အမျိုးသားရေး၊ နန်းတော်၊ ဗိုလ်ချုပ်များနဲ့ ထိုင်းဒီမိုကရေစီ

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းဒီမိုကရေစီတော်လှန်ရေးထဲက တပ်သားများ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

၁၉၃၂ သွေးမြေမကျ တော်လှန်ရေးနဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ကို စည်းမျဉ်းခံဘုရင်စနစ် ပြောင်းခဲ့တဲ့ ထိုင်းမှာ အာဏာသိမ်းပွဲတွေ အကြိမ်ကြိမ်ဖြစ်ပြီး စစ်ဗိုလ်ချုပ်တွေ ကြီးစိုးခဲ့ပါတယ်။ ၁၉၃၃ ကနေ ၂ဝ၁၄ ထိ ထိုင်းမှာ အာဏာသိမ်းပွဲ တဒါဇင်မက ဖြစ်ပွားခဲ့ပြီး ဖွဲ့စည်းပုံဥပဒေ အကြိမ် ၂ဝ ပြင်ဆင်ရေးဆွဲခဲ့ပါတယ်။ သက်တမ်းအရှည်ဆုံး ဖွဲ့စည်းပုံက ၁၄ နှစ်ခံတဲ့ ၁၉၃၂ ဖွဲ့စည်းပုံ ဖြစ်ပြီး ကြားဖြတ်အခြေခံဥပဒေတွေလည်း ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးခေတ် ထိုင်းနိုင်ငံရေးကို ဘုရင့်နန်းတော်နဲ့ နီးစပ်တဲ့ စစ်ဗိုလ်ချုပ်တွေက ကြိုးကိုင်ခဲ့ပြီး ဗိုလ်ချုပ်အချင်းချင်း တန်ပြန်အာဏာသိမ်းပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

အာဆီယံဒေသထဲက မြန်မာနဲ့ အင်ဒိုနီးရှားမှာလည်း ထိုင်းလိုပဲ စစ်ဗိုလ်ချုပ်တွေ ကြီးစိုးတဲ့ နိုင်ငံရေးထွန်းကားခဲ့ပေမယ့် ဗိုလ်နေဝင်း၊ ဆူဟာတိုနဲ့ ဗိုလ်သန်းရွှေ စတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက နိုင်ငံကို ဆယ်စုနှစ်တွေနဲ့ချီ အုပ်ချုပ်ခဲ့တာပါ။ ထိုင်းမှာတော့ ၁၉၃ဝ ကျော်ကစပြီး စစ်ဗိုလ်ချုပ်အမျိုးမျိုးနဲ့ အရပ်သားတွေကြား နိုင်ငံရေး အာဏာလွန်ဆွဲပွဲက အနှစ် ၉ဝ ကျော်ကြာရှည်ခဲ့ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယိုးဒယားက ထိုင်းပြောင်းစေခဲ့သူ ဆွန်ဂရမ်

အမျိုးသားရေးနဲ့ ဗိုလ်ချုပ်သင်္ကြန်

ထိုင်းရဲ့ ပထမဆုံး ဝန်ကြီးချုပ် နီတိသဒါကို ၁၉၃၃ မှာ ဖြုတ်ချခဲ့တဲ့ ဗိုလ်မှူးကြီး ဖယားဖာဟုန်ဟာ ၁၉၃၂ တော်လှန်ရေးကို ခေါင်းဆောင်ခဲ့တဲ့ ပြည်သူ့ပါတီ ကြည်းတပ်အုပ်စုက ဖြစ်ပါတယ်။ ဂျာမနီမှာ စစ်ပညာသင်ခဲ့ပြီး မင်းသားနဲ့ ကျောက်ဖယားဘွဲ့ခံ နန်းတွင်းသား မှူးမတ်တွေ ကြီးစိုးခဲ့တဲ့ တပ်ချုပ်ရာထူးကို ၁၉၃၂ မှာ ရရှိခဲ့ပါတယ်။ ဖယားဖာဟုန်နဲ့အတူ တော်လှန်ရေးမှာ ပါခဲ့တဲ့ မာရှယ်ပီးဗူဆွန်ဂရမ်က ၁၉၃၈ မှာ ဝန်ကြီးချုပ်ဖြစ်ပြီး စစ်တပ်ကို လက်ကိုင်ပြုပြီး ထိုင်းအမျိုးသားစိတ်ဓာတ် လှုံ့ဆော်ရေးကို လုပ်တယ်လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဖော်ပြပါတယ်။ ဆွန်ဂရမ်ကို သင်္ကြန်ဆိုပြီးလည်း စာရေးဆရာတက်တိုးက အသံဖလှယ်ခဲ့ပါတယ်။

