မြန်မာနဲ့ ရုရှား နျူနဲ့ ခဲယမ်း အလဲအထပ်

ရုရှားခရီးစဉ်ကို အောင်မြင်တဲ့ခရီးစဉ်လို့ စစ်ခေါင်းဆောင် သတ်မှတ်
ဓာတ်ပုံ ပုံစာ, ရုရှားခရီးစဉ်ကို အောင်မြင်တဲ့ခရီးစဉ်လို့ စစ်ခေါင်းဆောင် သတ်မှတ်

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ ပြောစရာများခဲ့ပေမဲ့ နှစ်နိုင်ငံစလုံးအဓိက လိုချင်နေတဲ့ အချက်နှစ်ချက်ကိုတော့ ရရှိသွားခဲ့ကြပါတယ်။

မြန်မာဘက်က နျူကလီးယားဓာတ်အားပေးစက်ရုံ ပေါ်ပေါက်လာဖို့ ဆန္ဒရှိပြီး ရုရှားဘက်ကတော့ ယူကရိန်းစစ်မှာသုံးဖို့ ခဲယမ်းတွေကို မြန်မာက ထုတ်လုပ်ပို့ဆောင်ပေးဖို့ ဖြစ်ပါတယ်။

နှစ်နိုင်ငံလုံးက ဒီသဘောတူညီမှုကိုထုတ်မပြောခဲ့ကြပေမဲ့ ရုရှားခရီးစဉ်ကို ပါသွားတဲ့ သတင်းအရင်းအမြစ်တချို့ဆီက ဘီဘီစီက စုံစမ်းသိရှိရတာဖြစ်ပါတယ်။

''စာချုပ်သက်တမ်းကတော့ ထိပ်တန်းလျှို့ဝှက်။ ဒါပေမဲ့ ရုရှား-ယူကရိန်းစစ် မပြီးမချင်းတော့ မြန်မာက ခဲယမ်းတွေ ပို့နေရမယ် ထင်တယ်'' လို့ ရုရှားခရီးစဉ်ကိုပါသွားတဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

မြန်မာ ကပစ တွေမှာ ရုရှားက ခဲယမ်းတွေ လာထုတ်မယ်

ရုရှားနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ရုရှားနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကြား ရင်းနှီးတဲ့ ဆက်ဆံရေးရှိ

ရုရှားရဲ့ လက်နက်ဖောက်သည်တစ်ဦးဖြစ်နေခဲ့တဲ့ မြန်မာက ရုရှားကို ခဲယမ်းတွေပြန်ပို့မယ်ဆိုတဲ့သတင်းကိုကြားကာစက ယုံကြည်နိုင်ဖို့ခက်ခဲပါတယ်။

ဒါပေမဲ့ ရုရှားဟာ ယူကရိန်းစစ်အတွက် လက်နက်ခဲယမ်းလိုအပ်ချက် ကြီးမားနေတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၃ ခုနှစ်လောက်ကတည်းက ရုရှားကို လက်နက်ကြီးကျည်တွေ ပို့ဆောင်နေခဲ့တယ်လို့ ဘီဘီစီရဲ့ စစ်ဘက်သတင်းအရင်းအမြစ်တွေက အတည်ပြုပါတယ်။

ရုရှားက ယူကရိန်းစစ်မှာ မြန်မာစစ်တပ်ထုတ် ၁၂၀ မီလီမီတာ မော်တာကျည်တွေ အသုံးပြုနေတဲ့ အကြောင်း ယူကရိန်းစစ် လက်နက်လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Ukraine Weapons Tracker အဖွဲ့က ဖော်ထုတ်ခဲ့သလို အ‌ရှေ့ဥရောပ စစ်ရေးသတင်းတွေကလည်း ဖော်ပြခဲ့ကြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မြန်မာကထုတ်တဲ့ ခဲယမ်းတွေက စျေးချိုပြီး ပေါက်ကွဲအားပြင်းတဲ့အတွက် မော်စကိုက သဘောကျပါတယ်။

''စမ်းသုံးကြည့်ပြီးကြိုက်လို့ စာချုပ်ချုပ်တာ။ အမျိုးအစား လေးမျိုး ထုတ်မယ်'' လို့ နေပြည်တော်က တပ်အရာရှိတစ်ဦးက ပြောပါတယ်။

မြန်မာမှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာ ရုရှားကနည်းပညာရှင်တွေကိုယ်တိုင်လာရောက်ပြီး လက်နက်ကြီးကျည်တွေလာထုတ်မှာလို့ သူကပြောပါတယ်။

