အာဇာနည် ဒီးဒုတ် ဦးဘချို နဲ့ နိုင်ငံတော်ဘာသာ

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, သင်္ခါပြုစုတဲ့ ဒီးဒုတ်မှတ်တမ်း
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဒီးဒုတ်ဦးဘချိုကို အာဇာနည် ခေါင်းဆောင်ကြီးတယောက်အပြင် စာပေနဲ့ ဂီတအနုပညာ စွယ်စုံရပညာရှင်အဖြစ် သိကြပါတယ်။ သူနဲ့ပတ်သက်ပြီး ၂ဝ၁ဝ နောက်ပိုင်း မြန်မာလူမှုကွန်ရက်တွေမှာ လူသိပိုများခဲ့တာကတော့ ၁၉၄၇ က ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာ ပြဋ္ဌာန်းရေးအတွက် ဖဆပလပဏာမညီလာခံမှာ သူ အဆိုပြုခဲ့တယ်ဆိုတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဒီအတွက် ဦးဘချိုကို အယူစွဲကြီးတဲ့ ဘာသာရေးသမားအဖြစ် ဝေဖန်တာတွေ ရှိပေမယ့် တကယ်က ဦးဘချိုဟာ နိုင်ငံရေးအမြင်ကြီးတဲ့ စာပေခေါင်းဆောင် တယောက် ဖြစ်ပါတယ်။ ဒါကြောင့် ဦးဘချိုဟာ ပြည်တွင်းရေးမှာ လက်ယာကျသလောက် ပြည်ပရေးမှာ လက်ဝဲဆန်တယ် ဆိုပြီး သူ့ဂျာနယ်မှာ ကလောင်သွေးခဲ့တဲ့ ဦးသိန်းဖေမြင့်က အမှတ်တရ ရေးခဲ့ဖူးပါတယ်။

ဦးဘချိုဟာ ကောလိပ်ကျောင်းမှာ ပညာထူးချွန်သူ ဖြစ်ပြီး စာပေနဲ့ အားကစားလိုက်စားသူ ဖြစ်ပါတယ်။ ဒါကြောင့် ငယ်ကတည်းက စကိတ်စီး၊ ကျွမ်းဘား၊ ကင်းမြီးကောက်ထောင် စတဲ့ အားကစားနည်းတွေမှာ ကျင်လည်ခဲ့သလို ဝန်ကြီးဖြစ်တဲ့အထိ အားကစားမြှင့်တင်ရေး အတွက် ကင်းမြီးကောက် ထောင်ပြဖို့ ဖိတ်ကြားခံရသူ ဖြစ်ပါတယ်။ ၁၉၂၀ မှာ ရန်ကုန်ကောလိပ်သပိတ်ဖြစ်တဲ့အခါတော့ ဟင်္သာတပညာအုပ်ဘဝက ထွက်ပြီး မရေရာတဲ့ အမျိုးသားကောလိပ်မှာ မြန်မာစာပြခဲ့ပါတယ်။ သူ့ဇနီးသည် ဒေါ်လှမေဟာလည်း ၁၉၁၉ မှာ တည်ထောင်တဲ့ မြန်မာမိန်းမများအသင်းမှာ အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၃၉ မှာတော့ မြန်မာပြည် လွတ်လပ်ရေး အမျိုးသမီးအဖွဲ့ချုပ်ကို တည်ထောင်ခဲ့တဲ့ အမျိုးသမီးနိုင်ငံရေးသမား ဖြစ်ပါတယ်။ ဒီလိုတွဲဘက်ညီခဲ့တဲ့အတွက် သူတို့သမီးလေးယောက်စလုံးဟာလည်း လွတ်လပ်ရေးနဲ့ စာပေကိစ္စတွေမှာ အမြဲ တက်ကြွစွာ ပါဝင်ခဲ့ကြပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဒီးဒုတ်ဆရာချို

