ဒီပါဝလီပွဲတော်- ဒစ်ဂျစ်တယ်ရွှေ ခေတ်စားလာပြီလား

gold necklace

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံမှာ ရွှေဝယ်တဲ့ ကိစ္စကို မင်္ဂလာဆောင်တဲ့အချိန်ပြီးရင် ဒုတိယအများဆုံး လုပ်ကြတဲ့အချိန်ကတော့ ဒီပါဝလီ ပွဲတော်ကာလဖြစ်
    • ရေးသားသူ, အာမန် ခါဝါဂျာ
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

ဒီပါဝလီပွဲတော်ဆိုတဲ့ ဟိန္ဒူမီးထွန်းပွဲတော်ကို ကမ္ဘာတဝန်း လူတွေ သန်းနဲ့ ချီပြီး ဆင်နွှဲလေ့ရှိကြရာမှာ ၂၀၂၂ ခုနှစ်မှာတော့ ဒီပွဲတော်နေ့က အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကျရောက်နေပါတယ်။

ဒီပါဝလီပွဲတော် ကျင်းပတဲ့ ဓလေ့ထုံးစံဟာ နှစ်ပေါင်း ၂၅၀ဝ ကျော်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲတော်ကို အိန္ဒိယနိုင်ငံမှာ ငါးရက်တိုင်တိုင် ကျင်းပလေ့ရှိရာမှာ နိုင်ငံသားတွေ အထွတ်အမြတ်အထားဆုံး ရိုးရာပွဲတော်တွေထဲက တခုလည်း ဖြစ်ပါတယ်။

ဒီပွဲတော် ကာလအတွင်းမှာ ကြွယ်ဝမှုဆိုင်ရာ ဟိန္ဒူရိုးရာ နတ်ဘုရားမ လက်ချမီးကို အထိန်းအမှတ်ပြုပြီး ရွှေဝယ်တာတွေ၊ ရွှေလက်ဆောင်ပေးတာတွေလည်း လုပ်လေ့ရှိကြပါတယ်။

ဒါ့ကြောင့် အိန္ဒိယနိုင်ငံမှာ ရွှေဝယ်တဲ့ ကိစ္စကို မင်္ဂလာဆောင်တဲ့အချိန်ပြီးရင် ဒုတိယအများဆုံး လုပ်ကြတဲ့အချိန်ကတော့ ဒီပါဝလီ ပွဲတော်ကာလလည်း ဖြစ်နေပါတယ်။

အိန္ဒိယဟာ ကမ္ဘာ့ရွှေဈေးကွက်ကို ဦးဆောင်နေတဲ နိုင်ငံတွေထဲက တနိုင်ငံလည်း ဖြစ်ပြီး ကမ္ဘာ့ရွှေကောင်စီ အရဆိုရင် ၂၀၁၇ ခုနှစ်မှာ တနှစ်အတွင်း ရွှေဝယ်လိုအား ၇၂၇ တန် (၂၅.၆ သန်း အောင်စ) ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့ခေတ်မှာ အိန္ဒိယနိုင်ငံသားအများစုက ရွှေဆိုင်တွေကို လူကိုယ်တိုင်သွားပြီး ဝယ်ယူနေဆဲ ဖြစ်ပေမယ့် လူငယ်တွေကြားမှာတော့ ဒစ်ဂျစ်တယ် ရွှေက ခေတ်စားလာနေတာကို တွေ့ရပါတယ်။

gold

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒစ်ဂျစ်တယ်ရွှေ ရောင်းဝယ်မှုမှာ သုံးတဲ့ရွှေတွေက အသန့်စင်နိုင်ဆုံး ရွှေရည်ဖြစ်တဲ့ ၂၄ ကရက် ကိုပဲ အရောင်းအဝယ်လုပ်ကြ

ဒစ်ဂျစ်တယ်ရွှေ ဆိုတာ ဘာလဲ

ဒစ်ဂျစ်တယ်ရွှေ ဆိုတာကတော့ ရွှေကို လူကိုယ်တိုင်သွားဝယ်တာ မဟုတ်ပဲ အွန်လိုင်းက လှမ်းဝယ်ထားပြီး ရင်းနှီးမြှုပ်နှံတာကို ခေါ်တာ ဖြစ်ပါတယ်။

အခုလို အွန်လိုင်းက ဝယ်ယူလိုက်တဲ့ရွှေကို ရောင်းသူကပဲ ဝယ်သူ့ကိုယ်စား သိမ်းဆည်းထားပေးပါတယ်။

