ဂဠုန်ဆရာစံရဲ့ လယ်သမားသူပုန်ကြီးနဲ့ ကမ္ဘာ့ဆန်အိုးဖြစ်ခဲ့တဲ့ မြန်မာပြည်

ဓာတ်ပုံ ရင်းမြစ်, Ye Thwin Hein
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဆရာစံ လယ်သမား အရေးတော်ပုံ ဖြစ်ပွားတာ အနှစ် ၉ဝ ပြည့်ခဲ့ပေမယ့် ဆရာစံကို မြန်မာတွေ မမေ့နိုင်ကြသေးပါဘူး။ တကယ်တော့ ဆရာစံဟာ မင်းလောင်းမောင်သန့်၊ ဗန္ဓကရသေ့နဲ့ တကွ အနှစ်တရာကျော်အတွင်း ဗြိတိသျှကို ပုန်ကန် ထကြွခဲ့တဲ့ မြန်မာ၊ ရှမ်း၊ ကချင်၊ ချင်း လူမျိုးစုံက ပုန်ကန်သူ ခေါင်းဆောင်တွေထဲမှာ ခေတ်ဟောင်း ပဒေသရာဇ် နိုင်ငံရေးနည်းနဲ့ နောက်ဆုံးတိုက်ခိုက် ခဲ့တဲ့ ခေါင်းဆောင် တယောက် အဖြစ် ထင်ရှား ခဲ့တာပါ။ နောက်ပြီး ဆရာစံ သူပုန် အရေးနိမ့်ခဲ့ပေမယ့် ဒီပုန်ကန်မှုကြောင့်ပဲ ဗြိတိသျှကို လက်နက်နဲ့ တိုက်မှရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မြန်မာလူငယ်တွေ ကြားမှာ ရင့်သန်လာခဲ့ပြီး ၁၉၄၂ မှာ ဘီအိုင်အေခေါ် ဗမာ့လွတ်မြောက်ရေးတပ်မတော် မြန်မာ ပြည်တွင်းကို ဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Paula Bronstein
အသက်သခင် နင်းပြားများ
ရှေးဦးပုန်ကန်မှုတွေထက် ထူးခြားချက်ကတော့ ဆရာစံဟာ အဲဒီခေတ်က လယ်သမားတွေရဲ့ ဆင်းရဲကျပ်တည်းမှုကို ကိုယ်စားပြု ပုန်ကန်သူ အဖြစ် အသိအမှတ်ပြု ခံရတာ ဖြစ်ပါတယ်။ ကိုလိုနီခေတ် မြန်မာပြည်ဟာ ကမ္ဘာ့ဆန်အိုးကြီး ဖြစ်ခဲ့ပေမယ့် လယ်သမား အများစု ကတော့ မြေမဲ့လယ်ကူလီတွေ ဖြစ်ကြပြီး ကမ္ဘာ့စီးပွား ပျက်ကပ်ကြောင့် ဆန်ဈေး ထိုးကျမှုကလည်း သူတို့ အရှိုက်ကို နင်းသလို ဖြစ်ခဲ့ပါတယ်။
တကယ်က မြန်မာပြည်ဟာ ကမ္ဘာ့ရိက္ခာ စက်ဝန်းကြီး ဖြစ်တဲ့ တောင်အာရှကနေ ဂျပန်၊ ကိုရီးယားထိ ကျယ်တဲ့ မုတ်သုံရပ်ဝန်းကြီးမှာ ကျရောက်တဲ့ နိုင်ငံဖြစ်ပါတယ်။ ၁၉၆ဝ ကျော်ထိ မြန်မာစိုက်ပျိုးမြေ တစ်စတုရန်းမိုင်မှာ ထွန်ယက်သူ ၆ဝဝ ကျော်ပြီး စိုက်ပျိုးမြေနဲ့ လူနေ သိပ်သည်းမှု အချိုးအများဆုံး (၁၅) နိုင်ငံထဲမှာ ပါတယ်လို့ ဒေါ်နယ် ဇာဂိုးရီးယားရဲ့ အာရှ သူရင်းငှားစနစ်များနဲ့ ကွန်မြူနစ် လှုပ်ရှား မှုများ စာတမ်းအရ သိရပါတယ်။ ဒီလို လယ်သမားဦးရေများပြီး ထွက်နှုန်းက ဥရောပနဲ့ အနောက်နိုင်ငံတွေလောက် မများတဲ့ အတွက် အဲဒီခေတ် မြန်မာလယ်သမားတွေရဲ့ လူမှုအဆင့်က နိမ့်ကျ ပါတယ်။ နောက်ပြီး အခွန်အတုပ်ဖိစီးမှုနဲ့ အတိုးမတန်တဆနဲ့ ချေးရတဲ့ စိုက်ပျိုးစရိတ်တွေကြောင့် သူတို့ လယ်တွေ အများအပြား မြေရှင်တွေ လက်ထဲ ကျရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector
ရိုးရာမှသည် ခေတ်ဆန်း
