နျူဓာတ်ပေါင်းဖို၊ ထားဝယ်ဆိပ်ကမ်းနဲ့ ကရင်မလင်မှာ ပြောတဲ့ ကြွက်မင်းဇာတ်လမ်း- စစ်ခေါင်းဆောင်ရဲ့ မော်စကိုသွား တောလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအနှံ့ စစ်မျက်နှာပြင် ပတ်ချာလည်နဲ့ စစ်ရေး ဖိစီးခံနေရ ချိန်မှာပဲ၊ မြန်မာစစ်တပ် အတွက် စစ်ရေးပိုင်း ဆိုင်ရာ ကျောထောက်နောက်ခံ အဖြစ် နှစ်ရှည်လများ မှီခို အားပြုနေရတဲ့ ရုရှားနဲ့ကြား ဆက်ဆံရေးကို ပိုပြီး တိုးမြှင့်လာပါတယ်။
တကယ်တော့ …. ၂၀၂၁ စစ်တပ်ရဲ့ တကျော့ပြန် အာဏာသိမ်းမှု နောက်ပိုင်း စစ်ခေါင်းဆောင်ဟာ ရုရှားကို ၃ကြိမ်ထက် မနည်း သွားထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် ၄ ကြိမ်မြောက် ကတော့ စစ်တပ် အကြီးအကဲ အဖြစ်သာမက တိုင်းပြည်ရဲ့ အကြီးအကဲ တစ်ယောက် အနေနဲ့ ဖိတ်ကြားခံခဲ့ရပြီး၊ နိုင်ငံတော် အဆင့် ဂုဏ်ပြု ကြိုဆိုခံရတဲ့ အကြောင်း စစ်ကောင်စီ မီဒီယာတွေက မီးမောင်းထိုး ပြောကြပါတယ်။
နိုင်ငံတကာ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုတွေ ကိုယ်စီ ချမှတ်ခံထားရတဲ့ ရုရှားနဲ့ မြန်မာ နှစ်နိုင်ငံဟာ ဒီ ခရီးစဥ် အတွင်းမှာပဲ စီးပွားရေး ဆိုင်ရာ သဘောတူညီချက် တချို့ လက်မှတ် ရေးထိုးခဲ့ပါတယ်။ ရုရှားက မြန်မာနိုင်ငံထဲမှာ နျုကလီယာ ဓာတ်ပေါင်းဖို အငယ်စားတစ်ခု ဆောက်ပေးမယ် ဆိုတဲ့ သဘောတူမှု စာချုပ် လက်မှတ်ထိုးပါတယ်။
ဒီ ခရီးစဥ်ဟာ စစ်ခေါင်းဆောင် ကြုံတွေ့နေရတဲ့ စစ်ရေး၊ နိုင်ငံရေး ဖိအားတွေကို တကယ်တမ်း လျော့နည်းစေနိုင်လား .... အကောင်အထည် မဖော်နိုင်ပဲ နှစ်ရှည်လများ ကြန့်ကြာနေတဲ့ ရှိလက်စ ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ အထူး စီးပွားရေးဇုံ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှု တချို့ ပြုလုပ်မယ်လို့ ဆိုတဲ့ ရုရှားဘက်ကရော မြန်မာနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုး ဗျူဟာမြောက် ရည်မှန်းချက်တွေ ရှိနေလဲ .... စစ်ခေါင်းဆောင်ရဲ့ အခု ခြေလှမ်းတွေ အပေါ် တရုတ်ဘက်ကရော ဘယ်လို သဘောထားနိုင်မလဲ စတဲ့ လေးနက်တဲ့ အကြောင်းအရာတွေကို မြန်မာ့ အရေး ကျွမ်းကျင်သူ ဒေးဗစ် မက်သီဆန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးက ဆက်သွယ် မေးမြန်းထားပါတယ်။ (ဒေးဗစ် မက်သီဆန်ဟာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အဆင့်မြင့် တာဝန်တွေကို ယူခဲ့ပြီး၊ မြန်မာ့အရေး နှစ်ရှည်လများ အနီးကပ် စောင့်ကြည့်နေခဲ့သူ ဖြစ်ပါတယ်။)

ဓာတ်ပုံ ရင်းမြစ်, New York Southeast Asia Network
ဘီဘီစီ။ ။ ဒေးဗစ် သိတဲ့ အတိုင်း မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ ရုရှားကို နိုင်ငံတော် အဆင့် ခရီးသွားပြီး၊ ကရင်မလင်မှာ သမ္မတ ပူတင်နဲ့ တွေ့ခဲ့ပါတယ်။ အဲဒီ အချက်ကိုကြည့်ရင် မြန်မာစစ်တပ် အနေနဲ့ တိုင်းပြည်ကို ဆက်လက် ချုပ်ကိုင်ပြီး သူတို့ ပုံဖော်ချင်တဲ့ လမ်းကြောင်း အတိုင်း ပုံဖော်ဖို့ရာ တရုတ်တင်မက ရုရှားရဲ့ ကျောထောက်နောက်ခံ ပြုပေးမှုကို ၁၀၀ % ရနေတယ်လို့ ပြောနိုင်လား။
