ကုလသမဂ္ဂ အတွင်းဝန်ချုပ်ဟောင်း ဦးသန့်ရဲ့ စာရေးဆရာဘဝ

u thant

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, မြန်မာပြည်ရဲ့ ဦးသန့်လို့ထင်ရှားခဲ့
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ဦးသန့်ကို ဝါရင့်သံတမန်နဲ့ အုပ်ချုပ်ရေးသမားကောင်းအဖြစ် သိသူများကြပါတယ်။

ဒါပေမဲ့ သူဟာ နာမည်ရ စာရေးဆရာကောင်းတယောက်နဲ့ ပညာရေးဝန်ထမ်းကောင်းတဦးဆိုတာကိုတော့ လူတွေက မှတ်မိတာ နည်းပါတယ်။

သူကွယ်လွန်ပြီးနောက် ဈာပနမှာ ဖြစ်ပွားခဲ့တဲ့ အရေးအခင်းကြောင့် စာနယ်ဇင်းတွေမှာ သူ့အကြောင်းရေးသားပြောဆိုတာ၊ သူ့စာပေတွေ ပုံနှိပ်ဖော်ပြတာတွေ နည်းပါးသွားတဲ့အတွက် ဖြစ်ပါတယ်။

u thant

ဓာတ်ပုံ ရင်းမြစ်, Yan Naung Oo

ဓာတ်ပုံ ပုံစာ, ဦးသန့်၊ မောင်ထင်၊ ညိုမြ စသူတွေ ကလောင်ကွန့်ခဲ့တဲ့ ဂန္ထလောကမဂ္ဂဇင်း

စလေအညာက ပြွေဆရာ

တကယ်က ဦးသန့်ဟာ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ၁၉၃ဝ ကျော်ကတည်းက စာရေးဆရာ ဖြစ်ခဲ့တာပါ။

တက္ကသိုလ် အသိုင်းအဝိုင်းက ထုတ်တဲ့ ဂန္ထလောကမဂ္ဂဇင်းကနေ သူရိယ၊ ကြီးပွားရေးစတဲ့ ပြင်ပမဂ္ဂဇင်းတွေမှာပါ ရေးခဲ့ပါတယ်။

ဒီထဲမှာ စလေအညာက ပြွေဆရာဆိုတဲ့ ကဗျာဘာသာပြန်နဲ့ သူထင်ရှားခဲ့သလို သူနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် သခင်အောင်ဆန်းတို့ နှစ်ယောက် မဂ္ဂဇင်းစာမျက်နှာတွေမှာ အပြန်အလှန် ဆောင်းပါးတွေရေးပြီး ကျောင်းဝတ်စုံ ရှိသင့်မရှိသင့် ဆွေးနွေးခဲ့ကြတာကလည်း ထူးခြားခဲ့ပါတယ်။

u thant

ဓာတ်ပုံ ရင်းမြစ်, Wikicommon

ဓာတ်ပုံ ပုံစာ, အမျိုးသားကျောင်းအုပ်ကြီးဘဝက ဦးသန့်

အမျိုးသားကျောင်းအုပ်ကြီး ဦးသန့်က ကျောင်းဝတ်စုံမရှိသင့်တဲ့ဘက်ကရေးပြီး နိုင်ငံရေးသမား ကိုအောင်ဆန်းကတော့ ရှိသင့်တယ် ဆိုတဲ့ဘက်ကပါ။

ဦးသန့်ရေးခဲ့တဲ့အထဲမှာ လူသိအများဆုံးကတော့ ထူးဆန်းသောကိုရွှေအုပ်မျက်နှာ ဆိုတဲ့ လျှို့ဝှက်သည်းဖို လူသတ်မှု ဝတ္ထုလေးပဲ ဖြစ်ပါလိမ့်မယ်။

နောက်ပိုင်းထုတ်တဲ့ ဝတ္ထုစာအုပ်တွေမှာ ဒီဝတ္ထုကို ပြန်လည်ထည့်သွင်း ထုတ်ဝေတတ်ကြပါတယ်။

u thant

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတ လင်ဒန်ဘီဂျွန်ဆင်နဲ့ ဦးသန့်

ဦးသန့်ရဲ့စာတွေကို သူအတွင်းဝန်ချုပ် ဖြစ်ချိန်မှာ စုစည်းပြီး ထုတ်ခဲ့ဖူးသလို မကြာခင်နှစ်တွေအတွင်းကလည်း တခါထုတ်ခဲ့ပါတယ်။