ဒီးဒုတ်နဲ့ ပုဂ္ဂလ နိုင်ငံရေး

ဦးဘချိုဟာ အမျိုးသားကောလိပ်မှာ လစာမရဘဲ အိမ်ထောင်အတွက် ဘချို အသားလှ ကတ္တီပါရေ၊ ပန်းမြိုင်လယ် ရေမွှေး ထုတ်ပြီး ဝင်ငွေရှာရသလို ပုဆိုးပေါင်ပြီး စာပြခဲ့ရပါတယ်။ ဒီအတွင်း သူ့ရဲ့ စာပေအရေးအသားကြောင့် နှစ်ပါးကြည်ခေါ် ဗန္ဓုလ ဂျာနယ်မှာ အယ်ဒီတာ အလုပ်ရပါတယ်။ နောက်ပိုင်းမှာ ဘားမိစ်ရီဗျူး ကို ပြောင်းပြီး ၁၉၂၅ မှာတော့ သူကိုယ်တိုင် ဒီးဒုတ် ဂျာနယ်ကို ထုတ်ပါတယ်။ ဒီးဒုတ်ဟာ သူ လုပ်ကြံခံရပြီးနောက်ထိ အနှစ် ၂ဝ နီးပါး ထုတ်ခဲ့ရတဲ့ လွတ်လပ်ရေးမရခင်က သက်တမ်းရှည်ဆုံး ဂျာနယ်ဖြစ်ပေမယ့် စီးပွားရေးအတွက် သက်သက်မလုပ်ဘဲ နိုင်ငံရေး ကိစ္စတွေ ထောက်ပံ့ဖို့ လုပ်ခဲ့တဲ့အတွက် ၁၉၂၇ လောက်က တလ ငွေသုံးထောင်လောက် ဝင်ခဲ့ပေမယ့် သူဌေးမဖြစ်ဘဲ ရပ်တည်နိုင်ရုံပဲ ရှိခဲ့တယ်လို့ ဦးသိန်းဖေမြင့်က ရေးခဲ့ပါတယ်။ နောက်ပြီး ဦးဘချိုဟာ သူများကို အင်မတန်ကူညီတတ်သူ ဖြစ်လို့ ဇနီးသည် အပြောအဆိုခံပြီး ငွေကြေး ပေးကမ်းတတ်သူလည်း ဖြစ်ပါတယ်။

ဒီဂျာနယ်မှာ တစောင်လုံးလိုလိုကို သူ ဒိုင်ခံရေးလေ့ရှိပြီး သခင်ကိုယ်တော်မှိုင်း၊ ပီမိုးနင်း၊ ရွှေဥဒေါင်း၊ ဒဂုန်နတ်ရှင် စတဲ့ စာရေးဆရာကြီးတွေရဲ့ လက်ရာလည်း ပါဝင်ပါတယ်။ ပီမိုးနင်းရဲ့ နာမည်ကျော် သဲမြညှာ ဝတ္ထုကြီးဟာ ဒီးဒုတ်မှာ အပတ်စဉ်ပါခဲ့တဲ့ အခန်းဆက် ဝတ္ထုကြီး ဖြစ်ပြီး ဦးဘချိုကိုယ်တိုင်လည်း စပယ်နာမည်နဲ့ ဝတ္ထုတွေ ရေးလေ့ရှိပါတယ်။ ဒီထဲမှာ အင်းဝ ဟံသာဝတီ ရှင်စောပု ခေတ်နောက်ခံနဲ့ ရေးတဲ့ ဘွေသီဟာ ဝတ္ထုက ထင်ရှားပြီး ပထမအဲလစ်ဇဘက်ခေတ်နောက်ခံ အင်္ဂလိပ်ဝတ္ထုတပုဒ်ကို မှီးတယ်လို့ ယူဆကြပါတယ်။ ဂျာနယ်မှာ ဒီးဒုတ်ရဲ့ စျေးဂေဇက်ဆယ်လံနဲ့ အာဝါးခန်း၊ လင်မယားစာဖတ်ခန်း၊ ဒီးဒုတ်ရဲ့ပစ္စရလက်ခတ်ကျမ်း စတဲ့ ကဏ္ဍတွေက နာမည်ကြီးပြီး ခေတ်ပြိုင် နိုင်ငံရေးနဲ့ လူမှုရေးအကြောင်းတွေကို ထင်ဟပ်ခဲ့ပါတယ်။

