အိန္ဒိယမှာ ကိုယ်ဝန်ဖျက်ချခွင့် တိုးရလာတာ ဘာကြောင့် သမိုင်းတွင် အရေးပါရသလဲ

ကိုယ်ဝန်ဖျက်ချခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကလည်း လက်ထပ်ထားတဲ့ အမျိုးသမီးတွေ နည်းတူ ကိုယ်ဝန်ဖျက်ချခွင့် ရသွားခဲ့

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်မှာ အမေရိကန် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ပြည်တွင်း ကိုယ်ဝန်ဖျက်ချခွင့် အကန့်အသတ်တွေ ရှိသွားခဲ့ပေမယ့် အိန္ဒိယမှာကတော့ ရှိထားတဲ့ ကိုယ်ဝန်ဖျက်ချခွင့် အတိုင်းအတာရဲ့ အခွင့်အရေးတွေတောင် တိုးသွားပြီ ဖြစ်ပါတယ်။

အခုလို အိန္ဒိယတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကလည်း လက်ထပ်ထားတဲ့ အမျိုးသမီးတွေ နည်းတူ ကိုယ်ဝန်ဖျက်ချခွင့် ရသွားခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် အိန္ဒိယလို လက်မထပ်ရသေးတဲ့ အမျိုးသမီး ၇၃ သန်းအတွက်လည်း တိုးတက်တဲ့ အောင်ပွဲတရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။

၂၀၂၂ ဇူလိုင်လမှာ အသက် ၂၅ နှစ်အရွယ် လက်မထပ်ရသေးတဲ့ အိန္ဒိယအမျိုးသမီးတဦးက သူရဲ့ ချစ်သူနဲ့ ရတားတဲ့ ၂၂ ပတ်ရှိတဲ့ ကိုယ်ဝန်ကို ဖျက်ချခွင့် ရဖို့ လက်မှတ်ထိုး လှုပ်ရှားမှု လုပ်ခဲ့ရာကနေ နောက်ဆုံးမှာ အိန္ဒိယတရားရုံးချုပ်က အခုလို ကိုယ်ဝန်ဖျက်ချခွင့် တိုးပေးလိုက်တာ ဖြစ်ပါတယ်။

အခုလို ဆုံးဖြတ်ချက်ကို တရားသူကြီးချုပ် ချန်ဒရာချွတ်၊ ဘော့ပန်းနားနဲ့ ပါဒီဝယ် တို့က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အချစ်ရေး၊ အိမ်ထောင်ရေး၊ မင်္ဂလာကြေး တင်တောင်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်နေ

ကိုယ်ဝန်ဖျက်ချခွင့် တိုးပေးမှု ဖြစ်လာစေတဲ့ အမှု

အခုလို ကိုယ်ဝန်ဖျက်ချခွင့် တောင်းဆိုခဲ့တဲ့ အမျိုးသမီးက သူ့ရဲ့ ချစ်သူနဲ့ ကလေးယူခဲ့ပေမယ့် ချစ်သူဖြစ်သူက နောက်ဆုံးကျမှ လက်မထပ်တော့ဘူးလို့ စိတ်ပြောင်းသွားခဲ့လို့ ဖျက်ချခွင့် တောင်းဆိုရတာလို့ ဆိုပါတယ်။

အခုလို လက်မထပ်ဘဲ ယူထားတဲ့ ကိုယ်ဝန်ကို မဖျက်ချဘဲ မွေးလိုက်မယ်ဆိုရင် သူ့ရဲ့ လူမှု အသိုင်းအဝိုင်းမှာ ရှိတဲ့ လက်မထပ်ဘဲ ကိုယ်ဝန်မရသင့်ဘူးဆိုတဲ့ အစွဲကြောင့် အများရှုတ်ချ နှောင့်ယှက်ခံရနိုင်တာကြောင့် အခုလို ဖျက်ချခွင့်တောင်းတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဒီအမျိုးသမီးက သူ့မှာ အလုပ်မရှိလို့ ဒီကလေးကို ပြုစုစောင့်ရှောက်ဖို့ ငွေကြေးမတတ်နိုင်တဲ့အပြင် ငွေရေးကြေးရေး ပြေလည်တဲ့ မိသားစုကလာတာလည်း မဟုတ်ဘဲ၊ ကလေးတယောက်ကို ပြုစုပျိုးထောင်ဖို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားတာလည်း မရှိဘူးလို့ ဆိုပါတယ်။