သူ့ရဲ့ ကုလသမဂ္ဂ အတွေ့အကြုံ တွေကို အနားယူပြီးမှ ကုလသမဂ္ဂ ပေါ်မှ အမြင်ဆိုပြီး ရေးခဲ့တာကိုလည်း မြန်မာလို ပြန်ဆိုခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ဆိုင်တာ တခုကတော့ သူကျောင်းအုပ်ကြီးဘဝမှာ ဂန္ထလောကမဂ္ဂဇင်းမှာ အင်္ဂလိပ်လို ရေးခဲ့တဲ့ ပင်တိုင်ကဏ္ဍနာမည်ကလည်း ကျွန်ုပ်၏ကျောင်းပြတင်းပေါက်မှ ဆိုတဲ့ နာမည်ကို သုံးခဲ့တာပါ။

ကျောင်းပြတင်းပေါက်၊ ဝန်ကြီးချုပ်ရုံး ပြတင်းပေါက်၊ ကုလသမဂ္ဂ ပြတင်းပေါက် ဒီနေရာစုံကနေ လူ့ဘဝတွေကို သူပိုင်းခြားစိတ်ဖြာနေခဲ့မယ်လို့ ယူဆရပါတယ်။

ဦးသန့်ဟာ စာရေးဆရာ အာသာမီးလားရဲ့ တံတားပေါ်ကအမြင် ဆိုတဲ့စာအုပ်ကို သိပ်ကြိုက်လို့ သူ့စာအုပ်ကို အမြင်ပါတဲ့နာမည်ပေးတယ်လို့လည်း သံအမတ်ကြီး ဦးသက်ထွန်းက ရေးဖူးပါတယ်။

u thant

ဓာတ်ပုံ ရင်းမြစ်, Bachrach

ဓာတ်ပုံ ပုံစာ, ဥရောပတိုက်အပြင်ဘက်က ပထမဆုံးဖြစ်လာတဲ့ ကုလသမဂ္ဂ အတွင်းဝန်ချုပ် မြန်မာ့ဦးသန့်

ဦးသန့်ဟာ တက္ကသိုလ်က ဘွဲ့မရခဲ့ပေမယ့် အင်မတန် စာဖတ်သူလို့ ထင်ရှားပါတယ်။

ဒါကလည်း တောမြို့လေးမှာ သူရိယသတင်းစာကို လပေးဖတ်ခဲ့တဲ့ သူ့ဖခင်ရဲ့ စာဖတ်ဓလေ့က သားမြေးထိ ဆင်းသက်ပုံ ရပါတယ်။

ဒါကြောင့် သူ့ရဲ့လောကအမြင် ဘဝအမြင်တွေဟာ အရွယ်နဲ့မလိုက်အောင် ရင့်ကျက်ခဲ့ပါတယ်။

ဒီအမြင်တွေကို စာမျက်နှာတွေထက်ကနေ ပရိသတ်တွေကို သူဖလှယ်ခဲ့တော့ စာဖတ်သူတွေမှာလည်း သူ့ရဲ့ ဩဇာတွေ ဝင်လာပါတယ်။

ဦးသန့်ဟာ လွတ်လပ်ရေး ရပြီးနောက်မှာလည်း အစိုးရ ပြန်ကြားရေး အရာရှိကြီးအဖြစ် ရေဒီယိုကနေ အသံလွှင့်ဟောပြောချက်တွေ လုပ်ခဲ့ပါတယ်။

ဒါတွေကိုလည်း စုစည်းပုံနှိပ်တာတွေ ပြန်လုပ်သင့်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, J. Wilds

ဓာတ်ပုံ ပုံစာ, ဦးနုနဲ့ ဦးသန့်တို့ လန်ဒန်လာစဉ်က

သူစစ်မဖြစ်ခင်က ရေးခဲ့တဲ့စာတွေကို ပြန်ကြည့်ရင် သူနဲ့ခေတ်ပြိုင် သိပ္ပံမောင်ဝ၊ ဦးတင့်ဆွေ၊ ဇော်ဂျီ၊ မင်းသုဝဏ်စတဲ့ နိုင်ငံခြားပြန် ပညာတတ်တွေလိုပဲ နိုင်ငံကို ခေတ်မီတိုးတက်စေလိုစိတ်၊ ပညာဗဟုသုတ ထွန်းကား စေလိုစိတ်တွေ များတာကို တွေ့ရပါတယ်။

