အိန္ဒိယ ဖက်ရှင်လောကကို ကိုင်လှုပ်ခဲ့တဲ့ နွမ်းပါးကလေးတွေရဲ့ ဖက်ရှင်ရှိုး

မန်တီကာ၊ လည်ဆွဲဘယက်တွေ၊ နားကပ်တွေနဲ့ လက်ကောက်တွေ အပါအဝင် အဆင်တန်ဆာတွေဝတ်၊ အရောင်အသေွးစုံ အနီရောင် ဝတ်ဆင်ပြီး ဖက်ရှင် ဟန်နေအထားနဲ့ လမ်းပေါ်က အိန္ဒိယ အမျိုးသမီး ငယ် တစ်စု

ဓာတ်ပုံ ရင်းမြစ်, Innovation for Change

ဓာတ်ပုံ ပုံစာ, Lucknow အရပ်က အိမ်ယာမဲ့ ကလေးတွေပေါင်းပြီး ဖက်ရှင်ပြပွဲတခု ဖန်တီးနိုင်ခဲ့

အိန္ဒိယနိုင်ငံက ဖက်ရှင်ရှိုးတစ်ကို ရိုက်ကူးရေးလုပ်ထားတဲ့ ဗီဒီယိုတခု အွန်လိုင်းပေါ်မှာ ပြန့်နှံ့သွားခဲ့ပြီးတဲ့နောက်မှာတော့ နွမ်းပါးတဲ့ရပ်ကွက်မှာ ရှိတဲ့ ကျောင်းက ကလေးတအုပ်စုလည်း မမျှော်လင့်ဘဲ နာမည်ကျော်ကြားသွားခဲ့ပါတယ်။

စွန့်ပစ်အဝတ်အစားတွေကို ပြန်သုံးပြီး အနီရောင်၊ ရွှေရောင်တွေနဲ့ ထွင်ထားတဲ့ ဆာရီဝတ်စုံတွေကို အသက် ၁၂ နှစ်ကနေ ၁၇ နှစ်အရွယ် အမျိုးသမီးငယ် အများစုက ဝတ်ဆင်ထားကြတာကို အဲဒီ ဗီဒီယိုထဲမှာ မြင်နိုင်ပါတယ်။

ဒီဆယ်ကျော်သက်ကလေးတွေဟာ သူတို့ ဝတ်မယ့်ဝတ်စုံတွေကို ကိုယ်တိုင် ဖန်တီး ချုပ်လုပ်ပြီး သူတို့ရဲ့ ဆန်းသစ်နိုင်စွမ်းကို ပြသခဲ့ကြတာဖြစ်ပါတယ်။ ကိုယ်တိုင် ဝတ်ဆင်ကိုယ်ဟန်ပြတဲ့သူတို့ တစ်လှမ်းချင်း လမ်းလျှောက်ချိန်မှာတော့ အရပ်အခေါ် ပျံကျရပ်ကွက်လို့ အသိများကြတဲ့ ချို့တဲ့ကြတဲ့သူတို့ ရပ်ကွက်ထဲက အခြေအနေကို တန်းမြင်နိုင်တဲ့ ညစ်ထေးထေးနံရံတွေ၊ မြေစောင်းတွေက သူတို့ လျှောက်လမ်းကို ပံ့ပိုးပေးနေပါတယ်။

အဲဒီဗီဒီယိုကိုတော့ အသက် ၁၅ နှစ်ပဲရှိသေးတဲ့ လူငယ်လေးက ရိုက်ကူး တည်းဖြတ်ထားတာဖြစ်ပါတယ်။

A girl models at a fashion show that has gone viral, she is walking down a street while wearing colourful red clothing, jewellery and sunglasses, and a man is sitting on the side of the street behind her putting his shoes on.

ဓာတ်ပုံ ရင်းမြစ်, Innovation for Change

ဓာတ်ပုံ ပုံစာ, နာမယ်ကျော် ဒီဇိုင်နာ Sabyasachi Mukherjee ရဲ့ အင်စတာဂရမ်ကနေကြည့်ပြီး လက်ဝတ်လက်စားတွေ တီထွင်ခဲ့တာလို့ ပြော

Lucknow မြို့က အရပ်ဘက် အဖွဲ့တခုရဲ့ တီထွင်ဆန်းသစ်မှုနဲ့အတူ ပြောင်းလဲစို့ လို့ အမည်ပေးထားတဲ့ အင်စတာဂရမ်စာမျက်နှာမှာ အခုလအစောပိုင်းတုန်းက အဲဒီဗီဒီယိုကို ပထမဆုံး တွေ့ခဲ့ကြရတာပါ။