အစဉ်အဆက် မြန်မာကျေးလက်အုပ်ချုပ်ရေးဟာ ဘုရင်ရုံးစိုက်တဲ့ မင်းနေပြည်တော်တွေနဲ့ အလှမ်းကွာတဲ့အတွက် အတော်လွတ်လပ်ပြီး ရွာသူကြီးရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိပါတယ်။ နောက် ရွာမှာ အခွန်အတုပ်များလို့ မပေးနိုင်ရင်လည်း လျှော့ပေါ့ပေးဖို့ သူကြီးက မြို့တက် လျှောက်ထားနိုင်တဲ့ အခြေအနေ ရှိခဲ့ပါတယ်။ ဒီလို အခွင့်အရေးတွေဟာ ဗြိတိသျှ သိမ်းပြီးနောက်ပိုင်း ပျောက်ကွယ်သွားပြီး ကိုလိုနီ အုပ်ချုပ်ရေး ယန္တရားက ရွာထဲကို ပိုရောက်လာပါတယ်။ ရွာသားတွေဟာ သူတို့နဲ့ မနီးစပ်တဲ့ ဥပဒေနည်းစနစ်တွေ၊ မြေခွန်ယာခွန်ကိစ္စတွေနဲ့ ပိုင်ဆိုင်မှုကိစ္စ၊ ကျန်းမာရေး ပညာရေး၊ လမ်းတံတား ဆည်မြောင်း ကိစ္စတွေမှာ အသစ်ဝင်လာတဲ့ နိုင်ငံခြားသားတွေနဲ့ ထိစပ်လာရတဲ့အတွက် သူတို့ရိုးရာဘဝ ခြိမ်းခြောက်ခံရသလို ဖြစ်လာတယ်လို့လည်း မိုက်ကယ်ချာနေရဲ့ ခေတ်သစ် မြန်မာပြည်သမိုင်းမှာ ပါရှိပါတယ်။
ဗြိတိသျှအစိုးရရဲ့ ပို့ကုန်တိုးမြှင့်ရေးမူကြောင့် ၁၈၆၉ နောက်ပိုင်း ဆန်စပါးတိုးချဲ့ထုတ်လုပ်ဖို့ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ အခြေအနေတွေ ပေးလာပါတယ်။ အထက်အညာဒေသနဲ့ အိန္ဒိယအပြင် အရှေ့ကရင် တောင်ပေါ်က ဆင်းလာသူတွေကြောင့် ဒီလွင်ပြင်မှာ လယ်သမား ဦးရေနဲ့ စိုက်မြေတွေ အရှိန်နဲ့ တိုးလာပါတယ်။ ဒါပေမဲ့ ဘုရင်ခေတ်ကလို သီးနှံအထွက်မကောင်းလို့ အခွန်အတုပ်ဆိုင်းပါဦး ပြောလို့ရတဲ့ အခြေအနေမျိုး မရှိတော့တဲ့ လယ်သမားတွေဟာ ကမ္ဘာ့ဆန်ဈေးကွက် အတက်အကျဒဏ်ကိုလည်း ခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Print Collector
တစ်ခါ မြို့ပေါ်မှာ အနောက်တိုင်းအယူအဆတွေ ဝင်နေပေမဲ့ ကျေးလက်မှာတော့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ ဩဇာရိပ်က ကြီးပြီး ဘုရင်မင်းဆက်ထူထောင်ရေးနဲ့ ဗြိတိသျှကို မောင်းထုတ်ရေး အတွေးအခေါ်တွေက လွှမ်းမိုးနေပါတယ်။ နောက်ပြီး မြန်မာပြည်အောက်ပိုင်းမှာ အသစ်ဝင်လာတဲ့ တောင်အာရှက လယ်လုပ်သားတွေနဲ့ လူမျိုးရေး သဟဇာတမဖြစ်မှု၊ ကရင်ခရစ်ယာန်တွေကို ဗြိတိသျှက ပစားပေးမှုတွေ ကြောင့်လည်း မြန်မာ ဗုဒ္ဓဘာသာဝင် လယ်သမားတွေဟာ အစဉ်အလာဟောင်းကို ပိုဖက်တွယ်လာပါတယ်။ ကျေးလက်ပညာရေးကို ခေတ်မီအောင် ဗြိတိသျှအစိုးရက အားမထုတ်ခဲ့တာကလည်း ဒီခေတ်နောက်ကျမှုရဲ့ အကြောင်းတစ်ရပ် ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာလယ်သမားတွေဟာ ဗြိတိသျှအာဏာပိုင်တွေ၊ အိန္ဒိယနဲ့တရုတ်လယ်ရှင်နဲ့ ငွေချေးသူတွေနဲ့ ပိုထိစပ်လာပေမဲ့ အတွင်းသဘောကတော့ ခေတ်ဟောင်းလူနေမှုပုံစံ မြန်မာဗုဒ္ဓဘာသာဘဝကို ပိုတမ်းတလာပါတယ်။ ဒီရေခံမြေခံတွေမှာပဲ မြို့ပေါ်က နိုင်ငံရေး သမားတွေရဲ့ စကားက တောနေတွေ ဘဝင်နှလုံးကို မထိလေတဲ့အတွက် ကျေးလက် နိုင်ငံရေးက ၁၉၂ဝ နောက်ပိုင်းမှာ ပိုပြင်းထန် လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Asia Studio [1940s-1950s], British Library, EAP898
ဘူးအသင်းနဲ့ ဝံသာနုလှိုင်း
၁၉၂ဝ မှာ ဝိုင်အမ်ဘီအေကနေ ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး ပေါ်လာပြီးနောက် မြန်မာပြည်တစ်ဝန်း ဝံသာနုလှုပ်ရှားမှုကြီး ပေါ်ပေါက်လာပါတယ်။ ပြည်တွင်းဖြစ်ကို သုံးဖို့၊ နိုင်ငံခြားဖြစ်ကို ရှောင်ဖို့ ကနေ အစိုးရနဲ့ မဆက်ဆံရေး၊ အခွန်မပေးရေး သပိတ်မှောက် တဲ့အထိ နယ်တွေမှာ ပြင်းထန်လာပါတယ်။ မြို့ပေါ်က လူလတ်တန်းစားတွေက တဖြည်းဖြည်း ပြုပြင်ရေးလက်ခံပြီး ဗြိတိသျှပေးတဲ့ ပူးတွဲ အုပ်ချုပ်ရေးနဲ့ ရွေးကောက်ပွဲ စနစ်ကို လက်ခံပါတယ်။ ကျေးလက်မှာတော့ ဦးချစ်လှိုင်ရဲ့ ဝံသာနုအဖွဲ့ အားကောင်းပြီး ရွေးကောက်ပွဲ သပိတ်မှောက်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းတဲ့ဘက် အားသန် ပါတယ်။ တကယ်က ကျေးလက်လယ်သမားတွေ စိတ်မှာ ဗြိတိသျှအုပ်ချုပ်ရေးကို အစားထိုးဖို့ ဘုရင်စနစ်ကို ပြန်သွားတာက သင့်တော်တယ်လို့ အလိုအလျောက် သဘောပေါက် ကြကြောင်း သမိုင်း ပညာရှင် ကေဒီက ရေးပါတယ်။ ဒီအတွက် ကျေးလက်နိုင်ငံရေးဟာ အခွန်မပေးရေး ဘူးလှုပ်ရှားမှုကနေ အစိုးရနဲ့ ဆက်ဆံသူတွေကို သပိတ်မှောက်ရေးနဲ့ အဆုံးစွန်မှာ သတ်ဖြတ်ရေးအထိ ပြင်းထန် ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mahn Shar Htut Phoung
သူပုန်ခေါင်းဆောင် ဖြစ်လာမယ့် ဆရာစံဟာ ဂျီစီဘီအေ အသင်းဝင် နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး ဘုန်းကြီးနဲ့ ဆေးဆရာ လည်း ဖြစ်ခဲ့ပါတယ်။ ဂျီစီဘီအေအဖွဲ့တွေထဲမှာ အယူအဆ အပြင်းဆုံး ဦးစိုးသိမ်း ဂျီစီဘီအေကတောင် လယ်သမားတွေ အခွန်သက်သာ ရေးအတွက် သူတင်တဲ့ လူထုအုံကြွမှု ခေါ်ဆိုရေးအဆိုကို မထောက်ခံတဲ့နောက် သူပုန် ထဖို့ပဲ သူပြင်ဆင် ပါတော့တယ်။ စပါးဈေးကျတဲ့အပူ၊ အခွန်အတုပ်အပူနဲ့ လယ်ကို အကြွေးနဲ့ သိမ်းခံရတဲ့ အပူတွေ ဆိုက်နေကြတဲ့ လယ်သမားတွေကို ဆရာစံဟာ တုတ်ပြီးဓားပြီးဆေး၊ ဗုဒ္ဓရာဇာ ဂဠုန်အိပ်မက်တွေနဲ့ စည်းရုံး သိမ်းသွင်းပါတယ်။ ၁၈၅ဝ က တရုတ်ပြည် တိုင်ပင် အရေးတော်ပုံမှာ မဟာငြိမ်းချမ်းရေးကောင်းကင်နိုင်ငံအိပ်မက်နဲ့ လယ်သမားတွေကို သူပုန်တွေ စည်းရုံးခဲ့တာကို ဆရာစံ နမူနာယူခဲ့သလားလို့တောင် ထင်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Fox Photos