ဦးသန့်ကတော့ ဘယ်နိုင်ငံကိုမှ ပညာသင်မသွားခဲ့ပါဘူး။

မြစ်ဝကျွန်းပေါ်က သူ့ဇာတိ ပန်းတနော်မြို့လေးက ကျောင်းလေးကနေပဲ နိုင်ငံရှေ့ရေးကို သူမျှော်တွေးပြီး ရေးနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် သူ့ကို စစ်ပြီးခေတ်မှာ သူ့မိတ်ဆွေ ဦးနုကနေပြီး ဖဆပလအဖွဲ့ချုပ်ကိုခေါ်ကာ နိုင်ငံ့တာဝန်တွေ ယူစေပါတယ်။

လွတ်လပ်ပြီးနောက်မှာတော့ ဦးသန့်ဟာ ဘွဲ့လက်မှတ်မရှိတဲ့ တဦးတည်းသော အတွင်းဝန် အရာရှိကြီး ဖြစ်လာခဲ့ပြီး သံအမတ်ကြီးဘဝကနေ ကုလသမဂ္ဂစင်မြင့်ပေါ်ကို ရောက်လာခဲ့ပါတယ်။

ပတ္တမြားမှန်ရင် နွံမနစ်ဆိုပေမယ့် ပတ္တမြားကို နွံထဲမမြုပ်အောင် ဖော်နိုင်တဲ့ ဦးနုလို လူတော်မျိုးလည်း ရှိဖို့ လိုပါတယ်။

u thant

ဓာတ်ပုံ ရင်းမြစ်, Bettmann

ဓာတ်ပုံ ပုံစာ, အပိုလို ၁၁ အာကာသယာဉ်မှူးတွေနဲ့ နယူးယော့မြို့မှာ လှည့်လည်နေတဲ့ ဦးသန့်

စစ်ပညာဟာ သခင်ပညာ

ဦးသန့်ရေးခဲ့တဲ့အထဲမှာ လွတ်လပ်ရေးမရခင်ကတည်းက လွတ်လပ်တော့မယ့် နိုင်ငံကို ကြိုတင် ပုံဖော်ရေးတာတွေ ပါပါတယ်။

ကြီးပွားရေးမဂ္ဂဇင်းမှာ ၁၉၄၁ က ရေးတဲ့ လွတ်လပ်သောမြန်မာပြည်အတွက် ဆိုတဲ့ဆောင်းပါးမှာ လွတ်လပ်ရေးလိုချင်သူတွေဟာ လွတ်လပ်တဲ့ နိုင်ငံရဲ့အမူအကျင့်ကို မကျင့်နိုင်ရင် ပြန်ပြီး လွတ်လပ်ရေး ဆုံးနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

ဒီအတွက် နိုင်ငံသားတွေဟာ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ် နိုင်တဲ့ အစွမ်းရှိအောင် စစ်တပ်တွေမှာ ပါသင့်တယ်၊ စစ်ပညာဟာ တကယ့် သခင်ပညာဖြစ်တယ်ဆိုပြီး ရေးပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Keystone

ဓာတ်ပုံ ပုံစာ, စစ်အတွင်းမှာ မဟာမိတ်တွေနဲ့ပေါင်းတိုက်ခဲ့တဲ့ ကချင်စစ်သည်များ

အဲဒီအချိန်က ဗြိတိသျှအစိုးရက မြန်မာပြည်ကာကွယ်ရေးအတွက် စစ်တပ်ကိုတိုးချဲ့နေချိန်ပါ။

အဲဒီ ဗြိတိသျှတပ်မှာ အမှုထမ်းခဲ့တဲ့ စစ်သားတွေရယ်၊ ဂျပန်ဆီမှာ ပညာသင်ခဲ့တဲ့ စစ်သည်တွေရယ်နဲ့ပဲ စစ်ပြီးခေတ်မှာ ဗမာ့တပ်မတော်ကို ထူထောင်ခဲ့ရတာ ဖြစ်ပါတယ်။

လွတ်လပ်ရေးလိုချင်တဲ့ ပြည်သူပြည်သားတွေဟာ ကျန်းမာရေးနဲ့ စာရိတ္တကောင်းဖို့လည်းလိုတယ်လို့ သူကရေးပါတယ်။