ဒီအမျိုးသမီးရဲ့ အခုလို ကိုယ်ဝန်ဖျက်ချခွင့် လျှောက်ထားမှုကို ဒေလီအထက်တရားရုံးက ပယ်ချခဲ့ရာမှာ သူက တရားရုံးချုပ်အထိ တက်ပြီး လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခွင့်ကို ၁၉၇၁ ခုနှစ်ကတည်းက ခွင့်ပြုထားခဲ့တာ ဖြစ်ပေမယ့် နောက်ပိုင်း ကာလတွေမှာ ဘယ်လို အနေအထားနဲ့ ကိုယ်ဝန်ရှိသူတွေ ဖျက်ချခွင့် ရှိမယ်ဆိုတာနဲ့ ကိုယ်ဝန်ဘယ်လောက် ရင့်တဲ့အထိ ဖျက်ချခွင့်ပေးမယ်ဆိုတဲ့ ကိစ္စတွေမှာ အာဏာပိုင်တွေက တင်းကျပ်မှုတွေ လုပ်လာခဲ့ပါတယ်။

အခုလို ကန့်သတ်ရတဲ့ အကြောင်းအရင်းတခုကတော့ အိန္ဒိယမှာ အစဉ်အလာအရ သားယောကျာ်းလေး လိုချင်သူများတဲ့အတွက် ကိုယ်ဝန်က သမီးမိန်းကလေး ဖြစ်နေရင် ဖျက်ချကြတာ များနေလို့ ဖြစ်ပါတယ်။

ဒီပြဿနာကြောင့် အိန္ဒိယမှာ အမျိုးသားနဲ့ အမျိုးသမီး လူဦးရေ မျှမျှတတ မရှိဘဲ အမျိုးသားအရေအတွက်က သိသိသာသာ များနေတဲ့ အကျပ်အတည်းလည်း ရှိနေပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ အစဉ်အလာအရ သားယောကျာ်းလေး လိုချင်သူများတဲ့အတွက် ကိုယ်ဝန်က သမီးမိန်းကလေး ဖြစ်နေရင် ဖျက်ချကြတာ များနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အိန္ဒိယရဲ့ ကိုယ်ဝန်ဖျက်ချခွင့်အပေါ် ကန့်သတ်မှု ဘယ်လောက်အထိတောင် ရှိခဲ့သလဲ ဆိုရင် အဓမ္မပြုခံ ကလေးငယ်တွေ အပါအဝင် အဓမ္မပြုကျင့်ခံရသူတွေ အနေနဲ့ ကိုယ်ဝန်ရှိနေမှန်း ရက်သတ္တပတ် ၂၀ ကျော်မှ သိရတယ်ဆိုပြီး လွယ်လွယ်ဖျက်ချခွင့်မပေးပဲ တရားရုံးမှာ လျှောက်ထားရတဲ့ ကန့်သတ်ချက် ရှိနေပါတယ်။

အခုလို အခြေအနေမျိုးတွေ အများကြီး ဖြစ်လာခဲ့ရာမှာတော့ ၂၀၂၁ ခုနှစ်မှာ အိန္ဒိယအစိုးရက ကိုယ်ဝန်သက်တမ်း အပတ် ၂၀ ကနေ ၂၄ ပတ် အတွင်းရှိတဲ့ အမျိုးသမီး အုပ်စုအတော်များများကို ဆေးပညာနည်းနဲ့ ကိုယ်ဝန်ရပ်ဆိုင်းခြင်း ဆိုင်ရာ အက်ဥပဒေ ထုတ်ပြန်ပြီး ခွင့်ပြုပေးခဲ့ရပါတယ်။