တကယ်က ဆရာစံ သူပုန်ထတဲ့ ၁၉၃ဝ ပြည့်နှစ်ဟာ မြန်မာသမိုင်းမှာ ထူးခြားတဲ့နှစ်တနှစ် ဖြစ်ပါတယ်။ လွတ်လပ်ရေးကိုချီတက်ရာမှာ အပြင်းထန်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ တို့ဗမာ အစည်းအရုံး ပေါ်ထွက် လာတဲ့နှစ် ဖြစ်သလို ပထမ အိန္ဒိယ-ဗမာ အဓိကရုဏ်းကြီး ဖြစ်တဲ့နှစ်လည်း ဖြစ်ပါတယ်။ နောက် ပဲခူးငလျင်ကြီးကြောင့် ပဲခူးနဲ့ ရန်ကုန်မြို့တွေမှာ အသေအပျောက်နဲ့ အပျက်အစီး ကြီးခဲ့ပါတယ်။ ဒီလို ငလျင်လှုပ်လို့ မင်းလောင်း ပေါ်တော့မယ် ဆိုတဲ့ တဘောင်စကားတွေကို သုံးပြီး ဆရာစံပုန်ကန်မှုကြီး စတင်ခဲ့တာ ဖြစ်ပါတယ်။
လုပ်သေနတ်နဲ့ ဓားတွေသာ ကိုင်နိုင်တဲ့ ဘောင်းဘီပြာဝတ် ဂဠုန်တပ်တွေ စက်သေနတ်အောက်မှာ အတုံးအရုံးသေကြတာ၊ သူပုန်မိသားစုတွေကို သံဆူးကြိုးခတ်ထားတဲ့ နေရာတွေမှာ စုပြီးဖမ်း ထားတာ တွေကို ခေတ်ပြိုင် မြန်မာသတင်းစာတွေက အပြိုင်အဆိုင် ဖော်ပြကြလို့ လူထုစိတ်ဝင်စားမှုရပြီး လယ်သမားသူပုန်တွေကို သနားစိတ်၊ ဗြိတိသျှကို ဆန့်ကျင်စိတ်တွေ ပေါ်လာစေပါတယ်။ တစ်ဖက်ကလည်း သူပုန်နဲ့ အပြိုင် ဓားပြမှုတွေ ပေါလာလို့ လူတွေ စိုးရိမ်ကြပါတယ်။ နောက်ဆုံး ဆရာစံနဲ့ လယ်သမားသူပုန်တွေ အရေးနိမ့်ကာ ဖမ်းဆီး ထောင်ချ ကြိုးမိန့်ပေးခံရပြီး ပြိုကွဲသွားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
လယ်သမား နိုင်ငံရေး
ဆရာစံသူပုန် လပိုင်းအတွင်း ချုပ်ငြိမ်းသွားပေမဲ့ ဆရာစံရဲ့ သူပုန်စိတ်ကတော့ အငွေ့မပြယ်ဘဲ ဆယ်စုနှစ်တွေနဲ့ချီ ကျန်ခဲ့ပါတယ်။ သူပုန်ထစက ခေတ်ဟောင်း အတွေးအခေါ်တွေနဲ့ ပေါ်ထွက် လာလို့ ဝေဖန်ကြတဲ့ မြို့ပေါ် နိုင်ငံရေးသမားတွေကတောင် ဂဠုန်သူပုန်တွေကို ခါတော်မှီ လုပ်လာကြတယ်လို့လည်း ရောဘတ် ဆော်လမွန်က ဆရာစံနဲ့ မြန်မာ့ပုန်ကန်မှု စာတမ်းမှာ ရေးပါတယ်။
တစ်ခါ သူသုံးခဲ့တဲ့ စနေနံအင်္ဂလိပ်ကို နိုင်ဖို့ တနင်္ဂနွေဂဠုန်မင်းပုံ သုံးပြီး စစ်ထွက်တဲ့ ပုံရိပ်ကလည်း ၁၉၄၂ ဘီအိုင်အေဝင်တဲ့အထိ ဖမ်းစားနိုင်ခဲ့ပါတယ်။ ထီးရိုးကို မိုးကြိုး ပစ်မည် ဆိုတဲ့ ခင်မောင်ရင်ရဲ့ စကြာသိုက်သီချင်းထဲကအတိုင်း မြင်ကွန်းမင်းရဲ့သားတော် ဗိုလ်မိုးကြိုး ဆိုပြီး ဗိုလ်မှူးကြီး ဆူဇူကီးကို ပွဲထုတ်ခဲ့ပါတယ်။ ဆရာစံနဲ့ ဂဠုန်တွေအတွက် အမှုလိုက်ခဲ့တဲ့ ရှေ့နေနှစ်ယောက်လည်း မြန်မာပြည်ရဲ့ နန်းရင်းဝန်ကြီးတွေ ဖြစ်တဲ့အထိ ကောင်းစားခဲ့သလို ဒီထဲက ဂဠုန်ဦးစောကလည်း ဂဠုန်တပ်ဆိုပြီး ဆရာစံအယောင်ပြ နိုင်ငံရေးကစားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reg Speller
