုပ်နေတဲ့သူတွေကို ဖမ်းဆီးအရေးယူနိုင်ရေး ဦးစားပေး ဆောင်ရွက်ဖို့ အိုင်စီဂျီက အကြံပြုထားပါတယ်။

ဒါ့အပြင် မြန်မာအစိုးရစစ်တပ်အနေနဲ့လည်း သူတို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေဟာ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်သူတွေဖြစ်နေတဲ့ အတွက် တင်းတင်းကျပ်ကျပ် စတင်ထိန်းချုပ်ပြီး ဖျက်သိမ်းတဲ့အထိဆောင်ရွက်သွားဖို့ကိုလည်း အိုင်စီဂျီက တိုက်တွန်းထားပါတယ်။

ဘိန်းခင်း ၂၀၁၆ ခု၊ မတ်လ။

ဓာတ်ပုံ ရင်းမြစ်, Getty Images