ဆွန်ဂရမ်ဟာ မဟာထိုင်းမျိုးချစ်စိတ်ကို ထူထောင်ပြီး နိုင်ငံကို အသွင်ပြောင်းသလို စစ်အတွင်းမှာ ဂျပန်နဲ့ ပူးပေါင်းပြီး မဟာမိတ်ဘက်ကို စစ်ကြေညာခဲ့ပါတယ်။ စစ်ရေးမလှချိန် ၁၉၄၄ မှာ တာဝန်က နုတ်ထွက်ရသလို စစ်ပြီးချိန်မှာ သူ့ကို ဖက်ဆစ်နဲ့ ပူးပေါင်းမှုနဲ့ ရုံးတင်စစ်ခဲ့ပေမယ့်လည်း လူထောက်ခံမှုများသူ ဖြစ်လို့ ပြန်လွှတ်ပေးခဲ့ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခေတ်မီစစ်တပ်နဲ့ ထိုင်းအမျိုးသားရေးလှုံ့ဆော်ခဲ့

စစ်ပြီးခေတ် ၁၉၄၈ အာဏာသိမ်းပွဲအပြီး ထိုင်းနိုင်ငံရေး စင်မြင့်ပေါ် ပြန်တက်လာတဲ့ ဆွန်ဂရမ်ဟာ အရင်လောက် သြဇာမကြီး မီးမသေတော့ဘဲ ရဲချုပ် ဂျင်နရယ်ဖောင်နဲ့ ဗိုလ်ချုပ်ကြီး ဆရစ်တို့ကြား ရန်စောင်မှုကို ထိန်းညှိနေခဲ့ရပြီး မအောင်မြင်တဲ့ အာဏာသိမ်းပွဲတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ ဆွန်ဂရမ်နဲ့ သူ့ရှေ့က ဖယားဖာဟုန်တို့နှစ်ယောက်လုံးဟာ ဝန်ကြီးချုပ်နဲ့ တပ်ချုပ်တာဝန်ကို ပူးတွဲယူတဲ့ စစ်ဗိုလ်ချုပ်တွေ ဖြစ်ပေမယ့်လည်း အနောက်တိုင်းမှာ ပညာသင်ခဲ့ကြသူတွေဖြစ်လို့ ထိုင်းနိုင်ငံမှာ အနောက်တိုင်းပုံစံ ဒီမိုကရေစီပြန့်ပွားစေလိုတဲ့စိတ်ရှိတယ်လို့ ဖရန့်စီဒါလင်ရဲ့ မာရှယ်ဆရစ်နဲ့ ထိုင်းက အကြွင်းမဲ့အုပ်ချုပ်ရေး ဆောင်းပါးမှာ ရေးပါတယ်။ ဆွန်ဂရမ်ဟာ ပထမသက်တမ်းမှာ ဖက်ဆစ်ဆန်ခဲ့ပေမယ့် စစ်ပြီးခေတ်မှာတော့ ကွန်မြူနစ်ဆန့်ကျင်ရေးနဲ့ အမေရိကန်ဒီမိုကရေစီလမ်းကို ရွေးချယ်ခဲ့ပြီး ၁၉၅၄ မှာ ထိုင်းနိုင်ငံဟာ ဆီးတိုးခေါ် အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ဝင် ဖြစ်လာပါတယ်။

၁၉၃၃ ကနေ ၁၉၅၂ ထိ အရွေးကောက်ခံတဝက်နဲ့ နန်းတော်ကခန့်တဲ့ အမတ်တဝက်နဲ့ ဖွဲ့စည်းခဲ့တဲ့ ထိုင်းလွှတ်တော်ဟာ ၁၉၅၇ ကျမှ အပြည့်အဝ ရွေးကောက်ခံ လွှတ်တော်ဖြစ်လာပါတယ်။ အဲဒီနှစ်မှာပဲ ဆွန်ဂရမ်အာဏာသိမ်းခံရလို့ နိုင်ငံက ထွက်ပြေးပြီး ဂျပန်မှာ ကွယ်လွန်ခဲ့ပါတယ်။