နှုတ်ကြမ်းတဲ့ ကားစပယ်ရာ၊ ရုပ်ရှင်ရုံမှာ လက်မှတ်တိုးဝယ်ရင်း သတ်ပုတ်တဲ့ပရိသတ်၊ အချိန်မတော် အလဇ္ဇီသီချင်းတွေ ဆိုတဲ့ ကာလသား၊ ဒကာမနဲ့ စွပ်စွဲခံရတဲ့ ဘုန်းကြီး၊ ခြောက်လတခါ အယုံအကြည်မရှိ အဆိုတင်ခံရတဲ့ လွှတ်တော် ဆိုပြီး သူတို့ခေတ်က အခြေအနေတွေကိုလည်း တစေ့တစောင်းပြောပြခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးရုံပေါ်က ဦးသန့်ဆီကို ပထမဆုံး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကိုယ်စားလှယ် ခန့်အပ်လွှာ လာပေး

ဦးသန့်ရဲ့ ခေတ်စမ်းကျောင်း

ကျောင်းအုပ်ကြီးပီပီ ပညာရေးနဲ့ပတ်သက်ပြီးလည်း သူရေးပါတယ်။

အမျိုးသားပညာရေးပြည်ရေးပြည်ရာသင်ကြားနည်းစာသင်ကျောင်းနှင့် စာရိတ္မဏ္ဍိုင်ခေတ်စမ်းကျောင်းဗမာသစ်နှင့်ပညာသစ် စတဲ့ ဆောင်းပါးတွေမှာ သူ့ရဲ့ပညာရေးအမြင်တွေကို တွေ့ရမှာပါ။

ပညာရေး ပြုပြင်ရေးလုပ်နေတယ်ဆိုတဲ့ လက်ရှိအနေအထားမှာလည်း သူအဲဒီတုန်းက ရေးခဲ့တာတွေကို ပြန်ဖတ်ကြည့်ရင် အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။

ဦးသန့်ရဲ့ ရာဇဝင်သမိုင်းသင်နည်းကတော့ မြန်မာသမိုင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ လူ့တိုးတက်မှုခရီးစဉ်ကိုပါ သိစေရမယ်၊ လူမျိုးရေးကို အဓိကထားပြီး ငါ့လူမျိုးဟာ သူ့လူမျိုးထက်မြတ်တယ် ဆိုတဲ့ အထင်မှားတွေကို ခေါင်းထဲက ပယ်ရမယ်လို့ ဆိုပါတယ်။

နိုင်ငံထဲက တိုင်းရင်းသားတွေရဲ့ ရင်းနှီးမှုရဖို့ မြန်မာသမိုင်းကို လိမ်မာပါးနပ်စွာသင်ရင် ခရီးများစွာရောက်မယ်လို့လည်း ဆိုပါတယ်။

သမိုင်းမှာ စစ်ပွဲတွေထက် ယဉ်ကျေးမှုတိုးတက်ပုံကို ပိုအရေးပေးသင့်တယ်၊ ဘုရင်တွေရဲ့ မိဖုရားဦးရေထက် စာဆိုတွေရဲ့ ကျမ်းအမည်တွေကို ပိုမှတ်စေသင့်တယ်လို့ ပြောပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, DEA / A. C. COOPER

ဓာတ်ပုံ ပုံစာ, စစ်ပွဲတွေအကြောင်းထက် ယဉ်ကျေးမှုတွေအကြောင်း ပိုသိသင့်

နောက် ကျောင်းစာသင်ကာလကို အချိန်တိုဖို့ထက် တကယ်တတ်ဖို့ အရေးပေးသင့်တယ်၊ အချိန်လုံလောက်မှ ပညာကိုပြည့်ဝစွာ တတ်နိုင်တယ်လို့ ဦးသန့်က ဆိုပါတယ်။

စာသင်ချိန်လျှော့ချပြီး ပညာရေးကို ဖြတ်လမ်းလိုက်နေတဲ့ လက်ရှိ ကမ္ဘာ့အနေအထားနဲ့ ယှဉ်ကြည့်သင့်ပါတယ်။

ပြည့်ဝတဲ့သူဖြစ်ဖို့ ဗဟုသုတအပြင် ပေါင်းသင်းဆက်ဆံရေးနဲ့ တခြားအခြေခံတွေလိုတယ်လို့လည်း သူကဆိုပါတယ်။

