ဖွေထိုင်းနဲ့ ကျန်းမာရေးဝန်ကြီးပါတီတို့ ညွန့်ပေါင်းဖွဲ့

ညွန့်ပေါင်းသတင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ပါတီ ကိုယ်စားပြုသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့မေလတုန်းက ရွေးကောက်ပွဲမှာ အမတ်နေရာ ဒုတိယအများဆုံးရရှိထားတဲ့ ဖွေထိုင်းပါတီဟာ အစိုးရသစ်ဖွဲ့နိုင်ဖို့ ပထမဆုံးခြေလှမ်းအနေနဲ့ လက်ရှိထိုင်းအိမ်စောင့်အစိုးရအဖွဲ့ ဒုတိယဝန်ကြီးချုပ်ရဲ့ ပါတီနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ သဘောတူလိုက်ပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အမတ်နေရာ ၇၁ နေရာရရှိထားတဲ့ ဖွန်ကျန်ထိုင်းပါတီနဲ့ ညွန့်ပေါင်းဖွဲ့တဲ့အကြောင်း ဖွေထိုင်းပါတီက သြဂုတ်လ ၇ ရက်မှာ ကြေညာတာဖြစ်ပါတယ်။

ဖွန်ကျန်ထိုင်း ပါတီခေါင်းဆောင် အနုတင် ချန်ဝီရကွန်းဟာ လက်ရှိ ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ရဲ့ ဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်ပြီး ကျန်းမာရေးဝန်ကြီးနေရာလည်းယူထားပါတယ်။

အနုတင် ချန်ဝီရကွန်းဟာ ကျန်းမာရေးဝန်ကြီးတာဝန်ထမ်းချိန် ထိုင်းနိုင်ငံထဲ ဆေးခြောက်တရားဝင်အသုံးပြုနိုင်ရေး ကြိုးပမ်းခဲ့သူတစ်ဦးလည်းဖြစ်ပြီး အသစ်ဖွဲ့စည်းမယ့်အစိုးရသစ်မှာ ဘယ်ပါတီနဲ့မဆို ပူးပေါင်းမယ်လို့ ပြောထားသူလည်းဖြစ်ပါတယ်။

ဖွေထိုင်းပါတီဟာ အစိုးရဖွဲ့နိုင်ဖို့ ရွေးကောက်ပွဲကနေ အမတ်နေရာ အများစုရထားတဲ့ Move Forward ပါတီအပါအဝင် ပါတီ ၈ ခုနဲ့ အစောပိုင်းမှာ ညွန့်ပေါင်းဖွဲ့ခဲ့ပါတယ်။

Move Forward ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်မှာ တင်ခဲ့ပေမဲ့ ပယ်ချခံထားရလို့ အခုလို တခြားမဲအနိုင်ရပါတီနဲ့ ညွန့်ပေါင်းဖွဲ့လိုက်တာလည်းဖြစ်ပါတယ်။

ဖွေထိုင်းပါတီဟာ အစိုးရဖွဲ့ဖို့ မဲအများဆုံးနိုင်တဲ့ Move Forward ပါတီနဲ့ပြုလုပ်ထားတဲ့ ၈ ပါတီ ညွန့်ပေါင်းကနေ ပြီးခဲ့တဲ့တစ်ပတ်မှာ ခွဲထွက်ပြီး ကိုယ်ပိုင်ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ ပါတီတွေကို စည်းရုံးတော့မယ်လို့ ပြောထားတာပါ။

ထိုင်းအောက်လွှတ်တော်အမတ်နေရာ ၅၀၀၊ အထက်လွှတ်တော်အမတ်နေရာ ၂၅၀ ရှိတဲ့ လွှတ်တော်နှစ်ရပ်ပေါင်းအစည်းအဝေးပွဲမှာ ညွန့်ပေါင်းပါတီတွေဘက်က တင်တဲ့ ဝန်ကြီးချုပ်လောင်းဟာ အမတ်ပေါင်း ၃၇၆ ယောက်ရဲ့ ထောက်ခံမဲရမှ ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့လအတွင်း ၂ ကြိမ်တိုင်တိုင်ကျင်းပခဲ့တဲ့လွှတ်တော်တွင်း ဝန်ကြီးချုပ်လောင်းမဲပေးပွဲမှာ Move Forward ပါတီရဲ့ခေါင်းဆောင် ပီတာ လင်ဂျာရိုရတ်ကို အဆိုပြု တင်သွင်းခဲ့ပေမဲ့ စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေက ပထမအကြိမ်မှာ ကန့်ကွက်မဲထည့်ခဲ့ပါတယ်။

သူ့ကိုပဲ ဒုတိယအကြိမ် လွှတ်တော်မှာ အဆိုပြုပေမဲ့ လူတစ်ဦးတည်းကို ဝန်ကြီးချုပ်လောင်းအဖြစ် ၂ ခါ အဆိုတင်တာ လွှတ်တော်လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူးဆိုပြီး အမတ်တွေ အခြေအတင် ဆွေးနွေးခဲ့ကြသလို လွှတ်တော်က ဖွဲ့စည်းပုံခုံရုံးရဲ့ဆုံးဖြတ်ချက်ယူတဲ့အထိဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဖွဲ့စည်းပုံခုံရုံးက အဲဒီဆုံးဖြတ်ချက်ကို မချသေးခင် လွှတ်တော်တွင်း ဝန်ကြီးချုပ်လောင်းရွေးချယ်မဲ‌ပေးတာကို ဆိုင်းငံ့ထားဆဲဖြစ်ပါတယ်။

