ကန်ဂနား ရာနာဝက်၊ အိန္ဒိယရုပ်ရှင်မင်းသမီးနဲ့ ဘီဂျေပီ ကိုယ်စားလှယ်လောင်းက အမဲသား မစားဘူးလို့ ငြင်းဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလ အိန္ဒိယ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အာဏာရပါတီဘက်က ဝင်ပြိုင်မယ့် ရုပ်ရှင်မင်းသမီးတယောက်က သူ့ကို အမဲသားစားတယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ပယ်ချဖို့ ဖိအားပေးခံနေရပါတယ်။
ဟိန္ဒူအမျိုးသားရေးပါတီ ဘီဂျေပီကို အကြီးအကျယ် ထောက်ခံတဲ့ ကန်ဂနား ရာနာဝက်က ဒီစွပ်စွဲချက်တွေကို ရှက်စရာ၊ အခြေအမြစ်မရှိတဲ့ ကောလာဟလတွေ ဆိုပြီး ပယ်ချပါတယ်။
ဘောလီးဝုဒ်က ဆုရတဲ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး ရာနာဝက်ဟာ အိန္ဒိယမှာ ၀င်ငွေအများဆုံးရတဲ့ ရုပ်ရှင်ကားတချို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။
သူအရင်က အမဲသား စားဖူးတယ်ဆိုပြီး အတိုက်အခံ နိုင်ငံရေးသမား တယောက်က စွပ်စွဲလို့ တုံ့ပြန်ခဲ့တာပါ။
ရာနာဝက်ရဲ့ လူမှုကွန်ရက်က ပို့စ်ဟောင်းတွေ ဆိုပြီး ဓာတ်ပုံရိုက်ထားတာတွေကိုလည်း အမဲသားစားတဲ့ သက်သေအနေနဲ့ အင်တာနက်မှာ လူတွေ ဖလှယ်နေကြပါတယ်။
နွားကို အထွတ်အမြတ် ထားတဲ့ ဟိန္ဒူတွေအတွက် အမဲသား စားတဲ့ကိစ္စက အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ဟိန္ဒူတွေက အိန္ဒိယရဲ့ အကြီးဆုံး ဘာသာရေးအုပ်စုလည်း ဖြစ်ပါတယ်။
တချို့ ဘီဂျေပီ နိုင်ငံရေးသမားတွေက နွားသတ်တာကို ပိတ်ပင်ဖို့ တိုက်တွန်းနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယမြောက်ပိုင်း ဟီမာချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ဟိန္ဒူအမျိုးသားရေးပါတီ ဘီဂျေပီကိုယ်စားလှယ်လောင်းအဖြစ် လာမယ့် သီတင်းပတ်တွေအတွင်း ဝင်ပြိုင်ပြီး နိုင်ငံရေးထဲ ဝင်လာတော့မယ့် မင်းသမီးအတွက် ဒီစွပ်စွဲချက်က ထိခိုက်စေနိုင်ပါတယ်။
"ကျွန်မ အမဲသား၊ ဆိတ်သား စတဲ့ အသားနီတွေကို မစားဘူး"ဆိုပြီး တွစ်တာခေါ် X ဝက်ဆိုက်မှာ မင်းသမီးက ရေးပါတယ်။ အခြေအမြစ်မရှိတဲ့ သူ့အကြောင်း ကောလာဟလတွေ ဖြန့်ကြတာ ရှက်စရာကောင်းတယ်လို့လည်း သူက ဆိုပါတယ်။ ယောဂနဲ့ အာယုဗ္ဗေဒနည်းနဲ့ နေထိုင်နည်းတွေကို သူဟောပြောနေတာ ဆယ်စုနှစ်တွေနဲ့ ချီနေပြီမို့ ဒီလို ကောလာဟလတွေနဲ့ သူ့ပုံရိပ်ကို မစွန်းထင်းနိုင်ပါဘူးလို့လည်း ဆိုပါတယ်။
