မြန်မာပြည်က ပထမလေဒီ၊ ဦးသျှောင်တို့ရဲ့ မဟေသီများ

ဓာတ်ပုံ ရင်းမြစ်, Mirrorpix
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနိုင်ငံမှာ အမျိုးသမီးနိုင်ငံအကြီးအကဲဆိုလို့ မွန်ဘုရင်မ ရှင်စောပုနောက် အနှစ် ငါးရာကျော်မှာ ထင်ထင်ရှားရှား မရှိခဲ့ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ မြန်မာမင်းဆက် ရာဇဝင်တွေထဲက မိဘုရားစော ၊ ရှင်ဘို့မယ်နဲ့ ဆင်ဖြူမရှင်၊ စုဘုရားလတ် ဆိုတဲ့ မိဘုရားကြီးတွေဟာ နန်းတွင်းမှာ ဘုရင်တွေကို တင်မြှောက်ဖြုတ်ချနိုင်တဲ့အထိ သြဇာညောင်းတယ်လို့ ထင်ရှားခဲ့ပါတယ်။
ဘုရင်စနစ်ပျက်ပြီးနောက် သမ္မတနိုင်ငံစနစ် တည်ထောင်နိုင်တဲ့ခေတ်အထိ အနှစ် တစ်ရာကျော်အတွင်းမှာတွေ့ရတဲ့ မြန်မာပြည်ရဲ့ အကြီးအကဲကတော်တွေဟာ ဂုဏ်ထူးဆောင် အိမ်ရှင်မကြီးတွေလို နိုင်ငံရေးနဲ့ မပတ်သက်ဘဲ နေတတ်သူတွေလို့ ထင်ရပေမယ့် အရင်ခေတ်က မိဘုရားကြီးတွေလိုပဲ တိုင်းပြည်အရေးတွေမှာ ဝင်ပြီးလွှမ်းမိုးနိုင်သူလို့ ထင်ရှားသူတွေ ရှိခဲ့ပါတယ်။ နောက် သမ္မတကတော် ဘဝကနေ သူပုန်ခေါင်းဆောင်၊သမ္မတကတော်ကနေ အရာကျပြီးနန်းကခွာသွားရသူ စတဲ့ ဘဝအမျိုးမျိုးနဲ့ ကြုံခဲ့ရတဲ့ ပထမကတော်တွေ ရှိခဲ့ဖူးပါတယ်။
တခါ မြန်မာပြည်ရဲ့ ခေါင်းဆောင်အကြီးအကဲဆိုရင် မြန်မာနဲ့ လူမျိုးစုတွေထဲက ဖြစ်လေ့ ရှိတဲ့အတွက် လူကြီးကတော်တွေဟာလည်း မြန်မာနဲ့ လူမျိုးစုတိုင်းရင်းသူတွေထဲက ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း (၂ဝ) ရာစုသမိုင်းကို ပြန်ကြည့်ရင်တော့ မြန်မာပြည်ခေါင်းဆောင်ကတော်အဖြစ် နိုင်ငံခြားသူ၊ နိုင်ငံခြားမှာမွေးသူ၊ နိုင်ငံခြားသားနဲ့ လက်ထပ်ဖူးသူ စတဲ့ အမျိုးသမီးတွေ ပါခဲ့တာကိုလည်း တွေ့ရမှာပါ။ ဒီတချက်ကတော့ လက်ရှိ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉ (စ) နဲ့ သိသိသာသာကြီး ကွဲလွဲနေမှာ ဖြစ်ပါတယ်။
ငါးထောင်စား အမတ်ချုပ်ကတော်များ
မြန်မာပြည် ဗြိတိသျှလက်အောက် ရောက်ပြီးနောက် အနှစ် (၅ဝ) နီးပါး ဗြိတိသျှမဟာမင်းကြီး၊ ဒုတိယဘုရင်ခံနဲ့ ဘုရင်ခံ အဆက်ဆက် အုပ်ချုပ်ခဲ့ပါတယ်။ ၁၉၂ဝ ကျော်မှာ ဒိုင်အာခီ အုပ်ချုပ်ရေး ပေးပြီးနောက် မြန်မာထဲက ဝန်ကြီးချုပ်ခေါ် ဘုရင်ခံ အမှုဆောင်ကောင်စီဝင်လူကြီးတွေ ပေါ်ထွက်လာပါတယ်။ တလ ငါးထောင်ကျပ်စား ဒီလူကြီးကတော်တွေကို ငါးထောင်စားကတော်တွေအဖြစ် လူသိများပြီး ကိုလိုနီခေတ် မြန်မာလူမှုအဖွဲ့အစည်းမှာ အနောက်တိုင်းသား အရာရှိကတော်တွေနဲ့အတူ ထိပ်ဆုံးက နေရာရခဲ့တဲ့ အမျိုးသမီးတွေလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bayin Foods - Myanmar
သူတို့ခင်ပွန်းတွေကို ဗြိတိသျှဘုရင်က ဆာဘွဲ့နဲ့ သူကောင်းပြုတဲ့အခါ ဒီအမျိုးသမီးတွေဟာ လေဒီဘွဲ့ခံတွေ ဖြစ်လာတဲ့အတွက် လေဒီခင်၊ လေဒီဘ စတဲ့ နာမည်တွေနဲ့ ထင်ရှား လာပါတယ်။ သူတို့လာရာ မိသားစုနောက်ခံတွေအရလည်း ဗြိတိသျှအောက်မှာ အစောဆုံး ပညာတတ်မြောက်တဲ့ ရခိုင်၊ တနင်္သာရီနဲ့ အောက်မြန်မာပြည်က လူချမ်းသာ ပညာတတ် မိသားစုဝင်တွေ ဖြစ်ကြပါတယ်။ နောက် အဲဒီခေတ် ပညာတတ်တွေ ထုံးစံ ဘိလပ်လို့ ခေါ်တဲ့ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံတွေကို ပညာသင်သွားတတ်ကြတဲ့အတွက် ဘိလပ်ပြန် ပညာတတ်တွေမှာ ဘိလပ်သူ ဇနီးမယားတွေ ပါလာတတ်ကြပါတယ်။ ဒါကြောင့် အဲဒီခေတ်က ဝိုင်အမ်ဘီအေအသင်းကို တည်ထောင်သူ တဦးဖြစ်တဲ့ ပညာရေး ဝန်ကြီးချုပ် ဒေါက်တာဘရင်ကတော်ဟာ စကော့တလန်သူ ဖြစ်ပါတယ်။
လေဒီဂျေအေမောင်ကြီး
ပထမဆုံးငါးထောင်စားအမတ်ချုပ်ဖြစ်ခဲ့သူတွေထဲမှာပါတဲ့ ဆာဂျေအေမောင်ကြီးဟာ ၁၉၃ဝ ပြည့်နှစ်မှာ မြန်မာပြည်ရဲ့ ခေတ္တဘုရင်ခံ ဖြစ်ခဲ့ပြီး မြန်မာပြည်ရဲ့ အထွတ်အထိပ် ရာထူးကို သီပေါမင်းနောက်မှာ ပထမဆုံးရတဲ့ မြန်မာပြည်သား ဖြစ်လာပါတယ်။ သူ့ဇနီး လေဒီဂျေအေမောင်ကြီးကတော့ ထိုင်းလူမျိုး ဒေါ်မေဆိုသူ ဖြစ်ပါတယ်။ လမ်ပန်းဇာတိ ဒေါ်မေကို ဆာဂျေအေခေါ် ဂျိုးဇက်သြဂတ်စတပ် မောင်ကြီး ထိုင်းမှာ ဝတ်လုံလိုက်ရင်း လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်မေဟာ မြန်မာပြည်မှာ သေတပန်သက်ဆုံး နေသွားပေမယ့် မြန်မာစကားမတတ်ကြောင်း မြေးဖြစ်သူ ဒေါက်တာ တင်မေသန်းက ပြောပါတယ်။ မြန်မာမကြိုက်တဲ့ ဒေါ်မေရဲ့ မေတ္တာကို ရဖို့ ဆာဂျေအေ ကျားကုပ်ကျားခဲ ပိုးခဲ့ရတာ ဖြစ်ပါတယ်။