အခုလို ဖျက်ချခွင့် တိုးပေးခဲ့တဲ့ အမျိုးသမီး အုပ်စု အမျိုးအစားတွေထဲမှာ အဓမ္မပြုကျင့်ခံရသူတွေ၊ အရွယ်မရောက်သေးသူတွေ၊ စိတ်ကျန်းမာရေး မကောင်းတဲ့ အမျိုးသမီးတွေ၊ သားအိမ် ဆိုးဆိုးဝါးဝါး ပုံမှန်အခြေအနေမရှိတဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ရှိနေစဉ်မှာ ကွာရှင်း (သို့) အမျိုးသားဖြစ်သူ ကွယ်လွန်သွားတာ ကြုံရတဲ့ အမျိုးသမီးတွေလည်း ပါဝင်လာခဲ့ပါတယ်။

အခုလို ကိုယ်ဝန်ဖျက်ချခွင့် တိုးပေးခဲ့တယ် ဆိုပေမယ့်လည်း လက်မထပ်ထားတဲ့အပြင် နှစ်ဦးကြည်ဖြူတဲ့ ချစ်သူဘဝမှာရတဲ့ ကလေးဖြစ်တဲ့အတွက် အထက်ပါ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ဒေလီ အထက်တရားရုံးက ကိုယ်ဝန်ဖျက်ချခွင့် မပေးဘဲ ပယ်ချခဲ့တာ ဖြစ်ပါတယ်။

အခုလို ပယ်ချခံရပြီး ရက်အနည်းငယ်အကြာ ဒီအမျိုးသမီးက တရားရုံးချုပ်ကို ဆက်လက် လျှောက်ထားရာမှာတော့ အခုလို သမိုင်းတွင်မယ့် ကိုယ်ဝန်ဖျက်ချခွင့် ရလိုက်တာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချခွင့်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေရဲ့ လက်ထပ်ထားသလား၊ မထားဘူးလား ဆိုတဲ့ အခြေခံကြောင့် မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချခွင့် မဆုံးရှုံးသင့်ဘူးဆိုပြီး အိန္ဒိယတရားရုံးချုပ်က ဆုံးဖြတ်

မိမိခန္ဓာကိုယ် မိမိပိုင်စိုးခွင့်

အိန္ဒိယတရားရုံးချုပ်ဟာ ဒီအမျိုးသမီးကို ကိုယ်ဝန်ဖျက်ချခွင့်ပေးလိုက်အပြီးမှာ ဒီအမျိုးသမီးရဲ့ တည်ဆဲ ဥပဒေအပေါ် ပြန်လည် မေးခွန်းထုတ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကို ပြန်လည် သုံးသပ်ခဲ့ပါတယ်။

အဲဒီ မေးခွန်းထုတ်မှုတွေကတော့ တည်ဆဲ ဥပဒေက ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်နေသလား ဆိုတဲ့ကိစ္စနဲ့ လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကို ဖျက်ချခွင့်မပေးတာက တမင်ခွဲခြားဆက်ဆံတာ ဖြစ်နေသလား ဆိုတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။

အခုလို ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကို ပြန်လည် သုံးသပ်ရာမှာ အမျိုးသမီးတွေရဲ့ လက်ထပ်ထားသလား၊ မထားဘူးလား ဆိုတဲ့ အခြေခံကြောင့် မလိုချင်တဲ့ ကိုယ်ဝန်ကို ဖျက်ချခွင့် မဆုံးရှုံးသင့်ဘူးဆိုပြီး အိန္ဒိယတရားရုံးချုပ်က ထပ်မံ ဆုံးဖြတ်ချက် ချလိုက်တာလည်း ဖြစ်ပါတယ်။

မီးဖွားခွင့် ဒါမှမဟုတ် ဖျက်ချခွင့်ဆိုတာဟာ အမျိုးသမီးတွေရဲ့ မိမိခန္ဓာကိုယ် မိမိပိုင်စိုးခွင့်တွေထဲမှာ ထဲထဲဝင်ဝင် အကျုံးဝင်နေပြီး အမျိုးသမီးတွေ ကိုယ့်ဘဝလမ်းကြောင်းကိုလည်း ကိုယ်တိုင် ရွေးချယ်ခွင့် ရှိသင့်တယ်လို့ တရားရုံးချုပ် ဆုံးဖြတ်ချက်က သတ်မှတ်ခဲ့ပါတယ်။

