ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် အိန္ဒိယသူဌေးကြီးရဲ့ သား မင်္ဂလာဆောင် ဘာတွေထူးခြားလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
အာရှရဲ့ အချမ်းသာဆုံး သူဌေးကြီး မူကက်ရှ်အမ်ဘာနီရဲ့ သားဖြစ်သူ အာနန်အမ်ဘာနီ ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မင်္ဂလာဆောင်ပုံရိပ်တွေနဲ့ သတင်းတွေက ကမ္ဘာတဝန်းကို ပျံ့နှံ့နေပါတယ်။
ပြီးခဲ့တဲ့လတွေကတည်းက သူဌေးသား အာနန်အမ်ဘာနီ နဲ့ သူ့ရဲ့ သတို့သမီး ရာဒီကားတို့ရဲ့ မင်္ဂလာပွဲတွေရှိခဲ့ပေမဲ့ ဒီသောကြာနေ့ မင်္ဂလာပွဲကတော့ တရားဝင်မင်္ဂလာပွဲကြီး ဖြစ်ပါတယ်။
အာရှရဲ့ အကြီးဆုံးလုပ်ငန်းစုကြီး Reliance Industries ရဲ့ တည်ထောင်သူ မူကက်ရှ်အမ်ဘာနီရဲ့ သား ဖြစ်သူ အာနန်အမ်ဘာနီ နဲ့ အိန္ဒိယဆေးဝါးလုပ်ငန်းစုကြီးက ဗီရန်မားချန့်နဲ့ ရှိုင်လာမားချန့် တို့ရဲ့ သမီးဖြစ်သူ ရာဒီကာမားချန့် တို့ လက်ဆက်ကြတာပါ။
Reliance Industries က နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံကျော်ရှိပြီး ရေနံဓာတုလုပ်ငန်း၊ ရေနံ၊ ဓာတ်ငွေ့လုပ်ငန်းတွေ၊ တယ်လီကွန်း ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ လက်လီအရောင်းဆိုင်လုပ်ငန်းတွေအထိ လုပ်ကိုင်တဲ့ လုပ်ငန်းစုကြီးဖြစ်ပါတယ်။
အာနန်က ဖခင်အမ်ဘာနီရဲ့ ကုမ္ပဏီတွေထဲက ပြန်လည်ဖွံ့ဖြိုးမြဲ စွမ်းအင်ကဏ္ဍကို ဦးဆောင်နေသလို ရာဒီကားမားချန့်ကလည်းဖခင်ရဲ့ Encore Healthcare ကုမ္ပဏီက စျေးကွက်ဒါရိုက်တာ ဖြစ်ပါတယ်။
မွမ်ဘိုင်းမြို့မှာ ၄ ရက်ဆက် ကျင်းပမယ့် မင်္ဂလာဆောင်ပွဲကတော့ မတ်လကတည်းက ကျင်းပနေခဲ့တဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာပွဲတွေရဲ့ နောက်ဆုံးပွဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မင်္ဂလာဆောင်တွေရော၊ ဇူလိုင်လ မင်္ဂလာဆောင်ပွဲတွေမှာ ကမ္ဘာကျော် ပေါ့ပ်စတားတွေဖြစ်တဲ့ ရီဟားနား နဲ့ ဂျပ်စတင်ဘီဘာတို့ တက်ရောက်ဖျော်ဖြေပေးခဲ့တာပါ။
ဒီလိုချမ်းသာကြွယ်ဝမှုတွေနဲ့ ကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲတွေကို ဝေဖန်သံတွေလည်း ထွက်လာပါတယ်။ မြို့နေလူထုက မင်္ဂလာပွဲတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ်တာကို မကျေမနပ်ဖြစ်ကြသလို ဂုဏ်ဒြပ်တွေကို မပြီးစီးနိုင်အောင် ဖော်ပြနေတဲ့ မင်္ဂလာပွဲတွေကိုလည်း မေးခွန်းထုတ်ကြပါတယ်။
