အမျိုးသမီးတွေက အစားထိုးထားတဲ့ ရင်သားတုကို ပြန်ထုတ်လာကြတာ ဘာကြောင့်လဲ

 ရင်သားအတုနဲ့ နှုတ်ခမ်းထူ ဆေး ထိုးပြီးတဲ့နောက်နဲ့ အဲဒီနှစ်ခုစလုံးကို ဖယ်ရှားပြီးတဲ့နောက် မြင်တွေ့ရတဲ့ ကက်တရီနာခရပ်ခီနာ

ဓာတ်ပုံ ရင်းမြစ်, Katerina Krupkina

ဓာတ်ပုံ ပုံစာ,  ရင်သားအတုနဲ့ နှုတ်ခမ်းထူ ဆေး ထိုးပြီးတဲ့နောက်နဲ့ အဲဒီနှစ်ခုစလုံးကို ဖယ်ရှားပြီးတဲ့နောက် မြင်တွေ့ရတဲ့ ကက်တရီနာခရပ်ခီနာ
    • ရေးသားသူ, အိုင်လိုနာဟာရိုလိုင်ကူ၊ လူးဝစ်ဘာရူချို
    • ရာထူးတာဝန်, ဘီဘီစီယူကရိန်းနဲ့ ကမ္ဘာတလွှားဌာန

ယူကရိန်းက အသက် ၃၂ နှစ်အရွယ် ဘလော့ဂါနဲ့ အာဟာရဗေဒပညာရှင် ကက်တရီနာခရပ်ခီနာက သူရဲ့ ရင်သားအစားထိုးခွဲစိတ်မှုတွေကို ဖယ်ရှားလိုက်ပြီလို့ ဆိုရှယ်မီဒီယာမှာ မျှဝေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ဒီလို ထုတ်ဖော်ပြောဆိုမှုဟာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိမယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး။

သူရဲ့ အင်စတာဂရမ်က အဲဒီလိုပြောဆိုခဲ့တဲ့ ရုပ်သံဖိုင်ကို ကြည့်ရှုသူ ၇ ဒသမ ၅ သန်းအထိ ရှိခဲ့ပြီး ရင်သားထဲက ဆီလီကွန်ကို ဖယ်ရှားဖို့ စဉ်းစားနေတဲ့ အမျိုးသမီးတွေဆီကနေ မက်ဆေ့ "တစ်ထောင်ကျော်" ရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ပိုကြီးတဲ့ရင်သားရှိခြင်းက ကျွန်မကို ပိုပျော်ရွှင်ကျန်းမာစေတယ်၊ ​​ဒါမှမဟုတ် ပိုလှပစေတာမဟုတ်ဘူးဆိုတာ ကျွန်မသိခဲ့တယ်" လို့ သူက ဘီဘီစီယူကရိန်း ဌာနကို ပြောပြပါတယ်။

''ကျွန်မ သမီးငယ်က "မေမေ့လို ရင်သားကြီးချင်တယ်" လို့ ပြောပြီးနောက် သူ့ရဲ့ အခုလိုရင်သားကိုဖယ်ရှားမယ့် ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တယ်'' လို့ သူကဖြည့်ပြောပါတယ်။

"အဲဒီအခိုက်အတန့်မှာပဲ ကျွန်မက ကိုယ့်သမီးအတွက် မှားယွင်းတဲ့စံနမူနာပြဖြစ်နေတယ်ဆိုတာကို သိသွားတယ်" လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ ဒီလိုစိတ်ခံစားမှုတွေက ကက်တရီနာ တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းက အမျိုးသမီး အများအပြားကလည်း သူတို့ရဲ့ ရင်သားထဲ ဆီလီကွန်လို ပိုကြီးစေတဲ့အရာတွေထည့်သွင်းတာကိုဖယ်ရှားဖို့ကြိုးစားလာကြပါတယ်။ ဘာကြောင့်လဲ။

