သခင်ပညာ၊ အမျိုးသားကျောင်းများနဲ့ မြန်မာ့အန်တုမှု

ဓာတ်ပုံ ရင်းမြစ်, SOPA Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံပညာရေးသမိုင်းမှာ ကျွန်နဲ့သခင်ပညာရေး ဆိုတဲ့ စကားလုံးနှစ်ခု ရှိပါတယ်။ စစ်ကောင်စီလက်ထက် ပညာရေးစနစ်ကို သပိတ် မှောက်ဖို့ ဆော်သြလှုံ့ဆော်ရာမှာ စစ်ကျွန်ပညာရေး ဆိုတဲ့ စကားလုံးကို အများအပြား တွေ့ရပါတယ်။ ဒီစကားဟာ ကိုလိုနီခေတ် နယ်ချဲ့ ဆန့်ကျင်ရေးက မြစ်ဖျားခံခဲ့ပြီး ကိုလိုနီပညာရေးကို အစားထိုးဖို့ လှုပ်ရှားတဲ့ အမျိုးသားကျောင်းတွေကနေ ပေါက်ဖွားခဲ့တာ ဖြစ်ပါတယ်။
ဒီ အမျိုးသားကျောင်းလှုပ်ရှားမှုဟာ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်တယ်ဆိုတဲ့ ၁၉၂ဝ ပထမကျောင်းသားသပိတ်က စတယ် ဆိုပေမယ့် တကယ်က မြန်မာနဲ့ ခေတ်ပြိုင် ကိုလိုနီနဲ့ ကိုလိုနီတပိုင်းနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ ပညာရေး လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပါတယ်။ ကိုလိုနီခေတ် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး လှုပ်ရှားမှုတွေဟာ အိန္ဒိယက တင်သွင်းတဲ့ လှုပ်ရှားမှုတွေရဲ့ သြဇာမကင်းသလို နှစ်ဖက် ပူးပေါင်း ဆောင်ရွက်မှုတွေ လည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံ ပညာရေးသမိုင်းမှာ အနှစ်တထောင်နီးပါး ရှည်ကြာခဲ့တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေး ကိုယ်တိုင်ကလည်း အိန္ဒိယ၊ တရုတ်နဲ့ သီရိလင်္ကာလို နိုင်ငံတွေကနေ ပြန့်ပွားလာတာ ဖြစ်ပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, © British Library Board (www.bl.uk/onlinegal
အနောက်တိုင်းပညာရေး၊ ခရစ်ကတ်နဲ့ သီပေါမင်းသား
မြန်မာနိုင်ငံ ဗြိတိသျှအောက် တပိုင်းချင်း ကျရောက်သွားရာကနေ အောက်ပိုင်း မော်လမြိုင်နဲ့ ရခိုင် စစ်တွေ ကနေစပြီး ခရစ်ယာန် သာသနာပြုကျောင်း တွေ ပေါ်ထွန်းလာပါတယ်။ နောက် ရန်ကုန်မှာ သာသနာပြု ကျောင်း တွေ ဖွင့်ချိန်မှာ မင်းတုန်းမင်းပိုင် အမျိုးသားနိုင်ငံဘက်က ကျောင်းသူကျောင်းသား တွေ စေလွှတ်သင်ကြားတာတွေ ရှိလာသလို ရတနာပုံရွှေမြို့တော်မှာ ဒိုင်အိုသံတဲကျောင်းတော် ဖွင့်ပြီး ဆရာမတ်ကို သင်ကြားစေပါတယ်။ သီပေါမင်းသား နဲ့ တကွ တခြား မင်းသားတွေလည်း ဒိုင်အိုကျောင်းမှာ အင်္ဂလိပ်စာနဲ့ တခြား အနောက်တိုင်း သင်ခန်းစာတွေကို သင်ကြားခဲ့သလို ခရစ်ကက်ရိုက်နည်းပါ သင်ခဲ့ကြပါတယ်။