တရားရုံးချုပ်ကို လာရောက် လျှောက်ထားတဲ့ အမျိုးသမီးသာ ကိုယ်ဝန်ဖျက်ချခွင့် ငြင်းပယ်ခံရမယ်ဆိုရင် မလိုချင်ဘဲ ရတဲ့ ကိုယ်ဝန်ကြောင့် ပညာရေး၊ အလုပ်အကိုင်နဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကြောင့် သူ့ဘဝတခုလုံးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း တရားရုံးချုပ်ရဲ့ စီရင်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကို တရားဝင် ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်မယ်ဆိုရင် ကျန်းမာရေးအရ စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချတာမျိုးတွေ လုပ်လာနိုင်ပြီး ဒီလို လုပ်တဲ့အတွက်ကြောင့် အသက်သေဆုံးရတဲ့ အမျိုးသမီးအရေအတွက်ကလည်း ထိတ်လန့်စရာ ကောင်းလောက်အောင် များပြားနေပြီးသား ဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ရဲ့ အစီအရင်ခံစာအရ ဆိုရင် အိန္ဒိယပြည်တွင်းမှာ ကျန်းမာရေးအရ စိတ်မချရတဲ့ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ နောက်ခံအကြောင်းတွေကြောင့် တရက်ကို အမျိုးသမီး ၈ ဦးလောက်အထိ သေဆုံးနေရတယ်လို့ ဆိုပါတယ်။

 လိင်ဆက်ဆံမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ လက်မထပ်ခင် လိင်ဆက်ဆံမှုကို နှာခေါင်းရှုံ့ ဖိုဝါဒအခြေခံ ခွင့်ပြုသင့်တဲ့ လိင်ဆက်ဆံမှု ဆိုပြီး ခွဲခြား

လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေလည်း လိင်ဆက်ဆံကြတယ်ဆိုတာကို အသိအမှတ်ပြုမှု

အိန္ဒိယနိုင်ငံဟာ ဖိုဝါဒကြီးစိုးပြီး အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ ပိုင်စိုးခွင့် နည်းတဲ့ နိုင်ငံဖြစ်တဲ့အတွက်ကြောင့်လည်း လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချခွင့်ပေးမှုကို နိုင်ငံတဝန်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက အောင်ပွဲခံနေကြတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ လက်မထပ်ခင် လိင်ဆက်ဆံမှုကို နှာခေါင်းရှုံ့တာ များလေ့ရှိတဲ့ နိုင်ငံဖြစ်ပြီး တချို့ဒေသတွေမှာဆိုရင် လက်မထပ်ခင် မင်္ဂလာဦးညမှာ အပျိုဖြစ်မဖြစ် အတင်းစစ်ခိုင်းတာတွေ ရှိနေသေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

လက်မထပ်ရသေးတဲ့ အမျိုးသမီးတွေကို ကိုယ်ဝန်ဖျက်ချခွင့်ပေးလိုက်တဲ့ တရားသူကြီးချုပ်တွေကလည်း ဒီဥပဒေဟာ ကျဉ်းမြောင်းတဲ့ ဖိုဝါဒအခြေခံ ခွင့်ပြုသင့်တဲ့ လိင်ဆက်ဆံမှု ဆိုပြီး ခွဲခြား သတ်မှတ်တဲ့ အပေါ်မှာ အခြေမတည်သင့်ကြောင်း သူတို့ရဲ့ စီရင်ချက်ထဲမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

