၂၇ နှစ်အကြာမှာ ပြည်တော်ပြန်လာတဲ့ ထိုင်းဘုရင့်သား

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဂျိုနသန်ဟက်
- ရာထူးတာဝန်, ဘီဘီစီ ဘန်ကောက်
ထိုင်းနိုင်ငံထဲမှာ အခုတလော မပြီးနိုင်မစီးနိုင် ဖြစ်ပျက်နေတဲ့ အစိုးရသစ်ဖွဲ့ရေး၊ ဝန်ကြီးချုပ်ခန့်ရေး အငြင်းအခုံတွေ လွန်ဆွဲပွဲတွေ ကြားမှာပဲ ထိုင်းလူထုမျှော်လင့်မထားတဲ့ သူ တစ်ယောက် နိုင်ငံထဲကို ရောက်လာခဲ့ပါတယ်။ သူကတော့ မွေးဇာတိ ထိုင်းနိုင်ငံကနေ ၂၇ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ အသက် ၄၂ နှစ် အရွယ် ထိုင်းရှေ့နေတစ်ယောက်ပါ။ အမေရိကန်ကနေ ရောက်လာတာပါ။
ဝါ့ချာရေဆွန် ဝိဝါချရာဝေါင်ဟာ ထိုင်းဘုရင် ဝချီရာလောင်ကွန်ရဲ့ စွန့်ပစ်ခံထားရတဲ့ သားလေးယောက်ထဲက ဒုတိယသားပါ။ ဒီသားတွေကို ဘုရင်က တော်ဝင်အဆောင်အယောင်တွေ ရုပ်သိမ်းထားပြီး အခုအထိလည်း နန်းဆက်စံခွင့် ရှိသူစာရင်းထဲမှာ မပါကြပါဘူး။ ဒါပေမဲ့ ဘုရင်ရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလို့ အားလုံး တညီတညွတ်တည်း လက်ခံထားကြတဲ့ အကြီးဆုံးသမီးတော် မင်းသမီး ပတ်ချရတ်ကစ်တီယာပါ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက လမ်းလျှောက်နေရင်းလဲကျသွားရာက ပြန်ထမလာနိုင်တော့လို့ ဘုရင့်နေရာဘယ်သူဆက်ခံမလဲ ဆိုတဲ့ ပြဿနာရှိလာပါတယ်။ မင်းသမီးဟာ အဲဒီကတည်းက သတိပြန်မလည်လာတော့ အခုအထိပါ။ ပြန်ကောင်းလာဖို့လည်း မရှိတော့ဘူးလို့ သိထားကြပါတယ်။
စွန့်ပစ်ထားတဲ့ သားတွေထဲက တစ်ယောက်ယောက်ကို ဘုရင်က စိတ်ပြေလို့ အဆောင်အယောင်တွေ ပြန်နှင်းပြီး ပြန်ခေါ်မယ်၊ တော်ဝင်မိသားစုထဲ ပြန်သွင်းပြီး တာဝန်တချို့ ပေးကောင်းပေးလိမ့်မယ်လို့ ထိုင်းနိုင်ငံထဲမှာ ခန့်မှန်းပြောဆိုမှုတွေကတော့ ရှိနေတာ နှစ်ချီနေပါပြီ။ အခု ဝါ့ချာရေဆွန်ရုတ်တရက် ပြန်ရောက်လာတာက အဲဒီလို နေရာပြန်ပေးဖို့ရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ နန်းတော်ဘက်ကတော့ ဘာမှ အခုအထိ တရားဝင်ထုတ်ပြန်တာမျိုး မလုပ်သေးပါဘူး။
မစ္စတာဝါချာရေဆွန်ဟာ ဘုရင်ကြီးဝချီရာလောင်ကွန် အိမ်ရှေ့စံမင်းသားအဖြစ်နဲ့ရှိစဥ် လက်ထပ်ခဲ့တဲ့ ဒုတိယဇနီးသည် မင်းသမီးဟောင်း ဆူချီရာနီးနဲ့ ရခဲ့တဲ့ သားသမီး ငါးယောက်ထဲက တစ်ယောက်ပါ။ မင်းသားက အဲဒီဇနီးကို ၁၉၉၆ မှာ ကွာရှင်းခဲ့ပါတယ်။
မိခင်နဲ့အတူ စွန့်ပစ်ခံရတဲ့ သားတွေ