ဒီအရပ်ဘက် ပရဟိတအဖွဲ့ဟာ Lucknow မြို့ ဆင်ခြေဖုံးအရပ်က နွမ်းပါးတဲ့ ကလေးအယောက် ၄၀၀ လောက်ကို အခမဲ့ကျွေးမွေး ပညာသင်ပေးကာ လုပ်ငန်းခွင်ဝင်နိုင်မယ့် အရည်အချင်းတွေရှိလာအောင် လေ့ကျင့်သင်တန်းပေးလျက် ရှိပါတယ်။

ဗီဒီယိုထဲမှာပါတဲ့ ကလေးတွေဟာ အဲဒီအရပ်ဘက်အဖွဲ့က ပညာသင်ကြားပေးနေတဲ့ ကျောင်းသားလေးတွေ ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာ ပါတဲ့ မော်ဒယ်တယောက် ဖြစ်တဲ့ Mehak Kannojia က သူနဲ့ သူ့ သူငယ်ချင်းတွေဟာ ဘောလီးဝုဒ် မင်းသမီးတွေရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်က သူတို့ရဲ့ ဝတ်စားပုံတွေ အနီးကပ် လေ့လာပြီး တစ်ခါတလေမှာ သူတို့ရဲ့ ဝတ်စုံတွေကို အတုယူကာ ဖန်တီးထားတာဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

''ဒီတကြိမ်မှာတော့ ကျွန်မတို့အနေနဲ့ ရှိထားတဲ့ပစ္စည်း အရင်းအမြစ်တွေကို သုံးပြီး အုပ်စုလိုက် ပူးတွဲ ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ကြတယ်'' လို့ ၁၆ နှစ်အရွယ် မိန်းကလေးတယောက်က ရှင်းပြပါတယ်။

အိန္ဒိယက ထိပ်တန်း နာမည်ကြီး ဒီဇိုင်နာလည်းဖြစ် ၊ ဘောလီးဝုဒ် ၊ ဟောလီးဝုဒ်နဲ့ ဘီလျံနာ သူဌေး အကျော်အမော်တွေကို ချုပ်လုပ်ပေးသူလည်းဖြစ်တဲ့ Sabyasachi Mukherjee ရဲ့ လက်ရာတွေကို အခု ပရောဂျက်မှာ ဖန်တီး ထုတ်လို့ဖို့ သူတို့ ရွေးချယ်ခဲ့ကြပါတယ်။

ကင်မ် ခါဒါရှီယန် ဟာ ၂၀၁၈ တုန်းက ဒီဇိုင်နာ မူခါဂျီရဲ့ အနီရောင် ဆာရီကို Vogue ဖက်ရှင် မဂ္ဂဇင်း ဓါတ်ပုံရိုက်ကူးရေးမှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။

မူခါဂျီကို အိန္ဒိယမှာ မင်္ဂလာဆောင် သတို့သမီးတွေအတွက် ဝတ်စုံချုပ်ပေးရလွန်းတာကြောင့် လက်ထပ်ပွဲတွေရဲ့ဘုရင် "king of weddings" လို့တောင် တင်စားခေါ်ကြပါတယ်။

သူဟာ အနုရှ်ကာ ရှာမာ၊ ဒီပီကာ တို့လို ဘောလီးဝုဒ် အကျော်အမော်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ သတို့သမီးတွေအတွက် ဝတ်စုံချုပ်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သရုပ်ဆောင် မင်းသမီး ပရီယန်ကာ ချိုပရာတစ်ယောက် သူ့ခင်ပွန်း ကမ္ဘာကျော်အဆိုတော် နစ်ခ် ဂျိုနက်စ်ကို လက်ထပ်တုန်းကလည်း သူ့လက်ရာ ဆာဘာဆာချီ အနီရောင် ဝတ်စုံကို ဆင်မြန်းခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယမှာ နာမည်ကြီးသွားတဲ့ ကလေးငယ်တွေရဲ့ ဖက်ရှင်ကို အကျပ်ရိုက်ကူထားတဲ့ဓာတ်ပုံ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Innovation for Change

ဓာတ်ပုံ ပုံစာ, ၃၊ ၄ရက် အတွင်း ဝတ်စုံပေါင်း တစ်ဒါဇင် ချုပ်ခဲ့တယ်လို့ ပြော

သူတို့ရဲ့ ပရောဂျက်ကို Yeh laal rang အနီရောင် လို့ ခေါ်ပြီး ဒီဇိုင်နာရဲ့ ရိုးရာ သတို့သမီးအဆင်ဒီဇိုင်းတွေကို အားကျ အတုယူကာ အမည်ပေးထားတာလို့ ကျောင်းသူလေး မီခါက ပြောပါတယ်။

''ကျွန်မတို့ကို လာရောက် လှူဒါန်းထားတဲ့ အဝတ်အစားတွေထဲက အနီရောင် ပစ္စည်းအားလုံးကို ရွေးချယ် အသုံးပြုထားပြီး အလေအလွင့် မကျန်စေဘဲ အားလုံးကို ပြန်အသုံးချထားတာ ဖြစ်တယ်''လို့ သူက ဆိုပါတယ်။