ဦးဘချိုဟာ ဝံသာနုလှုပ်ရှားမှုကို ထောက်ခံသူဖြစ်လို့ ဗြိတိသျှနဲ့ ပူးပေါင်းပြီး လွှတ်တော်နိုင်ငံရေးကို လိုက်တဲ့ ၂၁ ဦး ဂိုဏ်းသားတွေကို သူ့ဂျာနယ်ကနေ တိုက်ခိုက်သလို ငွေကြေးအရှုပ်မကင်းတဲ့ ဝံသာနုတွေကိုလည်း ဝေဖန်ခဲ့ပါတယ်။ သန်းနဲ့ကြမ်းပိုး စကားစစ်ထိုး ခဏ်းမှာ နှစ်ဘက်လုံးရဲ့ အပြစ်အနာတွေကို ဟာသနှောရေးခဲ့ပြီး ငှက်တပ်ကြီး ချီခဏ်းမှာတော့ ချီးစီအီးပေ (GCBA) ၁ဝ ပွဲတွင် မတ်စိမူးစိမီတင်တပွဲ၊ မတ်စိမူးစိမီးတင် (Mass meeting) ၁ဝ ပွဲတွင် အမယ်လေး (M.L.A, Member of Legislative Assembly)မင်းတိုင်ပင် ငါတိုင်ပင် အားလုံး တိုင်ပင် နောက်ပြီးတော့ တိတ်တိတ်လေးတိုင်ပင် တပတ်ရိုက်တိုင်ပင်တပွဲ၊ အမယ်လေး ၁ဝ ပွဲမှ ငါးထောင်စား မြှုံးသမားတံငါမဟုတ် သေနာကြေနာပတိ ဝန့်ရှင်တော် ဗျိုင်းအောက်ကြီး ဆိုပြီး ဗြိတိသျှခေတ်မှာ တလကျပ်ငါးထောင်ရတဲ့ ဝန်ကြီးချုပ်တွေကို လှောင်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဖေဘီယန်ဂိုဏ်းဝါဒဖြန့် ဒီးဒုတ်

ဒါပေမဲ့ သူကိုယ်တိုင် နိုင်ငံရေးမှာ ဝင်ပြိုင်တာတွေမလုပ်လို့ သူ့ကို နိုင်ငံရေးသမားတွေက ခင်မင်ကြပါတယ်။ ဆရာတို့က နိုင်ငံရေးသမားဆိုပေမယ့် တိုင်းပြည်မျက်နှာတခုတည်းကို ကြည့်ပြီး တိုင်းပြည်မျက်နှာတခုတည်းအပေါ် သစ္စာထားပြီး လုပ်ခဲ့တဲ့လူပါ၊ တိုင်းပြည်ကိုတော့ ဘယ်တော့မှ ရောင်းမစားဘူး၊ ဆရာတို့ အလုပ်လုပ်ရင် အယ်ဒီတာ (စာရေးဆရာ) နဲ့ နိုင်ငံရေးအလုပ် ဘယ်တော့မဆို ခွဲခြားပြီး အလုပ်လုပ်တယ်။ ဘယ်သူ့မျက်နှာကိုမှလည်း မထောက်ဘူးဆိုပြီး ဦးဘချိုက တပည့်ဖြစ်သူ စာရေးဆရာ သင်္ခါကို ပြောခဲ့ဖူးပါတယ်။

ဆရာစံ သူပုန်၊ ဆိုင်မွန်ကော်မရှင် ခရီး၊ တွဲရေး ခွဲရေး စတဲ့ မြန်မာပြည်အရေးမှန်သမျှမှာ ဦးဘချိုနဲ့ ဒီးဒုတ်မကင်းခဲ့သလို နိုင်ငံရေးသမားတွေ ရာထူးမယူရေး၊ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိဖို့အတွက် အစဉ်တစိုက် နှိုးဆော်ခဲ့ပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း က ဦးဘချိုဟာ အာဏာလု ဝမ်းစာလု ရာထူးလုလို့ စွပ်စွဲလို့မရတဲ့ ဝါရင့်ဝံသာနုကြီးဖြစ်တယ်ဆိုပြီး ချီးကျူးခဲ့ပါတယ်။ ဆရာစံအရေးမှာ ရက်ရက်စက်စက် ချေမှုန်းခံရတဲ့ လယ်သမားသူပုန်တွေဘက်က ရပ်တည်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ တောင်းဆိုခဲ့သလို သူပုန်ခေါင်းတွေ ဖြတ်ပြတာကိုလည်း ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.