အဲဒီအချိန်က ယူကေမှာ ကျောင်းတက်နေတဲ့ မစ္စတာဝါ့ချာရေဆွန်နဲ့ ညီအစ်ကိုသုံးယောက်တို့ကို သူတို့မိခင်နဲ့အတူ ထိုင်းနိုင်ငံက နှင်ထုတ်ခံခဲ့ရတဲ့အတွက် သူတို့အဲဒီအချိန်ကတည်းက အမေရိကန်ကို ရောက်သွားပြီး နေထိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ ညီမ သီရိဝဏ္ဏဝါရီကိုတော့ မင်းသမီးအရာပေးပြီး ထိုင်းကိုပြန်ခေါ်လို့ ဖခင်နဲ့အတူ နေခဲ့ရပါတယ်။
သားလေးယောက်စလုံးက အရင်က စာတွေရေးပြီး ဖခင်ကြီးကို သူတို့အပေါ်အမျက်မထားပဲ ကြေအေးဖို့၊ ထိုင်းနိုင်ငံကို ပြန်လာခွင့်ပြုဖို့တောင်းပန်ခဲ့ပေမဲ့ အရာမထင်ခဲ့ပါဘူး။
၂၇ နှစ်ကြာမှ ပြန်ရောက်လာတဲ့ ဝါ့ချာရေဆွန်ဟာ ပထမသုံးရက်မှာတော့ အလည်လာတဲ့ ခရီးသွားတစ်ယောက်လိုပဲ ဘန်ကောက်မြို့ကို လှည့်ကြည့်၊ ဘုရားတွေသွား၊ ထိုင်းစာတွေစား၊ တုတ်တုတ်လိုက်စီးတာတွေ လုပ်နေခဲ့ပါတယ်။ သူ့ကို မေးခဲ့တဲ့သတင်းထောက်တွေကို သူက အခုလို ပြန်လာနိုင်တာဟာ သူ့အတွက် အိပ်မက်တစ်ခု အကောင်အထည်ပေါ်လာတာပဲလို့ ပြောပါတယ်။
ဒါပေမဲ့ တစ်ဖက်မှာလည်း သူဟာ တာဝန်ထမ်းဆောင်တဲ့လုပ်ငန်းမျိုးတွေ လုပ်လာတာကို တွေ့နေရပါတယ်။ သူ့ဖခင် ဘုရင်ကြီးက ခန့်ထားတဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးသာသနာပိုင် ဆရာတော်ကြီးကို သွားဖူးခဲ့သလို နန်းတော်က တည်ထောင်ထောက်ပံ့ထားတဲ့ ကလေးစောင့်ရှောက်ရေး ဂေဟာတစ်ခုကိုလည်း သွားခဲ့ပါတယ်။ ဒါတွေလုပ်နေတာဟာ သူ ထမ်းဆောင်ရမယ့် တော်ဝင်မိသားစုရဲ့ တာဝန်တွေကို လုပ်ပြလာတာလို့ အဓိပ္ပာယ်ဖော်သူ ထိုင်းတွေလည်း အများကြီး ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမေရိကန်ရောက်ထိုင်းတွေကြား ရေပန်းစားသူ
အမေရိကန်မှာ နေနေတုန်းကတော့ သူဟာ ညီအစ်ကို လေးယောက်ထဲမှာ အတက်ကြွဆုံးလို့ ပြောနိုင်သူပါ။ ထိုင်းလူမျိုးတွေရဲ့ ပွဲတွေ လှုပ်ရှားမှုတွေမှာ သူ့ကို အမြဲလိုတွေ့ရတတ်ပြီး ထိုင်းဘုရင်စနစ်ကိုလည်း အပွင့်လင်းဆုံးထောက်ခံပြခဲ့သူ ဖြစ်ပါတယ်။
ညီအစ်ကိုတွေအထဲမှာလည်း သူဟာ တော်ဝင်မိသားစုတာဝန်တွေကို ယူဖို့ အသင့်တော်ဆုံးနဲ့ ကိုယ်တိုင်လည်း စိတ်ဝင်စားမှုအရှိဆုံးလို့ ဆိုနိုင်ပါတယ်။