ဒေးဗစ် မက်သီဆန်။ ။ စစ်ခေါင်းဆောင်ရဲ့ မော်စကို ခရီးစဥ်ဟာ သူ့ အတွက်၊ စကစ အတွက် အတော်လေး အရေးကြီး သဘော သင်္ကေတဆောင်ပါတယ်။ တကယ်တော့ မြန်မာ စစ်တပ်နဲ့ ရုရုားကြား ဆက်ဆံရေး ခိုင်မာနေတာဟာ အနှစ် ၂၀ မက တော့ပါဘူး။ သမ္မတ ပူတင် အာဏာချုပ်ကိုင်ထားတဲ့ ရုရှားနဲ့ကြား စစ်တပ်ချင်း ဆက်ဆံမှု နီးစပ် ခိုင်မာနေခဲ့ပါတယ်။
မြန်မာ စစ်တပ်ဟာ ရုရှားဆီက ဒုံးစနစ်ကစလို့ တိုက်လေယာဥ် အပါအဝင် စစ်လက်နက် ပစ္စည်းတွေကို အနှစ် ၂၀ ကျော် အတွင်း ဝယ်ယူနေခဲ့သလို၊ ရုရှားမှာ မြန်မာ စစ်အရာရှိတွေ သင်တန်းတက်ရောက် နေခဲ့တာ ဖြစ်ပါတယ်။
အခု ခရီးစဥ်ကတော့ အာဏာသိမ်း ပြီး ၄ နှစ်တာ ကာလမှာ မြန်မာ စစ်ခေါင်းဆောင် အတွက် အရေးအကြီးဆုံး ခရီးစဥ် ဖြစ်လာပါတယ်။ စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူတဲ့ ဖောက်သည် အနေနဲ့ သက်သက် သွားတာမျိုး မဟုတ်ပဲ၊ နိုင်ငံရေး သဘော ပိုပြီး ဆန်အောင် စစ်ခေါင်းဆောင် ဘက်က ပုံဖော်ပါတယ်။ ခင်ဗျား ပြောသလိုပဲ ကမ္ဘာ့မျက်နှာစာမှာ သူ့အတွက် တရုတ်တင်မက၊ ရုရှားပါ မိတ်ရင်းဆွေရင်းတွေ အဖြစ် ရှိနေကြတယ် ဆိုတဲ့ အချက်ကို အများကို ပြသလိုပုံ ရပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီနေရာမှာ မေးခွန်းက တရုတ်နဲ့ ရုရှားဘက်ကရော သူ့ အပေါ် သူပုံဖော်လိုတဲ့ အတိုင်း ထပ်တူ သဘောထားရဲ့လား ဆိုတာပါပဲ။ ပြဿနာတွေ ရှိနေတဲ့ လက်ရှိ မြန်မာစစ်တပ် အကြီးအကဲဟာ သူတို့ အတွက် ဖောက်သည်ကောင်း၊ ဝယ်လက်ကောင်း ဟုတ်ကောင်း ဟုတ်နိုင်ပေမယ့်၊ သူ့တိုင်းပြည်ထဲမှာ သူ အောင်မြင်မှုတွေ ရရှိနေသူ မဟုတ်ပါဘူး။ မအောင်မြင်သူ တစ်ယောက်ဟာ စစ်ရေးအရ ဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ အထင်ကြီး လေးစားခံရဖို့ မဖြစ်နိုင်ပါဘူး။
ဘီဘီစီ။ ။ ဒီ ခရီးစဥ်မှာ လူပြော အများဆုံးကတော့ ကြွက်ဇာတ်လမ်းကို သမ္မတပူတင်ကို သွားပြီး ပြောတဲ့ ထူးလည်းထူးဆန်း နားလည်ရလည်း ခက်တဲ့ လုပ်ဆောင်မှုပါပဲ။ အဲဒီလို အချက်မျိုး ရှိပေမယ့် ဒီ ခရီးစဥ်ဟာ စစ်ခေါင်းဆောင် အတွက် အောင်မြင်တဲ့ ခရီးစဥ်လို့ မပြောနိုင်ဘူးလား ဒေးဗစ်ရေ။ ရုရှားနဲ့ကြား နယူကလီယာ ဓာတ်ပေါင်းဖို အငယ်စား တည်ဆောက်ရေးလို ကိစ္စမျိုးက အစ၊ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှုတွေ လာလုပ်ဖို့ စာချုပ်တွေ အောင်အောင်မြင်မြင် ချုပ်ဆို နိုင်ခဲ့တယ် မဟုတ်လား။
ဒေးဗစ် မက်သီဆန်။ ။ စစ်ခေါင်းဆောင်ဟာ ဒီခရီးစဥ်ကို သွားကတည်းက လေယာဥ် စင်းလုံးပြည့် ခေါ်သွားခဲ့သူတွေကတော့ စီးပွားရေးနဲ့ သက်ဆိုင်ကြသူတွေ ဖြစ်ပါတယ်။ စစ်ကောင်စီ ဘက်တော်သားတွေ အနေနဲ့ လက်ရှိ မြန်မာနိုင်ငံထဲက အခြေအနေတွေ အရ စီးပွားရေး အခွင့်အလမ်း အသစ်တွေ မဖြစ်နေ ဖော်ဆောင်ဖို့ လိုအပ် နေပါတယ်။
ဒီ ကြွက်မင်း ဇာတ်လမ်းက လွှမ်းမိုးသွားပေမယ့်၊ နျူကလီယာ ဓာတ်ပေါင်းဖို ဆောက်မယ် ဆိုတဲ့ ကြေညာချက်ဟာ ကျွန်တော့်ကို တကယ်ပဲ စိုးရိမ်စေပါတယ်။ နျူစွမ်းအင်နဲ့ ပတ်သက်ပြီး မြန်မာနဲ့ ရုရှားကြား ရည်မှန်းချက် ထားရှိတာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အနှစ် ၂၀ ကျော် အရင်ကတည်းက ဖြစ်ပါတယ်။ အရင် စစ်အစိုးရတွေ လက်ထက် ကတည်းက နျူလက်နက် အစီအစဥ်မျိုး ဖြစ်နိုင်ရင် ရလာဖို့ အထိ မြန်မာ စစ်တပ်ထံမှာ ရည်ရွယ်ချက် ရှိနေခဲ့တယ် ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းစကားမျိုးတွေ ပေါ်ထွက်ခဲ့ပါတယ်။