ကမ္ဘာ့ အချမ်းသာဆုံး နံပါတ် ၁၀ နေရာမှာရှိနေတဲ့ အသက် ၆၆ နှစ်အရွယ် မူကက်ရှ်အမ်ဘာနီရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ ဘီလျံ ၁၁၅ သန်း ရှိတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။ Reliance Industries ကို သူ့ဖခင် ဒီရူဘာဟာအီ အမ်ဘာနီ က ၁၉၆၆ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ မူကက်ရှ်က အကြီးဆုံးသားဖြစ်ပြီး ညီဖြစ်သူ အန်နဲ အမ်ဘာနီ နဲ့ နောက်ထပ် ညီမနှစ်ယောက် ရှိပါတယ်။
အခုမင်္ဂလာဆောင်တဲ့ အာနန်အမ်ဘာနီက မူကက်ရှ်ရဲ့ သားသမီး သုံးဦးထဲမှာ အငယ်ဆုံးသား ဖြစ်ပါတယ်။ သားသမီးအားလုံးက Reliance Industries ရဲ့ ဘုတ်အဖွဲ့ထဲမှာပါပါတယ်။ အသက် ၂၉ နှစ်အရွယ် အာနန် က Reliance ရဲ့ စွမ်းအင်လုပ်ငန်းတွေကို လုပ်သလို Reliance Foundation ရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဇူလိုင် ၁၂ ရက် သောကြာနေ့မှာတော့ သူတို့ နှစ်ဦးဟာ ဟိန္ဒူ ဘာသာရေးဓလေ့ထုံးတမ်း အတိုင်းတရားဝင်ထိမ်းမြားလက်ထပ်တာကို ဂျီရို ကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်ပါတယ်။
Reality ရုပ်သံစတား ကာဒက်ရှီယန် နဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့လည်း သောကြာနေ့မှာလုပ်တဲ့ အာရှရဲ့ အချမ်းသာဆုံးသူရဲ့ သားဖြစ်သူ မင်္ဂလာဆောင်ပွဲကို တက်ရောက်ကြပါတယ်။
သတင်းတွေအရဆိုရင် သူတို့ လုပ်ငန်းစုက ဝန်ထမ်းတွေအတွက် တနင်္လာနေ့မှာ နောက်ဆုံးကျင်းပတဲ့ ပွဲမတိုင်ခင်မှာ သီတင်းပတ်ကုန်ရက်တွေမှာ မင်္ဂလာပွဲကြီးကို ကျင်းပတာပါ။
အတည်မပြုနိုင်သတင်းတွေအရ ကမ္ဘာကျော်အဆိုတော် အဒဲလ် လည်း ဖျော်ဖြေဖို့ ရှိတယ်လို့ ပြောပေမဲ့ အမ်ဘာနီ မိသားစုကတော့ အတည်မပြုပါဘူး။
ရိုက်တာသတင်းအရဆိုရင် မွန်ဘိုင်းရဲတပ်ဖွဲ့က အဲဒီ မင်္ဂလာပွဲကို နိုင်ငံတကာနဲ့ အိန္ဒိယ အထူး ဧည့်သည် - VIP အများအပြား တက်ရောက်ကြလို့ "အများပြည်သူဆိုင်ရာပွဲ" အဆင့် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
မြို့တော် ရဲတပ်ဖွဲ့ကလည်း မင်္ဂလာပွဲကျင်းပတဲ့တဝိုက်ကို ယာဥ်လမ်းကြောင်းကန့်သတ်တဲ့နေရာအဖြစ် သတ်မှတ်ထားပါတယ်။
ကွန်ဗင်းရှင်းစင်တာအနီးက လမ်းတွေကို သောကြာနေ့ကနေ တနင်္လာနေ့ အတွင်း မင်္ဂလာပွဲနဲ့သက်ဆိုင်တဲ့ ယာဥ်တွေ အတွက်သီးသန့်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
စီးပွားဖြစ် စင်းလုံးငှားလေယာဥ်ဝန်ဆောင်မှုပေးတဲ့ Club One Air က အမှုဆောင်အရာရှိချုပ် ရာဂျန်မယ်ဟာရဲ့ အပြောအရဆို ရင် ဒီမင်္ဂလာပွဲကိုလာကြမယ့်ဧည့်သည်တွေအတွက် သူတို့ဆီကနေ Falcon-2000 ဂျက်လေယာဥ် ၃ စင်း ကို ကြိုပို့ ဝန်ဆောင်မှုနဲ့ ငှားရမ်းထားတယ်လို့ ဆိုပါတယ်။