ဒစ်ဂျစ်တယ်ရွှေကိုလည်း အိန္ဒိယအစိုးရက လူကိုယ်တိုင် ကိုယ်တွယ်ဝယ်ယူတဲ့ ရွှေနည်းတူ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုဆိုင်ရာ အခွန်ငွေ သုံးရာခိုင်နှုန်း ကောက်ခံပါတယ်။

အဲဒီ ဒစ်ဂျစ်တယ်ရွှေရဲ့ စစ်မှန်မှုကို ရောင်းသူက အာမခံရပြီး ဒစ်ဂျစ်တယ်ရွှေ ရောင်းဝယ်မှုမှာ သုံးတဲ့ရွှေတွေက အသန့်စင်နိုင်ဆုံး ရွှေရည်ဖြစ်တဲ့ ၂၄ ကရက် ကိုပဲ အရောင်းအဝယ်လုပ်ကြပါတယ်။

gold

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, Safegold ဆိုတဲ့ ကုမ္ပဏီက လက်ဝတ်ရတနာတွေကို ပြန်ငှားပေးတဲ့ ဝန်ဆောင်မှုကိုပါ ထပ်ဆောင်းပေးပြီး အမျိုးသမီး ဒစ်ဂျစ်တယ်ရွှေ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေ

ဘယ်သူတွေက ဒစ်ဂျစ်တယ်ရွှေမှာ ရင်းနှီးမြှုပ်နှံနေကြသလဲ

ဒစ်ဂျစ်တယ်ရွှေ ဈေးကွက် အိန္ဒိယမှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပေါ်လာချိန်ကစပြီး လူအများ စိတ်ဝင်စားမှုလည်း မြင့်တက်လာခဲ့ပါတယ်။

မကြာသေးခင်က အိန္ဒိယမြို့တော် နယူးဒေလီအခြေစိုက် ဝယ်သူလိုလားချက် ကောက်ခံမှု ကုမ္ပဏီ Axis My India က လတ်တလော လူပေါင်း ၅၃၀ဝ ကျော်ကို လေ့လာချက်အရ အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်ကြား အိန္ဒိယလူငယ် ၁၅ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ်ရွှေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံလိုကြတယ်လို့ ဆိုပါတယ်။

ဒီ ကုမ္ပဏီရဲ့ အဆိုအရ ဒစ်ဂျစ်တယ်ရွှေကို ရင်းနှီးမြှုပ်နှံချင်သူတွေထဲမှာ အမျိုးသားဦးရေက ၅၅ ရာခိုင်နှုန်းနဲ့ ပိုများနေတာကို တွေ့ရပါတယ်။

အမျိုးသမီးတွေကတော့ ပွဲတော်တွေ ပွဲလမ်းသဘင်တွေမှာ ဝတ်ဆင်ဖို့အတွက် ရွှေထည် လက်ဝတ်ရတနာတွေကို ဝယ်ယူဖို့ ပိုပြီး စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။

အခုလို အနေအထားရှိတဲ့အတွက် Safegold ဆိုတဲ့ ကုမ္ပဏီက လက်ဝတ်ရတနာတွေကို ပြန်ငှားပေးတဲ့ ဝန်ဆောင်မှုကိုပါ ထပ်ဆောင်းပေးပြီး အမျိုးသမီး ဒစ်ဂျစ်တယ်ရွှေ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နေပါတယ်။

အခုလို ရွှေထည် လက်ဝတ်ရတနာတွေ ခေတ္တ ထုတ်ငှားတဲ့ ဝန်ဆောင်မှု ထည့်ထားရတာ ပိုင်ရှင်တွေ အရဲစွန့်ရတဲ့ အခြေအနေဆိုပေမယ့် အကျိုးအမြတ်ကလည်း ၅ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ ရတယ်လို့ ဒီ Safegold ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် ဂွာရက်ဗ် မာသာက ဆိုပါတယ်။