အခုတချီ တကျော့ပြန် အာဏာသိမ်းမှု နောက်ပိုင်းမှာ မဟုတ်ပဲ၊ ဟိုး အရင် ခပ်စောစော ကတည်းက ဘက်ပြောင်းလာကြတဲ့ ရုရှားပြန် စစ်အရာရှိ တချို့ကလည်း မြန်မာ စစ်တပ်ထံမှာ နျူ လက်နက် ပိုင်ဆိုင်ရေး အထိ ရည်မှန်းချက် ရှိနိုင်တယ် ဆိုတာကို ညွန်ပြနေတဲ့ ထွက်ဆိုချက် မျိုးတွေ ပြောခဲ့ပါတယ်။
အဲဒီ ရည်မှန်းချက် ပြည့်မြောက်ရေး အခုအချိန်ထိ ကြိုးစားနေလား၊ အခု သဘောတူချက် ရယူလိုက်ပြန်တဲ့ နျူဓာတ်ပေါင်းဖို စီမံကိန်းကရော တကယ်တမ်း အကောင်အထည် ပေါ်လာမလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ စစ်ကောင်စီ အနေနဲ့ မော်စကိုမှာ နယ်ပယ် တချို့ အတွက် နားလည်မှုတွေ၊ စာချုပ်တွေ ရယူနိုင်ခဲ့တယ် ဆိုဦး၊ အဲဒါတွေဟာ သေချာပေါက် အကောင်အထည် ဖော်နိုင်မယ် ... ဖြစ်လာမယ် ဆိုပြီး အခု အချိန်မှာ တပ်အပ် သေချာ ပြောနိုင်ဖို့ရာ စောလွန်း နေပါတယ်။ အခုဆိုရင် ရုရှားနဲ့ကြား သဘောတူမှု ရနိုင်ခဲ့တယ် ဆိုတာတွေထဲမှာ အဓိက တွေ့ရတာကတော့ ကြန့်ကြာနေတဲ့ ထားဝယ် ဆိပ်ကမ်း စီမံကိန်း နယ်မြေတွေထဲမှာ စွမ်းအင်ပိုင်း ဆိုင်ရာ စီမံကိန်း တချို့ လုပ်ဆောင်မယ် ဆိုတဲ့ အချက် ဖြစ်ပါတယ်။
ကျွန်တော် နားလည်တာကတော့ မအောင်မြင်ခဲ့တဲ့ ထားဝယ် SEZ အထူးစီးပွားရေးဇုန် စီမံကိန်းကြီး တစ်ခုလုံးကို ရုရှားက လက်လွှဲရယူပြီး ဝင်လုပ်မှာမျိုး မဟုတ်ပါဘူး။ ထားဝယ် SEZ ဟာ အီတာလျံ-ထိုင်း ကုမ္ပဏီတို့ ဂျပန်တို့လို ရင်းနှီးမြှုပ်နှံသူ အဆက်ဆက် အခုလို စစ်ရေး အခြေအနေမျိုး မရှိခဲ့ချိန်မှာတောင် မအောင်မြင်ခဲ့တဲ့ စီမံကိန်း နေရာကြီး ဖြစ်ပါတယ်။ အခု ထားဝယ် ဒေသဆိုတာ စစ်ကောင်စီက အလုံးစုံ အပြည့်အဝ ထိန်းချုပ်ထားနိုင်တာ မဟုတ်ပါဘူး။ နိုင်ငံအနှံ့ တခြားနေရာတွေမှာလိုပဲ ထားဝယ်ဒေသမှာလည်း စစ်ရေး အခြေအနေတွေ ပေါ်ပေါက်နေပါတယ်။ စစ်ကောင်စီ တပ်တစ်ခုပဲ လက်နက်ကိုင်ထားနိုင်တဲ့ အနေအထားမျိုး မဟုတ်တော့ပါဘူး။
ရုရှားက စစ်တပ်နဲ့ တကွ ဝင်လာပြီး ထားဝယ် ဒေသ တစ်ခုလုံးကို ငြိမ်သွားအောင်လုပ်၊ ပြီးမှ စီးပွားရေး စီမံကိန်းတွေကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ တမျိုးပေါ့လေ။ ဒါပေမယ့် အဲဒီလို ဖြစ်နိုင်ခြေက မရှိသလောက်ပဲ ဆိုတော့ ထားဝယ်မှာ စီမံကိန်း အသစ်တွေ တကယ်တမ်း တည်ဆောက်နိုင်မလား၊ အကောင်အထည် ဖော်နိုင်မလား ဆိုတဲ့ အပေါ် ကျွန်တော် အတော်လေးပဲ သံသယ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ကျွန်တော်တို့ လေးနက်တဲ့ နောက် အကြောင်းအရာ တစ်ခုကို မသွားခင် ကြွက်မင်း ကိစ္စကို မမေ့ခင် ပြောချင်ပါတယ်။ ဒီ အပေါ်မှာပဲ သောင်တင်နေတယ်လို့ မထင်ပါနဲ့။ ကျွန်တော် စိတ်ဝင်စားမိတဲ့ ရှုထောင့်က အဲဒီလို ဇာတ်လမ်းမျိုးကို ပြောဖို့ စစ်ခေါင်းဆောင်ကို ဘယ်သူတွေကများ အကြံပေးသလဲ ဆိုတာကိုပါ။ ကိုယ်တွေ့ဆုံရမယ့်သူနဲ့ သက်ဆိုင်တဲ့ နောက်ခံ ယဥ်ကျေးမှု အဆောက်အအုံက စလို့၊ သိမ်မွေ့ ငြင်သာပြီး အဆင့်အတန်းမြင့်တဲ့ သံတမန် ဆက်ဆံရေး၊ နိုင်ငံတကာ ဆက်ဆံရေးမျိုး ဘယ်လို ပြသရမယ် ဆိုတာကို အကြံပေးနိုင်တဲ့ သူတွေ စစ်ခေါင်းဆောင်ရဲ့ နဘေး အတွင်းစည်းဝိုင်းထဲမှာ ရှိမနေတာမျိုးလား။ ဒေးဗစ် ဘယ်လို ကောက်ချက်ချမလဲ။