'' အနယ်နယ်အရပ်ရပ်ကလာတဲ့ ဧည့်သည်တွေအတွက် နိုင်ငံတဝန်းကို ကြိုဆို ပို့ဆောင်ပေးရမှာပါ'' လို့ ရာဂျန်မယ်ဟာ က ပြောပါတယ်။
ပုံမှန်အခြေအနေမှာတောင် ယာဥ်ကြောပိတ်ဆို့မှုတွေ၊ မိုးတွင်းကာလလမ်းပေါ် ရေမြုပ်ရေကြီးတာတွေကို ကြုံနေရတဲ့မွမ်ဘိုင်းမြို့ခံတွေအတွက် ဒီလို ရက်ရှည်ပိတ်ဆို့မှုတွေက ပြစ်တင်ဒေါသထွက်စရာဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, AFP
အကြိုမင်္ဂလာပွဲကို မတ်လကတည်းက ဂူဂျာရတ်မှာရှိတဲ့ သူတို့ရဲ့အိမ်မှာ ၃ ရက်တိုင်တိုင် ကျင်းပခဲ့တာပါ။
ဘီလျံနာ မူကက်ရှ်အမ်ဘာနီရဲ့ တစ်တည်းသော သမီး အီရှားအမ်ဘာနီနဲ့ အိန္ဒိယ သူဌေးကြီး အာနတ်ဒ်တို့ ၂၀၁၈ မင်္ဂလာဆောင်တုန်းကဆို အိန္ဒိယသမ္မတ၊ ကုလသမဂ္ဂ အတွင်းရေးမူချုပ် မစ္စတာဘန်ကီမွန်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အပါအဝင် ကမ္ဘာခေါင်းဆောင်တွေတက်ရောက်ခဲ့တာပါ။ အဲဒီတုန်းက ကမ္ဘာကျော် အနုပညာရှင်တွေထဲက ဘီယွန်ဆေးက ဖျော်ဖြေပါတယ်။
အခု ၂၀၂၄ ခုနှစ် သားအငယ်ဆုံး အာနန်ရဲ့ အကြို မင်္ဂလာပွဲတွေမှာတော့ နိုင်ငံတကာထင်ရှားကျော်ကြားသူတွေ၊ ကမ္ဘာ့ အထင်ရှားဆုံး စီးပွားရေးသမားကြီးတွေ၊ နိုင်ငံရေးသမားတွေ၊ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတွေ ဖြစ်တဲ့ ဘီလ်ဂိတ်စ်၊ မ့ာခ်ဇက်ကာဘတ်နဲ့ ဇနီးတို့ အပါအဝင် ဒေါ်နယ်ထရမ့်ရဲ့ သမီးဖြစ်သူအပါအဝင် အာရပ် စော်ဘွားတချို့တက်ရောက်ပြီးပါပြီ။ ဒီပွဲကိုဧည့်ပရိသတ်ပေါင်း ၁၂၀၀ ခန့် တက်ရောက်နိုင်ပါတယ်။
မတ်လဧည့်ခံပွဲတုန်းက ပထမဆုံး ညမှာ ကမ္ဘာကျော် ပေါ့ပ်စတား ရီဟားနား က စတင်ဖျော်ဖြေပေးခဲ့တာပါ။ ပန်ချာပီအဆိုတော် ဒီလ်ဂျစ် ဒိုဆန်းဂျ်က ဒုတိယညဧည့်ခံပွဲမှာ ဖျော်ဖြေပါတယ်။ ရက်ပ်ပါ အေကွန် ကတော့ အခမ်းအနားနောက်ဆုံးနေ့မှာ အပိတ်ဖျော်ဖြေခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက် မင်္ဂလာပွဲကြီးနဲ့ ဇူလိုင် ၁၅ ရက်အထိ ၄ ရက်တိုင်တိုင် ကျင်းပတဲ့ မင်္ဂလာပွဲကြီးအတွက်တော့ မွမ်ဘိုင်းမြို့၊ ဘန်ဒါရာရပ်ကွက်ကဘီလျံနာအမ်ဘာနီ မိသားစုပိုင် စံအိမ်ကြီးမှာ မီးတွေ၊ ပန်းတွေနဲ့ တခမ်းတနားအလှဆင်ထားသလို လမ်းတလျှောက်မှာလည်း မီးရောင်စုံတွေထွန်းညှိထားပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၅ ရက်ကစပြီး မင်္ဂလာပွဲပြီးတဲ့ ဇူလိုင်လ ၁၅ ရက်အထိ ရက်ပေါင်း ၄၀ တိုင်တိုင် တစ်ရက် လူ ၄၀၀၀ ကျော်ကို မနက်စာ၊ ညစာ စတုဓိသာ ထမင်းကျွေးတဲ့ အစီအစဥ်ကိုလည်း လုပ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ရင်းမြစ်, AFP
