တချို့ အိန္ဒိယလူမျိုးတွေ တခြားသူတွေထက် အသက်ငယ်ငယ်မှာ ဘာကြောင့် သေရတာလဲ

အိန္ဒိယက လူဦးရေ သန်း ၂၃၀ ဒါလစ်လူမျိုးစုတွေဟာ နိုင်ငံရေးနှင့် လူမှုရေး စွမ်းဆောင်နိုင်မှုတွေရှိပေမယ့် ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်ရင်ဆိုင်နေရ
ဓာတ်ပုံ ပုံစာ, အိန္ဒိယက လူဦးရေ သန်း ၂၃၀ ရှိတဲ့ ဒါလစ်လူမျိုးစုတွေဟာ နိုင်ငံရေးနှင့် လူမှုရေးကဏ္ဍ တိုးတက်မှုတွေရှိလာပေမဲ့ ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်ရင်ဆိုင်နေရ

မွေးကင်းစ အိန္ဒိယနိုင်ငံသားတစ်ဦးဟာ အသက် ၆၉ နှစ်အထိ အသက်ရှင်နိုင်မယ်လို့ မျှော်လင့်နိုင်ပြီး ကမ္ဘာ့ပျမ်းမျှ လူတစ်ဦးသက်တမ်းထက် သုံးနှစ်သာ အသက်ပိုတိုပါတယ်။

ဒါပေမဲ့ လူတစ်ဦး အသက်ရှင်ဖို့ မျှော်လင့်နိုင်တဲ့ ပျမ်းမျှသက်တမ်းကွာဟချက်က အိန္ဒိယနိုင်ငံရဲ့ လူမျိုးစုတွေအကြား ကာလအတန်ကြာ ပိုမိုကျယ်ပြန့်လာတယ်ဆိုတာကို လေ့လာမှုအသစ်နှစ်ခုအရ သိရပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အပစ်ပယ်ခံထားရဆုံး လူမျိုးစုတွေလို့ပြောနိုင်တဲ့ အဒီဗာစစ် ဒါမှမဟုတ် ဒေသခံတိုင်းရင်း သားတွေ၊ ဒါလစ် လို့ခေါ်တဲ့ လူမျိုးစုနဲ့ မွတ်ဆလင်တွေဟာ ဇာတ်မြင့်ဟိန္ဒူတွေထက် အသက်ငယ်ငယ်မှာ သေဆုံးနိုင်ခြေ ပိုများတယ်လို့ ဆန်ဂီတာပါယာဟာသီနဲ့ အာရှစ်ဂူပတာအဖွဲ့တွေရဲ့ စာတမ်းတစ်စောင်မှာဖော်ပြထားပါတယ်။

သူတို့အဖွဲ့က အိန္ဒိယနိုင်ငံ လူဦးရေ ၁.၄ ဘီလျံရဲ့ ထက်ဝက်ခန့်ရှိတဲ့ အိန္ဒိယပြည်နယ်ကိုးခုက လူဦးရေ သန်း နှစ်ဆယ်ကျော်ရဲ့ တရားဝင် ကျန်းမာရေးစစ်တမ်း အချက်အလက်တွေကိုလေ့လာ ဆန်း စစ်ခဲ့ တာဖြစ်ပါတယ်။

အဒီဗာစစ်နဲ့ ဒါလစ်လူမျိုးစုတွေရဲ့ ပျမ်းမျှသက်တမ်းက ဇာတ်မြင့် ဟိန္ဒူဘာသာဝင်တွေအသက်ထက် လေးနှစ်နဲ့ သုံးနှစ် အသီးသီး ပိုတိုတယ်ဆိုတာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ မွတ်ဆလင်တွေကတော့ ဇာတ်မြင့် ဟိန္ဒူတွေထက် တစ်နှစ် သက်တမ်းပိုတယ်ဆိုတာ တွေ့ရပါတယ်။

မွတ်ဆလင် သန်းနှစ်ရာထဲက အများစုဟာလည်း လူမှုဆက်ဆံရေး အောက်ဆုံးအဆင့်မှာ ဆက်နစ်မြောနေဆဲ
ဓာတ်ပုံ ပုံစာ, မွတ်ဆလင် သန်း ၂၀၀ ထဲက အများစုဟာလည်း လူမှုအသိုက်အဝန်းရဲ့ အောက်ဆုံးအဆင့်မှာ ဆက်ရှိနေ

