ထိုင်း - သက်ဆင်ရဲ့ အိမ်ပြန်ချိန်

၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံထဲကနေ ထွက်ခွါချိန်မြင်တွေ့ရတဲ့ သက်ဆင် ရှင်နာဝပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၈ ခုနှစ်မှာ ထိုင်းနိုင်ငံထဲကနေ ထွက်ခွါချိန်မြင်တွေ့ရတဲ့ သက်ဆင် ရှင်နာဝပ်

ပြည်ပမှာ ၁၅ နှစ်ကြာ ခိုလှုံနေတဲ့ ထိုင်းဘီလျံနာသူဌေးကြီးလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ရှင်နာဝပ်ဟာ သြဂုတ်လ ၁၀ ရက်မှာ ထိုင်းနိုင်ငံကို ပြန်လာတော့မှာပါ။

ဒါပေမဲ့ မစ္စတာ သက်ဆင်ဟာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့အမှုတွေအတွက် နိုင်ငံတွင်းကိုပြန်ဝင်လာတဲ့ ပထမဆုံးနေ့မှာပဲ ဘန်ကောက်မြို့က အကျဥ်းထောင်ကိုခေါ်ဆောင်ခံရမှာပါ။

ထိုင်းနိုင်ငံရဲ့ လက်ရှိ ယာယီတရား‌ရေးဝန်ကြီး ဝိသာနုခီရာနန် Wissanu Krea-ngam ကတော့ မစ္စတာသက်ဆင်ဟာ ထောင်ကိုသွားရတဲ့ ပထမဆုံးနေ့မှာပဲ ထိုင်းဘုရင်မင်းမြတ်ကပေးတဲ့ တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားလို့ရတယ်လို့ပြောပါတယ်။

''ထောင်ဒဏ် ပထမနေ့မှာ အသနားခံစာလွတ်ငြိမ်းချမ်းသာခွင့်ကို အကျဉ်းသားအားလုံး တောင်းပိုင်ခွင့်ရှိပါတယ်’’

ဒါပေမဲ့ ထိုင်းဥပဒေအရ အသနားခံစာတင်ခဲ့လို့ လွတ်ငြိမ်းချမ်းသာခွင့်မရခဲ့ဘူးဆိုရင် နောက်ထပ် ၂ နှစ်အတွင်းမှာ အသနားခံစာထပ်တင်ခွင့်မရှိပါဘူး။

သက်ဆင် ပြန်လာချိန်မှာ သူစွဲဆိုခံခဲ့ရတဲ့ အမှု ၃ ခုအတွက် အပြီးသတ် အမိန့်ချမှတ်ဖို့ တရားရုံးကို သွားရောက်ရမှာဖြစ်ပြီး မျက်ကွယ်ချမှတ်ခံထားရတဲ့ထောင်ဒဏ်အတွက် ထောင်ဒဏ်ကျခံရမှာပါ။

အကျဥ်းထောင်တာဝန်ရှိသူကတော့ မစ္စတာသက်ဆင်ဟာ သူ့မွေးနေ့ ဇူလိုင် ၂၆ ရက်မှာ နိုင်ငံထဲပြန်ဝင်လာမယ်လို့ပြောထားခဲ့ကတည်းက ပြန်လည်လက်ခံရေးပြင်ဆင်ထားတယ်လို့ပြောထားပါတယ်။

သက်ဆင်ဟာ အသက် ၇၄ နှစ်ရှိပြီ ဖြစ်ပြီး ပြည်ပြေးဘဝနဲ့ နိုင်ငံရပ်ခြားမှာ ၁၅ နှစ်နေခဲ့ပြီးဖြစ်ပါတယ်။

အကျဥ်းထောင်ထဲမှာတော့ သက်ဆင်ဟာ အသက် ၆၀ကျော်ဖြစ်တဲ့အတွက် တခြားအကျဥ်းသားတွေနဲ့ မတူဘဲ သက်သောင့်သက်သာ နေရဖို့ ရှိပါတယ်။

''နာမကျန်းဖြစ်နေသူတွေ အသက်ကြီးတဲ့သူတွေအတွက် သက်သက်သာသာဖြစ်ဖို့ စံသတ်မှတ်ချက်တွေရှိနေပါတယ်''လို့ တရားရေးဝန်ကြီး ကပြောပါတယ်။

