ထိုင်းနိုင်ငံရေးဘာဆက်ဖြစ်နေလဲ

 Move Forward ပါတီ‌နဲ့ ဝန်ကြီးချုပ်လောင်းပီတာကို ထောက်ခံသူတွေက လွှတ်တော်က စစ်တပ်အမတ်တွေကို ဆန့်ကျင်တဲ့ဆန္ဒထုတ်ဖော်မှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, Move Forward ပါတီ‌နဲ့ ဝန်ကြီးချုပ်လောင်းပီတာကို ထောက်ခံသူတွေက လွှတ်တော်က စစ်တပ်အမတ်တွေကို ဆန့်ကျင်တဲ့ဆန္ဒထုတ်ဖော်မှု

ထိုင်းလွှတ်တော်မှာ မနက်ဖြန် ကျင်းပဖို့ရှိတဲ့ နိုင်ငံ့ဝန်ကြီးချုပ်အသစ်ရွေးချယ်ရေးမဲပေးမှုကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းတယ်လို့ လွှတ်‌တော်ဥက္ကဋ္ဌ ဝမ်မဟာမက်နော်မာထာက ကြေညာလိုက်ပါတယ်။

Move Forward ပါတီခေါင်းဆောင် လွှတ်တော်အမတ် ပီတာလင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်လောင်း အမည်စာရင်းထပ်တင်သွင်းမှုကို လွှတ်တော်က ပြီးခဲ့တဲ့တစ်ပတ်မှာ ပယ်ချခဲ့တာ၊ နောက်ပြီး ရွေးကောက်ပွဲစည်းကမ်းချက်ချိုးဖောက်တယ်ဆိုတဲ့တိုင်တန်းခံရမှုကြောင့် ဖွဲ့စည်းပုံခုံရုံးက ပီတာ့ကို လွှတ်တော်အမတ်တာဝန်ဝတ္တရားတွေကနေ ဆိုင်းငံ့ဖို့ ယာယီဆုံးဖြတ်ထားချိန်မှာ လွှတ်တော်ဥက္ကဋ္ဌက အခုလို ဆုံးဖြတ်လိုက်တာပါ။

ကြာသပတေးနေ့မှာ ၀န်ကြီးချုပ်မဲပေးပွဲကို အရင်ကျင်းပပြီးမှ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ချက်ထွက်လာတာမျိုးဆိုရင် ပြဿနာဖြစ်လာနိုင်တာကြောင့် လွှတ်တော်ဥပဒေရေးရာအဖွဲ့တွေနဲ့ တိုင်ပင်အပြီးမှာ အခုလိုဆုံးဖြတ်တာလို့ပြောပါတယ်။

နောက်ထပ် အကြောင်းပြချက်ကတော့ ဒီသတင်းပတ်ထဲ ကျရောက်မယ့် ထိုင်းဘုရင်မင်းမြတ်မွေးနေ့ပွဲနဲ့ လွှတ်တော်အစည်းအဝေးတိုက်နေရင် လွှတ်တော်အမတ်တွေဟာ ကိုယ့်ရဲ့မဲဆန္ဒနယ်တွေမှာပြုလုပ်မယ့် ဘုရင့်မွေးနေ့အခမ်းအနားတွေကို မတက်ရောက်နိုင်မှာ စိုးရိမ်တာကြောင့်လို့လည်း သူက ပြောပါတယ်။

 ဝန်ကြီးချုပ်လောင်းပီတာက ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်လောင်းပီတာက ထောက်ခံသူတွေကို မိန့်ခွန်းပြောကြားခဲ့

လွှတ်တော်ဥပဒေအရလည်း တရားရုံးဘက်က စီရင်ချက်ချပြီးနောက် ထွက်လာတဲ့အဖြေကိုမူတည်ပြီး ဝန်ကြီးချုပ် မဲခွဲဆုံးဖြတ်မှုကို ပြန်လည်ထည့်သွင်းကျင်းပနိုင်တာလည်းရှိနေပါတယ်။

အကယ်၍ အစောပိုင်းအစီအစဥ်အရ လွှတ်တော်သာ ကြာသပတေးနေ့မှာ ကျင်းပဖြစ်ခဲ့ရင် ရွေးကောက်ခံအမတ်တွေနဲ့ လွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်သစ်အတွက် ထပ်မံမဲပေးဖို့ဆိုရင် ရွေးကောက်ပွဲအနိုင်ရ ၈ ပါတီက မဟာမိတ်ဖွဲ့ထားတဲ့အထဲ ဒုတိယအကြီးဆုံးပါတီဖြစ်တဲ့ ဖွေထိုင်းပါတီဝန်ကြီးချုပ်‌‌လောင်းတင်ဖို့ရှိနေတာပါ။