အချက်အလက်တွေကို ကျား-မ ခွဲခြားကြည့်ခြင်း

အိန္ဒိယက လူမှုရေးပညာရေး ချို့တဲ့တဲ့ အမျိုးသမီးတွေ အသက်ဘယ်လောက် ရှည်ရှည်နိုင်လဲဆိုရင် အဒီဗာစစ် အမျိုးသမီးတွေက ၆၂.၈ နှစ်၊ ဒါလစ်အမျိုးသမီးတွေက ၆၃.၃ နှစ်၊ မွတ်စလင်အမျိုးသမီးတွေက ၆၅.၇ နှစ်ဖြစ်ပြီး ဇာတ်မြင့် ဟိန္ဒူ အမျိုးသမီးတွေရဲ့ ပျမ်းမျှသက်တမ်းက ၆၆.၅ နှစ်အထိ ရှိပါတယ်။

အမျိုးသားတွေမှာဆိုရင်တော့ ပျမ်းမျှသက်တမ်းက အဒီဗာစစ်တွေက အသက် ၆၀၊ ဒါလစ်တွေက အသက် ၆၁.၃နှစ် ၊မွတ်ဆလင်တွေက ၆၃.၈ နှစ်ဖြစ်ပါတယ်။ ဇာတ်မြင့် ဟိန္ဒူအမျိုးသားတစ်ဦး အသက်ရှင်နေနိုင်တဲ့ ပျှမ်းမျှသက်တမ်းက ၆၄.၉ နှစ်အထိရှိပါတယ်။

ဒီလို ကာလရှည်ကြာဖြစ်နေတဲ့ ပျမ်းမျှသက်တမ်း ကွာဟချက်ကို အမေရိကန်က လူမည်းတွေနဲ့ လူဖြူတွေကြားက သက်တမ်းကွာဟချက်နဲ့ နှိုင်းယှဉ်နိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံက လူတွေရဲ့ ပျမ်းမျှသက်တမ်းက အမေရိကန်ကလူတွေထက် ငါးပုံလေးပုံအောက် လျော့နည်းနေပြီး အိန္ဒိယက ရလဒ်တွေက ရာခိုင်နှုန်းအရ ပိုများတယ်လို့ ပြောနိုင်ပါတယ်။

အဆင့်မြင့်ဆေးဝါး၊ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ လူထုကျန်းမာရေးစနစ်တွေ တိုးတက်မှုကြောင့် လွန်ခဲ့တဲ့ ရာစုနှစ်တစ်ဝက်ခန့်က အိန္ဒိယလူမျိုးတွေရဲ့ ပျှမ်းမျှအသက် ၅၀ ကျော်ကနေ တိုးတက်လာခဲ့ပါတယ်။ အခုအချိန်မှာ သူတို့ရဲ့မျှော်မှန်းသက်တမ်းက အရင်ကထက် အနှစ် ၂၀ နီးပါး ပိုရှည်လာပါတယ်။

အဲ့ဒါနဲ့ပတ်သက်ပြီး သတင်းဆိုးကတော့ လူအုပ်စုတွေအားလုံးရဲ့ သက်တမ်းက တိုးလာပေမယ့် သူတို့ကြား ကွာဟချက်ကတော့ လျော့မသွားဘူးဆိုတာ အာရှစ်ဂူပတာနဲ့ နစ်ကီလ်ဆူဟာဆာနန်အဖွဲ့ရဲ့ ဆက်စပ်လေ့လာမှုတစ်ခုအရ သိရပါတယ်။

အချို့ကိစ္စတွေမှာဆိုရင် ကွာဟမှုက သိသိသာသာတိုး လာပါတယ်။ ဥပမာ ဒါလစ်အမျိုးသားတွေနဲ့ ဟိန္ဒူအမျိုးသားတွေအကြား သက်တမ်းကွာဟမှုက ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းနဲ့ ၂၀၁၀ နှစ်လယ်ပိုင်းတွေကြားမှာ လုံးဝ တိုးလာပါတယ်။ မွတ်စလင်တွေနဲ့ပတ်သက်ပြီး ၁၉၉၇-၂၀၀၀ ခုနှစ်ကာလတွေအတွင်း ဇာတ်မြင့်တွေအသက်ရှင်နိုင်တဲ့သက်တမ်း ကွာဟချက်က အနည်းငယ်ပဲရှိပေမယ့် လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာတော့ ကွာဟချက်က သိသိသာသာ ကြီးထွားလာပါတယ်။

အိန္ဒိယနိုင်ငံ လူဦးရေ ၁.၄ ဘီလီယံထဲမှာ လူမျိုးနွယ်စုအရေအတွက် သန်း ၁၂၀ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယနိုင်ငံ လူဦးရေ ၁.၄ ဘီလျံထဲမှာ ဌာနေတိုင်းရင်းသားမျိုးနွယ်စုအရေအတွက် သန်း ၁၂၀ ရှိ

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပစ်ပယ်ခံလူမျိုးစုတွေ အများဆုံးနေထိုင်ရာ အရပ်ဒေသတစ်ခုလည်းဖြစ်ပါတယ်။