ဓာတ်ပုံ ပုံစာ, ၁၃ဝဝ ပြည့် အရေးတော်ပုံက လွတ်လပ်ရေး အမျိုးသမီးအဖွဲ့

၁၉၃ဝ ကျော်မှာတော့ ဦးဘခိုင်နဲ့ ပေါင်းပြီး ဖေဘီယန် ဆိုရှယ်လစ်အဖွဲ့ကို ထောင်ပါတယ်။ ဗြိတိသျှစာရေးဆရာကြီး ဘားနတ်ရှောရဲ့ ဖေဘီယန် ဆိုရှယ်လစ် ဝါဒအပျော့စားကို လက်ခံတဲ့ ဒီအုပ်စုမှာ သခင်နု ဖြစ်လာမယ့် တက္ကသိုလ်ကျောင်းသား ကိုနုကို ဒုတိယခေါင်းဆောင် အဖြစ် လျာထားကာ ၁၉၃၆ ရွေးကောက်ပွဲမှာ ဝင်ပြိုင်စေခဲ့ပေမယ့် ရှုံးခဲ့ပါတယ်။ ဦးဘချိုဟာ စေတနာကောင်းပြီး သူမှန်တယ်ထင်ရာကို ကိုယ်ကျိုးမငဲ့ဘဲ ထောက်ခံရေးသားတတ်ပေမယ့် နောက်လိုက်နည်းတဲ့ ပုဂ္ဂလိကဝါဒီဖြစ်လို့ နိုင်ငံရေးမှာ ထိပ်ရောက်မလာခဲ့ပါဘူး။ အယူအဆပိုပြင်းထန်တဲ့ တို့ဗမာသခင်ဂိုဏ်းကို သဘောကျပေမယ့် ဝင်ရောက်ပူးပေါင်းတာလည်း မလုပ်ခဲ့ပါဘူး။ ၁၉၃၉ ၁၃ဝဝ ပြည့် အရေးတော်ပုံကာလမှာတော့ မြို့မိမြို့ဖ သတင်းစာဆရာအနေနဲ့ ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရပြုတ်ကျရေး၊ နိုင်ငံရေး ခေါင်းဆောင် တွေ ရာထူးလက်မခံရေးကို ကြိုးပမ်းခဲ့ပါတယ်။ သူ့သတင်းစာကနေ ရေနံမြေနဲ့ ကျောင်းသားသပိတ်တွေကို အပြည့်စုံဆုံး ဖော်ပြခဲ့သလို ကျောင်းသားတွေ သပိတ်မလှန်ဖို့အတွက် မိဘအစည်းအဝေးကို ရွှေတိဂုံမှာ ခေါင်းဆောင်ကျင်းပခဲ့လို့ ဦးဘချို အဖမ်းခံခဲ့ရ ပါသေး တယ်။ သူ့ကိုဖမ်းချိန်မှာ ဇနီးနဲ့ သမီးတွေက တို့ဗမာဆိုပြီး ကြွေးကြော်ခဲ့ကြသလို ဗိုလ်အောင်ကျော် ရိုက်ခံရတဲ့ အတွင်းဝန်ရုံးဝိုင်းပြီး သပိတ်တားပွဲမှာလည်း သမီးတွေ ပါခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.

ဓာတ်ပုံ ပုံစာ, ကမ္ဘာစစ်အတွင်း ဂျပန်စစ်ဒဏ်ခံ ချုံကင်း

တရားအားထုတ်နဲ့ စစ်ပြေးဘဝ

၁၉၃၇ တရုတ်ပြည်ကို ဂျပန် ကျူးကျော်ပြီးနောက်ပိုင်း နန်ကျင်း စတဲ့မြို့တွေမှာ ဂျပန်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေက ကမ္ဘာ့သတင်းတွေမှာ ရိုက်ခတ်ခဲ့ပါတယ်။ အဲဒီအချိန်က မြန်မာပြည်က နိုင်ငံရေးနဲ့ စာနယ်ဇင်းလောကမှာ ဂျပန်လိုလားသူတွေ များနေပြီး ဦးဘချိုက သူတို့နဲ့မတူ ဂျပန်ဖက်ဆစ်နဲ့ ဂျာမနီ နာဇီဝါဒကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် သူ့ကို တရုတ်အားထား တရားအားထုတ်ဆိုပြီး ပြောင်လှောင်ခဲ့ကြပါတယ်။ ၁၉၃၉ မှာတော့ ဦးဘချိုဟာ သခင်နု၊ မြို့မ ဦးဘလွင် စသူတွေနဲ့အတူ တရုတ်ပြည်မိတ်ဆက်အဖွဲ့နဲ့ လိုက်ပြီး စစ်အတွင်း ချုံကင်း မြို့တော် မှာ တရုတ်ခေါင်းဆောင် ချန်ကေရှိတ်နဲ့ တွေ့ခဲ့ပါတယ်။ တရုတ်ပြည်က အပြန်မှာလည်း ဒီးဒုတ်ကတဆင့် ဂျပန်ဆန့်ကျင်ရေးတွေ ဆက်ရေးခဲ့ပါတယ်။