အင်ဒီပင်းဒင့်ခေါ် ရွှေတောင်ကြားပါတီဝင် ဆာဂျေအေရဲ့ ဘုရင်ခံသက် ငါးလအတွင်း လယ်သမားသူပုန်ထမှုနဲ့ တိုးခဲ့ရသလို သူ့လက်ထက်မှာ သံဃဝိနိစ္ဆယ အက်ဥပဒေကို ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့ရာမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။ ဆာနဲ့ လေဒီဂျေအေတို့ရဲ့ တဦးတည်းသော သမီးဒေါ်ခင်မြင့် ကာလသားရောဂါဆရာဝန်ကြီး ကပ္ပတိန် သိန်းမောင်နဲ့ လက်ထပ်ခဲ့ပါတယ်။ လေဒီဂျေအေဟာ စစ်အတွင်း ရန်ကုန်အိမ်မှာပဲ ပလိပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
နန်းရင်းဝန်ကတော်များ
၁၉၃၇ မှာ အိန္ဒိယကနေ မြန်မာပြည်ကို ခွဲထုတ်ပြီးနောက် အစိုးရအဖွဲ့နဲ့ အုပ်ချုပ်တဲ့အဆင့် ရောက်လာပါတယ်။ အစိုးရအကြီးအကဲ နန်းရင်းဝန်ကြီးတယောက်ကိုလည်း ဝန်ကြီးချုပ် တွေကို အုပ်ချုပ်ဖို့ ခန့်အပ်ခဲ့တဲ့အတွက် နန်းရင်းဝန်ကတော်တွေ ပေါ်ထွက်လာပါတယ်။ ဒေါက်တာဘမော်ဟာ မြန်မာပြည်ရဲ့ ပထမဆုံးခေတ်သစ်နန်းရင်းဝန် ဖြစ်တဲ့အတွက် သူ့ဇနီး ဒေါ်ခင်မမမော်ဟာလည်း ပထမဆုံး နန်းရင်းဝန်ကတော် ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Imagno
ကြင်ယာတော်မော်
ဒေါ်ခင်မမမော်ဟာ ခင်ပွန်းသည်ရဲ့ နိုင်ငံရေးမှာ နောက်က ထောက်ပံ့ကူညီနိုင်တဲ့ အမျိုးသမီးတယောက် ဖြစ်တယ် ဆိုပြီး ညိုမြစတဲ့ သူတို့နဲ့ သိကျွမ်းတဲ့ စာရေးဆရာတွေက မှတ်ချက်ပေးပါတယ်။ နောက်ပြီး ဒေါက်တာဘမော်ရဲ့ အတက်အကျမြန်တဲ့ နိုင်ငံရေးဘဝ မှာလည်း ဒေါ်ခင်မမမော်ဟာ ဖဝါးခြေထပ် လိုက်ပါခဲ့ပါတယ်။ ဒေါက်တာနဲ့ လန်ဒန်မှာ ဘုရင့်ဘိသိက်ပွဲ တက်ခဲ့တဲ့အချိန်တွေ ရှိသလို ဒေါက်တာကို သူကိုယ်တိုင် ကားနဲ့စောင့်ပြီး မိုးကုတ်ထောင်ထဲက ကယ်ထုတ်ရတဲ့ အခါလည်း ရှိခဲ့ကြောင်း ဒေါက်တာဘမော်ရဲ့ ကျွန်ုပ်တို့ရုန်းထွက်ခဲ့ပြီ စာအုပ်အရ သိရပါတယ်။
ဂျပန်ခေတ်မှာ ဒေါက်တာဘမော်ကို ဂျပန်က အဓိပတိမြှောက်တဲ့အခါမှာတော့ ကြင်ယာတော် ဒေါ်ခင်မမမော်အဖြစ် ထင်ရှားလာပြီး သားတော် သမီးတော် အိမ်တော် စတဲ့ အသုံးအနှုန်းတွေ ပေါ်ထွက် လာပါတယ်။ ရာထူးကလေးတွေ ခန့်ရာမှာ ကြင်ယာတော် ဝင်ပါတာကို ဒေါက်တာမော်က ခွင့်ပြုခဲ့တယ်လို့လည်း ဦးသက်ထွန်းက ဆိုပါတယ်။ ဂျပန်စစ်ရှုံးချိန်မှာတော့ ဒေါက်တာနဲ့ ကြင်ယာတော်တို့ မိသား တစ်စု အင်ဒိုချိုင်းနားနဲ့ ဂျပန်အထိ စစ်ဆုတ်ရာကို ပင်ပင်ပန်းပန်း လိုက်ပါ သွားခဲ့ရပါတယ်။ သူတို့ရဲ့ မြေးဦး၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်နဲ့ တင်စာမော်နိုင်တို့ရဲ့ သမီးဦး ရဲမာမော်နိုင်ကို စစ်ပြေးရင်း လမ်းတနေရာမှာ ဖြစ်သလို မွေးဖွားခဲ့ရတာ ဖြစ်ပြီး စစ်ပြီးနောက် ဒေါက်တာဘမော်ကို ဂျပန်ကနေ မဟာမိတ်တပ်တွေ ပြန်ခေါ်လာချိန်မှ မိသားစု ပြန်ဆုံစည်းခဲ့ရတာ ဖြစ်ပါတယ်။
စစ်ပြီးခေတ် ပြည်တွင်းစစ်ခေတ် နိုင်ငံရေးမှာလည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရချိန် ကစပြီး အနှစ် (၂ဝ) ကျော်အတွင်း မော်မိသားစုမှာ အဖမ်းအဆီး လောကဓံတွေ ကြုံခဲ့ရပါတယ်။ ဒေါက်တာ ဘမော်၊ ဗိုလ်ရန်နိုင်၊ တင်စာမော်နိုင်၊ ဇာလီမော်၊ ဦးရဲထွန်း၊ ဗညားမော် စတဲ့ မော်မိသားစုအကြီးအကဲနဲ့ သားသမီးသမက်တွေ ဖမ်းဆီးခံရတာ၊ ဇာလီမော်နဲ့ ဗိုလ်ရန်နိုင်အပြင် ရန်မျိုးနိုင်၊ ရန်လင်းနိုင် ဆိုတဲ့ မြေးနှစ်ယောက်တောခိုတာ၊ ဒီထဲကတစ်ယောက် နယ်စပ်မှာ သတ်ဖြတ်ခံရတာနဲ့ နောက်ဆုံး အမေရိကန်ရောက် သမီး သီတာမော်က ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရကို ဖြုတ်ချဖို့ အမေရိကန်အစိုးရကို တောင်းဆိုတာ စတဲ့ နိုင်ငံရေးလှိုင်းတံပိုးတွေကြားမှာ ဒေါ်ခင်မမမော်နဲ့ မိသားတစ်စု ရင်ဆိုင် ဖြတ်သန်း ခဲ့ကြပါတယ်။
ဒေါက်တာ ဘမော်မိသားစုဟာ မြန်မာထမင်းဟင်းစစ်စစ်ကို ဥရောပပုံစံတည်ခင်းပြီး မြန်မာအသုံးအဆောင် ယွန်းခွက် အညာထည်ပုဝါတွေနဲ့ စားပွဲပြင်တတ်လို့ ထမင်းဆိုင် ဖွင့်ဖို့ကောင်းတယ်ဆိုပြီး ညိုမြက တိဟိတ်ကြီးမှ တိဟိတ်ကလေးသို့ ပျံသန်းသူ ဆောင်းပါးမှာ ရေးသားခဲ့ပါတယ်။
မာမီ ဒေါ်သန်းခင်
၁၉၄ဝ မှာ နန်းရင်းဝန်အဖြစ် ရွေးကောက်ခံရတဲ့ ဂဠုန်ဦးစောကတော် ဒေါ်သန်းခင်ဟာ ဦးစောနဲ့ ငယ်လင်ငယ်မယား မဟုတ်ကြပါဘူး။ သူ့ပထမခင်ပွန်း ရာဇဝတ်ဝန် ဦးမောင်ကလေး ဂဠုန်သူပုန်သတ်လို့ သေဆုံးပြီးနောက် မုဆိုးမဘဝမှာ ဦးစောနဲ့ အကြောင်းပါပြီး သမီး ဘေဘီစောကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်။