စဥ်းစားချက်အကြောင်းပေါင်းစုံ

ရင်သားအစားထိုး ကုသမှု ခံယူရာမှာ သုံးတဲ့ ဆီလီကွန်တွေကို လက်ညှိုးထိုးပြနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်နဲ့ တစ်ဖက်မှာ စီလီကွန်နှစ်ခုကို လက်ပေါ် တင်ပြီး ချိန်ထိုးပြနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ လက်တစ်စုံကို မြင်ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရင်သားတု ပြန်လည်ဖယ်ရှားခြင်း ''breast explants" ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သိသိသာသာခေတ်စားလာပါတယ်

အသိအမှတ်ပြုထားတဲ့ ပလတ်စတစ်ဆာဂျရီခွဲစိတ်ဆရာဝန်တွေနဲ့ ဖွဲ့စည်းထားပြီး အဲဒီနယ်ပယ်က ဦးဆောင်အဖွဲ့လည်းဖြစ်တဲ့ အလှအပရေးရာခွဲစိတ်ပြုပြင်ရေးဆိုင်ရာနိုင်ငံတကာအဖွဲ့ (ISAPS) ရဲ့နောက်ဆုံးအချက်အလက်တွေအရ ရင်သားအစားထိုးထားတာကို ဖယ်ရှားတာဟာ ၂၀၁၉ ခုနှစ်ကစပြီး ၄၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာပါတယ်။

တစ်ချိန်တည်းမှာပဲ ၁၉၉၀ နဲ့ ၂၀၀၀ ခုနှစ်တွေမှာ စခေတ်စားခဲ့တဲ့ ကိုယ်ခန္ဓာအလှပြင်ခွဲစိတ်မှုတွေထဲမှာ ရင်သားလှပအောင်ခွဲစိတ် ပြုပြင်မှု (Breast Augmentation) က အဓိကကျန်ခဲ့တဲ့ အလှအပပြုပြင်မှုဖြစ်ပါတယ်။ အဲဒီကာလတွေတုန်းက ရင်သားပြုပြင်မှုက ၅ ဒသမ ၄ ရာခိုင်နှုန်းတိုးခဲ့ပြီးတော့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာတော့ ၁၃ ရာခိုင်နှုန်းကျဆင်းသွားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဆေးပညာရှင်တွေကတော့ ရင်သား အစားထိုးမှုကို ဖယ်ရှားလာကြတဲ့ အဓိက အကြောင်းရင်းက "သေးငယ်ပြီး ပိုသဘာဝကျတဲ့ ရင်သား" ဆိုတာမျိုး ခေတ်စားလာကြတယ်လို့ ယူဆကြပါတယ်။

"အမျိုးသမီးတွေဟာ ဒီနှစ်မှာ လွန်ခဲ့တဲ့ငါးနှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ကတုန်းက သူတို့ ပုံစံထက် ကွဲပြားတာကို လိုချင်လာကြတယ်'' လို့ ဒေါက်တာ ခရစ်စတီ ဟာမီလ်တန်က ပြောပါတယ်။ သူက အလှအပရေးရာခွဲစိတ်ပြုပြင်ရေးဆိုင်ရာနိုင်ငံတကာအဖွဲ့ (ISAPS)မှာ လူမှုကွန်ရက်ဆိုင်ရာကော်မတီခွဲကို ဦးဆောင်နေသူပါ။

" ၁၉၉၀ ဝန်းကျင်နဲ့ ၂၀၀၀ ခုနှစ်ကာလတွေက သူတို့ရင်သားတွေထဲထည့်ထားတဲ့ ရင်သားပစ္စည်း(breast implant) တွေက အရွယ်အစား အရမ်းကြီးတယ်။ အခုကျတော့ အမျိုးသမီးတွေက သူတို့ထည့်တဲ့အရွယ်အစားကို လျှော့ချ ချင်ကြတယ်။ သဘာဝအတိုင်း ရင်သားထဲမှာ တစ်သျှူးများ များပြီး တွဲကျလာရင်ပင့်တင်လိုကြတယ်။ အဆီတွေကို ထုတ်လိုကြတယ်။ အခုကျတော့ "ရင်သား သေးပြီး လုံးလုံးလေးဖြစ်နေတာက ခေတ်ဆန်တယ်" လို့ သတ်မှတ်ကြတာလို့ ဆိုပါတယ်။