၁၉၄၁ ဒီဇင်ဘာမှာ မြန်မာပြည်အပေါ် ဂျပန်စစ်မီး ကူးစက်ပြီးနောက် ဦးဘချိုတို့မိသားစု ရွှေဘို ဆိပ်ခွန်မှာ စစ်ပြေးပါတယ်။ တပည့်ဖြစ်သူ သိန်းဖေမြင့်က တရုတ်ပြည်လိုက်ဖို့ ခေါ်ပေမယ့် အဆင်မပြေတဲ့အတွက် မလိုက်နိုင်ဘဲ သူတို့မိသားစုလုံခြုံရေးအတွက် ဗိုလ်ချုပ် အောင်ဆန်းနဲ့ ဘီအိုင်အေတပ်ခေါင်းဆောင်တွေ ကူညီခဲ့ရပါတယ်။ နောက်ဆုံး တွံတေးမှာ စာရေးစာဖတ်လုပ်နေပေမယ့် ဂျပန်မသင်္ကာမှာ စိုးတဲ့အတွက် အတိုင်ပင်ခံလွှတ်တော်အမတ် ရာထူး လက်ခံခဲ့ရပါတယ်။ စစ်အတွင်း ရေကျော်က ရန်ကုန်အိမ်ကို တံခါးဖွင့်ထားခဲ့ ပေမယ့် ပျောက်ရှတာမရှိဘူးလို့ ဒီးဒုတ်ဒေါ်လှမေနဲ့ လမ်းစဉ်ပါတီ သမိုင်းအဖွဲ့တွေ့ဆုံခန်းမှာ ပါရှိပါတယ်။ ရန်ကုန်က ဂျပန်ထွက်သွားမှ လုယက်ယူငင်ကြတဲ့အတွက် ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

ပြည်ပထွက် အကူအညီ ရှာစဉ်က ဦးဘချိုဆီက တရုတ်လူကြီးတွေနဲ့ အဆက်အသွယ်တွေ ရပြီး ဆက်မလို့ ကြိုးစားတုန်းမှာ ဂျပန်နဲ့ချိတ်မိသွားခဲ့ကြောင်းနဲ့ စစ်အတွင်း မဟာမိတ်နဲ့ ချိတ်ဖို့ကြိုးစားရာမှာ တရုတ်နဲ့ ဆက်ဖို့ ဦးဘချို ကူညီကြောင်း ဗိုလ်ချုပ်အောင်ဆန်းက စစ်ပြီးစမှာ အမှတ်တရ ရေးခဲ့ပါတယ်။ စစ်မီး မြန်မာပြည်ရောက်ခါနီးမှာ ထောင်ထဲက လူငယ်ခေါင်းဆောင်တွေကို ထုတ်ပြီး တရုတ်ပြည်ခေါ်သွားဖို့၊ အဲဒီကနေ ဖက်ဆစ်တိုက်ထုတ်ရေးအတွက် ပြင်ဆင်ဖို့ တရုတ်စစ်ဗိုလ်ချုပ်ကြီး ဝမ်းဆီကို ဦးဘချို စာရေးခဲ့ပေမယ့် ဂျပန်စစ်က အမြန်ရောက်လာပြီး လမ်းတွေ ပြတ်တောက်ကုန်လို့ မအောင်မြင်ခဲ့ဘူးလို့လည်း သင်္ခါက ရေးခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Van Cung Lian

ဓာတ်ပုံ ပုံစာ, ချင်းခေါင်းဆောင်များနဲ့ ဦးဘချို

ချင်းဗမာ ချစ်ကြည်ရေး

စစ်ပြီးခေတ်မှာ ဂျာနယ်ပြန်ထုတ်ပြီး နိုင်ငံရေးမှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့ ဖဆပလအဖွဲ့မှာ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ သိကျွမ်းလာတာ ၁၀ နှစ်လောက် ရှိမှ နိုင်ငံရေး အတူတွဲလုပ်ကြတာ ဖြစ်ပေမယ့် ဦးဘချိုကို သခင်နိုင်ငံရေးသမားတွေနဲ့ ကျောင်းသားတဖြစ်လဲ တပ်မှူးဟောင်းတွေက လေးစားကြပါတယ်။ ဦးဘချိုဟာ လက်ဝဲအပျော့စား ဖေဘီယန်ဝါဒီဖြစ်လို့ ဖဆပလနဲ့ ကွန်မြူနစ် ကွဲတဲ့အခါမှာ ဖဆပလဘက်က ဆက်ပြီး ပူးပေါင်းပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရမှာလည်း ပြန်ကြားရေး ဝန်ကြီးအဖြစ် လက်ခံဆောင်ရွက် ပါတယ်။ ဒီရာထူးမှာ သူ့ရှေ့က ဗန္ဓုလဦးစိန်နဲ့ သခင်နု၊ သူ့နောက်က ထွန်းနေ့စဉ် ဦးထွန်းဖေနဲ့ စာရေးဆရာ ဖေမြင့်ပဲ စာပေသမားထဲက ခန့်ထားခဲ့ဖူးပါတယ်။