ငယ်ပေါင်းမဟုတ်ပေမဲ့ ဦးစောက သူ့ကို မာမီလို့ အမြတ်တနိုးခေါ်ပါတယ်။ ဒါပေမဲ့လည်း ဦးစော နန်းရင်းဝန်ကြီးဘဝနဲ့ နုနုကြည်နဲ့ မခင်စီဆိုတဲ့ အငယ်အနှောင်းတွေ အိမ်ပေါ်တင်ထားတာကို ဒေါ်သန်းခင် လက်ခံခဲ့ရတယ်လို့ မြေနီသစ္စာက မြန်မာသံတော်ဆင့်ပါ ဂဠုန်ဦးစောနှင့် မြန်မာ့အလင်း ဆောင်းပါးမှာ ရေးပါတယ်။ တကယ်တမ်း ဦးစော နိုင်ငံတော်လုပ်ကြံမှုဖြစ်ချိန်မှာတော့ ဒေါ်သန်းခင်နဲ့ ဘေဘီစော ခေါ် မေသန်းစောတို့ သားအမိပဲ သူ့အသက် ကယ်နိုင်ဖို့ လန်ဒန်က ဝတ်လုံငှား ကြိုးပမ်းခဲ့ရပါတယ်။
ဒေါ်သန်းခင်ဟာ မုဆိုးမဘဝမှာလည်း နိုင်ငံရေးလောကမှာ ပြန်ဝင်မဆံ့နိုင်တော့ဘဲ မထင်မရှား ကွယ်လွန်တဲ့အထိ လောကဓံကို ကြုံခဲ့ရပါတယ်။ ဒီခါးသီးတဲ့ အဖြစ်တွေကြောင့် သမီးဖြစ်သူ ဒေါ်ဘေဘီစော ဟာ အရာရှိကတော်ဘဝနဲ့ မန္တလေးမှာနေစဉ် ရုပ်ရှင်ရုံက ပြတဲ့ကားမှာ ကြိုးပေးတဲ့အခန်းကို မကြည့်နိုင်ဘဲ လှည့်ပြန်သွားတာမျိုး ရှိခဲ့တယ်လို့ ကိုယ်တွေ့ မြင်ခဲ့တဲ့ ဒေါက်တာ သန်းရင်မာက ပြောပါတယ်။ နောက်စစ်အတွင်း ဦးစော ယူဂန္ဓာမှာ အချုပ်ခံနေရချိန်၊ မြန်မာပြည်မှာ သူ့ရန်သူ သခင်တွေနဲ့ ဒေါက်တာဘမော် တန်ခိုးကြီးနေချိန်မှာ ဒေါ်သန်းခင်တို့ သားအမိ ဘယ်လို နေခဲ့ရတယ်ဆိုတဲ့ အထောက်အထားတွေလည်း မတွေ့သေးဘဲ ဖြစ်နေပါတယ်။ စစ်ပြီးစ ဖွဲ့တဲ့ ဗမာတိုင်းလုံးဆိုင်ရာ အမျိုးသမီးလွတ်လပ်ရေးအဖွဲ့ချုပ်မှာတော့ ဒေါ်ခင်ကြည်၊ ဒေါ်ခင်ကြီး၊ လေဒီပေါ်ထွန်း စတဲ့ နိုင်ငံရေးကတော် တွေနဲ့အတူ ဒေါ်သန်းခင် ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Amy Thuza
လေဒီပေါ်ထွန်း
ဦးစော ဗြိတိန်နဲ့ အမေရိကန်ကို လွတ်လပ်ရေးတောင်းဆိုရာကအပြန် ပါလက်စတိုင်းမှာ ဗြိတိသျှ ဖမ်းတာခံရပြီးနောက် ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာပါတယ်။ ဆာပေါ်ထွန်းရဲ့ ဒုတိယ ဇနီးက အမေရိကန်သူ ဖြစ်ပြီး ရန်ကုန် ဟယ်လပင်ခေါ် ပြည်ထောင်စုရိပ်သာလမ်းမှာ လေဒီပေါ်ထွန်းကျောင်း ထောင်ခဲ့သူ ဖြစ်ပါတယ်။ ၁၉၂ဝ လောက်က ဆာပေါ်ထွန်း ဗြိတိန်မှာ ပညာသင်ပြီးအပြန်လမ်းမှာ အမေရိကန်ဝင်ချိန်မှာ ဆံပင်ရွှေဝါရောင် မိန်းကလေး တယောက်နဲ့ မြင်မြင်ချင်း ချစ်ကြိုက်မိ သွားကြောင်း တိုင်းမဂ္ဂဇင်းက ရေးသားပါတယ်။ အိုဟိုင်းယိုးပြည်နယ် ကလိဗလန်းမြို့သူ ဆာရာ အယ်လစ်ဇဘက် ဂျီဝစ်နဲ့ သမီးတယောက် ထွန်းကားပြီး ရန်ကုန်မြို့တော် ခန်းမနဲ့ မျက်နှာချင်းဆိုင်မှာ နေကြတယ်လို့လည်း ဆိုပါတယ်။
စစ်အတွင်း အိန္ဒိယနိုင်ငံ ဆင်းမလားကို ဆာပေါ်ထွန်းအစိုးရ စစ်ပြေးချိန်မှာလည်း လေဒီပေါ်ထွန်းလိုက်ပါသွားပြီး စစ်ပြီးစ ဆာပေါ်ထွန်း အစိုးရ ပြန်တက်ချိန်မှာတော့ လေဒီပေါ်ထွန်းကျောင်းကို ပြန်ထူထောင်ခဲ့ပါတယ်။ သူတို့သမီး ဖလော်ရီပေါ်ထွန်းကို အမေရိကန် သံရုံးအတွင်းဝန်ကတော် မစ္စစ်စပီးဘက်အဖြစ် ၁၉၅ဝ ကျော်က ပဲရစ်မြို့ မှာ တွေ့ခဲ့ရတယ်လို့ ဒဂုန်ခင်ခင်လေးရဲ့ ကမ္ဘာ့ခရီးသည်မှာ ပါရှိ ပါတယ်။ စပီးဘက်ကတော်ဟာ အင်္ဂလိပ်လိုဝတ်ပေမယ့် ဗမာစကားကို ရခိုင်သံမပါဘဲ ဗမာလေယူလေသိမ်းနဲ့ ပြတ်ပြတ်သားသားပြောနိုင်သူ၊ သွက်လက်ဖော်ရွေသူလို့ ဒေါ်ခင်ခင်လေးက ဆိုပါတယ်။ ပဲရစ်က သူ့အိမ်ကိုလည်း မြန်မာအသုံးအဆောင်တွေနဲ့ မွမ်းမံထားတယ်လို့ သိရပါတယ်။
ဆာပေါ်ထွန်းရဲ့ ပထမဇနီး ဒေါ်ထွေးဟာ ၁၉၃၁ က အနိစ္စရောက်ပြီး သူနဲ့ သားတယောက်ရတယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Wikipaedia
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်
၁၉၄၆ က ၁၉၄၇ လုပ်ကြံမှုမဖြစ်ခင်မှာ မြန်မာနိုင်ငံအစိုးရအကြီးအကဲအဖြစ် ဖဆပလ ခေါင်းဆောင် ဦးအောင်ဆန်း တာဝန်ယူတဲ့အတွက် ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ဟာလည်း နန်းရင်းဝန်ကတော် ဖြစ်ခဲ့ပါတယ်။ သက်တမ်းတိုတောင်းပေမယ့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ နန်းရင်းဝန်ကာလဟာ စစ်မဖြစ်ခင်က မြန်မာနန်းရင်းဝန်တွေ အားလုံးထက် လုပ်ပိုင်ခွင့်ပိုရှိသလို လွတ်လပ်ပြီး မြန်မာပြည်ကို ပုံဖော် ပေးခဲ့တဲ့ ကာလလည်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကျဆုံးပြီးနောက် ဒေါ်ခင်ကြည်ဟာ သူ့ခင်ပွန်းရဲ့အမတ်နေရာကို ဆက်ခံရသလို ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ကိုလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ရပါတယ်။ မုဆိုးမဘဝနဲ့ သားငယ်ကို ထပ်မံဆုံးရှုံးခဲ့ရတဲ့ ဒေါ်ခင်ကြည်ဟာ လွတ်လပ်ပြီး နောက်ပိုင်း နိုင်ငံရေးအကွဲအပြဲတွေကြားမှာ သိုသိပ်စွာနေခဲ့ပေမယ့် ၁၉၅၈ မှာ သူ့ခင်ပွန်း တည်ထောင်ခဲ့တဲ့ ဖဆပလအဖွဲ့ချုပ်ပြိုကွဲပြီးနောက် ဦးနုရဲ့ သန့်ရှင်းဖဆပလမှာ ဝင်ရောက် ဆောင်ရွက်ပြီး ၁၉၆ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်ပေးခဲ့ပါတယ်။ ဦးနုအစိုးရ ပြန်တက်လာပြီးနောက် ဒေါ်ခင်ကြည်ကို သံအမတ်ရာထူးပေးပြီး အိန္ဒိယလွှတ်ခဲ့တဲ့အတွက် အာဏာသိမ်းချိန်မှာ နိုင်ငံရေးထဲ ရှိမနေဘဲ လွတ်သွားခဲ့ပါတယ်။