အရင်က ရုရှားကိုပို့ခဲ့တဲ့ ခဲယမ်းတွေက ပဲခူးနဲ့ မကွေးမှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကနေ ထုတ်တာဖြစ်ပါတယ်။

ရုရှားက လိုချင်တဲ့ အမြောက်ဆန်တွေကို ပန်းတောင်းမှာရှိတဲ့ အမှတ် (၃) ကာကွယ်ရေးပစ္စည်းစက်ရုံကနေ ထုတ်ခဲ့တာဖြစ်ပါတယ်။

အခုတော့ လုံခြုံရေးအခြေအနေအရ ရုရှားကအမှာတွေကို နေပြည်တော်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံကနေပဲ ထုတ်တော့မယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

နေပြည်တော်မှာ အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံ နဲ့ အမှတ်(၄) ကာကွယ်ရေးပစ္စည်းစက်ရုံ တွေရှိပြီး မိုခါ မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ရေကြီးတုန်းက ပျက်စီးဆုံးရှုံးမှုကြုံခဲ့ရတဲ့ စက်ရုံတွေ ဖြစ်ပါတယ်။

''အခုတော့ သေချာရှင်းပြီး စက်တွေလည်း ရွှေ့ထားပြီ ပြောတယ်'' လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ကပစ စက်ရုံတွေ

တပ်မတော်နေ့ အခမ်းအနားတွေမှာ ပြည်တွင်းထုတ်လက်နက်တွေရော ပြည်ပကဝယ်ယူထားတဲ့ လက်နက်တွေပါ ထုတ်ပြလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်မတော်နေ့ အခမ်းအနားတွေမှာ ပြည်တွင်းထုတ်လက်နက်တွေရော ပြည်ပကဝယ်ယူထားတဲ့ လက်နက်တွေပါ ထုတ်ပြလေ့ရှိ

မြန်မာစစ်တပ်မှာ ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၅ ခုအထိ ရှိပြီး ပြည်တွင်းအတွက်သာမက ပြည်ပအထိ ထုတ်လုပ်ရောင်းချဖို့ ရည်ရွယ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းလက်ထက်က ဂျာမနီနည်းပညာနဲ့ စတင်တည်ဆောက်ခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ တရုတ်၊ မြောက်ကိုရီးယား နဲ့ အီရန်က ပညာရှင်တွေကို အဓိက အားကိုးခဲ့တယ် လို့ ကပစ မှာတာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။

တပ်ချုပ်အဆက်ဆက်ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်တွေကို အချိန်ပေးပြီး စကားပြောလေ့ရှိပါတယ်။

လက်ရှိ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေဟာ သူတို့ရဲ့ ကပစ စက်ရုံခရီးစဉ်တွေကိုလည်း သတင်းထုတ်ပြန်လေ့မရှိပါဘူး။

ကပစ စက်ရုံတွေကို ကျေးရွာရပ်ကွက်တွေနဲ့ လှမ်းတဲ့နေရာတွေမှာ တည်ထားပြီး လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

လက်နက်ထုတ်တဲ့အပိုင်းတွေကိုလည်း အကန့်စနစ် (ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ပေးမသိဘဲ တာဝန်ကျတဲ့အပိုင်းကိုသာ ပေးသိခြင်း) နဲ့ပဲ ပေးသိတယ်လို့ ကပစ အရာရှိတွေက ပြောပါတယ်။

''ကပစ စက်ရုံထဲကို တိုင်းမှူးတောင် ဝင်ချင်တိုင်း ဝင်ခွင့်မရှိဘူး'' လို့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေမှာ နှစ်ချီတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လက်ရှိ CDM လုပ်ထားသူ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

ကပစ စက်ရုံတွေအတွက် ငွေကြေးရော အချိန်ကာလပါ အများကြီး မြှုပ်နှံရပါတယ်။

အမှတ် (၂၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၂၀၀၂ ခုနှစ်မှာ စတည်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှ လက်နက် စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ် လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ကပစ စက်ရုံတချို့ဟာ လုံခြံရေးအရ အရင်လို ပုံမှန်မလည်ပတ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နျူအိပ်မက် တကယ်နီးပြီလား

ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom က မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားနိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom က မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးမယ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်မှာ မြန်မာကရုရှားကို ခဲယမ်းတွေပို့ပေးမယ့်အကြောင်း လူသိရှင်ကြားမပြောကြပေမဲ့ မြန်မာမှာ အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံတစ်ရုံ ရုရှားကဆောက်ပေးမယ်ဆိုတဲ့ သဘောတူစာချုပ်ကိုတော့ လက်မှတ်ထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်အကြောင်း ရုရှားသမ္မတ ပူတင်က နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ထည့်ပြောပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားအတွက် နျူကလီးယား ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်နိုင်ရေး သဘောတူညီချက်ကို ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့ စစ်ကောင်စီတို့ ၂၀၂၂ ခုနှစ်ကတည်းက လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။