ရွှေပိုင်သူတွေဟာ သူတို့ရွှေတွေကို ဒီအတိုင်း သော့ခတ်သိမ်းထားမယ့်အစား ဒီလို အမြတ်ရှာနိုင်တဲ့အတွက် Safegold ကို အသုံးပြုကြသူ လူ ၂၅ သန်း-သန်း ၃၀ လောက်အတွက် အကျိုးဖြစ်ထွန်းမယ့် ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ တနှစ်တာအတွက် ရွှေဝယ်လိုအားက တန် ၈၀ဝ ကနေ ၁၀ဝ၀ ကြားမှာ ရှိနေရာမှာ ဝယ်သူတွေဟာ တန်ဖိုးနည်းနည်းကို အရောင်းဝယ်များများ လုပ်ရာကနေ တန်ဖိုးကြီး ဝယ်ယူမှု ပိုလုပ်လာကြတယ်လို့လည်း မစ္စတာ မာသာက ဆိုပါတယ်။

အိန္ဒိယမှာ လူတွေက ရွှေကို လက်ထဲမှာ စုပြီး ကြာကြားထားလာတာ၊ လက်ဝတ်ရတနာနဲ့ အလဲအလှယ်လုပ်တာ၊ ပြန်ငှားတာတွေ လုပ်လာကြတဲ့အတွက် အမျိုးသမီးတွေလည်း ဒါမျိုးနဲ့ ငွေရှာဖို့ စိတ်ဝင်စားလာကြပါတယ်။

gold

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံက အများပြည်သူနေအိမ်တွေမှာ စုဆောင်းထားတဲ့ ရွှေပမာဏက တန် ၂၅၀ဝ၀ လောက် ရှိ

အိန္ဒိယပြည်တွင်း ရွှေဈေးကွက် အနေအထား

အိန္ဒိယပြည်တွင်း ရွှေဈေးကွက်ဟာ အလွန်ကြီးမားပြီး ဈေးကွက်တခုလုံးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ဘီလျံ ၇၀-၈၀ လောက်အထိ ရှိနိုင်တယ်လို့ မစ္စတာ မာသာက ဆိုပါတယ်။

ကမ္ဘာ့ရွှေကောင်စီရဲ့ ၂၀၁၉ ခုနှစ် ခန့်မှန်းချက်အရ ဆိုရင်လည်း အိန္ဒိယနိုင်ငံက အများပြည်သူနေအိမ်တွေမှာ စုဆောင်းထားတဲ့ ရွှေပမာဏက တန် ၂၅၀ဝ၀ လောက် ရှိပြီး အိန္ဒိယဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယအကြီးဆုံး ရွှေဈေးကွက်လည်း ဖြစ်နေပါတယ်။

အခုလို ဈေးကွက်တန်ဖိုးကြီးမားတယ် ဆိုပေမယ့်လည်း ဆိုင်ခွဲတွေနဲ့ စနစ်တကျလုပ်နေတဲ့ လုပ်ငန်းကြီးတွေရဲ့ ဈေးကွက်တန်ဖိုးက ၂၀ ရာခိုင်နှုန်းလောက်သာ ရှိပြီး ကျန် ၈၀ ရာခိုင်နှုန်းက စနစ်တကျ ရှိမနေဘူးလို့လည်း သူက ပြောပါတယ်။

မစ္စတာ မာသာရဲ့အဆိုအရ အဲဒီ ၈၀ ရာခိုင်နှုန်းဟာ အခွန်ရှောင်တဲ့အနေနဲ့ ငွေသား အပေးအယူနဲ့ပဲ အလုပ်ဖြစ်နေရာမှာ အွန်လိုင်းပြင်ပ ရွှေရောင်းဝယ်သူတွေကို တိုးတက်လာတဲ့ နည်းပညာအသုံးပြုပြီး ပါဝင် ရင်းနှီးမြှုပ်နှံ လုပ်ဆောင်လာအောင် ဆွဲဆောင်ဖို့ အခွင့်အလန်း ရှိနေတယ်လို့ ဆိုပါတယ်။

gold

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒစ်ဂျစ်တယ်ရွှေရဲ့ အားနည်းချက်တခုကတော့ ဒါကို လက်ဝတ်ရတနာအဖြစ် ပြောင်းလဲချိန်မှာ ဂရမ်အလိုက် ဆတူ ဈေးပြန်မရ

ဒစ်ဂျစ်တယ်ရွှေရဲ့ အားသာချက်

ဒစ်ဂျစ်တယ်ရွှေရဲ့ အကြီးမားဆုံး အားသာချက်တွေထဲက တခုကတော့ စိတ်ချရတဲ့ သိုလှောင်မှု ဖြစ်ပါတယ်။

ဒီလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့ဟာ စိတ်ချရတဲ့ ဘဏ်တွေမှာ အာမခံနဲ့ သိမ်းထားပေးပြီး အဲဒီအတွက် ဒစ်ဂျစ်တယ်ရွှေမှာ ရင်းနှီးမြှုပ်နှံသူတွေက အပိုဆောင်း ထပ်ပေးစရာ မလိုဘူးလို့လည်း ဆိုကြပါတယ်။

အခုလို လုံလုံခြုံခြုံထားတဲ့ ရွှေကို အွန်လိုင်းမှာ ဒစ်ဂျစ်တယ်ရွှေအနေနဲ့ အရောင်းအဝယ်လုပ်ခြင်းအားဖြင့် အရောင်းအဝယ် လိမ်လည်မှု ဖြစ်နိုင်ခြေတွေလည်း နည်းသွားပါတယ်။

ဒစ်ဂျစ်တယ်ရွှေဟာ အခုလို ထားသိုမှုဆိုင်ရာ စိတ်ချရတဲ့အပြင် ပြင်ပမှာ ရွှေကိုယ်တိုင်ဝယ်တာထက် ပမာဏ အလွန်နည်းတဲ့ အနည်းဆုံး ဝ.၁ ဂရမ်လောက်အထိ ရွေးဝယ်ခွင့်လည်း ရှိတာကို အိန္ဒိယက ရွှေဝယ်သူတွေက သဘောကျနေကြပါတယ်။

အခုလို နည်းနည်းချင်း ဝယ်ယူနိုင်တဲ့အတွက် ဖြည်းဖြည်းချင်း စုသွားလို့လည်းရပြီး လက်တွေ့ ရွှေအစစ်ကို အခုလို ဖြည်းဖြည်းချင်း ဝယ်စုမယ်ဆိုရင် ကုန်ကျစရိတ်တွေလည်း အများကြီးပိုလာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒစ်ဂျစ်တယ်ရွှေ ဝယ်ထားသူအနေနဲ့ အချိန်မရွေး ဈေးကွက်ပေါက်ဈေးနဲ့ ပြန်ရောင်းနိုင်ရုံသာမကပဲ ဝယ်ထားတဲ့ ဒစ်ဂျစ်တယ်ရွှေကို ရွှေဒင်္ဂါးပြားအနေနဲ့ ထုတ်ယူထားနိုင်တဲ့ အားသာချက်လည်း ရှိနေတာကို တွေ့ရပါတယ်။

ဒစ်ဂျစ်တယ်ရွှေရဲ့ အားနည်းချက်

ဒစ်ဂျစ်တယ်ရွှေရဲ့ အဓိက အားသာချက်တခုဖြစ်တဲ့ လုံခြုံစိတ်ချရတဲ့ သိုလှောင်ပေးမှုက အမြဲတမ်းမဖြစ်နိုင်ပဲ အချိန်ကာလတခုအထိပဲ အပိုငွေ မပေးရပဲ သိမ်းပေးတာမျိုး ရှိလာနိုင်ပါတယ်။

လက်တွေ့မှာ ရှိနေပြီဖြစ်တဲ့ ဒီရွှေရဲ့ အားနည်းချက်ကတော့ အစိုးရက နည်းဥပဒေနဲ့ စည်းကြပ်မှု မရှိသေးတဲ့ ကိစ္စဖြစ်ပါတယ်။

အိန္ဒိယဈေးကွက်အတွင်းမှာ ဒစ်ဂျစ်တယ်ရွှေ အရောင်းအဝယ် အလွှဲအပြောင်းတွေကို အိန္ဒိယ ဗဟိုဘဏ်ရော အိန္ဒိယ ငွေတိုက်စာချုပ်နဲ့ နိုင်ငံခြားငွေလဲလှယ်ရေးအဖွဲ့တို့ကပါ စောင့်ကြည့် ကြီးကြပ်မှု မရှိသေးပါဘူး။

အိန္ဒိယမှာ အခုလို ရွှေနဲ့ ပတ်သက်တဲ့ စည်းကြပ်မှု လစ်ဟာနေရတဲ့ အကြောင်းအရင်း နှစ်ခုရှိပြီး တခုကတော့ အိန္ဒိယပြည်တွင်း ရွှေအရောင်းအဝယ် ဖြစ်တာအများစုက တရားဝင်လမ်းကြောင်းရဲ့ အပြင်ဘက်မှာ အခွန်မဆောင်ပဲ လုပ်နေကြလို့ ဖြစ်တယ်လို့ မစ္စတာ မာသာက ဆိုပါတယ်။