ရီယိုဒီဂျနေးရိုးမြို့က ဘရာဇီး အလှအပရေးရာခွဲစိတ်ဆရာဝန်အသင်း (SBCP) ရဲ့ ဥက္ကဋ္ဌက ဒေါက်တာ ဘရူနိုဟာခန်ဟော့ဖ်ကလည်း အဲဒီအချက်ကို သဘောတူပါတယ်။

'' တချို့ လူနာတွေဆိုရင် ရင်သားကို ကြီးအောင်လုပ်မယ်ဆိုတာမျိုး မရှိကြတော့ဘူး'' လို့ သူကပြောပြီး လက်ရှိမှာ ရင်သားအတု ထည့်ပေးရတာထက် ပြန်ထုတ်ပေးရတာတွေပဲ လုပ်နေရတယ်လို့လည်း ဆိုပါတယ်။

သူ ပြောပြတဲ့ နောက်တစ်ချက်က "အချို့ အမျိုးသမီးတွေကတော့ နောက်ပိုင်းမှာ လက်ရှိရင်သားထဲကပစ္စည်းနေရာမှာ နောက်ထပ်အသစ်တခုအစားထိုးတာကို ရှောင်ရှားနိုင်ဖို့ ထုတ်လိုက်တာဖြစ်ပါတယ်။ သဘောကတော့ ပုံမှန်အားဖြင့် ရင်သားထဲကိုပစ္စည်းထည့်ပြီး ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း ထည့်ထားတဲ့ ပစ္စည်းကို ဖယ်ထုတ်ပြီး အသစ်တခုနဲ့အစားထိုးဖို့လိုအပ်တာကိုး'' လို့ ဒေါက်တာ ဘရူနိုဟာခန်ဟော့ဖ်က ရှင်းပြပါတယ်။

ဒေါက်တာ ဘရူနိုဟာခန်ဟော့ဖ်ရဲ့ မှတ်ချက်အရ ရင်သားထဲပစ္စည်းထည့်တာနဲ့ နေမကောင်းမှု၊နောက်ပြီး ရင်သားအတုထည့်လို့ ကျန်းမာတဲ့တစ်ရှူးတွေနဲ့ ဆဲလ်တွေကို တိုက်ဖျက်တာမျိုးလို ခန္ဓာကိုယ်က ပြန်လည်တုံ့ပြန်တဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကြောင့်လည်း အချို့အမျိုးသမီးတွေက ရင်သားထဲက ပစ္စည်းတွေကိုဖယ်ရှားတာ ဒါမှမဟုတ် ထပ်ပြီးခွဲစိတ်ပြုပြင်တာကို ရှောင်ရှားလာတာလို့လည်း ဒေါက်တာ ဟာခန်ဟော့ဖ်က ရှင်းပြပါတယ်။

"အခုတော့ ဆီလီကွန်ကြောင့်ဖြစ်လာနိုင်တဲ့ရောဂါနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ပိုရလာတယ်။ တချို့သူတွေရဲ့ ခန္ဓာကိုယ်က ဆီလီကွန်ရဲ့ အကျိုးအပြစ်ကြောင့် အဆစ်အမြစ်ကိုက်ခဲတာ၊ ဆံပင်ကျွတ်တာနဲ့ ကိုယ်အလေးချိန်တက်တာစတာတွေ ဖြစ်လာတယ်''

အတုထည့်ရာကနေ ဆက်စပ်ပြီး ကင်ဆာဖြစ်နိုင်တာတွေလည်း တွေ့လာရတယ်လို့ သူက ပြောပါတယ်။

"ရင်သားအတု(ဆီလီကွန်လုံး)ကို ထည့်လိုက်တဲ့အခါ အဲဒီပတ်ဝန်းကျင်မှာ ဒဏ်ဖြစ်သွားတဲ့တစ်ရှူးတွေရှိတယ်။ အဲဒီတစ်ရှူးတွေကို ဖယ်လိုက်မှပဲ တင်းတာ၊ နာတာ လျော့သွားတာမျိုးလည်းရှိတယ်"