၁၉၄၇ မှာ ဦးဝမ်းသူးမောင်နဲ့ မြန်မာဘက်က ဒီးဒုတ်ဦးဘချို ခေါင်းဆောင်တဲ့အဖွဲ့ ယောနယ် ထီးလင်းမြို့မှာ တွေ့ဆုံပြီး ချင်း-ဗမာချစ်ကြည်ရေး ကျောက်တိုင်ကို စိုက်ထူပါတယ်။ ဒီကျောက်တိုင်စိုက်ပွဲမှာ ဦးဘချိုက ဘယ်လူမျိုးမှ ကြီးတယ်၊ ငယ်တယ် မရှိဘဲ အခွင့်အရေး ရမှုနဲ့ အလေ့အကျင့်ရှိမှုသာ ကွာခြားတယ်ဆိုပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ တောင်ပေါ်က ချင်း၊ ကချင်၊ ကရင်တွေဟာ မြေပြန့်က မြန်မာနဲ့ တခြား လူမျိုးတွေထက် အောက်တန်းကျတာ မရှိဘဲ စစ်ရေးမှာ မြန်မာတွေထက် ဝါရင့်တယ်ဆိုပြီး ရည်ရွယ်ပြောဆိုခဲ့တာပါ။ နောက်ပြီး ချင်းတောင်မှာ ကျောင်းသုံးကျောင်း ဆောက်ဖို့နဲ့ ဆရာ ဆရာမ လစာအတွက် သူ့လစာထဲက တလတရာ လှူမယ် ဆိုပြီး ကတိပေးခဲ့ပါတယ်။

တကယ်တော့ ဦးဘချိုဟာ တိုင်းရင်းသားလူနည်းစုအရေးနဲ့ ပတ်သက်ပြီး ၁၉၄၆ ဖဆပလညီလာခံမှာ ကတည်းက အဆိုတင်ခဲ့သူ ဖြစ်ပါတယ်။ ဘာသာရေး၊ ယဉ်ကျေးမှု လွတ်လပ်ခွင့်၊ စီးပွားရေးအခွင့် တန်းတူမှု၊ မိမိကြမ္မာ မိမိဘာသာဖန်တီးခွင့်နဲ့ ကရင် ဗမာ သွေးစည်းရေး စတာတွေ ပါဝင်တဲ့ အဆို ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ugurhan

ဓာတ်ပုံ ပုံစာ, ဗုဒ္ဓဘာသာကို နှစ်ထောင်ချီ ကိုးကွယ်လာခဲ့

နိုင်ငံတော်ဘာသာနဲ့ အာဇာနည်

အမျိုးသားစိတ်ပြင်းထန်တဲ့ ဦးဘချိုဟာ ငယ်စဉ်ကတည်းက သျှောင်ထုံးထားပြီး ဆံပင်အုပ်ပေါင်းပေါင်းသူဖြစ်ပါတယ်။ မြန်မာဆန်ဆန် ရင်ဖုံးအင်္ကျီဝတ်ပြီး မာဖလာပတ်တတ်ပါတယ်။ မဟာဂီတ သီချင်းကြီးတွေကို ဝါသနာထုံပြီး ဂီတသုတေသနအသင်းကို ထူထောင် ခဲ့သလို မောင်မောင်လတ်ရဲ့ ဂီတဝိသောဓနီကျမ်းကို တည်းဖြတ်ခဲ့ပါတယ်။ စာရေးဆရာအသင်းရဲ့ ပထမဆုံး ဥက္ကဋ္ဌဖြစ်သလို ဘာသာရေးကိုင်းရှိုင်းသူလည်း ဖြစ်တဲ့အတွက် စစ်အတွင်း တွံတေးမှာ သူတို့မိသားစုနဲ့ မိတ်ဆွေတွေ စုပြီး သရဏဂုံဆောက်တည်၊ ပုတီးစိပ်တာ တွေကြောင့် မြို့ဘေးကင်းတယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့် လွတ်လပ်ရေး ရခါနီး ဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲချိန်မှာ ဦးဘချိုက နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းဖို့ အဆိုပြုခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်အောင်ဆန်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ဒီကန့်ကွက်ချက်ဟာ ၁၉၆၁ ဦးနုခေတ် နိုင်ငံတော်ဘာသာ ပြဋ္ဌာန်းချိန်မှာ တကျော့ပြန်ပေါ်လာပြီး ပါလီမန်မှာ ပြန်ဆွေးနွေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်အကြောင်းကို ၂ဝ၁၄ လောက်က လူမှုကွန်ရက်မှာ ပြန်ရေးလာကြတဲ့အတွက် ဦးဘချိုကို ဘာသာရေးအယူအစွဲပြင်းသူဆိုပြီး ယူဆခံခဲ့ရပါတယ်။