မိန်းမငယ်လေးတွေအနေနဲ့ ၃ ၄ ရက်အတွင်း ဝတ်စုံ တဒါဇင်လောက်ကို ချုပ်လုပ်ရတာဟာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ခက်ခဲပေမဲ့ အဲဒီလို လုပ်ရတာ သူတို့အတွက် ပျော်စရာဖြစ်ခဲ့တယ်လို့ မီခါက ပြောပါတယ်။

ဒါ့အပြင် နာမည်ကျော် Sabyasachi ရဲ့ ဗီဒီယိုတွေကြည့် ၊ သူတို့ရဲ့ ပုံစံတွေ လေ့လာကာ သူတို့ ချုပ်လုပ်ပြီးသား ဝတ်စုံတွေနဲ့ Cat Walk လမ်းလျှောက်ခဲ့တာ ဖြစ်တယ်လို့ မီခါက ရှင်းပြပါတယ်။

Sabyasachi ရဲ့ မော်ဒယ်တွေလို သူတို့ထဲက တချို့က မျက်မှန်အမည်းတပ်၊ တချို့ကလည်းဖျော်ရည်ကို ပိုက်နဲ့စုပ်သောက်ပုံဖမ်းတဲ့ပုံစံ လုပ်သူရှိသလို တချို့ကလည်း အဝတ်ထုပ်ကို ချိုင်းကြားညှပ်ကာ မော်ဒယ်လျှောက်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

သူတို့ထဲက တချို့ဟာ တပြိုင်တည်း သဘာဝ ကျကျ သရုပ်ဆောင် နိုင်ခဲ့ကြတယ်လို့ မီခါက ဆိုပါတယ်။ ''တချိန်မှာတော့ ဗီဒီယို ရိုက်နေရင်း သူ ရယ်သမ်းသွေးရမယ့် အနေအထားဖြစ်ချိန် တယောက်ယောက်က ရီစရာ ပြောလိုက်တော့ မထင်မှတ်ဘဲ ဝါးလုံးကွဲ ရယ်မိသလို ဖြစ်သွားခဲ့တယ်'' လို့ တွေ့ကြုံခဲ့ရတာတွေကို သူက ပြန်ပြောပြခဲ့ပါတယ်။

ဖက်ရှင်ရှိုး ရုပ်သံထဲမှာတော့ အမျိုးသမီးငယ်ဟာ ဖန်ခွက်ထဲကရေကို ပိုက်နဲ့စုပ်သောက်နေပြီး အနီရောင်ဝတ်စုံနဲ့ လက်ဝတ်ရတနာတွေလည်း ဆင်မြန်းထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, Innovation for Change

ဓာတ်ပုံ ပုံစာ, အဝတ်အစားတွေကိုတော့ လာလှူတဲ့ အဝတ်တွေကနေ ဖန်တီးခဲ့တာလို့ ဆိုပါတယ်

ဒီပရောဂျက်ကို ရည်မှန်းချက်နဲ့ ခက်ခက်ခဲခဲ လုပ်ခဲ့ရပေမယ့် ရလဒ်ကတော့ အိန္ဒိယ ပြည်သူတွေရဲ့ အသည်းနှလုံးကို သိမ်းကျုံး ရယူနိုင်ခဲ့ပါတယ်။

လှူဒါန်းထားတဲ့ အဝတ်တွေနဲ့ ပေါင်းစပ် တီထွင် ဖန်တီးထားတဲ့ ဖက်ရှင်ရှိုး ဗီဒီယိုကို နာမယ်ကျော် ဒီဇိုင်နာ မူခါဂျီကနေ သူ့ အင်စတာဂရမ် ပြန်တင်ခဲ့ပြီးနောက်မှာ အီးမိုဂျီ အသည်းနှလုံးပုံတွေ အထပ်ထပ်ပေး လူကြိုက်များ ခံခဲ့ရပါတယ်။

ဒါ့အပြင် သူတို့ရဲ့ လှုပ်ရှားမှုကို လူအများက ချီးကျူးခဲ့ကြပြီး လူမှုကွန်ယက်ပေါ်မှာလည်း တခြား ဝါရင့်သမားတွေရဲ့ ဖန်တီးမှုနဲ့ နှိုင်းယှဥ် အားပေးမှုတွေ ရခဲ့ကြပါတယ်။