''ဒါမျိုးဖြစ်တာက ရှားပါတယ်။ ဒါပေမဲ့ ရှိလည်း ရှိပြန်တယ်'' လို့ သူက ပြောပါတယ်။ ဒါဖြစ်စဥ် မျိုးကို ဖြစ်တတ်လို့လည်း တချို့ အစားထိုး အတုပစ္စည်းတွေကို ကုသရာမှာ သူ မသုံးတာလို့လည်း ဆိုပါတယ်။

ကက်တရီနာမှာ ဒီလိုအစားထိုး အတုထည့် ကုသမှု ခံယူထားတာမျိုးရှိနေတာပါ။ ဒါကြောင့် ဆေးစစ်ချက်တွေမှာ ကင်ဆာရှိတယ်ဆိုတာမျိုး မပြပေမဲ့ ကုသမှုခံယူထားတဲ့ အစားထိုးအတုပစ္စည်းကို ဖယ်ရှားဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာစေခဲ့တယ်လို့ ပြောပါတယ်။

''ဒါပေမဲ့ အမျိုးသမီးတွေ ပြောလာကြ ဆိုလာကြတဲ့ အချက်တွေထဲ အဓိက အကြောင်းအရာ ဖြစ်မနေပြန်ပါဘူး။ အလှအပရေးရာနဲ့ပတ်သက်ပြီး ခေတ်ရေစီးကြောင်း ပြောင်းတာလို့ပဲ ကျွန်မတော့ ယူဆပါတယ်'' လို့ ဒေါက်တာ ဟာမီတန်ကပြောပါတယ်။​

ရင်သားအစားထိုးနည်းစနစ်ပြောင်းလဲမှုက ရင်သား အစားထိုးဖယ်ရှားတဲ့ လမ်းကြောင်းကို တွန်းအားပေး စေတယ်လို့‌ သူက စောဒကတက်ပါတယ်။

ဒေါက်တာ ခရစ်စတီ ဟာမီလ်တန်ရဲ့ အဆိုအရ အရင်နည်းပညာတွေနဲ့ ရင်သားအစားထိုးတာက ကြွက်သားတွေအောက်မှာ အစားထိုးထည့်သွင်းပြီးလုပ်ခဲ့တာကြောင့် လှုပ်ရှားမှုလုပ်တဲ့အခါ သဘာဝကျကျ ပုံမပေါ် စေဘူးလို့ သူက ပြောပါတယ်။

" နည်းလမ်းဟောင်းတွေနဲ့တုန်းက ရင်သားအစားထိုးထည့်ထားတဲ့ အမျိုးသမီးတွေမှာသိသာထင်ရှားတဲ့ပြဿနာက လေ့ကျင့်ခန်းလုပ်တာ တစ်စုံတစ်ယောက်ကို ပွေ့ဖက်တာ ဒါမှမဟုတ် ယောဂကျင့်ချိန်မှာ သူတို့ရဲ့ ရင်ဘတ်ကို ဆန့်ထုတ်တဲ့အခါမျိုးမှာ ထည့်ထားတဲ့ပစ္စည်းက ဘေးဘက်ကို ထွက်သွားတတ်တယ်။ ပုံမကျ ပန်းမကျပေါ့ ''

ဒါပေမဲ့ အခုနည်းပညာသစ်တွေနဲ့ ခွဲစိတ်ပြုပြင်တာကတော့ ကြွက်သားတွေရဲ့ ရှေ့ မှာအစားထိုးပစ္စည်းတွေထည့်ထားလို့ ပိုသဘာဝကျတဲ့ ရလဒ်တွေ ရလာစေတယ်လို့ သူက ပြောပါတယ်။

ပိုအာရုံစိုက်လာကြလို့ ကျယ်ပြန့်လာတဲ့နည်းလမ်း

အပြာရောင် ခွဲစိတ်ခန်းသုံး စားပွဲခင်းစပေါ် တင်ထားတဲ့ ရင်သားအတုနဲ့ ခွဲစိတ်မှုသုံး ကိရိယာ တန်ဆာပလာတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပညာရှင် နှစ်ဦးစလုံးကတော့ ပိုမိုသဘာဝကျတဲ့ အသွင်အပြင်ကိုဖြစ်စေတဲ့ရင်သားအစားထိုးတာမျိုး ပိုပြီး ရေပန်းစားလာတဲ့အကြောင်း ပြောပြပါတယ်။