ခေတ်သစ် မြန်မာပြည် နိုင်ငံရေးကို ပုံဖော်ခဲ့တဲ့ တို့ဗမာအစည်းအရုံးကလည်း ဆရာစံသူပုန်အောက်မှာ နိုးကြားလာတဲ့ လယ်သမားတွေကို စည်းရုံးခဲ့ပါတယ်။ မြန်မာပြည်ရဲ့ ပထမဆုံး လယ်သမား အစည်းအရုံးကြီးကို ၁၃ဝဝ ပြည့်အရေးတော်ပုံ ကာလမှာပဲ လယ်သမားသပိတ်တပ်တွေနဲ့ သခင်မြခေါင်းဆောင်ပြီး ရန်ကုန်မှာ ဖွဲ့စည်း ခဲ့ပါတယ်။ ဒီလယ်သမားသခင်တွေဟာ ဘီအိုင်အေတပ် ဝင်လာချိန်မှာ တပ်သား စုဆောင်းရေး တာဝန်ကျေခဲ့သူတွေ ဖြစ်ပြီး ဖက်ဆစ်တော်လှန်ရေးမှာလည်း တပ်မတော်နဲ့ ကွန်မြူနစ်ပါတီ ဦးဆောင်မှုအောက်မှာ ပါဝင်ခဲ့ကြပါတယ်။ နောက် ဒီကျေးလက် နိုင်ငံရေးသမား တွေဟာ ဂဠုန်သူပုန်တွေနဲ့ ဝံသာနုလက်ဟောင်းတွေ၊ သူတို့ရဲ့ သားမြေး တွေ ဖြစ်ကြပြီး စစ်ပြီးခေတ် နိုင်ငံရေးမှာလည်း ဆိုရှယ်လစ်၊ ကွန်မြူနစ်၊ ရဲဘော် စတဲ့ ဘက်ပေါင်းစုံက ပါဝင်ကြပါတယ်။ ဒါကြောင့် မြန်မာပြည် နိုင်ငံရေးမှာ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဆိုတာ မရှိဘဲ အလုပ်လက်မဲ့ စစ်ပြန်လယ်သမားတွေသာ ရှိတယ်လို့ ဂျေအက်စ်ဖာနီဗယ်က မြန်မာပြည် ကွန်မြူနစ်ဝါဒနဲ့ အမျိုးသားရေးဝါဒ စာတမ်းမှာ ရေးသားခဲ့ပါတယ်။
လယ်သမားနဲ့ နိုင်ငံတော် အဆက်ဆက်
မြန်မာပြည်ရဲ့ အဓိက လူဦးရေအများစုဖြစ်တဲ့ ဒီလယ်သမားတွေကို စည်းရုံးသိမ်းသွင်းဖို့ ခေတ်အဆက်ဆက် အစိုးရတွေ ကြိုးစားခဲ့ပါတယ်။ ဒေါက်တာဘမော်က ဆင်းရဲသားဝါဒနဲ့ လယ်သမားတွေကို စည်းရုံးသလို ဦးစောကလည်း ဂဠုန်စစ်သူကြီးဝတ်စုံနဲ့ လယ်ထွန် မင်္ဂလာ ဆင်ပါတယ်။ ဂျပန်ခေတ်မှာတော့ ပြည်ပကို ဆန်မပို့နိုင်တဲ့အတွက် စပါးဈေးကျပြီး လယ်သမားတွေ လယ်မစိုက်နိုင်ဖြစ်နေတာကို အစိုးရက အားပေးတဲ့အနေနဲ့ ဆန်ဟောင်း တွေကို ဝယ်မယ်ဆိုပြီး ကြေညာပါတယ်။ လက်တွေ့မှာ မအောင်မြင်တဲ့အပြင် လယ်သမား တွေ ချွေးတပ်နဲ့ ဝတပ်ဆွဲခံရတဲ့ ငဘခေတ် ရောက်ခဲ့ပါတယ်။ ဆန်စပါးလည်း ရှားပါးလာတဲ့အတွက် ရန်ကုန်ရေဒီယိုကတောင် မြက်ကို ဘယ်လိုစားရမလဲ ပြဇာတ် အသံလွှင့်တယ်လို့ မိုက်ကယ် ချာနေက ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Imagno
စစ်ပြီးခေတ်မှာတော့ တစ်နိုင်ငံလုံးက လယ် ၁၃ သန်းမှာ ၆ သန်းကျော်ပဲ ပြန်စိုက်နိုင်တဲ့အတွက် အငတ်ဘေးနဲ့ ရောဂါတွေ ထူပြောခဲ့ပါတယ်။ ငတ်နေတဲ့ လယ်သမားတွေကို ဆန်လုဖို့ အလံနီကွန်မြူနစ် တွေက လှုံ့ဆော်သလို သခင်သန်းထွန်းရဲ့ လယ်သမား သမဂ္ဂတွေ စည်းရုံးမှုနဲ့ လယ်ဝေးဘက်မှာ သူပုန်တွေ ပေါ်လာပါတယ်။ အဲဒီနောက် လွတ်လပ်ရေးရပြီး မကြာခင်မှာဘဲ ပြည်တွင်းစစ် ဖြစ်ပါတယ်။ ဒီပြည်တွင်းစစ် မှာတော့ လယ်သမားတွေဟာ မန်းတင်ရဲ့ ကိုဖိုးလုံး ဝတ္ထုထဲကလို ရောင်စုံသူပုန်နဲ့ အစိုးရတပ်တွေ ဘယ်သူလာလာ ပြာပြီး ကြောက်နေရတဲ့ လူပြာတွေ ဖြစ်လာပါတယ်။