သူဟာ ၁၅ နှစ်ကျော် အုပ်ချုပ်ခွင့်ရခဲ့တဲ့ သက်တမ်းအရှည်ဆုံး ထိုင်းဝန်ကြီးချုပ်လည်း ဖြစ်ပါတယ်။ ၁၉၅၅ မှာ မြန်မာပြည်ကို လာတဲ့ မာရှယ်ဆွန်ဂရမ်ကို မြန်မာပြည်က အဂ္ဂမဟာသီရိသုဓမ္မဘွဲ့ အပ်နှင်းခဲ့ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘုရင့်သြဇာကို တက်စေတဲ့ မာရှယ်ဆရစ်

ဘုရင့်သစ္စာခံ စစ်အစိုးရ စ

အမေရိကန်နဲ့ နန်းတွင်းထောက်ခံမှုရတဲ့ မာရှယ်ဆရစ်ဟာ လွှတ်တော်ကြီးစိုးတဲ့ ထိုင်းနိုင်ငံရေးကို မနှစ်ခြိုက်သူလို့ ဖရန့်စီဒါလင်က ရေးပါတယ်။ ဒါကြောင့် သူ့လက်ထက်မှာ ဗိုလ်ချုပ်ကြီးရှားဒဂိုးရဲ့ ပြင်သစ်ပဉ္စမသမ္မတနိုင်ငံပုံစံ ခိုင်မာပြီး အာဏာပိုရှိတဲ့အစိုးရမျိုး ထူထောင်ပါတယ်။ သူနဲ့ သူ့ကိုဆက်ခံတဲ့ ဗိုလ်ချုပ်ကြီး သနွမ် ကစ်တီကာချွန်တို့ လက်ထက် အမေရိကန်ဘက်ယိမ်းပြီး ခေတ်မီဖွံ့ဖြိုးရေးကို အားပေးတဲ့၊ ဘုရင်စနစ်ကို သစ္စာခံတဲ့ စစ်အစိုးရစနစ်ကို စတင်ခဲ့ပါတယ်။ ဆရစ်အုပ်ချုပ်ရေးဟာ ၁၉၃၂ ကတည်းက ထိုင်းမှာကြီးစိုးခဲ့တဲ့ ပြည်သူ့ပါတီခေါ် တော်လှန်ရေးအုပ်စုရဲ့ စစ်ဘက် အရပ်ဘက်အစိုးရတွေကို ဆုံးခန်းတိုင်စေပြီး နန်းတွင်းသြဇာ ပြန်တက်လာစေတာ ဖြစ်ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆန္ဒပြပွဲတွေနဲ့ ဆူဝေနေခဲ့တဲ့ ဘန်ကောက်မြို့တော်

အမေရိကန်အကူအညီနဲ့ ဗီယက်နမ်စစ်အတွင်းမှာ တိုးတက်လာခဲ့တဲ့ ထိုင်းနိုင်ငံမှာ လူလတ်တန်းစားသစ် ပေါ်ထွန်းလာပြီး မြို့ပြဖွံ့ဖြိုးမှုတွေ ရှိလာပေမယ့် ကျေးလက်လယ်သမားတွေကြားမှာ ကွန်မြူနစ်သြဇာ ကြီးလာပါတယ်။ အာဏာရှင်အုပ်ချုပ်ရေးကို မနှစ်သက်လို့ မြို့ပေါ်ဆန္ဒပြပွဲတွေ ဖြစ်လာပြီး အသေအပျောက် များလာတဲ့အတွက် ၁၉၇၃ မှာ မာရှယ်ကစ်တီကာချွန်ကို ဘုရင်က နုတ်ထွက်စေပါတယ်။ ဒါဟာ ၁၉၃၂ နောက်ပိုင်း ထိုင်းနိုင်ငံရေးမှာ ဘုရင်က ပထမဆုံးအကြိမ် ပြန်လည်ပါဝင်တာဖြစ်ပါတယ်။