"ဒီခေတ်ရေစီးကြောင်းက မျက်နှာ၊ နှာခေါင်း၊ ရင်သားနဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အလှအပရေးရာ အစားထိုးခွဲစိတ်မှုတွေမှာ မြင်လာရတာ" လို့ ဒေါက်တာ ဒေါက်တာ ခရစ်စတီ ဟာမီလ်တန်က မှတ်ချက်ပြုပါတယ်။

သူတို့ပြောတာက အရင်က ခွဲစိတ်ကုသစရာမလိုတဲ့ Fillers နဲ့ Botox တို့လို ကုသမှုတွေ ခံယူမှုများတဲ့အခါမှာ သဘာဝ မဆန်တဲ့ အသွင်အပြင် ပုံပန်းတွေ ထွက်လာတတ်တာကြောင့် ကုသမှု ခံယူသူတွေဟာ သူတို့ ကုသမှုခံယူမှုပုံစံကို ပြောင်းလဲမလားလို့ စဥ်းစားလာစေတယ်လို့လည်း ဆိုပါတယ်။

'' filler ကို မျက်နှာရဲ့ အစိတ်အပိုင်းတွေမှာ အရမ်းဖြည့်ထည့်လိုက်ရင် လုံးဝကို သဘာဝမဟုတ်တဲ့ ပုံစံဖြစ်စေတယ်ဆိုတဲ့ နမူနာတွေကို ကျွန်မတို့ မြင်ခဲ့ပြီးပြီ'' လို့ ဒေါက်တာ ဟာမီလ်တန်က ပြောပါတယ်။

"မျက်နှာရဲ့ဘယ်ခြမ်း ညာခြမ်းညီညီလှလှလေးဖြစ်အောင်လုပ်ရင်း ဆိုးသွားတာမျိုးပေါ့။ လူတော်တော်များများက မျက်နှာပုံစံတစ်ပုံစံတည်းနဲ့ အဆုံးသတ်ခဲ့ကြတယ်။ အခုကျတော့ ဒီလိုမဟုတ်ဘူး။ လူနာတွေက ပိုပြီး သက်တောင့်သက်သာရှိတဲ့ အသွင်အပြင်ကို လိုချင်ကြတယ်" လို့ ဒေါက်တာ ဘရူနိုဟာခန်ဟော့ဖ်က ရှင်းပြပါတယ်။

ဒေါက်တာ ဟာမီလ်တန်ကတော့ အရင်က fillers ထိုးလေ့ ထိုးထ ရှိခဲ့ဖူးတဲ့သူ လူနာတွေတောင် fillers ထိုးတာကို အခုနောက်ပိုင်းမှာ ရှောင်ရှားလာကြပြီလို့ မှတ်ချက်ပြုပါတယ်။

" fillers အလွန်အကျွံထိုးလို့ မျက်နှာတွေမလှမပဖြစ်ကြတာကို တွေ့လာရတော့ လူနာသစ်တော်တော်များများက အဲဒါကို စမ်းကြည့်ဖို့တောင် စိတ်မဝင်စားကြဘူး။"

အစောပိုင်းကာလတွေက အလှအပရေးရာခွဲစိတ်ပြုပြင်လောကမှာ fillers ထိုးဖို့ အားပေးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဒီနည်းလမ်းကို နောက်ဆုတ်သွားကြပါတယ်။

" သုံးလကနေ ခြောက်လ တစ်ကြိမ် fillers ထိုးရမယ်"လို့ ပြောခဲ့ကြတာမျိုး ရှိတယ်။ ဒါကို ပြန်စဥ်းစားတော့ ဒါဟာ အလှအပရေးရာကုသမှုနယ်ပယ်မှား မှားယွင်းတဲ့ စေ့ဆော်မှုတစ်ခုလို့ ထင်ပါတယ်။ မှားယွင်းတဲ့ တွန်းအားပေးမှု တစ်ခုလို့ ကျွန်မထင်တယ်... ပြီးတော့ လူတွေရဲ့ မျက်နှာကလည်း ထူးဆန်းတဲ့ပုံပေါက်လာတဲ့အတွက် အဲဒါကို နောက်ပြန်ဆုတ်သွားတယ်လို့ ထင်ပါတယ်။"