ဒါပေမဲ့ သက်ဆင်ကို ထောင်ထဲမှာဘယ်လိုပုံစံထားရှိမလဲဆိုတာကို တရားဝန်ကြီးက တိတိကျကျမပြောပါဘူး။

''အကျဥ်းထောင်မှာ သီးသန့်ခန်းတွေရှိပေမဲ့ ဒါတွေကို သုံးမလား၊ မသုံးဘူးလားဆိုတာက အကျဥ်းထောင်တာဝန်ရှိသူတွေပေါ်မူတည်ပါတယ်။ သူ့ကို ထောင်ပြင် က သီးသန့်နေရာမှာထားမယ်ဆိုတာတော့မဖြစ်နိုင်ပါဘူး။''

ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနဲ့စောင့်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သက်ဆင်ကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းနဲ့စောင့်နေ

''ဘာပဲဖြစ်ဖြစ် သူ ‌ထောင်ထဲကိုသွားရမှာပါ။ မိသားစုက ဒွန်မောင်းလေဆိပ်မှာ တွေ့ဆုံခွင့်ရှိပါတယ်။ အကျဥ်းထောင်စည်းကမ်းအတိုင်းလည်း ထောင်မှာလည်း တွေ့ဆုံခွင့်ရမှာပါ ''လို့ ဆက်ပြောပါတယ်။

အကျဥ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက‌တော့ အကျဉ်းသားအသစ်တွေ အားလုံးကို Covid-19 စောင့်ကြည့်မှု စည်းမျဉ်းအရ ငါးရက်ကြာ သီးသန့်ခွဲထားမှာဖြစ်ပြီးတော့ သက်ကြီးအကျဉ်းသားတွေအတွက် အထူးသီးသန့် ခွဲခြားထားတဲ့အခန်းရှိတယ်လို့ ထုတ်ပြောပါတယ်။

သက်ဆင်ဟာ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲကို သွား‌ရောက်ဖို့ အာမခံရရှိပြီးတဲ့နောက် နိုင်ငံတွင်းကနေ ထွက်ခွာသွားခဲ့ပြီး ပြန်မလာခဲ့တာဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ ၁၇ နှစ်က ရွေးကောက်ခံအစိုးရ ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်ကိုဖြုတ်ချခဲ့တဲ့ ထိုင်းစစ်တပ်အကြီးအကဲဟောင်းကတော့ သက်ဆင် အခုလိုပြန်လာတာကိုကြိုဆိုပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ မှတ်ချက်ပြုထားပါတယ်။

ရှပ်နီ ရှပ်ဝါ ဆန္ဒပြပွဲတွေအတွင်း ‌သက်ဆင်ကိုထောက်ခံသူတွေကို ၂၀၁၄ ခုနှစ်တုန်းကတွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှပ်နီ ရှပ်ဝါ ဆန္ဒပြပွဲတွေအတွင်း ‌သက်ဆင်ကိုထောက်ခံသူတွေကို ၂၀၁၄ ခုနှစ်တုန်းကတွေ့ရတာဖြစ်ပါတယ်

၂၀၀၆ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သက်ဆင်အစိုးရဖြုတ်ချခံရချိန်ကစလို့ သက်ဆင်ဟာ ၂၀၀၈ ခုနှစ်ကတည်းက နိုင်ငံပြင်ပမှာ ထွက်ပြေးခိုလှုံနေတာပါ။

သူစွပ်စွဲခံရတဲ့ အမှု ၄ မှုထဲမှာ ထိုင်းနိုင်ငံရဲ့ ပို့ကုန်-သွင်းကုန် (Exim) ဘဏ်က တစ်ဆင့် မြန်မာနိုင်ငံကို ချေးငွေ ဘတ် ၄ ဘီလီယံကို ခွင့်ပြုခဲ့တာမှာ သူ့ရဲ့ ရာထူးအာဏာကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုလည်းပါဝင်ပါတယ်။

သက်ဆင်ကတော့ နိုင်ငံတွင်းကိုပြန်ပြီး မြေး ၇ယောက်နဲ့ အတူနေထိုင် ပြုစုပျိုးထောင်လိုတယ်လို့လည်း သူက ပြောပါတယ်။