၁၉၇၆ မှာ ကစ်တီကာချွန် ထိုင်းကို ပြန်လာပြီးနောက် သမ္မာဆတ် တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြကြရာက ပစ်ခတ်နှိမ်နင်းခံရပြီး ၂ နှစ်ဆက်တိုက် အာဏာသိမ်းပွဲတွေ ဖြစ်ပါတယ်။ ဒီတခါမှာတော့ အလယ်အလတ်ယိမ်းတဲ့ စစ်အစိုးရတက်ပြီး ကွန်မြူနစ်သူပုန်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူကြိုက်များတဲ့ ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်ဒါ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဝလုံးစက္ကူကပ် ဒီမိုကရေစီ

၁၉၈ဝ မှာ ကမ္ဘောဒီးယားကို သိမ်းထားတဲ့ ဗီယက်နမ်ရဲ့ နယ်စပ်ကျူးကျော်မှုတွေနဲ့ အင်ဒိုချိုင်းနား ဒုက္ခသည် ပြဿနာတွေ ရင်ဆိုင်ရပြီးနောက် ဗိုလ်ချုပ်ကြီး ခရိန်ဆတ် နုတ်ထွက်ပါတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီး ပရမ်တင်ဆူလာနွန်ဒါ သက်တမ်းသုံးဆက်တင်မြှောက်ကြလို့ ၈ နှစ်အုပ်ချုပ်ပါတယ်။ ဆူလာနွန်ဒါလက်ထက်မှာ မအောင်မြင်တဲ့ အာဏာသိမ်းပွဲတွေ ကြုံခဲ့ရပေမယ့် နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်တင်ပေးခဲ့လို့ သူ့ကို လူအများက လေးစားကြပါတယ်။ သူ့လက်ထက်အစက စီးပွားရေးမပြေလည်မှုတွေကိုလည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ ၁၉၈၈ ရွေးကောက်ပွဲအပြီးမှာတော့ ဗိုလ်ချုပ်ကြီးဟောင်း ချက်တီချိုင်း ချွန်ဟာဗန်ကို ၁၂ နှစ်အတွင်း ပထမဆုံး ဒီမိုကရေစီနည်းအရ ရွေးကောက်တဲ့ ဝန်ကြီးချုပ်အဖြစ် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း ချက်တီချိုင်းကို ပါလီမန်အာဏာရှင်ဆန်တယ်ဆိုပြီး ၁၉၉၁ မှာ စစ်အာဏာသိမ်းမှုနဲ့ ကြုံခဲ့ရပြန်ပါတယ်။

ဒီတခါမှာတော့ အစိုးရအရာရှိကြီးဖြစ်တဲ့ အာနန်ပရာချွန်ကို ဝန်ကြီးချုပ်ခန့်ပါတယ်။ အဲဒီနောက် ၁၉၉၂ ရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်ကြီး ဆူချင်ဒါ ကရာပရာယွန်းကို ဝန်ကြီးချုပ်ခန့်ရာကနေ ဆန္ဒပြပွဲတွေဖြစ်ပွားပြီး နှိမ်နင်းခံရသလို ဆူချင်ဒါ ကရာပရာယွန်းလည်း နုတ်ထွက်ရပါတယ်။ ဒီတခါလည်း ဘုရင် ကြားဝင်ရပါတယ်။

အဲဒီနောက် ချွမ်လိပိုင်နဲ့ ချာဗာလစ် ရောင်ချာယုစတဲ့ ရွေးကောက်ခံ ဝန်ကြီးချုပ်တွေ တက်ပြီး ၂ဝဝ၁ မှာ သက်ဆင်ရှင်နာဝပ်တက်လာခဲ့ပါတယ်။ သက်ဆင်ဟာ ထိုင်းရဲ့ ပထမဆုံး သက်တမ်းပြည့် တာဝန်ထမ်းဆောင်ရတဲ့ ဝန်ကြီးချုပ် ဖြစ်သလို နောက်ရွေးကောက်ပွဲနဲ့လည်း ပြန်တက်လာနိုင်သူဖြစ်ပါတယ်။ ဒါပေမဲ့ သူလည်း ၂ဝဝ၆ မှာ အာဏာသိမ်းပွဲနဲ့ ကြုံရပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံကို တခေတ်ပြောင်းစေတဲ့ သက်ဆင်