နောက် ဖဆပလအစိုးရနဲ့ လက်ဝဲသူပုန်တွေက လယ်သမားတွေကို စည်းရုံးဖို့ မြေယာဝေငှရေး၊ လယ်ယာမြေနိုင်ငံပိုင်လုပ်ရေး စီမံကိန်းတွေ စပါတယ်။ စစ်ဖြစ်နေတဲ့ အချိန်မို့ သေချာမလုပ်နိုင်တဲ့အပြင် တောထဲက ကွန်မြူနစ်တွေအတွက် ဘယ်လူတန်းစား ကို ရန်သူပြုပြီး ဘယ်လယ်သမားကို မိတ်ဖက်လုပ်ရမလဲ မကွဲတဲ့ အတွက် အချင်းချင်း ပြဿနာတွေတက်ပြီး သတ်ဖြတ်တာတွေအထိ ဖြစ်ကြတယ် လို့လည်း ကျော်အောင်က နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း ဝတ္ထုမှာ ဖော်ပြပါတယ်။ နောက် လယ်တွေကို အစိုးရသိမ်းလို့ မြေရှင်စနစ်ပျောက်ပြီး ကရင်နဲ့ ရခိုင်မြေရှင်ကြီးတွေက အစိုးရကို ဆန့်ကျင်လာရာကနေ အမျိုးသားရေးလှုပ်ရှားမှုတွေ ပြင်းထန်လာပါတယ်။ ဖဆပလခေတ်မှာပဲ လယ်သမားတွေ အတွက် အမတော်ကြေးပိုထုတ်ပေးနိုင်အောင် စီစဉ်ပေမဲ့ ဖဆပလ နိုင်ငံရေး သမားတွေနဲ့ အရာရှိတွေက အုပ်စားခဲ့ကြတယ်လို့လည်း ဂျာနယ်ကျော် မမလေးက ကမ္ဘာမြေဝယ် ဝတ္ထုမှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mondadori Portfolio
ဆန်ဈေးနဲ့ စစ်အာဏာသိမ်းပွဲ
၁၉၅ဝ မှာ ဖြစ်တဲ့ ကိုရီးယားစစ်အကြောင်းပြုပြီး ဆန်ဈေးတက်တာကို အမှီပြုချမ်းသာ လာတဲ့ မြန်မာအစိုးရဟာ စစ်ပြီးလို့ ဆန်ဈေးကျတဲ့ဒဏ်ကိုလည်း ၁၉၃ဝ စီးပွားပျက်ကပ် တုန်းကလို ခံရပါတယ်။ ပြည်တွင်းစစ်နဲ့ ညီညွတ်ရေးပြိုကွဲနေတဲ့အချိန်မှာ လုပ်တဲ့ စီးပွားရေး စီမံကိန်းတွေကလည်း ထင်သလောက် မအောင်မြင်တဲ့အတွက် နိုင်ငံရေး မှာလည်း ရိုက်ခတ်လာပါတယ်။ ငွေကြေးဖောင်းပွမှု၊ လူနေမှု စရိတ်ကြီးတဲ့ ဒဏ်တွေကြောင့် ဖဆပလဩဇာကျလာပြီး ပမညတအတိုက်အခံတွေ နေရာရလာပါတယ်။ ဒီအချိန်မှာပဲ ဖဆပလအကွဲမှာ စစ်တပ်က ဝင်ပြီး အာဏာယူခဲ့ပါတယ်။
တပ်ကဖွဲ့တဲ့ အိမ်စောင့်အစိုးရက ဆန်တစ်ခုတည်းအပေါ်မှာ မှီခိုမနေရအောင် တခြားသီးနှံ တွေကို တိုးချဲ့တင်ပို့ဖို့ ကြိုးစားပါတယ်။ ၁၉၆၂ မှာ တပ်က ဒုတိယအကြိမ် အာဏာသိမ်း ချိန်မှာတော့ ဆိုရှယ်လစ် စနစ်ကို ချီတက်မယ်လို့ ကြေညာတဲ့အတွက် လယ်သမား အလုပ်သမားတွေကို ပိုဦးစားပေး စည်းရုံးပါတယ်။ ၁၉၆၃ မှာ ဗိုလ်မှူးချုပ်အောင်ကြီး ထွက်ပြီး ဗိုလ်မှူးချုပ်တင်ဖေ အာဏာပိုရှိ လာတဲ့အတွက် လယ်ယာပြုပြင်ရေးတွေ ပိုပြင်းထန်လာပါတယ်။