ထိုင်းနိုင်ငံမှာ ဘုရင်နဲ့အတူ နေနေကြတဲ့ သူရဲ့ သားသမီးတွေထဲမှာတော့ ပြီးခဲ့တဲ့နှစ်က မေ့မြောလဲကျသွားတဲ့ မင်းသမီးပတ်ချရတ်ကစ်တီယာပါက အရည်အချင်းအပြည့်ဆုံးဖြစ်ပါတယ်။ သူက ကိုယ်တိုင်ဥပဒေပညာရှင်တစ်ယောက်ဖြစ်ပြီး ကုလသမဂ္ဂမှာ အလုပ်လုပ်ဖူးသလို သြစတီးယားနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်လည်း လုပ်ခဲ့ဖူးသူပါ။
ဘုရင်ရဲ့ အငယ်ဆုံးသားတော် အသက် ၁၈ နှစ်အရွယ် မင်းသားဒီပန်ကွန်က ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးတဲ့ ရောဂါခံစားနေရလို့ အစ်မတော်မင်းသမီး ပတ်ချရတ်ကစ်တီယာပါက သူ့ကို ထိန်းသိမ်းစောင့်ရှောက်ရင်း အထိန်းတော်မင်းသမီးကြီး အဖြစ်နေမလား၊ ကိုယ်တိုင်ဘုရင်မ ဖြစ်လာမလားဆိုတာ ထိုင်းနိုင်ငံထဲမှာ ခန့်မှန်းမှုတွေ အမျိုးမျိုး ရှိနေခဲ့ပါတယ်။ ထိုင်းရဲ့ နိုင်ငံနန်းလျာဆက်ခံမှုဥပဒေမှာ ဘုရင်ကို သူ့ကိုဆက်ခံမယ့်သူကို ရွေးချယ်ခန့်ထားခွင့်ပေးထားပါတယ်။ အခုအထိတော့ ဘုရင် ဝချီရာလောင်ကွန်က အဲဒါဘယ်သူဖြစ်မယ်ဆိုတာ ကြေညာတာမျိုး မရှိသေးပါဘူး။
ဒီတော့ အခုပြည်တော်ပြန်လာတဲ့ ဝါ့ချာရေဆွန်တစ်ယောက် အဲဒီ ဆက်ခံသူနေရာ ရောက်လာမှာလား၊ သူဟာ အမေရိကန်မှာလည်း အောင်မြင်သူ၊ လူကြိုက်များသူတော့ ဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံအရေးစောင့်ကြည့်လေ့လာသူတွေကတော့ အခုချက်ချင်း ပြောဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုကြပါတယ်။
စမ်းသပ်တဲ့ခရီးစဥ်
ဖြစ်နိုင်တာကတော့ အခုခရီးဟာ သူ့အတွက် မြေစမ်းခရမ်းပျိုး အခြေအနေတွေကို ကြည့်တဲ့ခရီးလောက်ပဲ ဖြစ်ပါလိမ့်မယ်။ နောက်ပိုင်းမှာလည်း ဒီလိုပဲ နိုင်ငံထဲပြန်လာ၊ လူထုကြားမှာ တော်ဝင်နန်းတော်ရဲ့ တာဝန်တွေကို တစ်စတစ်စယူလာပြီး သူ ဘယ်လိုလုပ်ဆောင်မလဲ ဆိုတာကြည့်ကြ အကဲဖြတ်ကြလုပ်တာမျိုး ဖြစ်နိုင်ပါတယ်။ ထိုင်းနိုင်ငံ တော်ဝင်ထီးနန်းရဲ့ ရှုပ်ထွေးပြီးတင်းကျပ်တဲ့ ထုံးစံဓလေ့တွေ အစဥ်အလာတွေကို သူဘယ်လို ခံယူမလဲ၊ လုပ်ဆောင်မလဲဆိုတာကိုလည်း ကြည့်ကြဦးမှာ ဖြစ်ပါတယ်။
တစ်ခါ ဘုရင် ဝချီရာလောင်ကွန်ရဲ့ သဘောထားက ဘယ်လိုဆိုတာကလည်း သိရဖို့ မဖြစ်နိုင်သလောက်ပါပဲ။ သူ့ရဲ့ အနီးကပ်အတွင်းလူတွေဆိုတာ ဘုရင်ရဲ့ စိတ်သဘောတော်နဲ့ တွေ့ရင်တွေ့သလို မတွေ့တဲ့အခါ မတွေ့သလို လွင့်သွား ပျောက်သွားတတ်တာတွေကလည်း ရှိထားပါတယ်။
ဒါကြောင့် အခု သူ့သားရဲ့ အိမ်အပြန်ခရီးကို စီစဥ်သူတွေကတော့ အစစအရာရာကို သတိကြီးကြီးနဲ့ လုပ်နေကြမှာ ဖြစ်ပါတယ်။