တဘက်မှာတော့ ၁၉၂ဝ ကျော် ဒီးဒုတ်ဂျာနယ်မှာ ဦးဘချို ရေးခဲ့တဲ့ စာကဗျာတွေမှာ အိန္ဒိယနဲ့ မွတ်ဆလင် ဆန့်ကျင်ရေးအမြင်တချို့ ရှိတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဘိုင်ဆပ်၏တပည့်တသင်းတို့ကို ငှက်မင်းကဆုံးမခန်း ကဗျာမှာ အမျိုးမစင်တဲ့ ကုလားရဲ့ ငွေသဗျာကိုကြည့်ရသော လို့ပါပြီး မိစ္ဆာကုလားငစင်္ကာကို တင်စရာအမြှောက်မှားသဖြင့် လို့လည်း ရေးခဲ့ပါတယ်။ နောက်ပြီး ၁၉၂၆ သူရိယသတင်းစာက ဦးဘဘေရဲ့ နတ်ကြီးသုံးပါး ဆွေးနွေးခန်းမှာ ဗုဒ္ဓသာသနာအတွက် တနှစ်ကို ကျပ်ဆယ်ကုဋေကျော် ကုန်တယ်ဆိုပြီး တွက်ပြတာကို ဒီးဒုတ်ခေါင်းကြီးကနေ ငရဲဖောက်သယ်ခံ စူးရောက်ရွှေဉာဏ် ပြောရက်တဲ့ ဝစီကံရယ်လေ ဗလီစံနတ်မျိုးထင့်လေးလို့ တုံ့ပြန်ပါတယ်။ ဒါကြောင့် ၁၉၄၇ မှာ ဦးဘချိုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဋ္ဌာန်းရေးအတွက် အဆိုတင်ရာမှာ ဗိုလ်ချုပ် အောင်ဆန်းက နိုင်ငံတော်ဘာသာ ဗုဒ္ဓဘာသာလုပ်ချင်ရင် ဆရာကိုယ်တိုင် ဘဝရှင်မင်းတရားကြီး အမည်ခံပြီး သာသနာ့ ဒါယကာတော်တက်လုပ်၊ ပြီးတော့ စည်ကုံးခရိုင်နဲ့တကွ စိုးမိုးအုပ်ချုပ်တော်မူ သီရိပဝရ ဓမ္မရာဇာဘဝရှင်မင်းတရားကြီး သာသနာ့ ဒါယကာ ဘချို၏ ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာ့ဟာ ဆရာ ကြေညာ၊ ကျနော်မပါဘူး ဆိုပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့တယ်လို့ အောင်စွမ်းရဲ့ ဗိုလ်ချုပ်အောင်ဆန်း ဘာသာရေးဆိုင်ရာ သဘောထားအပေါ် ကျောခိုင်းဆောင်ရွက်ခဲ့ကြသူများ ဆောင်းပါးမှာ ပါရှိပါတယ်။ ဒါပေမဲ့ အများနဲ့ မဆန့်ကျင်က ဗုဒ္ဓဘာသာသာသနာရေးမှာ ဆရာသဘောကျစီမံပါ ဆိုပြီး ဗိုလ်ချုပ်က ဦးဘချိုကို လွှဲခဲ့တယ်လို့လည်း ပုသိမ် ဦးဝိမလက လုပ်ကြံမှုကြီး ဖြစ်ပြီးစက ဒီးဒုတ်ဂျာနယ်မှာ ရေးခဲ့ဖူးပါတယ်။ နှစ်ယောက်စလုံး လမ်းခုလတ်မှာ ကျဆုံးသွားခဲ့တဲ့ အတွက် ဘာသာရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ အပြီးသတ်လက်ရာကို ၁၉၄၇ အခြေခံဥပဒေမှာ မတွေ့နိုင်ပေမယ့် အိုင်ယာလန်ဥပဒေကို မှီးပြီး ဗုဒ္ဓဘာသာ သာသနာတော်သည် နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာကြီးဖြစ်သည်ဟု ပြည်ထောင်စုနိုင်ငံတော်က အသိအမှတ်ပြုသည် ဆိုတဲ့ဗုဒ္ဓဘာသာကို ရည်ညွှန်းတဲ့စာကြောင်းတော့ ပါခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဦးဘချိုရဲ့ ဒီးဒုတ်ဂျာနယ်