ဒေးဗစ် မက်သီဆန်။ ။ ခင်ဗျား ပြောသလိုပဲ စဥ်းစားစရာပေါ့လေ။ ဒီ ကြွက်မင်း စာအုပ်ကို ပေးဖို့ အကြံဥာဏ် သူ ဘယ်ကနေ စရသည် ဖြစ်စေ၊ သူ့ဘေးမှာ အနီးကရှိ နေသူတွေထဲကနေ "ဗိုလ်ချုပ်မှူးကြီး ဒီဟာတော့ မကောင်းဘူးနဲ့ တူတယ်" လို့ ပြောမယ့်သူ တစ်ယောက်မှ ရှိမနေတဲ့ အချက် ပေါ်လွင်နေတာပေါ့။ "လက်နက်များရဲ့ ပိုင်ရှင် ကြွက်မင်း" ဆိုတဲ့ နှစ် ၂၀၀၀ ကျော် အရင်က ပရော်ဖက်ဆီ (prophecy) ဗျာဒိတ် စကားနဲ့ အညီ ဖြစ်လာတယ် ဆိုပြီး တစ်ယောက်ယောက်ကို သွားပြောတာဟာ သူ့ အနေနဲ့ ချီးပ ပြောဆိုတာ ... ဂုဏ်တင်ပြီး ပြောတာလို့ စစ်ခေါင်းဆောင်က မှတ်ယူပုံ ရပါတယ်။
တကယ်တော့ ယဥ်ကျေးမှု ကွာလို့ မသိမြင်တာရယ်လို့လည်း မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံ အပါအဝင်၊ ရုရှားမှာရော ဘယ်နေရာမှာ မဆို၊ ဘယ်လို ယဥ်ကျေးမှုနဲ့ ဘယ်ဘာသာတရားမှာ မဆို လူတစ်ယောက်ကို ကြွက်နဲ့ ခိုင်းနှိုင်းတာဟာ ဘယ်လိုမှ ကောင်းနိုင်ဖွယ်မရှိပါဘူး။ နဂို အခံကိုက ပုံမှန်စိတ် မရှိတဲ့ အာဏာရှင်၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ ပူတင်လို လူမျိုးတောင်မှ ကြွက်နဲ့ အနှိုင်းခံရတာ သဘောကျနေမယ်လို့ မထင်ပါဘူး။
ခင်ဗျား ပြောသလို ကျွန်တော်တို့ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် တွေးကြည့်ကြရအောင်လား။ ကြောက်စရာ အကောင်းဆုံး အချက်က မြန်မာ စစ်အာဏာရှင်၊ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ လက်ရှိ စိတ်အခြေအနေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အကျိုးအကြောင်း ဆီလျော်တဲ့ ဘယ်လိုအချက်အလက်မျိုးကိုမှ စဥ်းစား ချင့်ချိန်နိုင်၊ ဝေဖန်ပိုင်းခြားနိုင်၊ ဆန်းစစ် သုံးသပ်နိုင်စွမ်း မရှိတာကို ပြသနေပါတယ်။
ယုတ္တိကျတဲ့ ကျိုးကြောင်း ဆင်ခြင်မှုနဲ့ အချက်အလက် အစစ်အမှန်တွေကနေ ကင်းကွာနေတဲ့အတွက်၊ မြန်မာနိုင်ငံရဲ့ လက်ရှိ ပကတိ အခြေအနေ အပေါ်မှာရော သူ ဘသ ဘောထား နေသလဲ ဆိုတာ မေးခွန်းထုတ်ဖွယ် ဖြစ်ပါတယ်။ သူ့ စစ်တပ်ဟာ အဘက်ဘက်မှာ ရှုံးပွဲတွေ ကြုံနေရပြီ ဆိုတဲ့ အချက်ကို သူ တကယ်ရောမျက်မှောက်ပြုမိလား၊ အဲဒီလို သူ့ကို ပြောတဲ့သူ ရှိရင်တောင် သူ နားထောင်ရဲ့လား၊ နားဝင်ရဲ့လား မသေချာပါဘူး။ သူ့ရဲ့ အတွေးအခေါ် တည်ဆောက်မှု၊ သူ့ရဲ့ ဆင်ခြင်တုံတရား ဆိုတာတွေကို သူနဲ့ သွေဖီ မပြောဝံ့ကြတဲ့ သူ့သြဇာခံ လူတစ်စု အပေါ်မှာပဲ အလုံးစုံ မှီခိုလို့ ... စစ်ကို တိုက်နေတယ် ဆိုတာ သိသာပါတယ်။ ခေတ် အဆက်ဆက် သူတို့တည်ဆောက်ခဲ့တဲ့ စစ်တပ် အဆောက်အအုံကြီး ဟာ မြန်မာနိုင်ငံထဲမှာ အင်အား အကြီးဆုံး၊အခိုင်အမာ အတောင့်အတင်းဆုံးပဲ ဆိုတဲ့ အတွေး အခေါ်နဲ့ ရှေ့တိုးနေတာ ဖြစ်ပါတယ်။
သူဟာ စိတ်ကူးယဥ် ဆပ်ပြာပူဖောင်းထဲမှာ နေထိုင်နေပြီး၊ အဲဒီ ပူဖောင်းကို ဖောက်မယ့်သူ သူ့ ပတ်ဝန်းကျင်မှာ ရှိမနေပါဘူး။ သူ့ စစ်တပ်က စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေရဲ့ အသက်တွေ အပါအဝင်၊ ဘယ် လူသားရဲ့ အသက်ကိုမှ ထည့်သွင်းစဥ်းစားဟန် မရှိပါဘူး။ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါ တစုဟာ၊ ရခိုင်ကနေ ရှမ်းမြောက်နဲ့ ကချင်အထိ၊ တခါ ... ကရင်ကနေ အညာကို ဖြတ်ပြီး ချင်း အထိအောင် မြန်မာပြည် တနံတလျား လူ့အသက်တွေကို လျစ်လျူရှု ပလပ် ထားပြီး ပြုမူနေကြတာပါ့ကလား ဆိုတဲ့ အသိဟာ ကျွန်တော့် ကျောရိုးထဲ စိမ့်အောင် အထိ ကြောက်ရွံ့ တုန်လှုပ်စေပါတယ်။
ဒီတော့ ကြွက်မင်း ဇာတ်လမ်းဟာ ကြားရရင် ရီစရာ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါကနေ ညွှန်ပြနေတာကတော့ စိတ်ပုံမှန် အခြေအနေမှာ မရှိတဲ့ အာဏာရှင်တစ်ယောက်ဟာ သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးယဥ် ကမ္ဘာထဲကနေ လုပ်ချင်ရာတွေ လုပ်နေပြီး၊ အဲဒီဒဏ်ကို တစ်တိုင်းပြည်လုံး ခံနေရတယ် ဆိုတဲ့ ဝမ်းနည်းဖွယ် အချက်ပဲ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ စစ်ခေါင်းဆောင်ရဲ့ မော်စကို ခရီးဟာ မြန်မာ စစ်တပ် အနေနဲ့ တရုတ် အပေါ် အလွန်အကျွံ မှီခို အားထားနေရတဲ့ အခြေအနေကနေ လျော့ကျသွားအောင် ပြုမူ ကြိုးပမ်းတဲ့ လုပ်ဆောင်ချက် အနေနဲ့ရော မြင်မိလား ဒေးဗစ်ရေ။
ဒေးဗစ် မက်သီဆန်။ ။ ဗလာဒီမီယာ ပူတင်လို လူမျိုးနဲ့ တွေ့ဆုံရတဲ့ နိုင်ငံတော် အဆင့် ခရီးစဥ်ကနေ တစ်ဘက်နဲ့ တစ်ဘက် မိတ်ဆွေရင်းချာ အဖြစ် သဘောထားတယ်၊ အနီးကပ်ဆုံး မဟာမိတ် အဖြစ် ဆက်ဆံနေတယ် ဆိုတဲ့ အချက်ကို စစ်ခေါင်းဆောင်ဘက်ကတော့ ပေါ်လွင် စေလိုတဲ့ ဆန္ဒ ရှိနေမှာ အမှန်ပါပဲ။ ဒီခရီးစဥ် သွားရတာကိုက သူ့နောက်မှာ မော်စကို ရှိနေတယ် ဆိုတာ ပြသဖို့ တွက်ချက် လုပ်ဆောင်တာ ဖြစ်ပါတယ်။
ပူတင်နဲ့ သူ ပွေ့ဖက်လိုက်တာဟာ ရုရှားစစ်တပ်ကြီးက မြန်မာစစ်တပ်အပေါ် အပြည့်အဝ အကာအကွယ် ပြုပေးတော့မယ် ဆိုတဲ့ အဓိပ္ပာယ်မျိုးထိ ထွက်အောင် စစ်ခေါင်းဆောင်ဘက်က ရည်ရွယ် ပေမယ့်လည်း၊ အဲဒါနဲ့ ညီမျှတဲ့ အတိုင်းအတာထိအောင် ရုရှားဘက်က သဘောထားရဲ့လား ဆိုတာ မသေချာပါဘူး။
ကမ္ဘာအနှံ့ ရုရှားရဲ့ ဖောက်သည် နိုင်ငံတွေ ရှိနေတာမှာ မြန်မာဟာလည်း အရှေ့တောင်အာရှ ဒေသထဲက ဝယ်နိုင်အား သိပ်အားမကောင်းလှတဲ့၊ ငွေဖြုန်းအား သိပ်မတတ်နိုင်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ ဒေသမှာ ရုရှား ခြေချစရာ ခိုင်ခိုင်မာမာ နေရာတစ်ခု ရှိလာမှာကိုတော့ မော်စကိုဘက်က လိုလားပုံရပါတယ်။
စီးပွားပြိုင်ဘက် ရှိလာတဲ့ အတွက် မြန်မာစစ်တပ်ကို ဆက်ဆံရာမှာ တရုတ်ဘက်က ပိုပြီး အားတက်သရောနဲ့ လိုလိုလားလား ရှိလာနိုင်တယ်လို့ တွေးရင်တော့ လုံးဝ မှားတယ်လို့ ပြောမရရင်တောင်၊ သိပ်ပြီး နည်းလမ်းမကျတဲ့ စဥ်းစားပုံမျိုး ဖြစ်ပါတယ်။
တရုတ်ကို စွန့်ပြီး ရုရှား အပေါ် ပုံမယ် ဆိုတဲ့ တွက်ချက်မှုမျိုးဟာ ပထဝီ တည်နေရာရဲ့ ပကတိ အရှိတရားကနေ သွေဖီရုံမက၊ နိုင်ငံရေး စစ်ရေး ဘယ်လိုမှ လက်တွေ့မကျ ... သရုပ်မမှန် နိုင်တဲ့ နည်လမ်းပဲ ဖြစ်ပါတယ်။