ဒေါ်ခင်ကြည်ရဲ့ ထူးခြားချက်တခုကတော့ လူကြီးကတော်တွေထဲမှာ မြန်မာပြည်ရဲ့ အမြင့်ဆုံး သုဓမ္မတန်းဝင် မဟာသီရိသုဓမ္မဘွဲ့ကို ခုချိန်ထိ တဦးတည်း ရရှိခဲ့တာ ဖြစ်ပါတယ်။
သမ္မတကတော်များ

ဓာတ်ပုံ ရင်းမြစ်, www.whiteumbrella.com
သူပုန်ဖြစ်သွားတဲ့ မဟာဒေဝီ
၁၉၄၈ လွတ်လပ်ရေးရချိန်မှာ ယာယီသမ္မတ အဖြစ် ယာယီပါလီမန်က ညောင်ရွှေစော်ဘွားကြီးကို တင်မြှောက်တဲ့အတွက် မဟာဒေဝီ စဝ်ဟိန်ခမ်းက ယာယီသမ္မတကတော် ဖြစ်လာပါတယ်။ တကယ်တော့ စဝ်ဟိန်ခမ်းဟာ စဝ်ရွှေသိုက်ရဲ့ ပထမဆုံး မဟာဒေဝီ မဟုတ်ဘဲ အရင်မဟာဒေဝီနတ်ရွာစံသွားတဲ့အတွက် ၁၉၃၇ မှာ လက်ထပ်ခဲ့သူ ဖြစ်ပါတယ်။ စော်ဘွားက သူ့ထက် (၁၉) နှစ် ကြီးပြီး တခြားဒေဝီငယ် သုံးပါးလည်း ရှိပါသေးတယ်။
စော်ဘွားနဲ့ ထွန်းကားခဲ့တဲ့ သားတော်သမီးတော်ခြောက်ပါးအနက် ၂ဝဝ၅ မှာ ရှမ်းပြည်လွတ်လပ်ရေး ကြေညာတဲ့ စဝ်ခမ်ဖ၊ ယူဂျင်းသိုက်၊ မီမီသိုက်နဲ့ ဟန်ယောင်ဝေ ဆိုတဲ့ သားတော်တွေ ထင်ရှားပါတယ်။ စဝ်ဟိန်ခမ်းဟာ သူကိုယ်တိုင် မိဘရိုက်ရာ မြောက်သိန္နီစော်ဘွားနယ်မှာ ပြည်သူ့လွှတ်တော်အမတ်အဖြစ် ၁၉၅၆ မှာ အရွေးခံခဲ့ပြီး ၁၉၆ဝ မှာတော့ အစ်ကိုတော် စဝ်မန်ဖကို ရှုံးနိမ့်ခဲ့ပါတယ်။ ၁၉၅၈ ဖဆပလအကွဲမှာ ရှမ်းမဲတွေက ဦးနုအစိုးရကို ဦးဗဆွေအယုံအကြည်မရှိ အဆိုတင်ချိန်မှာ အရေးပါခဲ့သလို ခွဲထွက်ရေးလိုလားတဲ့ မဟာဒေဝီအုပ်စု ဘယ်ဘက်က မဲပေးမလဲဆိုတာကလည်း စောင့်ကြည့်စရာ ဖြစ်ခဲ့ပါတယ်။
၁၉၆၂ သူ လန်ဒန်ရောက်နေခိုက် ရန်ကုန်မှာ အာဏာသိမ်းပြီး ခင်ပွန်းသည် အဖမ်းခံရ သလို သား မီမီသိုက် ပစ်ခတ်ခံရလို့ ကွယ်လွန်ပါတယ်။ ခင်ပွန်း ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်မှုဒဏ်တွေနဲ့ မကြာခင်မှာ နတ်ရွာလားပြီးနောက် မဟာဒေဝီ သားတော် သမီးတော်တွေနဲ့အတူ ထိုင်းနယ်စပ်ကို ထွက်ပြေးပြီး ရှမ်းလက်နက်ကိုင်သူပုန်တွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ ထိုင်းဘက်ရောက်ချိန်မှာ ဒေသ အုပ်ချုပ်ရေးမှူးက သူ့ကို ခေါ်ပြီး ထိုင်းဘုရင်ရဲ့ စောင့်ရှောက်မှုပေးတဲ့အမိန့်ကို ဖတ်ပြတယ်လို့လည်း ဆိုပါတယ်။ အဲဒီနောက် တချိန်က ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်းကိုယ်တိုင် အစ်မတော် ဆိုပြီး တလေးတစား ခေါ်ဝေါ်သုံးနှုန်းခဲ့ရတဲ့ SSA ရဲ့ သေနာပတိချုပ် ဖြစ်လာပြီးနောက် ကနေဒါကို ထွက်သွားပြီး အဲဒီမှာပဲ မဟာဒေဝီ ခေါင်းချခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, www.whiteumbrella.com
မုဆိုးဖို သမ္မတ
စဝ်ရွှေသိုက်ကို ဆက်ခံတဲ့ ဒေါက်တာဘဦးဟာ အိမ်ထောင်နှစ်ဆက်ရှိခဲ့ပေမယ့် သမ္မတဖြစ်ချိန်မှာ ဇနီးနှစ်ယောက်လုံး ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ သူနဲ့ နှမဝမ်းကွဲလည်းတော်တဲ့ ဒေါ်ဒေါ်ငြိမ်းနဲ့ ဒေါ်ဒေါ်အေးတို့ကနေ သားသမီး ခုနစ်ယောက် ထွန်းကားခဲ့ပြီး စစ်အတွင်းမှာ သုံးယောက် ပျက်စီးခဲ့ပါတယ်။ ဒါကြောင့် ဒေါက်တာဘဦးရဲ့ သမ္မတအိမ်တော်ပွဲတွေမှာ သမီး ဒေါ်ခင်စောဦးက ဧည့်ခံပေးခဲ့ရပါတယ်။ ဒေါ်ခင်စောဦးဟာ တရားလွှတ်တော် တရားသူကြီးချုပ် ဦးထွန်းဖြူရဲ့သား ဦးသန်းအောင်နဲ့ လက်ထပ်ပြီး စင်္ကာပူမှာ အခြေချခဲ့ပါတယ်။
ဒေါက်တာဘဦးကို ဆက်ခံတဲ့ မန်းဝင်းမောင်ရဲ့ဇနီး ဒေါ်မြမေဟာ ၁၉၆၂ အာဏာသိမ်းချိန်မှာ အိမ်ဆောက်မပြီးသေးတဲ့အတွက် အတော်ကသီခဲ့တယ်လို့ သိရပါတယ်။ စစ်အတွင်း သူနဲ့ လက်ထပ်ပြီးနောက် အိန္ဒိယကို တော်လှန်ရေးလုပ်ဖို့ မန်းဝင်းမောင် ထွက်သွားချိန်မှာ ဒေါ်မြမေ မြန်မာပြည်မှာ ကျန်ခဲ့ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, https://lostfootsteps.org
ဝန်ကြီးချုပ်ကတော်များ
ပုဆိုးစကိုင်လိုက်သူ ဒေါ်မြရီ
လွတ်လပ်စမြန်မာနိုင်ငံမှာ သမ္မတစနစ်ကို ကျင့်သုံးပေမယ့် တကယ်အာဏာရှိသူတွေက ဝန်ကြီးချုပ်တွေ ဖြစ်ကြပါတယ်။ ၁၉၆၂ အာဏာကို ဆယ်နှစ်ကျော် ချုပ်ကိုင်ခဲ့သူကလည်း ဗိုလ်ချုပ်အောင်ဆန်းကို ဆက်ခံတဲ့ ဦးနု ဖြစ်ပါတယ်။ ဒါကြောင့် ဦးနုဇနီး ဒေါ်မြရီဟာ ဖဆပလခေတ်ရဲ့ ပထမလေဒီအစစ် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, University of Southern California