အဲဒီလိုရလဒ်တွေကြောင့် လူတွေက ပိုမိုသိမ်မွေ့တဲ့ ကုသမှုတွေကို အာရုံစိုက်နေကြတယ်လို့ သူက ပြောပါတယ်။

ရေပန်းစားလာတဲ့ လုပ်ထုံးလုပ်နည်းအသစ်တွေထဲမှာ လူ့ အရေပြားကိုအလွန်အကျွံထိုးသွင်းခွဲစိတ်ရတာမရှိဘဲ အရေပြားအရည်အသွေးကို ပိုမို ကြည်လင်စေတဲ့ ကော်လဂျင်တွေကိုပိုအားကောင်းအောင် လှုံ့ဆော်ပေးတဲ့ နည်းကို လူနာတွေ အသုံးများလာတယ်လို့ ဒေါက်တာ ခန်ဟော့ဖ်က ရှင်းပြပါတယ်။

ကော်လာဂျင်က ခန္ဓာကိုယ်မှာ အပေါများဆုံး ပရိုတင်းဓာတ် ဖြစ်ပြီး အရိုးများ၊ အရေပြား၊ ကြွက်သားတွေနဲ့ အရွတ်တွေမှာရှိပါတယ်။ ဒါပေမဲ့ အသက်ကြီးလာတာနဲ့ အမျှ ကိုယ်ခန္ဓာမှာ ကော်လာဂျင်ထုတ်နှုန်းကလျော့ကျလာတာကြောင့် နုပျိုမှုကိုဆက်ထိန်းဖို့ ဒါကိုပြန်ဖြည့်ကြတာမျိုးဖြစ်ပါတယ်။

''ပါးပါးလျလျ သဘာဝကျကျ'' ရဲ့တစ်ဖက်ဆီမှာတော့

နှုတ်ခမ်း ကုသမှု မခံယူခင်နဲ့ ခံယူပြီးနောက်မှာ တွေ့ရတဲ့ အမျိုးသမီးတစ်ဦးပံု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူနာတွေဟာ ထူထူထဲထဲ နှုတ်ခမ်းဆိုတာမျိုးထက် ပါးပါးလျလျ သဘာဝကျကျပုံကို ပို သဘောကျလာကြတယ်လို့ ကုသမှုပေးတဲ့ပညာရှင်တွေက ဆိုပါတယ်

ကက်တရီနာဆိုရင် အခု သဘာဝကိုတန်ဖိုးထားတဲ့နည်းလမ်းကို လမ်းကြောင်းဖော်နေပါတယ်။ ဥပမာသူ့ရင်သားကို အစားထိုးပြုပြင်တာကို ဖယ်ရှားပြီး နှုတ်ခမ်းက Filler ကိုဖြုတ်ပြီး သဘာဝ နှုတ်ခမ်းအတိုင်းထားတာ၊ အရေအကြောင်းကိုဖုံးဖို့သုံးတဲ့ Botox ထိုးတာကိုရပ်လိုက်တာမျိုးတွေဖြစ်ပါတယ်။

"ကျွန်မ လုပ်ဆောင်ချက်တွေကနေ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ အမျိုးသမီးတွေအနေနဲ့ ပြုပြင်ထားတဲ့ အသွင်အပြင်ကို စွဲလမ်းမနေတော့ဘူးဆိုတာမျိုးပေါ့" လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ထိပ်တန်းအလှကုန်ကုမ္ပဏီတစ်ခုက အကြီးတန်းသတင်းရင်းမြစ်တစ်ခုကတော့ "သဘာဝအလှတရားလမ်းကြောင်းကို ပြောင်းလာကြတာ အမှန်တကယ်ပဲ''လို့ အတည်ပြုပါတယ်။