ဦးသန့်ဟာ အမျိုးသား ပညာရေးသင်ရိုးကော်မတီမှာ ဆရာလွန်း၊ ဦးဘဘေ၊ ဦးဘချိုစတဲ့ ပုဂ္ဂိုလ်ကြီးတွေနဲ့အတူ ၁၉၃ဝ၊ သူ ၂၁ နှစ်အရွယ် ကတည်းက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Ed Maker

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂတံခါးဝက ဦးသန့်နဲ့ သတင်းထောက်တစု

သတင်းစာဆရာမဖြစ်လိုက်သူ

ပြဇာတ်နဲ့ ဝတ္ထုဝေဖန်ချက်တွေကိုလည်း သူရေးတဲ့အပြင် သတင်းစာပညာကိစ္စကိုလည်း ဦးသန့် အတော်စိတ်ဝင်စားတာ တွေ့ရပါတယ်။

သင်္ဘောပေါ်မှာ လူကြီး လူငယ် စကားဝိုင်းကို နားထောင်ပြီး ကြီးပွားရေးဦးလှဆီကို သူရေးလိုက်တယ်ဆိုတဲ့ သတင်းစာ ဂျာနယ် မဂ္ဂဇင်း ဆောင်းပါးကို ကြည့်ရင် အဲဒီခေတ်က မြန်မာစာနယ်ဇင်းတွေကို ဦးသန့် ဘယ်လောက် အာရုံစိုက်ပြီး ဝေဖန်သုံးသပ်ထားတယ် ဆိုတာကို တွေ့နိုင်ပါတယ်။

မြန်မာတွေ အမြင်ကျယ်ပြီး သူများနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကိုယ့်မြန်မာစာနဲ့ မတင်းတိမ်ဘဲ နိုင်ငံခြားက စာနယ်ဇင်းတွေ ဖတ်သင့်တယ်၊ ကမ္ဘာ့ပြောင်းလဲပုံ၊ အနောက်နိုင်ငံတွေရဲ့စိတ်ကူးကို သိနားလည်အောင် လုပ်သင့်တယ် လို့လည်း ဦးသန့်က ရေးခဲ့ပါတယ်။

သတင်းစာတွေမှာ ဘုရားဆင်းတုတော် မျက်ရည်ကျခြင်း၊ ကိုယ်ဝန်ရှိတဲ့ ဥစ္စာစောင့်မ၊ နတ်ပေးတဲ့ ကလေး ခေါင်းစဉ်တပ်ထားတဲ့ ဆောင်းပါးတွေကို အလုအယက် ဖတ်သမျှ ကာလပတ်လုံး မြန်မာ လူမျိုး အဆင့်အတန်း ခေတ်မီဖို့ များစွာ လိုသေးတယ်ဆိုပြီး ကြီးပွားရေး မဂ္ဂဇင်းက စကားငါးခွန်း ဆောင်းပါးမှာလည်း ဦးသန့် ရေးခဲ့ပါတယ်။

u thant

ဓာတ်ပုံ ရင်းမြစ်, KHIN MAUNG WIN

ဓာတ်ပုံ ပုံစာ, ဦးသန့်အုတ်ဂူကို လာရောက် အလေးပြုတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း

နောက် ဦးသန့်ဟာ လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေ ပျောက်ကွယ်ပြီး လူလူချင်း သဟဇာတ ဖြစ်ဖို့ လိုလားကြောင်း ကုလသမဂ္ဂကနေ မြန်မာပြည်ခဏ ပြန်လာခိုက် ပြောတဲ့စကားတွေမှာ ပါရှိပါတယ်။

ဒိအရင် ၁၉၃၉ က ဂန္ထလောကမှာ အိုတို့ဗမာတို့ ဆိုပြီး အင်္ဂလိပ်လို မောင်သန့် နာမည်နဲ့ ရေးတဲ့ ဆောင်းပါးတပုဒ်မှာတော့ မြန်မာတွေ အတိတ်က ရွှေထီးဆောင်းခဲ့တာတွေကို သာယာနေတာနဲ့ ပြီးတဲ့စိတ်ကို လူကြီးကလေးစိတ်ဝါဒလို့ ပြက်ရယ်ပြုခဲ့ပါတယ်။

အသိပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ လက္ခဏာ လို့လည်း ဒီအလေ့အထကို သုံးသပ်ပြပါတယ်။ မျိုးချစ်စိတ်ဓာတ်အပြင် အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားရှိဖို့ လိုကြောင်းလည်း ဦးသန့် ရေးသွား ခဲ့ပါတယ်။