သူ့ယောက်မ ခင်နှင်းယု ကျွန်မ၏ချစ်သူမှာ ရေးခဲ့သလို စက်သူဌေးသမီး မမြရီဟာ အာမခံချက်မရှိတဲ့ နိုင်ငံရေးသမား သခင်နုနောက်ကို ပုဆိုးစဆွဲပြီး လိုက်ခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနု ဝန်ကြီးချုပ် ဘဝနဲ့ ကမ္ဘာလှည့်ချိန်မှာရော အာဏာသိမ်းပြီးနောက် တော်လှန်ရေး သမားဘဝနဲ့ ပြည်ပ ထွက်သွားချိန်မှာရော ဒေါ်မြရီနဲ့ သားသမီးတွေ လိုက်ပါကြပါတယ်။ နောက် ၁၉၈၈ မှာ စင်ပြိုင်အစိုးရဖွဲ့တဲ့ဦးနု နေအိမ်အကျယ်ချုပ် ကျပြီးနောက် ဒေါ်မြရီပါ အတူ အကျယ်ချုပ်နဲ့ နေထိုင်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။
ဒေါ်မြရီကို ဒေါသကြီးသူ၊ ဒုတ်ထိုးအိုးပေါက်ပြောတတ်သူအဖြစ် လူတွေက မြင်ကြပေမယ့် သူ့ယောက်ျားအရှိန်နဲ့ လာဘ်ယူတာတွေ မလုပ်ခဲ့သူလို့လည်း ခင်နှင်းယုက ပြောပါတယ်။ သူ့ကို ကုမ္ပဏီတွေမှာ ရှယ်ယာတွေ တိတ်တိတ်ထည့်ထားတယ်၊ စသုံးလုံးနဲ့ စစ်မယ်လို့ ဦးနုက ခြိမ်းခြောက်တဲ့အခါ ဒေါ်မြရီက ဘာခုံဖွဲ့စစ်စစ် သူ့စာရိတ္တကို အစစ်ခံနိုင်တယ်ဆိုပြီး ပြန်ပြောဖူးတယ်လို့လည်း ဆိုပါတယ်။ နောက်ဆုံး ပြည်ထောင်စု လမ်းသွယ်က ဦးနုအိမ်ဆောက်ရာမှာတောင် ဒေါ်မြရီအမွေအနှစ်ကို ထုခွဲပြီး ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသူလေး နန်စီလှိုင်ဖူး
ယနေ့ထိ (၉၈) နှစ်အရွယ်မှာ သက်ရှည်ကျန်းမာစွာ ရှိနေတဲ့ ဒေါ်နုနုဆွေဟာ ၁၉၅၆ မှာ ဝန်ကြီးချုပ် ခဏ ဖြစ်ခဲ့တဲ့ ဦးဗဆွေရဲ့ ဇနီး ဖြစ်ပြီး ကွန်ဗင့်ကျောင်းသူဘဝမှာ တော်လှန်ရေး သမားနဲ့ လက်ထပ်ခဲ့သူ ဖြစ်ပါတယ်။ ကောလိပ်မှာ ကက်သလိန်းဂွက်ထော်လို စာပြောင်တွေရေးတဲ့ ကိုဗဆွေ ကွန်ဗင့်ကျောင်းသူလေးနဲ့ ရခဲ့တယ်လို့ ဒဂုန်တာရာက အမှတ်တရ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nay Kyi Ba Swe
ကျားကြီးဗဆွေနဲ့ နန်စီ သားသမီး (၁ဝ) ယောက် ထွန်းကားခဲ့ပြီး ချမ်းသာတဲ့ သတ္တုတွင်းပိုင်သမီးကနေ နိုင်ငံရေးဘဝတွေ ဖြတ်သန်း ခဲ့ရပါတယ်။ ဖဆပလခေတ် ကာကွယ်ရေးဝန်ကြီးကတော်အဖြစ် တန်ခိုးကြီးခဲ့သလို ဝန်ကြီးချုပ်ကတော်ဘဝမှာပဲ ဖခင်ဖြစ်သူ ဦးလှိုင်ဖူး ရာဘာခြံသွားရင်း သူပုန်ပစ်သတ်လို့ သေခဲ့ရပါတယ်။ ဂျပန်ခေတ်နဲ့ ၁၉၆၂ နောက်ပိုင်းမှာ ခင်ပွန်းသည် အထိန်းသိမ်းခံခဲ့ရပြီး သားသမီးတွေ နိုင်ငံရေး လှုပ်ရှားတာတွေလည်း ရှိခဲ့ပါတယ်။ ဦးသန့်အရေးအခင်းမှာ သားအငယ်ဆုံး (၁၃) နှစ်သား ဖမ်းဆီးခံရတဲ့အတွက် ဘဝပျက်ခဲ့ရကာ သမီးသုံးယောက် သုံးနှစ်ကျော် အဖမ်းခံရတယ် လို့လည်း ဒေါ်နုနုဆွေက ရေးပါတယ်။
သားဖြစ်သူ ဦးနေဖူးဗဆွေက လက်ရှိပြည်သူ့ လွှတ်တော်အမတ် အဖြစ် ဆောင်ရွက်နေပြီး ၁၉၈၈ မှာ နေခြည်ဗဆွေ၊ နေရီဗဆွေစတဲ့ သမီးသုံးယောက် နိုင်ငံရေးပါတီ ထောင်ခဲ့ဖူးပါတယ်။ သူလက်မထပ်မီ ဖခင်မှာခဲ့တဲ့ ယောက်ျားကိစ္စမှာ ဝင်မပါဖို့နဲ့ လာဘ်လာဘရှောင်ဖို့စကားကို သူနားထောင် ခဲ့တယ်လို့လည်း ဒေါ်နုနုဆွေက ပြောပါတယ်။ ၁၉၈၈ ကာလမှာတော့ ကျောင်းသားတွေ ကြည့်မြင်တိုင် ဟုမ်းလမ်း က သူတို့အိမ်မှာလာပြီးခိုလှုံကြတာကို စောင့်ရှောက်ကျွေးမွေး ခဲ့တယ်လို့ ဆိုပါတယ်။
ဗိုလ်ချုပ်ကြီးရဲ့ ဇနီးများ
၁၉၆၂ အာဏာသိမ်းချိန်ကစပြီး ၁၉၈၈ ထိ မြန်မာပြည်ရဲ့ အာဏာပိုင်အကြီးအကဲက ဗိုလ်ချုပ်ကြီးနေဝင်း ဖြစ်တဲ့အတွက် ဗိုလ်ချုပ်ကြီးရဲ့ ဇနီးတွေက ပထမလေဒီကြီးတွေ ဖြစ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
မြန်မာပြည်ရဲ့ အာဏာနတ်သမီး
ဗိုလ်ချုပ်ကြီးရဲ့ မယားကြီး မဟုတ်ပေမယ့် ဦးနေဝင်းအပေါ် အလွှမ်းမိုးဆုံး ဇနီးက သူ့ထက် ၁၇ နှစ်ငယ်တဲ့ ကေတီဘသန်းခေါ် ဒေါ်ခင်မေသန်း ဖြစ်ပါတယ်။ ဗြိတိန်နဲ့ အမေရိကန်မှာ သူနာပြု ပညာသင် ခဲ့ပြီး ဆရာဝန်ကြီးသမီးနဲ့ ဆရာဝန်ကြီးကတော် ဖြစ်ခဲ့တဲ့ ဒေါ်ခင်မေသန်းဟာ သာမန်လူတန်းစားက လာတဲ့ ဗိုလ်နေဝင်းကို အထက်လွှာပုံစံ ပေါက်အောင် ပုံသွင်းယူခဲ့သူ ဖြစ်ပါတယ်။ ၁၉၅၂ မှာ ကေတီနဲ့ ယူတဲ့အတွက် ဇနီးကြီး ဒေါ်တင်တင်က သတင်းစာမှာ ကြေညာပြီး ကန့်ကွက်တာ ခံရသလို ဦးနုက ဗိုလ်နေဝင်းကို အလုပ်ထုတ်ပစ်ဖို့ထိ စဉ်းစားခဲ့ကြောင်း ဦးသောင်းက ဘီလူးတို့ရွာ စာအုပ်မှာ ရေးပါတယ်။
ကေတီရဲ့ လွှမ်းမိုးနိုင်စွမ်းကြောင့်ပဲ ပထမအိမ်ထောင်နဲ့ ပါလာတဲ့ သမီးသုံးယောက်လုံး ဝင်းဆိုတဲ့ မိသားစုနာမည် မှည့်နိုင်ခဲ့ကာ သူတို့သမီးဖြစ်သူ ဒေါက်တာစန္ဒာဝင်းကိုလည်း နောက်ပိုင်းမှာ ဦးနေဝင်းရဲ့ လက်စွဲသမီးတော် သဘောမျိုးထိ ပြည်တွင်းနဲ့ နိုင်ငံတကာက သဘောထားတာ ခံခဲ့ရပါတယ်။