လုပ်ကြံမှု ဖြစ်ခါနီးမှာတော့ ဦးဘချိုက ဘရင်းဂန်းအလက်နှစ်ရာ ပျောက်တဲ့ကိစ္စကို အရေးယူဖို့ ဗိုလ်ချုပ်အောင်ဆန်းကို ပြောပေမယ့် ဗိုလ်ချုပ်က ဂရုမစိုက်ခဲ့ဘူးဆိုပြီး ဇဝနက စာနယ်ဇင်းနဲ့ နိုင်ငံရေး စာတမ်းမှာရေးပါတယ်။ ဗိုလ်ချုပ်ဇာတာမသန့်တဲ့အကြောင်း သတိပေး ရင်လည်း ဗိုလ်ချုပ်က သူ့ကို ငေါက်တယ်လို့ ဆိုပါတယ်။ အဲဒီနောက် လုပ်ကြံမှု မဖြစ်ခင် နေ့မှာပဲ ဇော်ဂျီ၊ မင်းသုဝဏ်၊ မောင်ထင်၊ ဦးခင်ဇော် (ကေ) စတဲ့ ပညာရှင်တွေနဲ့ ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်းတို့ တိုင်းပြည်ပြုလွှတ်တော်ရှေ့မှာ တွေ့ကြရင်း လွတ်လပ်ရေး ရရင် နိုင်ငံရေးက အနားယူပြီး ထိုင်း၊ မလေးနဲ့ အင်ဒိုကျွန်းတွေမှာ ယဉ်ကျေးမှုပြန့်ပွားလာပုံကို လေ့လာကြဖို့ သူတို့ ဆွေးနွေးခဲ့ကြတယ်လို့ မောင်ထင်က ဗမာ့နိုင်ငံရေးသုခမိန်စာအုပ်မှာ ရေးခဲ့ပါတယ်။ ဦးဘချိုမရှိတဲ့နောက် သူ့မိတ်ဆွေ ဦးနုက နိုင်ငံတော်ဘာသာကိစ္စကို ၁၉၆ဝ ရွေးကောက်ပွဲမှာ ပြန်အစဖော်လာပြီး ၁၉၆၁ မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီနောက် မကြာမီပဲ ကချင်လက်နက်ကိုင် လှုပ်ရှားမှု ပေါ်လာခဲ့ပါတယ်။ ဒါတွေကိုတော့ ၁၉၄၇ က ကျဆုံးခဲ့တဲ့ ခေါင်းဆောင်တွေ သိမသွားနိုင်တော့ပါဘူး။

အနုပညာနဲ့ စာပေ၊ နိုင်ငံရေးစွယ်စုံရတဲ့ ဦးဘချိုကို မြန်မာပြည်ရဲ့ အဲလ်ဒက်စ် ဟပ်စလေလို့လည်း ဗြိတိသျှစာရေးဆရာနဲ့ အတွေးအခေါ်သမားနဲ့ နှိုင်းပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်က ချီးကျူး ခဲ့ဖူးပါတယ်။ ဦးဘချိုဟာ ကမ္ဘာကျော် ရူပဗေဒ ပညာရှင် ကြီး အိန်းစတိန်းရဲ့နှိုင်းရသီအိုရီကို အမှီတံကဲ အဆက်အသွယ်ဓမ္မ ဟေတုပစ္စယောဝါဒဆိုပြီး ဒုတိယကမ္ဘာစစ်ပြီးစက မြန်မာစာသန့်သန့်နဲ့ ပြန်ဆိုခဲ့ပါတယ်။ ဦးဘချိုဟာ ၁၉၄၇ က ကျဆုံးခဲ့တဲ့ ဝန်ကြီး ခုနစ်ယောက်မှာ နိုင်ငံရေးဝါအရင့်ဆုံးလည်း ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အာဇာနည်ဖခင်ဆုံးရှုံးခဲ့သူတစ်ဦးက အာဇာနည်နေ့ကို ပြန်ပြောင်းပြောပြ