"ကျွန်မလူတွေက ကျွန်မအကြောင်း သိကြပါတယ်၊ ကျွန်မက ဟိန္ဒူဖြစ်ရတာကို ဂုဏ်ယူတာကို သူတို့ သိပါတယ်၊ သူတို့ကို ဘယ်သူကမှ မလှည့်စားနိုင်ပါဘူး"ဆိုပြီး ရာနာဝက်က ပြောပါတယ်။
အသက် ၃၇ နှစ် အရွယ် ရာနာဝက်က "ဇေယျ သီရိ ရာမ " ဆိုတဲ့ ဟိန္ဒူဘုရားစာနဲ့ သူ့ပို့စ်အဆုံးသတ်မှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အမဲသား ထုတ်လုပ် စားသုံးမှုဟာ အိန္ဒိယမှာ အကြီးအကျယ် အငြင်းပွားနေကြတဲ့ ကိစ္စ ဖြစ်ပြီး နွားကာကွယ်ရေး အုပ်စုတွေဖွဲ့ပြီး မွတ်ဆလင် လူနည်းစုကို တိုက်ခိုက်တာတွေ ဖြစ်တတ်ပါတယ်။
ဒီလို ဒေသအလိုက် ကန့်သတ်မှုတွေ ရှိနေပေမယ့် အိန္ဒိယဟာ ကျွဲစျေးကွက်ကြောင့် ကမ္ဘာပေါ်မှာ အမဲသား အများဆုံးထုတ်တဲ့ နိုင်ငံတခု ဖြစ်ပါတယ်။ ကျွဲသားပေါ်တာကိုတော့ ကင်းလွတ်ခွင့် ပြုထားပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ်နဲ့ ဘီဂျေပီပါတီ ခေါင်းဆောင် နရိန္ဒရာ မိုဒီရဲ့ ရွေးကောက်ပွဲ ကတိတွေထဲမှာ တနိုင်ငံလုံးအတွက် နွားမသတ်အောင် တားမြစ်မယ့် အမိန့်လည်း ပါပါတယ်။
ဘီဂျေပီက တနိုင်ငံလုံး ကျွဲနွားမပေါ်ရအောင် တားမြစ်ဖို့ ကြိုးစားခဲ့ဖူးပြီး အမြင့်ဆုံး တရားရုံးကနေပြီး ၂၀၁၇ မှာ ပယ်ချခံခဲ့ရပါတယ်။
ဘီဂျေပီပါတီအုပ်ချုပ်တဲ့ ပြည်နယ်အတော်များများမှာလည်း အမဲသားရောင်းတာနဲ့ စားသုံးတာကို တားမြစ်ထားပါတယ်။
နရိန္ဒရာမိုဒီ ခေါင်းဆောင်တဲ့ ပါတီက ဟိန္ဒူလူဦးရေရဲ့ ထောက်ခံမှုကို ယူပြီး လာမယ့် ရွေးကောက်ပွဲမှာ အားကောင်းဖို့ ပြင်ဆင်နေပါတယ်။
ရာနာဝက်မှာ အရင်ကလည်း ဝေဖန်ပြောဆိုမှုတွေ ကြုံရဖူးပါတယ်။ ၂၀၂၀ တုန်းက ဟင်ဒီစကားပြော ရုပ်ရှင်တွေနဲ့ သူ နာမည်ကြီးခဲ့တုန်းကလည်း ရုပ်ရှင်လောကသားတွေကို ပြင်းပြင်းထန်ထန် စွပ်စွဲတာတွေ သူလုပ်ခဲ့ပါတယ်။
၂၀၂၁ တုန်းကလည်း အတိုက်အခံ ခေါင်းဆောင်ကို လိမ္မာအောင် ဆုံးမဖို့ မစ္စတာမိုဒီကို သူတိုက်တွန်းခဲ့လို့ တွစ်တာကနေပြီး ဆူပူအောင် လှုံ့ဆော်တယ်ဆိုပြီး တွစ်တာက သူ့အကောင့်ကို ရပ်ပစ်ခဲ့ဖူးပါတယ်။