အိန္ဒိယပြည်တွင်း မိသားစုတွေနဲ့တကွ လူ့အဖွဲ့အစည်းတခုလုံးဟာလည်း လတ်တလောနှစ်တွေမှာ လိင်ကိစ္စအပေါ် အမြင်တွေ သိသိသာသာ ပြောင်းလဲလာပြီ ဖြစ်ပြီး လက်မထပ်ဘဲ အတူနေမှုနဲ့ လိင်ဆက်ဆံမှု၊ လိင်တူဆက်ဆံမှုတွေကိုလည်း ရာဇဝတ်မှုတွေ အနေနဲ့ သဘောထားပြီး ရှုမြင်နေလို့ မရတော့ဘူး ဖြစ်တယ်လို့လည်း ဒီစီရင်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဥပဒေတရပ်ကို အဓိပ္ပာယ်ဖွင့်ရာမှာ ပြောင်းလဲလာနေတဲ့ လူမှုရေး ထုံးတမ်းစဉ်လာတွေကိုလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပြီး လူမှုနောက်ခံ အကြောင်းတရားတွေ ဆင့်ကဲ ပြောင်းလဲလာတယ်ဆိုရင် ဥပဒေတွေလည်း ပြောင်းလဲဖို့ လိုမှာဖြစ်တယ်လို့လည်း အိန္ဒိယတရားရုံးချုပ်က မှတ်ချက်ပေးခဲ့ပါတယ်။

လက်ထပ်ထားပေမယ့် အလိုမတူရင် အဓမ္မကျင့်တာ ဖြစ်တယ်လို့ အသိအမှတ်ပြုမှု

အိန္ဒိယနိုင်ငံမှာ ဗြိတိသျှ ကိုလိုနီအဖြစ် ရှိစဉ်ကတည်းက အသုံးပြုနေခဲ့တဲ့ အသက်မပြည့်သူ မဟုတ်တဲ့ ဇနီးဖြစ်သူနဲ့ လင်ယောကျာ်းက လိင်ဆက်ဆံမှုဟာ အဓမ္မမှု မမြောက်ဘူးဆိုတဲ့ ဥပဒေကို စိန်ခေါ်တဲ့ လျှောက်ထားမှု တခုကိုလည်း အိန္ဒိယတရားရုံးချုပ်က လက်ရှိကြားနာ စစ်ဆေးနေပါတယ်။

အဲဒီ စိန်ခေါ် လျှောက်ထားမှု အောင်မြင်မယ်ဆိုရင် လင်ယောကျာ်းဖြစ်ပေမယ့်လည်း ဇနီးမယားကို အလိုမတူဘဲ လိင်ဆက်ဆံရင် အဓမ္မကျင့်မှုအဖြစ် အပြစ်ပေးနိုင်မှာ ဖြစ်ပါတယ်။

အခုလို ဇနီးမယားကို အလိုမတူဘဲ လိင်ဆက်ဆံမှုကို ရာဇဝတ်မှု ဖြစ်မဖြစ် မဆုံးဖြတ်ရသေးပေမယ့် အခုလို လိင်ဆက်ဆံမှုမျိုးကြောင့် ရတဲ့ ကိုယ်ဝန်ကိုတော့ ဖျက်ချခွင့် ပေးရမယ်လို့ တရားရုံးချုပ်က ကနဦး ကြားနာမှုမှာ ကတည်းက ဆုံးဖြတ်ချက် ချထားခဲ့တာကို တွေ့ရပါတယ်။

အခုလို ဇနီးမယားကို အလိုမတူဘဲ လိင်ဆက်ဆံတာက အဲဒီအမျိုးသမီးကို စိတ်ရော ကိုယ်ပါ ညှဥ်းဆဲတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တရားရုံးချုပ်က ဒီကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာမှာ အမျိုးသမီးပေါင်း များစွာဟာ အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံလာရတာ ကာလအတော် ကြာပြီလို့လည်း ဆိုပါတယ်။

အခုလို တရားရုံးချုပ်ရဲ့ မှတ်ချက်တွေကို အိန္ဒိယက အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူတွေနဲ့ မဝါဒီတွေက ချီးကျူးခဲ့ကြပေမယ့် အမျိုးသားအခွင့်အရေး လှုပ်ရှားသူတွေကတော့ အခုလို ဖြစ်လာတဲ့ အပြောင်းအလဲတွေကြောင့် မသမာတဲ့ အမျိုးသမီးတွေက အမျိုးသားတွေကို နှောက်ယှက်ဒုက္ခပေးတဲ့နေရာမှာ သုံးလာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။