အခုလို ပြန့်နှံ့သွားတဲ့ ဗီဒီယိုကြောင့် သူတို့ကို ကူညီထောက်ပံ့တဲ့ ပရဟိတ အဖွဲ့နဲ့ စာသင်ကျောင်းကို ရုပ်မြင်သံကြားလိုင်း တော်တော်များများ လာရောက် ရိုက်ကူး မေးမြန်းတာတွေ လုပ်ခဲ့ကြပြီး သူတို့ ပရောဂျက်မှာ ပါဝင်တဲ့ ဆယ်ကျော်သက်တချို့ကို နာမယ်ကြီး FM ရေဒီယိုတွေက ဖိတ်ကြားတာ၊ ဘောလီးဝုဒ်မင်းသမီး တမန်နာ ဘေးတီးယား သူတို့ဆီ လာရောက်ကာ ကလေးတွေပေးတဲ့ ခြုံထည်ပုဝါကို လက်ခံယူတာတွေ ရှိခဲ့ပါတယ်။

အခုလို ဖြစ်လာလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့် မထားမိခဲ့ဘူးလို့ မီခါက ပြောပါတယ်။

''ကျွန်မ အနေနဲ့ အိပ်မက်တွေ တကယ် ဖြစ်လာသလို ခံစားရတယ် ၊ ကျွန်မ သူငယ်ချင်းတွေ အားလုံးနဲ့ ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်ရင်း ငါတို့ နာမည်ကြီးလာပြီ'' လို့ ပြောဖြစ်တဲ့အကြောင်း သူက ဆိုပါတယ်။

သူ့မိဘတွေဆိုရင်လည်း သူတို့ရဲ့ အောင်မြင်မှု သတင်းတွေကြားတော့ ပျော်မဆုံး မော်မဆုံးဖြစ်နေကြတယ်လို့ ပြောပါတယ်။

''ကျွန်မတို့တွေ ပျော်ရွှင်ကြည်နူးနေကြရပြီး အခုတော့ အိပ်မက်တခုပဲ အကောင်အထည်ဖော်ဖို့ ကျန်တော့တယ်။ အဲဒါက Sabyasachi နဲ့ တွေ့ဖို့ ဖြစ်တယ်'' လို့ သူက ဆိုပါတယ်။

A girl poses for the camera wearing colourful red clothing and jewellery, she's standing outside on a street and looks directly at the camera. The scene is well lit which makes the clothing looks vibrant.

ဓာတ်ပုံ ရင်းမြစ်, Innovation for Change

ဓာတ်ပုံ ပုံစာ, ဖက်ရှင်ကျကျရိုက်ကူးတဲ့ဒီရုပ်သံကို အိန္ဒိယတလွှား ချီးကျူးနေ

တဖက်မှာလည်း ဒီဗီဒီယို ရိုက်ကူးမှုနဲ့ ပတ်သက်လို့ အသက်ငယ်သေးတဲ့ မိန်းမငယ်လေးတွေ သတို့သမီး ဝတ်စုံဝတ်ပြီး ရိုက်ပြနေတာဟာ တိုင်းပြည်မှာ မိန်းကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုချင်အောင် တွန်းအားပေးသလို ဖြစ်လိမ့်မယ်လို့ ဝေဖန်ခံနေရပါတယ်။

အိန္ဒိယမှာ တရားဝင် အိမ်ထောင်ပြုနိုင်တဲ့ အသက်ကို ၁၈ နှစ်လို့ သတ်မှတ်ထားပေမယ့် မိဘတွေက အရွယ်မတိုင်ခင် အိမ်ထောင်ချပေးမှုတွေကြောင့် သန်းနဲ့ချီတဲ့ မိန်းကလေးတွေ ဒုက္ခရောက် နေကြရပါတယ်။

Innovation for Change ဆိုတဲ့ မီခါတို့ အဖွဲ့ကတော့ အင်စတာ ဂရမ်ပေါ်မှာ အရွယ်မတိုင်ခင် အိမ်ထောင်ပြုမှုတွေကို အားမပေးပါဘူးလို့ သတိပေး စာတမ်း ထိုးထားပါတယ်။

''ကျွန်မတို့ ရည်ရွယ်ချက်က အရွယ်မတိုင်ခင် အိမ်ထောင်ပြုတာကို ဘယ်နည်းနဲ့မှ အားမပေးပါဘူး၊ ဒီနေ့ အချိန်အခါမှာ ဒီအမျိုးသမီးလေးတွေက သူတို့ရဲ့ အတွေးအမြင် ဆန်းသစ်ချက်တွေကို ကာကွယ်တားဆီးမှုတွေကြားက ဖော်ထုတ် ပြသနိုင်ခဲ့ကြပါပြီ၊ ဒါကို ကျေကျေနပ်နပ် လက်ခံကြပါ ၊ ဒါမှမဟုတ်ရင် သူတို့လေးတွေရဲ့ စိတ်ဓါတ်ရေးရာ တိုးတက်လာမှာ မဟုတ်တော့ပါဘူးလို့ လည်း ရေးသားထားပါတယ်။