တဘက်မှာတော့ ကေတီကို အသုံးအဖြုန်းကြီးတယ်၊ အိမ်ထောင်ရေးရှုပ်တယ်ဆိုပြီး ဗိုလ်ချုပ်ကြီးက စိတ်ဆိုးဒေါသထွက်တာတွေ ရှိခဲ့တယ်လို့ ဦးသောင်းက ရေးပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးရဲ့ ပြည်ပခရီးတွေမှာ ကေတီနဲ့ သားသမီးတွေ လိုက်ပါလေ့ရှိပြီး လချီကြာတတ်ပါတယ်။ လန်ဒန် ဘားမားထရိတ်ရုံးက ငွေတွေကို ဗိုလ်ချုပ်ကြီးက သူ့ဇနီးနဲ့ ထောက်လှမ်းရေးဟောင်း သံအမတ်ဦးလွင်ကို လွှတ်ယူခိုင်းတယ်လို့လည်း ကြည်ဝင်းစိန်က တော်လှန်ရေးကောင်စီမှ စစ်အာဏာရှင်စနစ်သို့ စာအုပ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ludu Archive
၁၉၇၂ မှာ ဒေါ်ကေတီ ကျောက်ကပ်ရောဂါနဲ့ လန်ဒန်မှာ ကွယ်လွန်ချိန်မှာ ပြည်သူပိုင် သတင်းစာမျက်နှာဖုံးက ဖော်ပြခဲ့ပါတယ်။ သူဆုံးချိန်မှာ ခင်ပွန်းသည် အနားမှာ မရှိပေမယ့် ချက်ချင်းလိုက်လာပြီး ရန်ကုန်ကို ယူဆောင်ကာ ဂူသွင်းခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟာ ဇနီးဖြစ်သူကို သဝန်တိုတတ်လို့ သတိထားရတယ်လို့လည်း သံအမတ်ကြီး ဦးသက်ထွန်းက ရေးသားခဲ့ပါတယ်။ ကေတီနဲ့ ရုံးတက်လက်မှတ် ထိုးတဲ့နေ့မှာ လာသတင်းယူတဲ့ နေရှင်း သတင်းထောက်ကို လက်သီးနဲ့ ထိုးတာအစ တက္ကသိုလ်ဆရာတွေ ဧည့်ခံပွဲမှာ ဖြစ်တဲ့ လက်သီးပွဲအလယ် အင်းလျားလိပ်ဟိုတယ်မှာ တီးဝိုင်းကို တက်ထိုးတဲ့ လက်သီးပွဲအဆုံး သားမယားတွေအတွက် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးရဲ့ လက်သီးပုံပြင်တွေအဖြစ် ကျန်ရစ်ခဲ့ ပါတယ်။
နှစ်ကြော့ပြန် စုံဖက်သူ
ဒေါ်ခင်မေသန်းမရှိတဲ့နောက် အနှစ် (၃ဝ) ငယ်တဲ့ တက္ကသိုလ်က သမိုင်းဆရာမ ဒေါ်နီနီမြင့်နဲ့ ဦးနေဝင်း ၁၉၇၃ မှာ လက်ထပ်ပါတယ်။ နိုင်ငံတော်အကြီးအကဲကို ခြေငြိမ်အောင် ဒေါ်နီနီမြင့်မှာ ချစ်သူရှိရက်သားနဲ့ ဒေါ်ခင်မေသန်းအမျိုးတွေက စီစဉ်တာ လို့လည်း ရတနာနတ်မယ် တစ်ခါတုန်းက သမ္မတကတော် စာအုပ်မှာ သန်းဝင်းလှိုင်က ရေးကြပါတယ်။
အဆင်မပြေဖြစ်ပြီး တခါကွဲသွားပြီးနောက် ကြားထဲမှာ ရတနာ နတ်မယ်နဲ့ လက်ထပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဒေါ်နီနီမြင့်နဲ့ ပြန်လည် ပေါင်းသင်းခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း (၁၈၈၅-၁၈၉၅) စာအုပ်ကို ပြုစုတဲ့ ဒေါ်နီနီမြင့်ဟာ ဦးနေဝင်း အာဏာလက်လွှတ်ပြီးနောက်လည်း သမိုင်းသုတေသန ဌာနမှာ ဆက်လက် ကြီးစိုး ခဲ့ပါတယ်။ နောက်ဆုံး ဦးနေဝင်းနဲ့ အိမ်ခွဲနေခဲ့သလို သူကွယ်လွန်ချိန်မှာလည်း ဒေါ်နီနီမြင့် လိုက်ပါပို့ဆောင်ခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Between two worlds
စလယ်ဝင် ဖင်မမည်းတဲ့ မင်းသမီး
ရတနာနတ်မယ်ခေါ် ဂျွန်ရို့စ်ဘယ်လာမီဟာ လင်းပင်မင်းသားရဲ့ မြေးတော် ဖြစ်ပြီး အီတာလျံဆရာဝန်တဦးနဲ့ သားနှစ်ယောက် ရခဲ့သူ ဖြစ်ပါတယ်။ သြစတြေးလျ-မြန်မာကပြား ရတနာနတ်မယ် ကလေးဘဝ ရန်ကုန်မြို့ကို ဂျပန်ဗုံးကြဲစဉ်က ပေါင်မှာ ဗုံးစထိမှန်ဖူးသလို စစ်အတွင်း အိန္ဒိယကို မိဘတွေနဲ့အတူ စစ်ပြေး ခဲ့ရပါတယ်။ စစ်ပြီးချိန်မှာတော့ မိုးကုတ်ဦးမြမောင်တို့လို အထက်လွှာလောကက လူတွေနဲ့ ဝင်ဆံ့တဲ့၊ မန္တလေး သင်္ကြန်မှာ အနောက်တိုင်းအကနဲ့ နာမည်ကြီးတဲ့ မိန်းမပျိုလေး ဖြစ်လာပါတယ်။ အမေရိကန်ကို ရစ်ချတ်ထွန်းညွန့်နဲ့ လေ့လာရေးသွားခဲ့ဖူးသလို ခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရတယ်လို့လည်း ဆိုပါတယ်။
မယ်တော် ထိပ်တင်မလတ် ကျန်းမာရေးအတွက် မြန်မာပြည် ပြန်ဖို့ ကြိုးစားရင်း သူ့ထက် အနှစ် (၂ဝ) ကျော် ကြီးတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ ရင်းနှီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ၁၉၇၆ မှာ ရတနာနတ်မယ် နဲ့ လက်ထပ်ပြီးနောက် သမ္မတဦးနေဝင်း တောင်ရှည်ပုဆိုးတွေ ပိုဝတ်လာလို့ ကုန်းဘောင် မင်းဆက် ပြန်ထူထောင်တော့မှာလားလို့ ပြောကြကြောင်း ဦးသောင်းက ရေးပါတယ်။
ထုံးစံအတိုင်း လက်ထပ်ပြီး ငါးလအကြာမှာ ဦးနေဝင်းရဲ့ ဒေါသနဲ့ ရတနာနတ်မယ်ရဲ့ မာနတို့ ပွတ်တိုက်မိပြီး နတ်မယ် အီတလီပြန်သွားပါတယ်။ ဦးနေဝင်းနဲ့ လက်ထပ်ချိန်က သူဟာ အီတလီနိုင်ငံသူ ဖြစ်နေတဲ့အတွက် မဆလခေတ်ရဲ့ တဦးတည်းသော နိုင်ငံခြားသူ ပထမလေဒီ ဖြစ်ခဲ့ ပါတယ်။
မဆလခေတ်နောက်ပိုင်းမှာ သမ္မတနေရာကို ဦးစန်းယု၊ ဦးစိန်လွင်နဲ့ ဒေါက်တာ မောင်မောင်တို့ ယူပြီး ဦးနေဝင်းက ပါတီဥက္ကဋ္ဌလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးစိန်ဝင်း၊ ဦးမောင်မောင်ခနဲ့ ဦးထွန်းတင် တို့ကိုလည်း တင်မြှောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.