တောပြန် ကွန်မြူနစ်တွေနဲ့ ပမညတ လက်ဝဲသမားတွေနဲ့ နီးစပ်တဲ့ ဗိုလ်ချုပ်တင်ဖေဟာ လယ်သမားတွေကို အမတော်ကြေးထုတ်ပေးတဲ့ အစီအစဉ်တွေ ပိုကောင်းလာအောင် ကြိုးစားသလို သူရင်းငှား စနစ်ကို ဖျက်သိမ်းတဲ့ လယ်ယာမြေ ဥပဒေသစ်တွေ ရေးဆွဲစေပါတယ်။ အမေရိကန် အကူအညီနဲ့ မြန်မာပြည်အောက်ပိုင်းမှာ စိမ့်မြေတွေကို ဖောက်ထုတ်ပြီး လယ်မြေတွေ ဖော်ဖို့ ကြိုးစား သလို ဆိုဗီယက် အကူအညီနဲ့ ကြက်မောက်တောင် ဆည် ဆောက်ပြီး မိုးနည်း ရေရှား ရပ်ဝန်းမှာ စိုက်ပျိုးရေး တိုးချဲ့စေပါတယ်။ ဒီလှုပ်ရှားမှုတွေကို စိုက်ပျိုးရေးတော်လှန်ရေးအဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ကြွေးကြော် ပေမဲ့ လက်တွေ့မှာတော့ ထင်သလောက် ဖြစ်မလာပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Bettmann
ဆန်ခွဲတမ်းက စတဲ့ အာဏာရှင် ဆန့်ကျင်ရေး
၁၉၆၄ က စပြီး မြန်မာပြည်ဟာ ဆန်ပိုလျှံမှု လျော့ကျလာလို့ ကမ္ဘာ့ဆန်အထွက်ဆုံး နိုင်ငံအဆင့်ကို လက်လွှတ်ခဲ့ရပါတယ်။ နောက် အဲဒီနှစ်မှာပဲ အာဏာသိမ်းအစိုးရက လူနေမှုစရိတ်တွေ လျှော့ချဖို့ဆိုပြီး ဆန်စျေးကို လျှော့ပါတယ်။ ဒါပေမဲ့ နောက် ၂ နှစ်အကြာမှာတော့ ဗိုလ်ချုပ်ကြီးနေဝင်းက လယ်သမားတွေ ချေးငွေ ပြန်မပေးမှာကို စိတ်ပူပြီး လယ်သမားတွေကို လူတိုင်းမရနိုင်တဲ့ ရှားပါးပစ္စည်းတွေ ထုတ်ပေး ပါတယ်။ တစ်ဖက်ကလည်း ဆန်ကြိတ်တဲ့ မောင်းနဲ့ဆုံတွေ သိမ်းတာလို ဖိအားတွေပေးပါတယ်။ ဒါပေမဲ့လည်း လယ်သမားတွေက ဆန်တွေကို ဝှက်ပြီး မြေအောက်မှာ မြှုပ်တာတွေလုပ်လို့ ပျက်စီးကုန်ပါတယ်။
တစ်ခါ လယ်သမားတွေအတွက် စျေးသက်သက်သာသာနဲ့ရဖို့ ဓာတ်မြေသြဇာစက်ရုံဆောက်တာ၊ စက်မှုလယ်ယာစနစ်ကို ပြောင်းဖို့ ထွန်စက်တွေ အကြွေးနဲ့ ရောင်းတာတွေ လုပ်ပါတယ်။ ဒါပေမဲ့ ဆန်အထွက် ကတော့ တိုးမလာခဲ့ဘဲ ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်ရပြီးနောက် ရခိုင်မှာ ဆန်အရေးအခင်းဖြစ်ပြီး ပြည်မမှာ တရုတ် ဗမာ အရေးအခင်းတွေ ဖြစ်ခဲ့ပါတယ်။
၁၉၇၄ မှာ ဆိုရှယ်လစ်နိုင်ငံဆိုပြီး ထူထောင်ပြီးနောက်မှာလည်း ဆန်လောက်အောင်မပေးနိုင်လို့ အလုပ်သမားအရေးအခင်းတွေ ဖြစ်သလို ကျောင်းသားနဲ့ အရပ်သားတွေပါ ပါဝင်လာလို့ သွေးထွက်သံယို နှိမ်နင်းခဲ့ပါတယ်။ ဦးနေဝင်း အစိုးရက ဒီကိစ္စတွေအတွက် အရင်ဖဆပလအစိုးရကို ပုံချသလို အဖျက်အမှောင့်တွေ သွေးထိုးလို့ဆိုပြီး အကြောင်းပြပါတယ်။
အလုပ်သမားနဲ့ ရုံးဝန်ထမ်းတွေအတွက် ဆန်နဲ့ ငါးတွေ ထုတ်ပေးတာ၊ ဆန်စျေးတက်လို့ဆိုပြီး ကုန်သည်တွေကို ဖမ်းတာတွေ လုပ်ပေမဲ့လည်း မအောင်မြင်ခဲ့ဘဲ ဒီဆန်ပြဿနာက လမ်းစဉ်ပါတီခေတ် ကုန်ခါနီးထိ ဆက်ရှိနေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Pierre Barbier