မော်စကိုကနေ အပြန်လမ်းမှာတောင် စစ်ခေါင်းဆောင် လေယာဥ်ပေါ်မှာ တွေးမယ် ဆိုရင် တွေးမိနိုင်ပါတယ်။ မြန်မာနဲ့ တရုတ်ဆိုတာ တနံတလျား နယ်မြေချင်း ထိစပ်နေကြတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရှိနေပါတယ်။ လက်နက် ဝယ်ယူနိုင်ရေးမှာ တရုတ်ကို ပစ်ပယ်လို့ မရပါဘူး။ တရုတ်နဲ့ ထိစပ်နေတဲ့ နယ်မြေတွေထဲက လက်နက်ကိုင် တပ်ဖွဲ့တွေ အရေး တရုတ် အကူအညီ မပါပဲ မြန်မာ စစ်တပ် ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
မော်စကိုက အပြန်ခရီး ဆိုတာ လက်တွေ့ ကမ္ဘာထဲကို စစ်ခေါင်းဆောင် ပြန်လာရတာပါ။ ဒါပေမယ့်လည်း ကျွန်တော် ပြောခဲ့သလို စစ်ခေါင်းဆောင်ဟာ သူ့ရဲ့ ကိုယ်ပိုင် စိတ်ကူးယဥ် ကမ္ဘာထဲမှာ နေထိုင်သူ ဖြစ်တဲ့ အတွက် သူ့ရဲ့ ညာဘက်မှာ တရုတ်၊ ဘယ်ဘက်မှ ရုရှား အားကိုးတွေ ရနေပြီလို့ ထင်ကောင်း ထင်နေပါလိမ့်မယ်။ ဟိုး အဝေးကြီးက ရုရှား မပြောနဲ့၊ အနီးမှာ ရှိနေတဲ့ တရုတ်တောင်မှ သူ့ အပေါ် အားထားရဖွယ် မိတ်ဖက် အဖြစ် သဘောထားမယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ မော်စကို ခရီးစဥ် အပေါ် လက်ညှိုးထိုးပြရုံ သက်သက်နဲ့ အာဆီယံ အပါအဝင်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသဖြင့် ဒေသတွင်း နိုင်ငံတွေရဲ့ အထင်ကြီး လေးစားမှုကိုလည်း တောင်းခံနိုင်မှာ မဟုတ်ပါဘူး။
ဒီတော့ မော်စကို ခရီးစဥ်ကို အောင်ပွဲ တစ်ရပ် အသွင် စစ်ခေါင်းဆောင် ပုံဖော်မယ် ဆိုရင် အဲဒါဟာ သူ့ရဲ့ ထင်မြင်ယောင် အမှတ်မှားနေမှုတွေထဲက တစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ ပြိုကျနေတဲ့ စစ်တပ် ယန္တရားကြီး တစ်ခုလုံးကိုရော၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ နိုင်ငံခြားရေးမှာရော အခြေအနေတွေကို ပြောင်းပြန်လှန် ပြောင်းလဲ သွားအောင် မော်စကို ခရီးစဥ်က အထောက်အပံ့ ပြုပေး နိုင်မှာ မဟုတ်ပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘီဘီစီ။ ။ ရုရှားဘက်က ကြည့်မယ် ဆိုရင်ရော ဒေးဗစ်ရေ ... မြန်မာ အာဏာသိမ်း စစ်တပ်နဲ့ မြန်မာ နိုင်ငံဟာ မော်စကို အတွက် အတိုင်းအတာ တစ်ခုအထိ ဗျူဟာမြောက် အရေးပါတယ်လို့ သူတို့ မှတ်ယူနေလား။
ဒေးဗစ် မက်သီဆန်။ ။ ဒီမေးခွန်းက အတော်လေး ကောင်းပါတယ်။ ရုရှားရဲ့ တွက်ချက်မှုကို အတိတကျ ပြောနိုင်ဖို့တော့ ခက်ပါလိမ့်မယ်။ ကျွန်တော် ပြောခဲ့သလို နှစ်နိုင်ငံ စစ်တပ်တွေကြား ဆက်ဆံရေးကတော့ အတော်လေး တာရှည်ခဲ့ပြီ ဖြစ်ပါတယ်။
ကျွန်တော် ၂၀၁၇ နှစ်ကုန်ပိုင်းလောက်မှာ သီလဝါ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ ရုရှား စစ်သင်္ဘောပေါ် ရောက်ခဲ့ဖူးပါတယ်။ မြန်မာ စစ်အရာရှိတွေဟာ ရပ်သျှင်လို (ရုရှား ဘာသာစကားကို) မွှတ်နေအောင် ပြောနေကြပြီး ရုရှား ရေတပ်ကသူတွေနဲ့ စကားလက်ဆုံ ကြနေကြတာ တွေ့ရပါတယ်။ နှစ်ကာလ တာရှည် ခိုင်မြဲခဲ့တဲ့ ဆက်ဆံရေးဟာ အတိုင်းအတာ တစ်ခုအထိအောင် အရေးပါမှာ ဖြစ်ပြီး၊ နှစ်ဘက်စလုံးက လည်း အလေးထားမှာ သေချာပါတယ်။