ဒီလို သင်ကြားရာမှာ မြန်မာနဲ့ ခေတ်ပြိုင် ထိုင်းနိုင်ငံက မောင်းကွတ်နဲ့ ချူလာလောင်ကွန်ဘုရင်တွေရဲ့ သားတော်တွေလို ပြည်ပထိ စေလွှတ်သင်ကြားခွင့် မြန်မာမင်းသားတွေ မရခဲ့သလို မန္တလေးနဲ့ အထက်မြန်မာပြည်မှာ တခြား သာသနာပြုကျောင်းတွေ ဖွင့်လွှတ်သင်ကြားတာကိုလည်း ဘုရင်အုပ်ချုပ်ရေးက အားမပေးခဲ့ပါဘူး။ ပြည်ပကို လက်နက်နဲ့ တခြားစက်မှုပညာတော်သင်တွေ စေလွှတ်ခဲ့ပေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး ဆိုင်ရာ ဝိဇ္ဇာပညာတွေကို အနောက်တိုင်းတက္ကသိုလ်တွေမှာ သင်ကြားဖို့ မြန်မာဘုရင်တွေ အားပေးတာ မတွေ့ခဲ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Universal History Archive
၁၈၈၅ သီပေါမင်း ပါတော်မူချိန် ဗြိတိသျှပိုင် ရန်ကုန်မြို့မှာ ကောလိပ်ကျောင်း ပေါ်ထွန်းနေပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံအထက်ပိုင်းမှာ အင်္ဂလိပ်လို ရေးနိုင် ဖတ်နိုင် ပြောနိုင်သူ လူအနည်းအကျဉ်းသာ ရှိခဲ့ပါတယ်။ အလားတူပဲ မန္တလေးနန်းတော်တွင်းနဲ့ မြို့ထဲမှာရှိတဲ့ ပုံနှိပ်စက် သုံးလေးလုံးကနေ စာအုပ် စာတမ်း တွေ ရိုက်နှိပ်နေပေမယ့် အညာက လူအများစုကတော့ ပေပုရပိုက်တွေနဲ့ ဖတ်နေကြဆဲ ဖြစ်ပါတယ်။ ခေတ်မီမှုနဲ့ ပိုပြီး အလှမ်းကွာတဲ့ ရှမ်းပြည် ဒေသနဲ့ တခြား တောင်တန်းတွေမှာတော့ ဘုန်းကြီးကျောင်းပညာရေးတောင် ဖွံ့ဖွံ့ဖြိုးဖြိုး မရှိခဲ့ပါဘူး။
ဘဂဝါ စကူးခေတ်ကုန် နဲ့ သာသနာပြုကျောင်း ပြိုင်ပွဲ
ဗြိတိသျှမြန်မာပြည်မှာ ပညာရေး ဌာနကို ၁၈၆၇ ကတည်းက ဖွင့်လှစ်ခဲ့ပေမယ့် အစိုးရကျောင်း များများ မရှိခဲ့ပါဘူး။ အင်္ဂလိပ်လို သက်သက်သင်တဲ့ ခရစ်ယာန် သာသနာပြု ကျောင်း၊ အင်္ဂလိပ် မြန်မာ နှစ်ဘာသာသင် ကျောင်းနဲ့ မြန်မာစာသက်သက်သင်တဲ့ကျောင်းတွေဆိုပြီး ကျောင်းသုံးမျိုး ကွဲပြားနေပြီး သာသနာပြုကျောင်းထွက်တွေက ရာထူးဌာနကောင်းတွေကို ကြီးစိုးထားပါတယ်။ မြန်မာ့ အစဉ်အလာ ယဉ်ကျေးမှုနဲ့ ဗုဒ္ဓစာပေ ကျမ်းဂန်တွေကို သင်တဲ့ ဘုန်းကြီးကျောင်းတွေမှာ အစိုးရသင်ရိုးတချို့ကို သင်တာ ရှိပေမယ့် အင်္ဂလိပ်စာ မသင်နိုင်တာများလို့ ဘုန်းကြီးကျောင်းထွက်တွေ အစိုးရရုံးနဲ့ ကုမ္ပဏီတွေ မှာ အလုပ်ရတာ နည်းပါတယ်။

ဗြိတိသျှအစိုးရရဲ့ ကိုလိုနီပညာရေးမူဝါဒမှာကိုက အင်္ဂလိပ်လို တွေးတတ်ပြောတတ်ပြီးကိုလိုနီအုပ်ချုပ်ရေးမှာ အထောက်အကူပြုတဲ့ စာရေးစာချီလူတန်းစားကို မွေးထုတ်ပေးရန် ဆိုတဲ့အတွက် ပြည်ပကလာတဲ့ အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ ဒေသနေတွေကြားမှာ ပေါင်းကူးဆက်သွယ်စရာ လူခံရှာတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို သင်ကြားတဲ့ ကျောင်းတွေ၊ ခရစ်ယာန်ဘာသာထဲ ကူးပြောင်းဖို့ စည်းရုံးတဲ့ သာသနာပြု ကျောင်းတွေက ထွက်တဲ့ အနောက်တိုင်းစာတတ် တိုင်းရင်းသားလူ့မလိုင်တွေဟာ ကိုလိုနီအစိုးရရဲ့ လူယုံ၊ ရာထူးရာခံနဲ့ ပစ္စည်းဥစ္စာကြွယ်ဝတဲ့ အရာရှိနဲ့ မြေရှင် လုပ်ငန်းရှင်ကုန်သည် လူတန်းစား ဖြစ်လာ ပါတယ်။ ဒါကြောင့် သခင်ကိုယ်တော်မှိုင်း အင်္ဂလိပ်စာတတ်ခဲ့ရင် အင်္ဂလိပ်လူဖြစ်ဖို့ ရာနှုန်း ပိုများတယ် ဆိုပြီး သူနဲ့ခေတ်ပြိုင် ဆာမောင်ခင်၊ ဆာ ဂျေအေမောင်ကြီးနဲ့ ဂျီစီဘီအေ ဦးချစ်လှိုင် စတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နှိုင်းယှဉ်ပြီး သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက မှတ်ချက်ချ ခဲ့ပါတယ်။
ဒီလို ခရစ်ယာန်သာသနာပြုကျောင်းတွေ ပေါ်လာပြီး မြန်မာလူငယ်တွေ ဘာသာပြောင်းတာတွေ ရှိလာတဲ့အတွက် စိုးရိမ်သူ ဗုဒ္ဓဘာသာလူကြီးတွေက ဗုဒ္ဓဘာသာကျောင်းတွေ ထောင်လာကြပါတယ်။ မော်လမြိုင်၊ သထုံ မြို့တွေမှာ ၁၉ ရာစုအကုန်ပိုင်းကစပြီး ရှင်မဟာဗုဒ္ဓဃောသနဲ့ ရှင်အရဟံ စတဲ့ ဗုဒ္ဓ ဘာသာ အထက်တန်းကျောင်းတွေ ပေါ်လာပြီး မန္တလေးဗုဒ္ဓဘာသာကျောင်းမှာ ကျောင်းအုပ်လုပ်သူက လန်ဒန်ကို အုပ်ချုပ်ရေး တိုးမြှင့်ဖို့ သွားခဲ့တဲ့ ဘေပုရှိန် ဦးထွန်းရှိန် ဖြစ်ပါတယ်။ ဒီကျောင်းတွေဟာ ၁၉၂ဝ နောက်ပိုင်းမှာ အမျိုးသားကျောင်း ဖြစ်သွားတာရှိသလို တချို့လည်း ဗုဒ္ဓဘာသာကျောင်း အဖြစ် ဆက်လက်ရပ်တည်ကြပါတယ်။ နိုင်ငံရေးလှုံ့ဆော် ရာမှာ အမျိုးသားကျောင်းတွေလောက် မပြင်းထန်ပေမယ့် ဗုဒ္ဓဘာသာကျောင်းတွေဟာလည်း ဝိုင်အမ်ဘီအေနဲ့ တခြား ဘာသာရေး အမျိုးသားရေး လှုပ်ရှားမှုတွေရဲ့ ရောင်ပြန်လို ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, လမ်းစဥ်ပါတီ
နေရှင်နယ်စကူး၊ လွတ်လပ်ရေး ပုခက်လွှဲသူများ
၁၉၂ဝ ရန်ကုန်တက္ကသိုလ်တည်ထောင်ရာမှာ ကျောင်းသားတွေကို အဆောင်မှာ နေခိုင်းတာ၊ ဆယ်တန်းအောင်ပြီးသူကို ပြင်ဆင်ရေးအတန်းမှာ တနှစ် နေခိုင်းတာ စတဲ့ ပြင်းထန်တင်းကျပ်တဲ့ အက်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါ တယ်။ ဒါကို မကျေနပ်တဲ့ ကျောင်းသားတွေ သပိတ်မှောက်ရာကနေ ပထမ ကျောင်းသား သပိတ်ဆိုပြီး နိုင်ငံအနှံ့ ဖြစ်ပွားခဲ့ပါတယ်။ ဒီသပိတ်လှုပ်ရှားမှုဟာ ၁၉ဝ၆ မှာ ဝိုင်အမ်ဘီအေ တည်ထောင်ချိန်ကစပြီး တစတစ နိုးကြား လာတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲမှာ ပထမဆုံး စိုးရိမ်ရေမှတ်ကို ရောက်ခဲ့တဲ့ ကိုလိုနီရေတံခါးကို တွန်းပုတ်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။ ဒီသပိတ်ကို အရင်းတည်ပြီး နိုင်ငံအနှံ့မှာ သပိတ်မှောက်ကျောင်းသားနဲ့ မြို့ခံတွေ တည်ထောင်တဲ့ အမျိုးသားကျောင်းခေါ် နေရှင်နယ်ကျောင်းတွေ ပေါ်ထွန်း လာပါ တယ်။ အဲဒီနောက် ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး တည်ထောင်တာ၊ အခွန်မပေးရေး ဘူးအသင်းနဲ့ ဝံသာနုလှုပ်ရှားမှုတွေ ပေါ်တာ စတဲ့ ဒီထက်ပိုပြီး နိုင်ငံရေးအရ အရေးကြီးတဲ့ လှုပ်ရှားမှုတွေ ဖြစ်ခဲ့ပေမယ့် အမျိုးသားပညာရေးက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားနိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စစ်ခေါင်းဆောင် တွေကြောင့်ပဲ မြန်မာပြည် လွတ်လပ်ရေး နောက်ဆုံးပန်းတိုင်ကို ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီလှုပ်ရှားမှုကြီးဟာ အခက်အခဲနဲ့ စိန်ခေါ်မှု များစွာကို ကျော်ဖြတ်ပြီး အနှစ် ၂ဝ ကျော် ရပ်တည်ခဲ့တဲ့ လှုပ်ရှားမှုကြီး ဖြစ်သလို ဒါဇင်နဲ့ချီတဲ့ ကျောင်းတွေက ထောင်ချီတဲ့ ကျောင်းသားတွေကို ပြင်းထန်တဲ့ အမျိုးသားရေး အမြင်တွေ သွတ်သွင်းပေးခဲ့ပါတယ်။ ဒီအမြင်အတွေးတွေဟာ လွတ်လပ်ပြီး နှစ်ပေါင်း ၇ဝ ကျော် ကြာတဲ့အထိ မြန်မာပြည်မှာ ရိုက်ခတ်နေဆဲ ဖြစ်လို့ အမျိုးသားကျောင်းတွေဟာ မြန်မာ အမျိုးသားနိုင်ငံရေးရဲ့ ပင်မရေခံ မြေခံလို့ ပြောနိုင်ပါတယ်။ နောက် စစ်ကျွန်ပညာရေးလို့ သတ်မှတ်ခံရတဲ့ လက်ရှိ ပညာရေးစနစ်ထိ လွတ်လပ်ပြီး မြန်မာပြည် အစိုးရအဆက်ဆက်ရဲ့ ပညာရေးစနစ်တွေမှာ အမျိုးသား ရေး အမြင်ကဲတဲ့ မြန်မာစာ၊ သမိုင်းနဲ့ ဗုဒ္ဓစာပေအမြင် သင်ကြားမှုတွေ ရှိနေတာဟာလည်း အမျိုးသားပညာရေးရဲ့ လက္ခဏာ တခု ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒီလှုပ်ရှားမှု ပေါ်ထွန်းချိန်ဟာ မြန်မာနိုင်ငံမှာ ကိုလိုနီခေတ်နှောင်း နယ်ချဲ့ဆန့်ကျင်ရေးတွေ အရှိန်တက်ချိန်ဖြစ်လို့ ဂျီစီဘီအေနဲ့ တို့ဗမာအစည်းအရုံး စတဲ့ နိုင်ငံရေးပါတီတွေ၊ မျိုးချစ်ဓနရှင်တွေရဲ့ ထောက်ပံ့ကူညီမှုရပြီး အောင်မြင်ကျော်ကြားမှု ရခဲ့တယ်ဆိုနိုင်သလို ဗြိတိသျှနယ်ချဲ့အောက်မှာဖြစ်လို့ ဂျပန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံစတဲ့ တခြား ကိုလိုနီနယ်ချဲ့တွေအောက် ရောက်တာထက် ဖိနှိပ်ခံရမှုနည်းတယ် ဆိုကြပါတယ်။ ဒါပေမဲ့လည်း အင်္ဂလိပ်စာ တန်ခိုး ထွားချိန်၊ နေမဝင် အင်ပါယာဆိုတဲ့ ကမ္ဘာမှာ အင်အားအကြီးဆုံး နယ်ချဲ့ကို ပညာရေး လက်နက်နဲ့ ခုခံရချိန်မှာ အမျိုးသားကျောင်း လှုပ်ရှားမှုဟာ စိတ်ဓာတ်ပိုင်း၊ ပညာပိုင်းနဲ့ ငွေရေးကြေးရေးအပိုင်း တွေမှာ ခေတ်ပြိုင် မြန်မာ့နိုင်ငံရေး စီးပွားရေး လှုပ်ရှားမှုတွေထက် ပိုပြီး သက်လုံကောင်းကာ အုတ်မြစ် ခိုင်တယ်လို့ ပြောနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ လမ်းစဉ်ပါတီမတိုင်ခင်ထိ အနှစ် ၂ဝ ကျော်ခံတဲ့ နိုင်ငံရေးပါတီ ကြီးကြီး မရှိခဲ့ပေမယ့် အမျိုးသား ကျောင်းတွေကတော့ ၁၉၆၄ ပြည်သူပိုင်သိမ်းချိန်ထိ အနှစ် ၄ဝ ကျော် တည်တံ့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဆင်းရဲသားကျောင်းက ရဲဘော်များ
အမျိုးသားကျောင်းတွေဟာ အများပြည်သူငွေနဲ့ တည်ထောင်ရတာ ဖြစ်လို့ ငွေကြေးပိုင်းမှာ သာသနာပြုကျောင်းနဲ့ အစိုးရကျောင်းတွေကို မယှဉ်နိုင်ပါဘူး။ ကျောင်းအဆောက်အအုံနဲ့ ဆရာအင်အား၊ ကစားကွင်း စတဲ့ သင်ထောက်ကူပိုင်းမှာလည်း မူလအခြေခိုင်ပြီးသား သူဌေးကျောင်းတွေကို မပြိုင်နိုင်ပါဘူး။ ဒါပေမဲ့ ဒီကျောင်းတွေမှာရှိတဲ့ ဆရာ ဆရာမနဲ့ တပည့် ချစ်ခင်ရင်းနှီးမှု၊ နိုင်ငံရေး စိတ်ထက်သန်မှုတွေမှာတော့ သာသနာပြု ကျောင်းတွေနဲ့ ဘာမှမဆိုင်ဘူး လို့ လူထုဒေါ်အမာက နေရှင်နယ်ကျောင်းက သူငယ်ချင်းတွေ ဆောင်းပါးမှာ ရေးပါတယ်။ သာသနာပြုကျောင်းတွေနဲ့ မတူဘဲ ကျောင်းရန်ပုံငွေအတွက် နေရှင်နယ်ဒေး အလံလေးတွေ ရောင်းပြီး ရန်ပုံငွေ ရှာတာမျိုး လုပ်ရတဲ့အတွက် ကျောင်းသားတွေ လူကြားထဲ ရောတတ်နှောတတ် ပြောတတ်ဆိုတတ် ဖြစ်လာတယ် လို့လည်း ဆိုပါတယ်။
အမျိုးသားကျောင်းတွေ တည်ထောင်စက နောက်က မားမားမတ်မတ် ရပ်တည်ပေးတဲ့ ဂျီစီဘီအေ အဖွဲ့ချုပ်ကြီး မပြိုကွဲသေးချိန် ဖြစ်လို့ ရန်ပုံငွေနဲ့ နိုင်ငံရေး အရ ထောက်ခံမှု ကြီးခဲ့ပါတယ်။ ဗြိတိသျှအစိုးရပေးတဲ့ ဒိုင်အာခီ ခေါ် ပူးတွဲအုပ်ချုပ်ရေး ယူသင့်မယူသင့် အငြင်းပွားရာကနေ ဝံသာနုနဲ့ ၂၁ ဦး ဆိုပြီး ဂျီစီဘီအေ ပြိုကွဲမှုက အမျိုးသားပညာရေးကောင်စီကိုပါ ရိုက်ခတ်ပြီး အစိုးရ အထောက်အပံ့ခံကျောင်းနဲ့ မယူတဲ့ကျောင်းဆိုပြီး ကွဲပြား ကုန်ကြပါတယ်။ အထောက်အပံ့မယူတဲ့ကျောင်းအများအပြား ချုပ်ငြိမ်းကုန်ကြပြီး အမျိုးသားပညာရေးကောင်စီရဲ့ ဥက္ကဋ္ဌ အမ်အေဦးမောင်ကြီးလည်း ပညာရေး ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ အမျိုးသားကောလိပ်ကို မစ္စတာ မောင်မှိုင်း၊ ဒီးဒုတ် ဦးဘချို စတဲ့ ပညာရှင်တွေနဲ့ ကြီးမှူးထူထောင်ခဲ့ပေမယ့်လည်း ရန်ပုံငွေ ကိစ္စကြောင့်ပဲ သက်တမ်းတိုခဲ့ပါတယ်။ ၁၉၃၇ မှာ အမျိုးသားတက္ကသိုလ် ဆိုပြီး ဆာဦးသွင် အမှူးပြုတဲ့ လူကြီးတွေနဲ့ ကိုအောင်ဆန်း၊ ကိုနု စတဲ့ ကျောင်းသား ခေါင်းဆောင်တွေ မြို့မကျောင်းမှာ ထူထောင်ဖို့ ကြိုးစားတာလည်း အဖတ်မတင် ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