ဒီအချိန်မှာပဲ ရွေးကောက်ပွဲမှာ အမတ်နေရာ ၁၄၁ နေရာရရှိထားတဲ့ ဖွေထိုင်းပါတီက တခြားပါတီတွေနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ဦးတည်လာတာဖြစ်ပါတယ်။

ဖွေထိုင်းပါတီခေါင်းဆောင် ချိုနန့်စီကောင်း(ညာ)နဲ့ ဖွန်ကျန်ထိုင်းပါတီ‌ ခေါင်းဆောင် အနုတင် ချန်ဝီရကွန်းတို့ကို သတင်းစာရှင်းလင်းပွဲမှာတွေ့ရတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖွေထိုင်းပါတီခေါင်းဆောင် ချိုနန့်စီကောင်း(ညာ)နဲ့ ဖွန်ကျန်ထိုင်းပါတီ‌ ခေါင်းဆောင် အနုတင် ချန်ဝီရကွန်းတို့ကို သတင်းစာရှင်းလင်းပွဲမှာတွေ့ရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဖွေထိုင်းနဲ့ ဖွန်ကျန်ထိုင်းပါတီတွေရဲ့ညွန့်ပေါင်းသဘောတူညီချက်မှာတော့ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုးမရအောင် အကာအကွယ်ပေးထားတဲ့ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၁၂ ကို ပြင်ဆင်ရေး အချက် မပါဝင်သလို ညွန့်ပေါင်းမှာ Move Forward ပါတီလည်း မပါဝင်တော့ပါဘူး။

‘‘ဖွေထိုင်းပါတီက အမတ်နေရာ ၁၄၁ နေရာနဲ့ ဖွန်ကျန်ထိုင်းပါတီ အမတ်နေရာ ၇၁ နေရာပေါင်းရင် မဲ ၂၁၂ မဲ ရပြီဖြစ်ပါတယ်။ ညွန့်ပေါင်းမှာ တခြားပါတီတွေကိုလည်း ဖိတ်ခေါ်သွားဖို့ရှိပါတယ်။ တခြားပါတီတွေ ပါဝင်လာရင်တော့ ကျွန်တော်တို့ အစိုးရဖွဲ့နိုင်ပြီဖြစ်ပါတယ်’’လို့ ဖွန်ကျန်ထိုင်းပါတီခေါင်းဆောင်က သြဂုတ်လ ၇ ရက် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ဒီအတောအတွင်းမှာပဲ စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဝမ်ချိုင်း ဆွန်စီရီကတော့ ညွန့်ပေါင်းအဖွဲ့ဟာ ပုဒ်မ ၁၁၂ ကို ပြင်ဆင်ဖို့မရှိဘူးဆိုတာကြောင့် လွှတ်တော်အမတ် နေရာ ၂၅၀ အထိ နေရာရှိထားပြီဆိုရင် အထက်လွှတ်တော်အမတ်တွေဟာ ဖွေထိုင်းပါတီ ဝန်ကြီးချုပ်လောင်း ဆေထာ ထဝီဆင်ကို မဲပေးဖို့ အသင့်ပဲလို့ သြဂုတ်လ ၈ ရက်မှာ ပြောထားပါတယ်။

ဖွန်ကျန်ထိုင်း ပါတီခေါင်းဆောင် အနုတင် ချန်ဝီရကွန်းကတော့ ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရေး တခြားပါတီတွေနဲ့ စကားပြောဆိုဖို့နဲ့ ဖွေထိုင်းပါတီ ဝန်ကြီးချုပ်လောင်း ဆေထာ ထဝီဆင်ကို မဲပေးရွေးချယ်ဖို့ ကိစ္စဟာ ဖွေထိုင်းပါတီ ကြိုးပမ်းရမယ့်ကိစ္စလို့ ပြောပါတယ်။

ဆေထာ ထဝီဆင်သာ ဝန်ကြီးချုပ်ဖြစ်လို့ လွှတ်တော်မှာ မဲအလုံအလောက်မရရင် ဝန်ကြီးချုပ်လောင်းကို ဘယ်လိုဆက်ရွေးချယ်မလဲဆိုတဲ့ သတင်းထောက်တွေမေးခွန်းကိုတော့ သူက ‘‘ဖွေထိုင်းမှာ ဝန်ကြီးချုပ်လောင်းနေရာမှာ ဝင်အရွေးခံဖို့ လျာထားသူနောက်ထပ် ၂ ယောက်ရှိပါတယ်’’ လို့ ပြောပါတယ်။

သူပြောတဲ့ ဖွေထိုင်းပါတီဘက်က ဝန်ကြီးချုပ်လောင်း ၂ ဦးဆိုတာဟာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နဲ့ သမီးဖြစ်သူ ပေထုံနမ် ရှင်နာဝပ်ထရာနဲ့ နောက်တစ်ဦးတို့ဖြစ်ပါတယ်။

ညွန်ပေါင်းအစိုးရဖွဲ့နိုင်ရေးပါဝင်ဖို့ ဖွေထိုင်းဘက်က စည်းလုံးလာနိုင်ခြေရှိတဲ့ ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်ရဲ့ ဖလမ် ပရာချာရတ် ပါတီ၊ ယူနိုက်တက် ထိုင်းနေးရှင်း ပါတီ၊ အိမ်စောင့်အစိုးရမှာပါဝင်နေဆဲ ဒီမိုကရက်ပါတီတွေဘက်ကတော့ သြဂုတ်လ ၈ ရက်နေ့အထိ သူတို့ကို ကမ်းလှမ်းလာတာ မရှိသေးဘူးလို့ ပြောထားပါတယ်။