မြန်မာ စစ်တပ်နဲ့ ဆက်ဆံရေး ကောင်းမွန်တဲ့ အတွက် မြန်မာ ဆိက်ကမ်းတွေဟာ ရုရှားတွေ အတွက် မိတ်ဆွေ ဆိပ်ကမ်းတွေ ဖြစ်လာပါတယ်။ ဆိုလိုတာက ဆိုက်ကပ်ခွင့် ရှိလာစေပါတယ်။ ဒါဟာ အိန္ဒိယ သမုဒ္ဒရာပြင် ရုရှား ရေတပ် ကျက်စားနိုင်ရေးမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒါပေမယ့် မြန်မာ တစ်ခုတည်းနဲ့ အဆင်ပြေနေလို့ မရပါဘူး။ အိန္ဒိယ အပါအဝင် တခြား ဒေသတွင်း ရေတပ်တွေနဲ့လည်း ရုရှား အနေနဲ့ ပြေလည်အောင် ဆက်ဆံရပါတယ်။
နောက်ပြီး အိန္ဒိယ သမုဒ္ဒရာပြင်ကို စိုးမိုး ချယ်လှယ်နိုင်ရေး အထိလည်း ရုရှားဘက်က ရည်မှန်းချက် ထားပုံ မရပါဘူး။ ဒါပေမယ့် မြန်မာ စစ်တပ်နဲ့ကြား ဆက်ဆံရေး ကောင်းမွန်တာဟာ ရုရှား အတွက် အကျိုးကျေးဇူး ရှိစေတယ် ဆိုတာကတော့ အချက်အလက် ဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ရုရှား ရေတပ်သင်္ဘောတွေ အဝင်အထွက် အလွယ်တကူ လုပ်နိုင်တဲ့ အတွက် အရှေ့တောင်အာရှ ဒေသထဲက တခြား နိုင်ငံတွေ ဆီကိုလည်း လက်နက် တင်ပို့ ရောင်းတာက အစ၊ ရုရှားအတွက် လုပ်နိုင်တာတွေ ရှိလာစေပါတယ်။
အခု တကျော့ပြန် အာဏာသိမ်းပြီး ၄ နှစ် ကာလမှာလည်း စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ရုရှားက ဆက်လက် ထိန်းထားပါတယ်။ ဒီ ကာလတွေမှာ မြန်မာစစ်တပ် အသုံးပြုနေတာတွေထဲ ရုရှားလုပ် Mi-35 (အမ်အိုင်သာတီဖိုက်) တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ၊ Yak- 130 (ယက်ခ် ဝမ်းသာတီး) .... MiG 20 (မစ်ဂ် တွမ်တီး) နဲ့ Su-30 (ဆု သာတီး) တွေလို တိုက်လေယာဥ်တွေ ပါဝင်ပါတယ်။
မြန်မာ စစ်တပ် သုံးနေတာတွေကို လက်ညှိုးထိုးပြီး သူတို့ တိုက်လေယာဥ်တွေကို အရှေ့တောင်အာရှ ဒေသတွင်း တခြား နိုင်ငံတွေမှာရော ရောင်းအားမြှင့်နိုင်မလား .... ရုရှားဘက်က တွက်ကောင်း တွက်ပါလိမ့်မယ်။ "လက်နက်အရောင်း" ဦးဆောင်တဲ့ သံတမန်ရေး တည်ဆောက်မှုဟာ အောင်မြင်လေ့၊ တည်တံ့ ခိုင်မြဲလေ့ မရှိကြပေမယ့်၊ လုံးဝ ထည့်မစဥ်းစားပဲ လျစ်လျူရှုပစ်လိုက်ဖို့လည်း မသင့်ပါဘူး။
ဒီတော့ ထပ်ပြီး ပြောရရင် မြန်မာ စစ်တပ်ဟာ ရုရှား အတွက် အသုံးပြုလို့ ရနိုင်တဲ့ နေရာတွေ ရှိပါတယ်။ ဒါပေမယ့် ဗျူဟာမြောက် မိတ်ဖက် ဆိုတဲ့ စကားလုံးမျိုးနဲ့တော့ ပုံဖော် ရမယ်လို့ မထင်ပါဘူး။
ဘီဘီစီ။ ။ တရုတ်ရဲ့ သဘောထားကရော ဘယ်လို ရှိနိုင်လဲ။ အခုလို ရုရှားနဲ့မြန်မာကြား ဆက်ဆံရေး တိုးမြှင့်နေတာဟာ တရုတ်ရဲ့ အကျိုးစီးပွား အပေါ် ခြိမ်းခြောက်မှု အဖြစ် မြင်နိုင်လား။
ဒေးဗစ် မက်သီဆန်။ ။ တရုတ် အနေနဲ့ စိုးရိမ်မယ် ဆိုရင် အစိုးရိမ်ဆုံး ဖြစ်နိုင်တာက နျူကလီယာ ဓာတ်ပေါင်းဖို ကိစ္စပါ။ လက်ရှိ မြန်မာစစ်တပ်နဲ့ မြန်မာ စစ်ခေါင်းဆောင်တို့ရဲ့ စီမံ ခန့်ခွဲနိုင်စွမ်း၊ အုပ်ချုပ်နိုင်စွမ်း အခြေအနေတွေကို ကြည့်ပြီး ဘယ်လို နျူဓာတ်ပေါင်းဖို မျိုးကိုမှ မြန်မာနိုင်ငံထဲ လက်ရှိ တည်ဆောက်လာမှာကို မြင်တွေ့လိုတဲ့ နိုင်ငံမျိုး မရှိသလောက် နည်းမယ် ထင်ပါတယ်။