နောက်တထပ် အကြောင်းတရားတခုကတော့ ပြည်တွင်း ရွှေအရောင်းအဝယ်ဖြစ်တာများစေတဲ့ သွင်းကုန်တမျိုးဖြစ်တဲ့ ရွှေကို အကန့်အသတ်လုပ်တာက တိုင်းပြည်အတွက် ခြုံငုံတွက်ချက်ရရှိတဲ့ အကျိုးအမြတ် မကောင်းလှလို့ပဲ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အိန္ဒိယမှာ လူတွေ ဒစ်ဂျစ်တယ်ရွှေကို များများ ပိုဝယ်လာကြမယ်ဆိုရင်တော့ ဈေးကွက်အတွင်း တရားဝင်လမ်းကြောင်းအပြင် ရွှေအရောင်းအဝယ်ဖြစ်မှုတွေ လျော့သွားမှာ ဖြစ်သလို ရွှေထည်တွေ ပြန်ငှားပေးတဲ့အတွက်လည်း ပြည်ပက ရွှေတင်သွင်းရမှုပါ ကျဆင်းသွားမှာ ဖြစ်တယ်လို့လည်း မစ္စတာ မာသာက ပြောပါတယ်။

လက်ရှိမှာ ဒစ်ဂျစ်တယ်ရွှေဈေးကွက်က ရွှေဈေးကွက်တခုလုံးရဲ့ ၅ ရာခိုင်နှုန်းအောက်သာ ရှိသေးပေမယ့် ၁၀ ရာခိုင်နှုန်းအထက် ဖြစ်လာမယ်ဆိုရင် စည်းကြပ်ဥပဒေတွေလည်း ပေါ်လာမှာ ဖြစ်တယ်လို့ သူက မှတ်ချက်ပေးခဲ့ပါတယ်။

လက်ရှိအနေအထားမှာ ဒစ်ဂျစ်တယ်ရွှေ ဝယ်ယူသူတွေ ရရှိတဲ့ အသိအမှတ်ပြု လက်မှတ်ကို အတည်ပြုနိုင်တဲ့ တရားဝင်လမ်းကြောင်း မရှိသေးပဲ နည်းဥပဒေ ထုတ်မထုတ်ကို ဘီဘီစီက အိန္ဒိယ ငွေတိုက်စာချုပ်နဲ့ နိုင်ငံခြားငွေလဲလှယ်ရေးအဖွဲ့ကို မေးမြန်းတဲ့အခါမှာလည်း ပြန်လည် မဖြေကြားသေးပါဘူး။

အိန္ဒိယရဲ့ အာမခံရှိ နောက်ခံပိုင်ဆိုင်မှု ဆိုင်ရာ ၁၉၅၆ အက်ဥပဒေအရ ဒစ်ဂျစ်တယ်ရွှေက အကျုံးမဝင်လို့ ၂၀၂၁ သြဂုတ်လမှာ စတော့ရှယ်ယာပွဲစားတွေ ဒစ်ဂျစ်တယ်ရွှေ ရောင်းခွင့် အပိတ်ခံထားရပေမယ့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကုမ္ပဏီတွေနဲ့ စမတ်ဖုန်းအခြေပြု ငွေစု ပိုက်ဆံအိတ် စနစ်တွေမှာတော့ ဒစ်ဂျစ်တယ်ရွှေတွေ ရောင်းချနေဆဲ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်ရွှေရဲ့ နောက်ထပ် အားနည်းချက်တခုကတော့ ဒါကို လက်ဝတ်ရတနာအဖြစ် ပြောင်းလဲချိန်မှာ ဂရမ်အလိုက် ဆတူ ဈေးပြန်မရတဲ့အပြင် တန်ဖိုးနဲ့ ဝန်ဆောင်မှုဆိုင်ရာ အခွန်လည်း နှစ်ခါပေးရတဲ့ အခြေအနေ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ကိုဗစ်ကပ်ရောဂါဘေးအပြီး ကုန်ဈေးနှုန်းမြင့်မားမှုတွေကို ကမ္ဘာက ရင်ဆိုင်နေရချိန်မှာ လက်ရှိ ၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယပြည်တွင်းမှာ ပြည်ပက ရွှေတင်သွင်းမှု ၆၇၇ ရာခိုင်နှုန်း ပြန်တက်လာတဲ့အထိ ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှု ခံနေရပြီ ဖြစ်ပါတယ်။