သက်ဆင်အုပ်စုနဲ့ စစ်တပ်

သက်ဆင်ဟာ ဘန်ကောက်လူလတ်တန်းစားအခြေခံ တခြားအရပ်သားဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ဟောင်းဝန်ကြီးချုပ်တွေနဲ့မတူဘဲ အရှေ့မြောက်ဒေသအခြေခံ ကျေးလက်မဲနဲ့ တက်လာတဲ့ ဝန်ကြီးချုပ်ဖြစ်လို့ ဆင်းရဲမှု လျှော့ချရေးနဲ့ နိုင်ငံသားတိုင်းအတွက် ပထမဆုံး ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ဖော်ဆောင်ရေးတွေနဲ့ လူထုထောက်ခံမှု ကြီးခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၇ အာရှဘဏ္ဍာရေး အကျပ်အတည်းကြောင့် နှစ် ၄ဝ စီးပွားရေးဖွံ့ဖြိုးမှု ရွှေခေတ်က လှုပ်နှိုးခံလိုက်ရတဲ့ ထိုင်းနိုင်ငံမှာ သုဝဏ္ဏဘူမိလေဆိပ်တည်ဆောက်ရေးအပါအဝင် လမ်းတံတားအခြေခံအဆောက်အအုံတွေ တိုးတက်ဖို့ စီမံကိန်းကြီးတွေကိုလည်း သက်ဆင်ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ မူးယစ်နှိမ်နင်းရေးနဲ့ ထိုင်းတောင်ပိုင်းသူပုန်ထမှုကို ကိုင်တွယ်ရာမှာတော့ သတ်ဖြတ်မှုတွေများလို့ ကြမ်းတယ်ဆိုပြီး ဝေဖန်ခံရပါတယ်။ ဒေါ်လာ ၅၆ သန်းတန် သူ့ပိုင်ဆိုင်မှုတွေကို မကြေညာဘူးဆိုပြီး ခြစားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးလာသလို ခြစားမှု၊ အာဏာရှင်ဆန်မှု၊ လူအုပ်ရဲ့ ဒေါသကိုဆွပြီး သြဇာထူထောင်မှုတွေရှိတယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ အဲဒီနောက် ရှင်းကော်ပိုရေးရှင်းက သက်ဆင်မိသားစုပိုင်ဆိုင်မှုတွေ ရောင်းချတာကို ကန့်ကွက်တဲ့ ရှပ်ဝါလှုပ်ရှားမှု ပေါ်လာပြီး အာဏာသိမ်းဖြုတ်ခံရတဲ့အဆင့်ထိ ရောက်ခဲ့ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထိုင်းနိုင်ငံကို ၁၀ နှစ်နီးပါးချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်

သက်ဆင် ထိုင်းနိုင်ငံရေးမှာ ပြန်ပါမလာနိုင်ပေမယ့် သူ့ပါတီကတော့ နာမည်ပြောင်းပြီး ရွေးကောက်ပွဲတွေ ဆက်နိုင်နေခဲ့ပါတယ်။ သက်ဆင်ထောက်ခံတဲ့ ရှပ်နီတွေနဲ့ ဘုရင့်ထောက်ခံတဲ့ ရှပ်ဝါတွေကြားက အားပြိုင်မှုကြောင့်လည်း ထိုင်းနိုင်ငံရေး ကသောင်းကနင်းဖြစ်ခဲ့ပါတယ်။

၂ဝ၁၁ မှာ သူ့နှမ ရင်လတ်ရှင်နာဝပ် ဝန်ကြီးချုပ်ဖြစ်လာပြီး အောင်မြင်ခဲ့ပေမယ့် ၂ဝ၁၄ မှာ အာဏာသိမ်းတာခံခဲ့ရပြန်ပါတယ်။ အဲဒီနောက် ကိုးနှစ်တာကို အာဏာသိမ်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ကြိုးကိုင်ထားပြီး ဖိနှိပ်မှု ပြင်းထန်တယ်ဆိုပြီး ဝေဖန်ခံရသလို ထိုင်းမှာ ဘယ်ပါတီနိုင်နိုင် စစ်တပ်ထိန်းချုပ်မှုနဲ့မလွတ်တဲ့ အစိုးရပဲ ဖွဲ့နိုင်တဲ့ ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်တယ်ဆိုပြီး ပြစ်တင်ခံရပါတယ်။ လက်ရှိနိုင်ငံရေးစနစ်ကို မကြိုက်တဲ့ ဆန္ဒပြပွဲကြီးတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘန်ကောက်မြို့လယ်က ဒီမိုကရေစီကျောက်တိုင်