(Rosatom ကုမ္ပဏီဟာ ရုရှားနိုင်ငံပြင်ပမှာ အဏုမြူ ဓာတ်အားပေးစက်ရုံတွေ အများဆုံး တည်ဆောက်ထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။)

ဒါပေမဲ့ လက်မှတ်ထိုးခဲ့ပြီးတဲ့နောက် ၃ နှစ်နီးပါးအတွင်း ရန်ကုန်မြို့မှာ နျူကလီးယားနည်းပညာအချက်အလက်စင်တာ တည်ဆောက်ခဲ့တာကလွဲလို့ နျူကလီးယား ဓာတ်အားပေးစက်ရုံနဲ့ပတ်သက်လို့ ဘယ်မှာတည်ဆောက်မလဲဆိုတာတောင် မသိရပါဘူး။

နျူကလီးယားဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်တဲ့နေရာတွေကို လေ့လာဖို့ ကိုပါ ၂၀၂၂ ခုနှစ် ကတည်းက စာချုပ်ချုပ်ဆိုခဲ့ကြပါတယ်။

ဒီတ‌ခေါက်တော့ ရုရှားသမ္မတ ပူတင်ကိုယ်တိုင်ထုတ်ပြောတာဖြစ်လို့ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးကိစ္စက ရုပ်လုံးပေါ်လာဖို့ ရှိနေပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်

နျူကလီးယားဓာတ်အားပေးစက်ရုံကို ပဲခူးတိုင်းထဲမှာ ဆောက်ဖို့ဖြစ်နိုင်တယ်လို့ ရုရှားခရီးစဉ်မှာ ပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းလည်း ရုရှားခရီးစဉ်မှာ ပါသွားခဲ့တာဖြစ်လို့ ပိုပြီးဖြစ်နိုင်ခြေရှိနေတာပါ။

နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်းက တကယ်တမ်း အကောင်အထည် ပေါ်လာမလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပေမဲ့ ဒီကြေညာချက်ကြောင့် စိုးရိမ်တယ် လို့ မြန်မာ့ အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန်က ဘီဘီစီကို ပြောပါတယ်။

ဒေးဗစ် မက်သီဆန်ဟာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေကို ယူခဲ့ပြီး၊ မြန်မာ့အရေး နှစ်ရှည်လများ အနီးကပ် စောင့်ကြည့်နေခဲ့သူ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း နျူကလီးယားဓာတ်အားပေးစက်ရုံ ကိစ္စကို စိုးရိမ်နိုင်တယ်လို့ သူကပြောပါတယ်။

လက်ရှိ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင်တို့ရဲ့ စီမံအုပ်ချုပ်နိုင်စွမ်းကို ကြည့်ပြီး ဘယ်လို နျူကလီးယားဓာတ်အားပေးစက်ရုံမျိုးကိုမှ မြန်မာနိုင်ငံထဲတည်ဆောက်လာမှာကို မြင်တွေ့လိုတဲ့ နိုင်ငံမျိုးမရှိသလောက်နည်းမယ် ထင်ပါတယ် လို့ ဒေးဗစ် မက်သီဆန် က ပြောပါတယ်။

''တိုင်းပြည်ရဲ့ အင်မတန်မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေထဲကို နျူစွမ်းအင် ကို ထပ်ပေါင်းပြီး ထည့်လိုက်မဟဲ့ ဆိုတာက အင်မတန်မှ မကြံကောင်း မစည်ရာ ကိစ္စဖြစ်ပါတယ်'' လို့ သူက ပြောပါတယ်။

လျှပ်စစ်ထုတ်တဲ့ နျူစွမ်းအင်ကနေ နျူလက်နက် အထိပါ မြန်မာစစ်တပ် ရည်မှန်းချက်ထားမှာကိုလည်း တရုတ်အနေနဲ့ လိုလားနိုင်မှာ မဟုတ်ပါဘူး လို့ ဒေးဗစ် မက်သီဆန်က ပြောပါတယ်။

နျူဓာတ်ပေါင်းဖို တည်ဆောက်တယ် ဆိုတာဟာ နျူကလီးယား လက်နက်ထုတ်နိုင်တဲ့ နည်းပညာ ပြန့်ပွားမှု nuclear proliferation ရဲ့ ခြေလှမ်းအစ ဖြစ်တာကြောင့်ပါလို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။