တော်လှန်ရေးခေတ်က ဖူးစာ
ဟင်္သာတက အာရှလူငယ်ခေါင်းဆောင် ဦးသန်းတင်ရဲ့ သမီး မခင်မြင့်ဟာ တော်လှန်ရေး မှာ တွေ့ခဲ့တဲ့ စစ်ဗိုလ်ကလေး မောင်မောင်နဲ့ လက်ထပ်ပြီး ဝတ်လုံကတော်၊ သတင်းစာဆရာ ကတော်၊ တက္ကသိုလ် ဆရာကတော်ကနေ တရားရုံးချုပ်တရားသူကြီး၊ တရားသူကြီးချုပ်ကတော်၊ တော်လှန်ရေးကောင်စီဝင်နဲ့ ဝန်ကြီးကတော်၊ နိုင်ငံတော် ကောင်စီဝင်ကတော်နဲ့ သမ္မတကတော်ထိ တက်လှမ်းသွားခဲ့ပါတယ်။
ဦးသန်းတင်မှာ သမီးရှိမှန်း မသိဘဲ ယောက္ခမကြီးလို့ ခေါ်မိကြောင်း၊ နောက်မှ သမီးရှိမှန်းသိပြီး သမီးကလည်း သူ့ကို ဂရုတစိုက် အဝတ်အစားလျှော်ပေးကြောင်း ဒေါက်တာမောင်မောင်က သားမောင်စစ်သည် စာအုပ်မှာ ရေးပါတယ်။ စာရေးစာဖတ် ဝါသနာပါသူ မခင်မြင့်နဲ့ ကောလိပ်ကျောင်းက စစ်ထဲဝင်လာသူ ဗိုလ်မောင်မောင်တို့ စစ်အပြီးမှာ လက်ထပ်ခဲ့ပါတယ်။
၁၉၈၈ အလွန် သားမောင်စစ်သည် ဦးကျော်သူခေတ်မှာတော့ ဒေါ်ခင်မြင့် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးနဲ့ ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအမေ ဖြစ်ခဲ့ပါတယ်။ ဒေါ်ခင်မြင့်မောင်ဟာ ခင်ပွန်းသည် ကွယ်လွန်တဲ့ နှစ်ပတ်လည်နေ့တိုင်း သတင်းစာကနေ သတိရကြော်ငြာ ထည့်လေ့ရှိတဲ့ အမျိုးသမီးလည်း ဖြစ်ပြီး ခင်ပွန်းသည် ထားရစ်ခဲ့တဲ့ ၁၉၈၈ အုံကြွမှု လို စာပေလက်ရာတွေကို ထုတ်ဝေနိုင်အောင် ကြိုးစား ခဲ့ပါတယ်။ ၁၉၆၂ အာဏာ သိမ်းပြီးနောက် သူ့ဖခင် အမတ်မင်း အဖမ်းခံနေရတာကို ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ နေ့တိုင်းတွေ့နေတဲ့ ခင်ပွန်းသည် ဒေါက်တာ မောင်မောင်က မပြောရဲလို့ ဗိုလ်ချုပ်ကို လာတွေ့တဲ့ လူထုဦးလှနဲ့ ဇဝနကို ပြောခိုင်းတယ် ဆိုပြီး ဦးသောင်းက ရေးခဲ့ဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နေပြည်တော်တည် မင်းတရားကြီးကတော်
၁၉၉၂ ကနေ ၂ဝ၁၁ ကြား မြန်မာပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော် ဒေါ်ကြိုင်ကြိုင်ကို အစပိုင်းက သတိမထားမိကြပေမယ့် နောက်ပိုင်း နိုင်ငံတော် အခမ်းအနားတွေမှာ မိသားစုလိုက် တွေ့လာရတဲ့အတွက် လူသတိပြုစရာ ဖြစ်လာပါတယ်။ အဓိပတိခေတ်ကလို သမီးတော် မြေးတော် အသုံးအနှုန်းတွေ အိမ်တော်မှာ ပြန်ပေါ်လာတယ်ဆိုပြီး ကောလာဟလတွေ ထွက်ခဲ့သလို ခရိုနီခေါ် စစ်အစိုးရအသုံးတော်ခံ လူချမ်းသာတွေနဲ့ အကြီးအကဲမိသားစုတွေအကြား ပတ်သက်တာတွေ များလာတယ်ဆိုတဲ့ သတင်းတွေကလည်း ပြည်ပမီဒီယာတွေမှာ ထွက်ပေါ်ခဲ့ပါတယ်။ ပြောစမှတ်အဖြစ်ဆုံးက သမီးဖြစ်သူ သန္တာရွှေရဲ့ ၂ဝဝ၆ က မင်္ဂလာဆောင် ဗီဒီယိုခွေ ပေါက်ကြားခဲ့ရာမှာ စိန်စီသောည ဆိုပြီး နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးရဲ့ အတည်မပြုနိုင်တဲ့ ဘဝသမိုင်းတွေထဲမှာ ဒေါ်ကြိုင်ကြိုင်ကို မုဆိုးမဘဝနဲ့ လက်ထပ်ခဲ့တယ်ဆိုတဲ့ အကြောင်းလည်း ပါပါတယ်။ သူ့ရှေ့က တန်ခိုးထွားခဲ့တဲ့ ဦးနေဝင်းနဲ့ မတူဘဲ ဗိုလ်သန်းရွှေမှာ ဇနီးတယောက်တည်းပဲ ရှိခဲ့တယ် ဆိုပြီး ပြောစမှတ် ရှိခဲ့ပါတယ်။ သူ့လက်ထက်မှာပဲ မြန်မာပြည် မြို့တော်ကို ကြပ်ပြေးဘက်ရွှေ့ပြီး နေပြည်တော်လို့ သမုတ်ခဲ့တဲ့အတွက် ဘုရင်စိတ်ဝင်နေပြီ ဆိုပြီး ပြည်ပမီဒီယာတွေက လှောင်ပြောင်ခဲ့ကြပါတယ်။
ရုပ်သံဝန်ကြီးချုပ်ကတော်
နအဖခေတ်နှောင်းမှာ ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့ကို ခန့်အပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ကတော် ဒေါက်တာ ခင်ဝင်းရွှေကို မိခင်နှင့်ကလေး စောင့်ရှောက်ရေးနဲ့ အမျိုးသမီးရေးရာလို အသင်းအဖွဲ့တွေမှာ ခေါင်းဆောင်တာ တွေ့ခဲ့ရသလို ဒေါ်ကြိုင်ကြိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီးကတော်တွေထက် မီဒီယာမှာ ပိုပြီးပါလေ့ရှိတာကိုလည်း တွေ့ခဲ့ရပါတယ်။ အစ်ကိုရင်း ဒေါက်တာသန်းငြိမ်းက NLD အမတ်ဘဝနဲ့ ဖမ်းဆီးခံရချိန်မှာ နှမဖြစ်သူက နအဖ ဝန်ကြီးချုပ်ကတော် ဖြစ်ခဲ့တာကလည်း စစ်အစိုးရခေတ် နိုင်ငံရေးသရုပ်တကွက် ဖြစ်ပါတယ်။