တိုင်းပြည်ရဲ့ အခြေအနေဟာ အင်မတန် မတည်မငြိမ် ဖြစ်နေပါတယ်။ အဲဒီ အခြေအနေထဲကို နျူစွမ်းအင် ဆိုတာကို ထပ်ပေါင်းပြီး ထည့်လိုက်မဟဲ့ ဆိုတဲ့ အကြံဥာဏ်ဟာ အင်မတန်မှ မကြံကောင်း မစီရာ ကိစ္စဖြစ်ပါတယ်။ လျှပ်စစ်ထုတ်တဲ့ နျူဓာတ်ပေါင်းဖို သာမက နျူလက်နက် အထိပါ မြန်မာစစ်တပ် ရည်မှန်းချက် ထားမှာကိုလည်း တရုတ်အနေနဲ့ လိုလားနိုင်မှာ မဟုတ်ပါဘူး။ နျူဓာတ်ပေါင်းဖို တည်ဆောက်တယ် ဆိုတာတာဟာ နျူကလီယာ လက်နက် ထုတ်နိုင်တဲ့ နည်းပညာ ပြန့်ပွားမှု nuclear proliferation ရဲ့ ခြေလှမ်း အစပဲ ဖြစ်ပါတယ်။ ဒီတော့ တရုတ်သာမက နိုင်ငံတကာ အနေနဲ့ ရုရှားနဲ့မြန်မာတို့ရဲ့ အခု ခြေလှမ်း အပေါ် သတိကြီးကြီးထား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။
နောက် ရှုထောင့်ကတော့ မြန်မာနိုင်ငံထဲက စီးပွားရေး အကျိုးအမြတ်တွေကို လာပြီး လုတဲ့ စီးပွား ပြိုင်ဘက် အနေနဲ့ရော တရုတ်က ရှုမြင်မှာလား ဆိုတာ ကိစ္စ ဖြစ်ပါတယ်။ တရုတ်ထံမှာ စိုးရိမ်စိတ် ရှိတန်သလောက်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း မြန်မာ့မြေပေါ်မှာ တရုတ်ရဲ့ အကျိုးစီးပွားတွေ ဆိုတာဟာ နက်နက်ရှိုင်းရှိုင်း ကုပ်တွယ်မိတာ ကာလတာရှည် ရှိနေပြီ ဖြစ်ပါတယ်။ တရုတ် အနေနဲ့ ဖော်ဆောင်လက်စ ရပ်ဝန်းနဲ့ လမ်းကြောင်း စီမံကိန်းတွေ အထမြောက် လည်ပတ်ရေး အပေါ်ကိုသာ ပိုပြီး အာရုံစိုက် လိုလားနိုင်ပါတယ်။ စီးပွားရေး အဓိက ပြိုင်ဘက် အဖြစ် ခြိမ်းခြောက်မှု အသွင် ရုရှား အပေါ် တရုတ်ဘက်က ရှုမြင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။
အာဏာသိမ်း ၄ နှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံထဲက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အစုလိုက် အပြုံလိုက် နုတ်ထွက် ကုန်ကြပါတယ်။ စီးပွားရေး ဆိုင်ရာ မဟာစွန့်ခွာမှု အိတ်ဇိုးဒပ်စ်ကြီး အသွင် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတော့ ရုရှား ရင်းနှီးမြှုပ်နှံသူတွေဟာလည်း တကမ္ဘာလုံးမှာ ရှိကြတဲ့ တခြား စီးပွားရေး သမားတွေလိုပဲ လုပ်ငန်းတစ်ခု အစပြုရမလား၊ ငွေကြေး ရင်းနှီးမြှုပ်နှံ ရမလား ဆိုတာကို အကျိုးအမြတ် ဘယ်လောက် ရှိနိုင်မလဲ ဆိုတဲ့ အပေါ် တွက်ချက် ကြည့်ကြတာ ဖြစ်ပါတယ်။ ကသောင်းကနင်းနဲ့ အခြေအနေ ရှုပ်ထွေး ပြင်းထန်နေပြီး၊ စီးပွားရေး အတွက် ရေခံမြေခံကောင်း ဖြစ်မနေတဲ့ နေရာမှာ ... ရေရှည်တည်တံ့နိုင်မယ့် စီးပွားရေးမျိုးကို ရည်မှန်းပြီး လုပ်မယ့် အလားအလာကတော့ မရှိသလောက်ပါပဲ။
ဓာတ်သတ္တု သယံဇာတတွေကို လာတူးပြီး ရသလောက် ထုတ်ယူမယ် .... ရေရှည် သဘော မခိုင်မြဲရင်လည်း ရတယ် ဆိုတဲ့ တချီကောင်း တခါကောင်း စီးပွားရေးမျိုးတော့ လုပ်ကောင်း လုပ်ဖို့ စဥ်းစားပါလိမ့်မယ်။ ပြည်တွင်းရေး အခက်ကြုံ အကျပ်ရိုက်နေတဲ့ နိုင်ငံ အပေါ်ကနေ ရသလောက် အမြတ် ထုတ်မယ် ဆိုတဲ့ ချည်းကပ်မှုမျိုး ဖြစ်ပြီး၊ အိမ်ရှင်နိုင်ငံရဲ့ ရေရှည် ဖွံ့ဖြိုးရေး အတွက် မမျှော်လင့်နိုင်ပါဘူး။ အဲဒီလို ဖြစ်ရတာကိုက စစ်တပ်ကြီးစိုး အုပ်ချုပ်မှုကနေ ပေးတဲ့ ဆိုးရွားတဲ့ တိုက်ရိုက် အကျိုးဆက်ပဲ ဖြစ်ပါတယ်။ စစ်တပ်နဲ့ စီးပွားဘက် ဖြစ်လိုသူတွေထံမှာ ဘယ်လို အခြေခံ လူ့ကျင့်ဝတ် စံနှုန်းတန်ဖိုးတွေ ရှိနေလိမ့်မယ်လို့ မမျှော်လင့် နိုင်ပါဘူး။
ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of YouTube post