၁၉၈၇ မှာ စီးပွားရေးကို ဖြေလျှော့မယ်ဆိုပြီး ဆန်၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ စတဲ့ သီးနှံတွေကို ရောင်းဝယ်ခွင့် စပြုပါတယ်။ ဒီအတွက် အစိုးရထုတ်စျေးနဲ့ ရောင်းတဲ့ဆန်တွေ မှောင်ခိုရောက်ကုန်သလို ငွေစက္ကူသိမ်းတဲ့ပြဿနာတွေ ဖြစ်ပြီးနောက်ပိုင်း တိုင်းပြည်အခြေအနေက ပိုဆိုးကုန်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဖောင်းပွလာတဲ့အတွက် ဆန်ကို ငွေသဘောမျိုး သိုလှောင်ကြတဲ့အတွက် အခြေအနေ တွေ ပိုဆိုးပြီး ၁၉၈၈ မှာ မဆလ နိဂုံးချုပ်ခဲ့တယ်လို့ ပါမောက္ခ ချာနေက ရေးပါတယ်။
မြန်မာ့ဆန်နဲ့ ကမ္ဘာ့အိပ်မက်
၁၉၈၈ နောက်ပိုင်း စျေးကွက်စီးပွားရေး စနစ်ပေါ်လာပေမဲ့ မြန်မာ့ဆန် ကမ္ဘာမှာ ပြန်နေရာယူလာတာတော့ ခုချိန်ထိ ထင်ထင်ရှားရှား မတွေ့ရသေးဘဲ တောင်အာရှနဲ့ ထိုင်း၊ ဗီယက်နမ် စတဲ့ အိမ်နီးချင်း နိုင်ငံတွေက ကျော်တက်သွားခဲ့ပါတယ်။ ၂ဝ၁၁ မှာ စစ်အစိုးရကနေ အရပ်သားတစ်ပိုင်း အစိုးရခေတ် ရောက်လာတော့ လယ်မြေဥပဒေအသစ်တွေ ထွက်လာပေမဲ့ တပ်မြေနဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့မြေ အဖြစ် သိမ်းတဲ့ ကိစ္စတွေက ဆက်ဖြစ်နေပါတယ်။
စစ်အစိုးရအဆက်ဆက်အောက်မှာ လယ်သမားတွေဆီက လျော်ကြေး မဖြစ်စလောက်နဲ့ သိမ်းခဲ့တဲ့မြေဧက နှစ်သန်းလောက် ရှိပြီး ဒီထဲက ၇ဝ ရာခိုင်နှုန်းကို မူလလယ်သမားတွေကို ပြန်ထွန်ခိုင်းတာတွေ ရှိတယ်ဆိုပြီး CSIS အမေရိကန် ပညာရှင်အဖွဲ့က ၂ဝ၁၂ က ရေးပါတယ်။ မြန်မာကျေးလက်နေ လူ ဦးရေရဲ့ သုံးပုံတစ်ပုံလောက်က မြေယာမဲ့တွေ ဖြစ်နေပြီး ကျန်တဲ့သူတွေက အတိုးကြီးကြီးနဲ့ ချေးရတဲ့ ငွေတွေနဲ့ လယ်တွေကို လက်မလွှတ်ရအောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။ ဒီအတွက် ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်တဲ့ လုပ်သားဦးရေကလည်း တိုးလာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EyesWideOpen
NLD အစိုးရလက်ထက် လယ်သိမ်းမြေသိမ်းကိစ္စတွေ ဖြေရှင်းပေးမယ်ဆိုပြီး ကြေညာခဲ့ပေမဲ့ ခုချိန်ထိ မပြီးပြတ်သေးတာကိုလည်း တွေ့ရပါတယ်။ ဆရာစံ လယ်သမားသူပုန်ကြီး ဖြစ်ခဲ့တာ အနှစ် ၉ဝ ကြာပြီး လွတ်လပ်ရေးရတာ အနှစ် ၇ဝ ကျော်ခဲ့ပေမဲ့လည်း လယ်သမားတွေအတွက် လယ်မြေပိုင်ဆိုင်မှုနဲ့ တခြားအခွင့်အရေးတွေ ခံစားရမှုမှာတော့ ကိုလိုနီခေတ်ထက် ဆိုးနေတဲ့အခြေအနေတွေလည်း ရှိနေပါသေးတယ်။ ဒီအချိန်မှာ ဆရာစံဆိုတဲ့ နာမည်ကို မမေ့ကြပေမဲ့ လယ်သမားနိုင်ငံရေးကတော့ အရင်လောက် အားမကောင်းတာကိုလည်း တွေ့နိုင်ပါတယ်။