NLD ကတော်များ
၂ဝ၁၁ မှာ သမ္မတခေတ် တကျော့ပြန် ပေါ်ပြီး ဦးသိန်းစိန်တက်လာပေမဲ့ သူ့ဇနီး ဒေါ်ခင်ခင်ဝင်းနဲ့ ပတ်သက်လို့ ပြောစမှတ် မရှိခဲ့ပါဘူး။ မဆလခေတ်က ဦးစန်းယုကတော် ဒေါ်သန်းရှိန်လိုပဲ စစ်ဗိုလ်ချုပ် ကတော် အိမ်ရှင်မအနေနဲ့ သဘောထားခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
သမ္မတကတော် အမတ်
၂ဝ၁၆ မှာ NLD တက်လာပြီးနောက် ခန့်ခဲ့တဲ့ သမ္မတ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ကတော့ တမူထူးခြားတဲ့ ပထမလေဒီ ဖြစ်ပါတယ်။ လေဒီမဖြစ်ခင်မှာ သူကိုယ်တိုင် သမ္မတဖြစ်မယ်ဆိုပြီး ထင်ကြေးပေး ခံခဲ့ရတဲ့အတွက် ဖြစ်ပါတယ်။ ပုဒ်မ ၅၉ (စ) ကြောင့် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တဲ့အခါမှာ သမ္မတနေရာအတွက် လူရှာရင်း ဒေါ်စုစုလွင်ရဲ့ ခင်ပွန်း စာရေးဆရာ ဒလဘန်းခေါ် ဦးထင်ကျော်ကို ခန့်အပ် ခဲ့ပါတယ်။
သူကိုယ်တိုင် လွှတ်တော်အမတ် ဖြစ်တဲ့ ဒေါ်စုစုလွင်ဟာ NLD အတွင်းရေးမှူး ဖြစ်ခဲ့တဲ့ ဒုတိယဝန်ကြီးချုပ်ဟောင်း ဦးလွင်ရဲ့ သမီးဖြစ်ပါတယ်။ သူ့မိဘနှစ်ဘက်စလုံးမှာ ဟင်နရီစမိုက်၊ သိန်းဟန် (ရေ) ၊ ကြည်မောင်၊ မောင်ချို၊ တင်ကိုကို၊ တင်မောင်ထွန်း၊ အောင်ကြူး စတဲ့ စစ်အရာရှိ ဗိုလ်မှူးကြီးတွေ အများအပြားရှိတဲ့ အတွက် မဆလခေတ် အာဏာရ အသိုင်းအဝိုင်းမှာ ဒေါ်စုစုလွင် ကြီးပြင်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မိခင်ဘက်ကလည်း အယုဒ္ဓယက ဆင်းသက်လာတဲ့ ထိုင်းဘုရင်ဆက်ဖြစ်သလို ရွှေဘိုမင်းမျိုးဖြစ်ပါတယ်။
အင်္ဂလိပ်စာ လိုက်စားသူဖြစ်တဲ့အတွက် သြစတြေးလျမှာ ပညာသင်ခဲ့တဲ့ ဒေါ်စုစုလွင်ဟာ ဖခင် ရာထူးက ဖယ်ရှားခံရတဲ့နောက်ပိုင်း ၁၉၈၈ က စပြီး နိုင်ငံရေးလှိုင်းလေတွေကြား သက်ဆင်းခဲ့ရပါတယ်။ ဖခင် NLD မှာ ပူးပေါင်းတဲ့အတွက် ယူနီဆက်က သူ့အလုပ်အကိုင် ထိခိုက်ခဲ့သလို မောင်ဖြစ်သူကိုယ်တိုင် အမှုဆင် ဖမ်းဆီးတာကို ခံခဲ့ရပါတယ်။ ဦးလွင်မရှိတဲ့နောက် သူ့နိုင်ငံရေးအမွေကို ဆက်ခံပြီး ဒေါ်စုစုလွင် ဖခင်နေရာကနေ လွှတ်တော်အမတ် သက်တမ်း သုံးဆက် အရွေးခံခဲ့ရပါတယ်။ ပညာရေးမှာ စိတ်ဝင်စားတဲ့ ဒေါ်စုစုလွင်ဟာ ပြည်သူ့လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာလည်း ဥက္ကဋ္ဌဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, SAI ZAW
အရပ်သူစစ်စစ် ပထမလေဒီ
၂ဝ၁၈ မှာ သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်ကတော် ဒေါ်ချိုချိုဟာ မြစ်ဝကျွန်းပေါ် မြို့ကလေးတမြို့မှာ ကြီးပြင်းခဲ့တဲ့ အမျိုးသမီး ဖြစ်ပြီး ခင်ပွန်းနဲ့ ကျောင်းနေဘက်လည်း ဖြစ်ပါတယ်။ အစဉ်အဆက် ပထမလေဒီနေရာမှာ ရယူနေကျ အထက်တန်းလွှာနဲ့ စစ်ဗျူရိုကရက်ကတော်တွေနဲ့ မတူဘဲ သူတို့သမီးခင်ပွန်းဟာ သာမန် လူလတ်တန်းစား နယ်ဘက်က လူတွေကို ကိုယ်စားပြုတဲ့ စုံတွဲ ဖြစ်နေပါတယ်။ နိုင်ငံရေးလောကဓံကိုလည်း သူ့ရှေ့က ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနုနဲ့ ဦးဗဆွေစတဲ့ လူကြီးကတော်တွေ ရင်ဆိုင်ခဲ့တာနဲ့ မမျှ သူလည်း ကြုံတွေ့ခဲ့ရပါတယ်။ ခင်ပွန်းအမတ်ဘဝ အဖမ်းခံနေရချိန်မှာ (၁၆) နှစ်အရွယ် တဦးတည်းသောသား သေဆုံးခဲ့တဲ့ ဒေါ်ချိုချိုဟာ ခင်ပွန်းရဲ့ မဲဆွယ်ပွဲ တွေမှာလည်း ပင်လယ်ဘက်ထိ မကြောက်မရွံ့ လိုက်ပါ မဲဆွယ်ခဲ့တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ ပုသိမ်ကို ခင်ပွန်းသည် ပြန်လာတဲ့ အခါတွေမှာ သူဈေးသွားတဲ့နောက်ကို ထောက်လှမ်းရေးက လိုက်စုံစမ်းတာ၊ အိမ်နီးချင်းတွေကို ဖိအားပေးတာတွေ ကြုံခဲ့တယ်လို့လည်း ဆိုပါတယ်။
၂ဝ၂၁ မှာ တွေ့ရမယ့် မြန်မာပြည် သမ္မတကတော်က ဘယ်သူဖြစ်လာမလဲ ခန့်မှန်းနေကြဆဲ ဖြစ်ပါတယ်။ ပထမဆုံး သမ္မတခင်ပွန်းကိုလည်း တွေ့ကောင်း တွေ့ရနိုင်ပါတယ်။ မြန်မာပြည်ရဲ့ အာဏာအရှိဆုံး အမျိုးသမီးကြီးက နိုင်ငံတော် အတိုင်ပင်ခံရာထူးကို ဆက်ယူထားမလားဆိုတာကလည်း တွက်ဆနေဆဲ ဖြစ်ပါတယ်။