ပြီးခဲ့တဲ့ ဇွန်လက မင်္ဂလာပွဲတွေကိုတော့ အီတလီနဲ့ပြင်သစ်ကိုသွားတဲ့ ဇိမ်ခံ အပျော်စီးသင်္ဘော ပေါ်မှာ ကျင်းပခဲ့တာပါ။ အဲဒီ ခရီးစဥ်မှာဆို The Backstreet Boys ၊ Katy Perry နဲ့ Pitbull တို့ လို့ ကမ္ဘာကျော် အဆိုတော်တွေ က ဘောလိဝုဒ်အကျော်အမော်တွေနဲ့ ခရစ်ကတ်ကစားတွေ ပါဝင်တဲ့ ဧည့်သည် ၈၀၀ ကျော်အတွက် ဖျော်ဖြေခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက် နောက်ဆုံးကျင်းပဧည့်ခံတဲ့မင်္ဂလာပွဲကြီး မတိုင်ခင်ရက်မှာ ကမ္ဘာကျော် ပေါ့ပ်စတား အဆိုတော် ဂျပ်စတင်ဘီဘာက မွန်ဘိုင်းက အမ်ဘာနီစံအိမ်မှာ ဖျော်ဖြေခဲ့ပါတယ်။
ကမ္ဘာတဝန်းသာမက မြန်မာက ဆိုရှယ်မီဒီယာတွေအထိ အမ်ဘာနီသားရဲ့ မင်္ဂလာဆောင်ပုံရိပ်တွေနဲ့ ဂျပ်စတင်ဘီဘာရဲ့ ဖျော်ဖြေပွဲ ပုံရိပ်တွေက လွှမ်းမိုးနေရာယူထားပါတယ်။ အဲဒီ မင်္ဂလာပွဲကို တက်ရောက်တဲ့ အနုပညာရှင်တွေ၊ ထင်ရှားကျော်ကြားသူတွေ ရဲ့ မင်္ဂလာပွဲတက် ဖက်ရှင်တွေကိုလည်း မျှဝေမှတ်ချက်ပေးကြတာတွေ ရှိပါတယ်။
သတို့သမီး ရာဒီကား ရိုးရာနနွင်းလိမ်းပွဲမှာ ဝတ်ဆင်ခဲ့တဲ့ စံပယ်ပန်းအစစ်တွေကို ရွှေချည်မျှင်နဲ့ ချုပ်ထားတဲ့ မင်္ဂလာဝတ်စုံကလည်း မြန်မာက ဆိုရှယ်မီဒီယာသုံးစွဲသူကြားမှာ ကြိုက်နှစ်သက်ကြောင်း မှတ်ချက်ပြု မျှဝေမှု အများအပြား ဖြစ်ခဲ့ပါတယ်။
အိန္ဒိယရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြသဖို့ နဲ့ မင်္ဂလာပွဲအတွက် နောက်ခံပုံအဖြစ်ပံ့ပိုးပေးဖို့ ဂျမ်းမဂါက ကျယ်ဝန်းတဲ့ ဘုရားကျောင်း ၁၄ ခု ဆောက်လုပ်ရာမှာလည်း ငွေကြေးအမြောက် အများ သုံးစွဲပါတယ်။ ဒါအပြင် မွန်ဘိုင်းမြို့ပြင်က ဆင်းရဲနွမ်းပါးတဲ့ စုံတွဲ ၅၀ ကျော်ကိုလည်း အစအဆုံးတာဝန်ယူပြီး လက်ထပ်ပေးခဲ့ပါတယ်။
အမ်ဘာနီ မိသားစုက ဒီမင်္ဂလာပွဲအတွက်ဘယ်လောက်ကုန်ကျတယ်ဆိုတာကို ထုတ်ဖော်ပြောကြားတာမရှိပေမဲ့ မင်္ဂလာပွဲစီစဉ်သူတွေဆီက အချက်အလက်တွေအရ ရူပီး ၁၁ ဘီလျံ ကနေ ၁၃ ဘီလျံကြား (ဒေါ်လာ ၁၃၂ သန်း ကနေ ၁၅၆ သန်း) ကြား အကုန်အကျခံထားပြီးဖြစ်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ရီဟားနားကို ဖျော်ဖြေရေး ငှားရမ်းခ ဒေါ်လာ ၇ သန်း (ပေါင် ၅. ၅ သန်း) ပေးခဲ့ရတယ်လို့ သတင်းထွက်သလို ဂျပ်စတင်ဘီဘာ အတွက် ဒေါ်လာ ၁၀ သန်း ကုန်ကျတယ်လို့ ဆိုပါတယ်။