ဒီလို ရန်ပုံငွေအခက်အခဲကြောင့် ကျောင်းဆရာတော်တော်များများကို လခကောင်းကောင်းမပေးနိုင်ပါဘူး။ မန္တလေး အမျိုးသားကျောင်းအုပ်ကြီး မစ္စတာ ရာဇတ်ရဲ့ ကုတ်အင်္ကျီဟာ အဖာအထေးတွေ ရှိသလို ထားဝယ် တိုင်းရင်းသားကျောင်းအုပ်ကြီး ဦးဗရှင်ရဲ့ သားသမီး ၁၂ ယောက်ကိုလည်း ဇနီးဖြစ်သူ ဘက်က ပါလာတဲ့ အမွေအနှစ်တွေနဲ့ ထုခွဲကျွေးခဲ့ရတယ်လို့ မောင်သန်းဆွေ (ထားဝယ်) က ကျွန်တော်တို့ ထားဝယ်သူ ထား၀ယ်သား စာအုပ်မှာ ရေးပါတယ်။ ကျောင်းက ရန်ပုံငွေ မရှိပေမယ့် ကျောင်းလခမပေးနိုင်တဲ့ ကျောင်းသားတွေကို ထုတ်မပစ်ရက်တဲ့အတွက်လည်း အမျိုးသားကျောင်းတွေမှာ လူတန်းစားအလွှာစုံက ကျောင်းသူ ကျောင်းသား အစုံကို တွေ့ရတယ်လို့လည်း လူထုဒေါ်အမာက ရေးပါတယ်။
ကျောင်းရန်ပုံငွေရဖို့ ဆရာနဲ့ ကျောင်းသားတွေကိုယ်တိုင် သီဆိုကပြပြီး တည်ဆောက်ခဲ့တဲ့ ကျောင်းတွေက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားတွေဟာ ဆာမောင်ကြီးရဲ့ ဂရင်းအာမီခေါ် ရဲတပ်ဖွဲ့မှာ ပါဝင်ကြပြီး နောင်မှာ တပ်မတော်ခေါင်းဆောင်တွေ ဖြစ်လာတာကို တွေ့ရပါတယ်။ ကျောင်းသူတွေဟာလည်း တက္ကသိုလ်ဆရာမတွေ၊ စာရေးဆရာမနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်လာပြီး စစ်ပြီးခေတ် မြန်မာပြည် နိုင်ငံရေးမှာ အမျိုးသမီး ကဏ္ဍက ခေါင်းဆောင် ခေါင်းရွက်ပြုခဲ့ကြပါတယ်။ တကယ်တော့ ရဲဘော်သုံးကျိပ်ကို တည်ထောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်လက်ျာ၊ လွတ်လပ်ပြီးခေတ် ဝန်ကြီးချုပ် သခင်နု၊ ကွန်မြူနစ်ခေါင်းဆောင် သခင်ဗဟိန်း၊ ၁၉၄၇ ဖွဲ့စည်းပုံရေးဆွဲသူ တရားဝန်ကြီး ဦးချန်ထွန်း၊ စာရေးဆရာ မောင်ထင် စသူတွေဟာ အမျိုးသား ကျောင်းထွက်တွေ ဖြစ်ကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီး သခင်မြကတော့ မူလသပိတ်မှောက် ကျောင်းသား ဟောင်းနဲ့ အမျိုးသား ကျောင်းဆရာဟောင်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Collection
သခင်ပညာရေးရဲ့ ဝိသေသ
အမျိုးသားကျောင်းထွက်တွေဟာ မြန်မာရာဇဝင်နဲ့ စာပေနိုင်ငံရေးမှာ ပြောင်မြောက်ပြီး အင်္ဂလိပ်စာအပြောမှာ အားနည်းတယ်လို့ ဆိုစမှတ် ရှိပါတယ်။ မန္တလေး၊ ထားဝယ် စတဲ့ နေရှင်နယ်ကျောင်းကြီးတွေမှာ အင်္ဂလိပ် ဘာသာ လေ့လာတာကို အားပေးပေမယ့် ခရစ်ယာန်သာသနာပြုကျောင်းတွေနဲ့ ယှဉ်ရင် အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ အမျိုးသားကျောင်းတွေမှာ သင်ကြားတဲ့ သခင်ကိုယ်တော်မှိုင်း၊ ဦးဖိုးကျား၊ ဦးဘသန်း စတဲ့ မြန်မာပညာရှင်တွေရဲ့ ရာဇဝင်သမိုင်းဖတ်စာတွေကသာ အမျိုးသားကျောင်းရဲ့ ထူးခြားချက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အနောက်တိုင်းပညာရေးမိတ်ဆက်ပြီးနောက်ပိုင်း လူကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ ဂဏန်း၊ မြေတိုင်းပညာ၊ မြန်မာစာ စတဲ့ ပညာတွေ သင်ကြားခဲ့ပေမယ့် မြန်မာရာဇဝင်ကို ချက်ချင်း သင်မပေးခဲ့ ဘူးဆိုပြီး မြန်မာ့နိုင်ငံရေးသမိုင်း (၁၉ဝ၆ -၁၉၃ဝ)မှာ ထောက်ပြပါတယ်။ ဇာတိမာန်တွေ နိုးကြားလာမှာစိုးလို့ သင်ခွင့်ပြုတဲ့အခါမှာတောင်မှ မြန်မာဘုရင်တွေ ရက်စက်ပုံကို ဖော်ပြတဲ့ ကော့ရဲ့ မြန်မာရာဇဝင်ချုပ်လို စာကို သင်ခဲ့ပါတယ်။ မြန်မာဘာသာကိုလည်း အင်္ဂလိပ်က ပြန်ဆိုတာမျိုးလောက်သာ သင်ပေးခဲ့ပြီး စာပေတေးကဗျာတွေ အသားပေးသင်တာ မရှိခဲ့ပါဘူး။ အမျိုးသားကျောင်းတွေ ခေတ်ရောက်မှ မြန်မာစာပေ၊ သမိုင်းနဲ့ ပါဠိဘာသာတွေကို သေချာကျနသင်ပေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားကျောင်းတရာကျော် ထူထောင်လာတဲ့ အတွက် လူနှစ်သိန်းလောက် မြန်မာစာနဲ့ အင်္ဂလိပ်စာကို စရိတ်ကျဉ်းကျဉ်းနဲ့ သင်ခွင့်ရတယ် ဆိုပြီး အောင်ထွန်း ရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်း မှာ ပါရှိပါတယ်။ အင်္ဂလိပ်ကျောင်းတွေမှာ မသင်ပေးတဲ့ နိုင်ငံရေးအခြေခံနဲ့ ဗိုင်းငင်ဝါဖတ်လို ပညာတွေတောင် သင်ပေးတယ်လို့လည်း သိရ ပါတယ်။
ဒီမြန်မာအမျိုးသား ပညာရေး လှုပ်ရှားမှုကြီးဟာ အိန္ဒိယနိုင်ငံမှာ ဆွာဒေရှိခေါ် သရာဇလှုပ်ရှားမှုကြီးက ပေါက်ဖွားလာတဲ့ အိန္ဒိယအမျိုးသား ပညာရေး လှုပ်ရှားမှုနဲ့လည်း ဆက်စပ်နေပါတယ်။ ၁၉ဝ၅ ခုနှစ်နောက်ပိုင်း အိန္ဒိယမှာ ဘုရင်ခံချုပ် လော့ကာဇုန်က ပညာရေးမှာ အိန္ဒိယဆန်အောင် ပြုမှုကို ဆန့်ကျင်တဲ့အတွက် အိန္ဒိယပညာတတ်တွေနဲ့ လူချမ်းသာတွေက အမျိုးသားကျောင်းနဲ့ ကောလိပ်တွေ တည်ထောင်လှုပ်ရှားခဲ့ပါတယ်။ ပြည်တွင်းဖြစ်ကို အားပေးတာ စတဲ့ ဝံသာနုလှုပ်ရှားမှုတွေကလည်း အိန္ဒိယမျိုးချစ်တွေရဲ့ လက်ယက်ထည်အားပေးရေး လှုပ်ရှားမှုတွေကနေ အရင်းခံခဲ့တာ ဖြစ်ပါတယ်။ နောက် ဂျပန်မှာ စာသင်ကြားပို့ချပြီး ပြန်လာတဲ့ ဆရာတော် ဦးဥတ္တမရဲ့ ဂျာပန်ပြည်အတ္ထုပ္ပတ္တိနဲ့ ဟောပြောချက်တွေကလည်း မြန်မာမျိုးချစ်ခေါင်းဆောင် တွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါကြောင့် ကိုလိုနီပညာရေးနဲ့ မတင်းတိမ်ဘဲ လက်တွေ့ကုန်ပစ္စည်းထုတ်နိုင်တဲ့ စက်မှု သိပ္ပံပညာတွေကို အမျိုးသားပညာရေး လှုပ်ရှားမှုတွေကို အိန္ဒိယ၊ မြန်မာနဲ့ တရုတ် စတဲ့ အရှေ့တိုင်းနိုင်ငံတွေမှာ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ရန်ပုံငွေထောက်ပံ့နိုင်တဲ့ တိုင်းရင်းသား အရင်းရှင် လူတန်းစား မဖွံ့ဖြိုးတဲ့ မြန်မာ ပြည်မှာတော့ စက်မှုသိပ္ပံထက် ရာဇဝင်နဲ့ စာပေဘက် အားပေးတဲ့ အမျိုးသားကျောင်းတွေ ထူထောင်ခဲ့ကြပါတယ်။ ဒါရဲ့ အကျိုးဆက်ကတော့ အမျိုးသားရေး ပြင်းထန်တဲ့ နိုင်ငံရေးနဲ့ အမျိုးသားစစ်တပ်ဖွဲ့ဖို့ တာစူတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese
လွတ်လပ်ပြီးခေတ် မြန်မာ့ပညာရေးလောကမှာတော့ ဆိုရှယ်လစ်နိုင်ငံထူထောင်ရေးနဲ့ အမျိုးသားရေးအမြင်ကဲတဲ့ မူတွေ လွှမ်းမိုးခဲ့ပါတယ်။ မြို့မငြိမ်းရဲ့ လူချွန်လူကောင်းသီချင်းဟာ ဒီခေတ်ရဲ့ ပညာရေးအမြင်ကို ထင်ဟပ် တဲ့ တေးတပုဒ် ဖြစ်သလို ၁၉၆၂ နောက်ပိုင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် လူရည်ချွန် စီမံကိန်းဟာလည်း မြန်မာလူငယ်တွေကြားမှာ ခေတ်စားခဲ့ပါတယ်။ အမျိုးသားပညာရေးခေတ်ထက်သာလွန်တဲ့ လှုပ်ရှားမှုကတော့ တော်လှန်ရေးကောင်စီ ခေတ်မှာ ပြဋ္ဌာန်းစာအုပ်တွေကို မြန်မာလို ပြန်ဆိုတဲ့စီမံကိန်း ဖြစ်ပါတယ်။ ရန်ပုံငွေ အခက်အခဲနဲ့ ပညာရှင်ရှားပါးမှုကြောင့်လည်း ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာလို တိုင်းရင်းဘာသာအခြေပြု သင်ရိုး စနစ် မြန်မာပြည်မှာ မအောင်မြင်ခဲ့ပါဘူး။ အင်္ဂလိပ်စာသင်ယူမှုကို အမျိုးသားကျောင်းခေတ်မှာလို အားမပေး တဲ့အတွက်လည်း မြန်မာကျောင်းသားတွေရဲ့ နိုင်ငံတကာကို ထိစပ်သင်ကြားနိုင်မှုဟာ ၁၉၆၂ နောက်ပိုင်းမှာ ကျဆင်းခဲ့ပြီး အနီးအနားနိုင်ငံတွေနဲ့ ယှဉ်ရင် ခုချိန်ထိ နောက်ကကျန်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Archive
အမျိုးသားကျောင်းတွေမှာ အိန္ဒိယ၊ တရုတ်ဆရာတွေ ခေါ်ယူသင်ကြားမှု ရှိခဲ့ပြီး ဗုဒ္ဓဘာသာကြီးစိုးတဲ့ မြန်မာအမျိုးသားရေးဝါဒကို လှုံ့ဆော်တဲ့ သင်ရိုးတွေ ပြဋ္ဌာန်းခဲ့ကြပေမယ့် မွန်၊ ကရင်၊ ရှမ်းနဲ့ ရခိုင်စတဲ့ လူမျိုးငယ်တွေနဲ့ မြန်မာအများစု ပေါင်းစည်းရေးကို မကြိုးစားနိုင်ခဲ့တဲ့အတွက် ၁၉၄၈ နောက်ပိုင်း နိုင်ငံ မှာ ပြည်တွင်းစစ် ကြုံရချိန်မှာလည်း ပညာရေးနဲ့ ကုစားနိုင်ဖို့ အချိန်မမီ ဖြစ်ခဲ့ရပါတယ်။ ဇော်ဂျီ၊ ဦးသန့် စတဲ့ မြို့မကျောင်းထွက် ပညာရှင်တွေက ပြည်ထောင်စုသမိုင်း ပုံပြင်များနဲ့ ပြည်တော်သာခရီးလို စာအုပ်တွေ စာအုပ်တွေ ရေးပြီး ပြည်ထောင်စုစိတ်မွေးဖို့နဲ့ ပြည်တော်သာနိုင်ငံထူထောင်ဖို့ အားပေးပါတယ်။ ဒါပေမဲ့ လည်း စစ်အစိုးရခေတ် အဆက်ဆက်မှာ ထူထောင်လာတဲ့ မြန်မာကြီးစိုးရေးလှိုင်းကြောင့် ပြည်ထောင်စုနိုင်ငံစိတ် ပျိုးထောင်ရေး ဟာ အနှစ် ၇ဝ နီးပါးထိ မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။