လက်ရှိမှာ Move Forward ပါတီဘက်ကလည်း ဖွေထိုင်းပါတီကနေ ၀န်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းပြီး အစိုးရဖွဲ့စည်းမှာကို သဘောတူကြောင်းထုတ်ပြောထားတာပါ။

တချိန်တည်းမှာပဲ ဘုရင်စနစ်ကိုဝေဖန်သူတွေကို အရေးယူနိုင်တဲ့ ဥပဒေပုဒ်မ ၁၁၂ ကို ပြန်လည်ပြင်ဆင်ဖို့ ဆိုတဲ့ Move Forward ပါတီရဲ့ နိုင်ငံရေးမူဝါဒအပေါ်မှာလည်း ညွန့်ပေါင်းပါတီတွေကြား သဘောမတူဘဲ ဝေဖန်ခံနေရတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဖွေထိုင်းပါတီကိုထောက်ခံသူတွေကလည်း ဖွေထိုင်းအနေနဲ့ ညွန့်ပေါင်းအစိုးရတစ်ရပ်ဖွဲ့နိုင်ဖို့ အခြားပါတီ ၇ ခုနဲ့ သဘောတူထားတဲ့ကတိကဝတ်တွေကို ဖျက်သိမ်းဖို့ ဖိအားပေးနေပါတယ်။

အနီရောင်ရှပ်အင်္ကျီဝတ် ဖွေထိုင်းပါတီထောက်ခံသူတွေက ဖွေထိုင်းပါတီရုံးချုပ်ရှေ့မှာစုရုံးခဲ့ပြီး ပါတီအနေနဲ့ အစိုးရအဖွဲ့ဖွဲ့နိုင်ဖို့ ရုန်းကန်နေရတဲ့အခြေအနေကို နားလည်ပြီး ဒီအတွက် အားပေးတာလို့ ပြောပါတယ်။

ဖွေထိုင်းပါတီဟာ ပြီးခဲ့တဲ့ မေ ၁၄ ရက် ရွေးကောက်ပွဲမှာ Move Forward ပါတီပြီးရင် ဒုတိယအများဆုံးအနိုင်ရပါတီဖြစ်ပြီး Move Forward ပါတီခေါင်းဆောင် ပီတာ ဝန်ကြီးချုပ်ရွေးချယ်ခံရဖို့ အငြင်းပွားဖွယ်ဖြစ်နေတဲ့နောက်မှာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်း တင်ဖို့ဖြစ်နေတာပါ။

ဒါပေမဲ့ ညွန့်ပေါင်း ၈ ပါတီကြားမှာ ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်နေတာပါ။ လက်ရှိမှာ ဖွေထိုင်းပါတီမှာ ဝန်ကြီးချုပ်‌လောင်း ၃ ဦးရှိနေပြီး အရင်ဝန်ကြီးချုပ်လောင်း သက်ဆင်ရဲ့ သမီး ပေထုံထန်ရှင်နာဝပ်ထရာ၊ ဆရက်ထာ သာဝပ်ဆင်နဲ့ ချိုင်ကာဆန်နစ်ထရီတို့ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးလက်ရှိဖွေထိုင်းပါတီခေါင်းဆောင် ပေထုံထန်ရှင်နာဝပ်

ဓာတ်ပုံ ရင်းမြစ်, Thai News Pix

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးလက်ရှိဖွေထိုင်းပါတီခေါင်းဆောင် ပေထုံထန်ရှင်နာဝပ်

တဖက်မှာလည်း ထိုင်းရဲ့ ဘီလျံနာလည်းဖြစ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) က ၁၅ နှစ် ကြာ ပြည်ပမှာ တိမ်းရှောင်ရာကနေ သြဂုတ်လမှာ ပြန်ဝင်လာဖို့ရှိနေပါတယ်။

၂၀၀၆ခုနှစ်ကတည်းက စစ်တပ်က အာဏာသိမ်းခဲ့ပြီး မစ္စတာသက်ဆင်ကဖြုတ်ချခံခဲ့ရပါတယ်။

ဒီနောက် သူ့ကို အကျင့်ပျက်ခြစားမှုစွဲချက်တွေတင်ခဲ့တာကြောင့် ဒါကို ရှောင်လွှဲဖို့ သက်ဆင်က ၂၀၀၈ မှာ ပြည်ပကိုထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သမီးဖြစ်သူ ပေထုံထန်က လက်ရှိအာဏာရအစိုးရနဲ့ ညှိနှိုင်းတာတွေလုပ်နေသလို အနိုင်ရပါတီလည်းဖြစ်ထားတာကြောင့် သက်ဆင် ထိုင်းကို ပြန်ဖို့ အခြေအနေကောင်းနေတာပါ။

သက်ဆင်ကတော့ နိုင်ငံတွင်းကိုပြန်ပြီး မြေး ၇ယောက်နဲ့ အတူနေထိုင် ပြုစုပျိုးထောင်လိုတယ်လို့လည်း သူက ပြောပါတယ်။