ရေပွက်ပမာ ထိုင်း ဝင်္ကပါ

ထိုင်းနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးကို မကြာခဏစွက်ဖက်လွှမ်းမိုးတယ်ဆိုပေမယ့် ဒီမိုကရေစီရာသီဥတုကောင်းတဲ့ နှစ်တိုကာလတွေလည်း ရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးစ ၁၉၄၆ မှာ ထိုင်းအရပ်သားခေါင်းဆောင်ကြီး ပရီဒီဘန်နိုမြောင် အာဏာရခဲ့တဲ့ အချိန် ရှိခဲ့ဖူးပြီး ၁၉၇၅ နဲ့ ၁၉၇၆ ကြားမှာလည်း ဆီနီနဲ့ ကူကရစ်ပရာမို့တို့ ညီအစ်ကို အုပ်ချုပ်ခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံရေးမှာ နန်းတော်၊ စစ်တပ်နဲ့ အရပ်ဘက် အင်အားစုတွေကြား အာဏာလွန်ဆွဲပွဲနဲ့ အုပ်စုဖွဲ့ အာဏာယူမှုတွေ ပြွမ်းတီးနေတဲ့အတွက် ရှုပ်ထွေးမှုတွေများပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက် အုပ်စုကွဲတွေကြား ညှိနှိုင်းရေးနဲ့ နိုင်ငံတကာ ဝေဖန်မှု လျော့ပါးရေးအတွက် ကြားလူကို တင်တာမျိုးလည်း ရှိတတ်ကြောင်း ဒေးဗစ်ဝီလ်ဆင်ရဲ့ ထိုင်းနိုင်ငံရေးစာအုပ်မှာ ပါရှိပါတယ်။ ၁၉၃၂ တော်လှန်ရေးအပြီးမှာတောင် ဖြုတ်ချခံရတဲ့ သတ္တမ ရာမ ဘုရင်နဲ့ တော်လှန်ရေးအုပ်စုတွေကြား အပြန်အလှန် တောင်းပန် ရင်ကြားစေ့ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး သဘောထားကွဲတဲ့ အရပ်ဘက် နိုင်ငံရေးအုပ်စုက အာဏာရအရပ်သားအစိုးရကို ဖြုတ်ချဖို့ စစ်တပ်နဲ့ ပူးပေါင်းတာတွေကလည်း ထိုင်းမှာ အကြိမ်ကြိမ် ဖြစ်ခဲ့ပါတယ်။

မြန်မာနဲ့ မတူတာကတော့ အာဏာမဲ့သွားတဲ့အုပ်စုကို ပြန်ခေါင်းမထောင်နိုင်အောင် မဖိနှိပ်တာနဲ့ စစ်တပ်ကို ဆန့်ကျင်ပုန်ကန်တဲ့ နိုင်ငံရေးအုပ်စုရယ်လို့ ကွန်မြူနစ်တွေရဲ့ ၁၈ နှစ်ပုန်ကန်မှုနဲ့ ထိုင်းတောင်ပိုင်းက ပတ္တနီခွဲထွက်ရေး ပုန်ကန်မှုသာ ရှိပါတယ်။ နောက်ပြီး ထိုင်းစစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးသမားတွေ နီးစပ်မှု၊ အမေရိကန်နဲ့ အနောက်အုပ်စုအပါအဝင် ကမ္ဘာ့အဝန်းအဝိုင်းနဲ့ ထိတွေ့နေမှုတွေကလည်း မြန်မာစစ်ခေါင်းဆောင်တွေထက်ပိုပြီး နိုင်ငံရေးကစားကွက် သာစေပါတယ်။

ထိုင်းနိုင်ငံမှာ အရပ်သားနဲ့ စစ်တပ်ကြား နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေ ဘယ်ချိန်ထိ ဆက်ဖြစ်နေမယ် မသိရပေမယ့် ဒီမိုကရေစီ၊ ဖွံ့ဖြိုးရေးနဲ့ နိုင်ငံတည်ငြိမ်ရေးကိစ္စတွေကိုတော့ အင်အားစုတိုင်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။

thailand

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စေတီပေါက်ထားတဲ့ ထိုင်းပါလီမန်သစ်