ဒါပေမဲ့ "အလှကုန်ပစ္စည်းများအတွက် ငွေလျှော့သုံးတာ ဒါမှမဟုတ် အလှကုန်လုပ်ထုံးလုပ်နည်းများကို ရှောင်ကြဉ်တာမျိုးမဟုတ်ဘဲ၊ သဘာဝအသွင်အပြင်ကို ပိုမြှင့်တင်ပေးတဲ့ပုံစံနဲ့ ပြန်လည်ပြုပြင်ကြတာမျိုးဖြစ်တယ်''လို့ သူကဆိုပါတယ်။ သဘောကတော့ မပြင်ထားသလို ပြုပြင်ထားတဲ့ အလှအပပုံစံမျိုးကို ရေစီးကြောင်းပြောင်းလာတာမျိုးဖြစ်ပါတယ်။

စျေးကွက်သုတေသနကုမ္ပဏီ Euromonitor ရဲ့ အချက်အလက်များကိုကိုးကားပြီး McKinsey အတိုင်ပင်ခံလုပ်ငန်းအစီရင်ခံစာအရ ၂၀၂၃ ခုနှစ်မှာ ကမ္ဘာ့အလှကုန်လက်လီရောင်းချမှုက ဒေါ်လာသန်းပေါင်း ၄၄၆,၀၀၀ အထိရှိပြီး ၂၀၂၂ ခုနှစ်ထက် ၁၀ ရာခိုင်နှုန်းတိုးလာတာပါ။

အပေါ်မှာ ပြောခဲ့တဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကတော့ "အမျိုးသမီးတွေက မိတ်ကပ်လိမ်းထားတုန်းပဲ၊ ဒါပေမယ့် 'သဘာဝအသွင်အပြင်' က မိတ်ကပ်ကို လျှော့လိမ်းတာမျိုးမဟုတ်ဘူး။ ပါးပါးကြည်ကြည်အသွင်အပြင်ကို ထိန်းသိမ်းလာတာပေါ့။ ကြည့်ရင် နဂိုအသားအရည်ကိုပဲ ပိုလှပိုတောက်ပြောင်အောင် သဘာဝကျကျဖြစ်တဲ့ ထုတ်ကုန်တွေပိုသုံးလာတာ'' လို့ ပြောပါတယ်။

ပိုမိုသဘာဝကျသောအသွင်သဏ္ဍာန်ကို ပြောင်းလဲခြင်းက ခွဲစိတ်ကုသမှုခံယူဖို့လိုတဲ့ ပြုပြင်နည်းကိုပဲ ဖြစ်ဖြစ်၊ ခွဲစိတ်ကုသမှုခံယူစရာမလိုတဲ့ကုသမှုကိုပဲဖြစ်ဖြစ် စွန့်ပယ်လိုက်တာမျိုး မဟုတ်ဘူးလို့ ပညာရှင်တွေက ပြောပါတယ်။

"မျက်နှာထဲကို ဆေးတွေထိုးသွင်းတာမျိုးအစား အခုဆိုရင် သမားရိုးကျမျက်နှာကို ပိုပြီးပင့်တင့်ပြီးနုပျိုအောင်လုပ်ပြီး အချိုးကျသွယ်လျတဲ့ ပုံစံပြောင်းတာကိုပဲ အခုနောက်ပိုင်း အာရုံစိုက်လာကြပါတယ်" လို့ ဒေါက်တာ ဟာမီလ်တန်က ပြောပြပါတယ်။

International Society of Aesthetic Plastic Surgery ရဲ့စာရင်းတွေအရ ကမ္ဘာတဝန်းက အလှအပရေးရာ ပလတ်စတစ်ဆာဂျရီဆရာဝန်တွေဟာ ၂၀၂၃ ခုနှစ်မှာ ခွဲစိတ်မှုပေါင်း ၁၅ ဒသမ ၈ သန်း လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ ခုနှစ်ကထက် ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးလာခဲ့တာပါ။ ခွဲစိတ်မှုမပါတဲ့အလှအပရေးရာကုသမှုတွေကလည်း အလားတူကာလမှာ ၂ ရာခိုင်နှုန်းနီးပါးတိုးလာခဲ့ပါတယ်။