သမိုင်းပညာရှင်တစ်ယောက်ရဲ့ စကားအရ "လူတွေသိပ်မသိတဲ့ မဖြစ်စလောက်လူနည်းစု" လို့ပြောတဲ့ အဒီဗာစစ်လူမျိုးသန်း ၁၂၀ ဟာ ဝေးလံခေါင်သီတဲ့နေရာတွေမှာ ဆင်းဆင်းရဲရဲနဲ့ နေထိုင်ကြရပါတယ်။

သူတို့မှာ နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ တိုးတက်မှုတွေရှိပေမယ့် ဒါလစ်လူမျိုးစု လူဦး‌ရေသန်း ၂၃၀ ဟာလည်း ခွဲခြားဆက်ဆံမှုတွေနဲ့ ဆက်ရင်ဆိုင်နေရပါတယ်။

ပြီးတော့ ကမ္ဘာမှာ မွတ်ဆလင်လူဦးရေ တတိယမြောက်အများဆုံးအဖြစ် လူ သန်း ၂၀၀ ထဲက လူအများစုကလည်း လူမှုအသိုက်အဝန်းရဲ့ အောက်ခြေအဆင့်မှာပဲဆက်ရှိနေပြီး လူမျိုးရေး အကြမ်းဖက်မှုတွေရဲ့ ပစ်မှတ် ဖြစ်လာတတ်ပါတယ်။

မတူညီတဲ့လူမျိုးစုတွေရဲ့ သက်တမ်း ကွာဟချက် အဓိပ္ပာယ်

သူတို့နေထိုင်တဲ့နေရာ၊ သူတို့ရဲ့ ကြွယ်ဝမှုနဲ့၊ ပတ်ဝန်းကျင်နဲ့ထိတွေ့နိုင်မှုတွေ မတူညီကြတာက ကွာခြားချက်စုစုပေါင်းရဲ့ တစ်ဝက်နီးပါးလောက် ရှိပါတယ်။ ဥပမာအားဖြင့် ကြွယ်ဝချမ်းသာမှု အမျိုးအစားများအလိုက် ဇာတ်မြင့် ဟိန္ဒူဘာသာဝင်တွေထက် အဒီဗာစစ်နဲ့ ဒါလစ်လူမျိုးစုတွေရဲ့ သက်တမ်းက တိုတောင်းတယ်ဆိုတာ လေ့လာမှုအရ တွေ့ခဲ့ရပါတယ်။

ခွဲခြားဆက်ဆံခံရမှုဟာ သေဆုံးမှုအပေါ် ဘယ်လိုအကျိုး သက်ရောက်မှုရှိတယ်ဆိုတာ ပိုမိုတိကျတဲ့ အဖြေတွေရဖို့ အိန္ဒိယနိုင်ငံအနေနဲ့ သုတေသနလုပ်ငန်းကို ပိုမြှင့်တင်လုပ်သွားဖို့ လိုအပ်နေပါတယ်။

ဥပမာအားဖြင့် မွတ်ဆလင်တွေက အဒီဗာစစ်နှင့် ဒါလစ်တွေထက် ဘာကြောင့် အသက်ပိုရှည်ရတယ်ဆိုတဲ့ အထောက်အထားအချို့ရှိပါတယ်။

အဲ့ဒီအချက်တွေထဲမှာ ကလေးတွေ အပြင်မှာ မစင်စွန့်တာနည်းတာ၊အမျိုးသမီးတွေ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနည်းတာ၊ အရက်သောက်သုံးမှု နည်းပါးတာနဲ့ မိမိကိုယ်ကို သတ်သေမှု နည်းပါးတာတွေလဲ ပါဝင် ပါတယ်။

ကျောင်းတွေမှာ အပယ်ခံအုပ်စုတွေနဲ့ အစိုးရအရာရှိတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ကိစ္စမှာ ခွဲခြား ဆက်ဆံမှုခံရတာ တွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတဲ့ အထောက်အထားတွေလည်း အများကြီးရှိနေပါတယ်။

အဲ့ဒီလို အတွေ့အကြုံတွေက စိတ်ဖိစီးမှုကိုပို ဖြစ်စေပြီး နာတာရှည်ရောဂါ ဖြစ်ပွားမှုနဲ့ပါ ဆက်စပ်နေပါတယ်။ အဲဒီလူမျိုးစုတွေဟာ ကျန်းမာရေးချို့တဲ့မှုနဲ့ ဆက်စပ်နေတဲ့ အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစောင့်ရှောက်မှုတွေရဖို့ သိပ် လက်လှမ်းမမီပါဘူး။

Muslim Volunteers wearing protective suits from Jamiat Ulama-i-Hind ( Socio-Religious organization of Indian Muslims) along with relatives lower the body of a covid-19 victim for burial at a graveyard

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ လူသေစာရင်းတွေ ပြည့်ပြည့်စုံစုံ လုပ်ထားတာမရှိသေး

အပယ်ခံအုပ်စုတွေဟာ သန့်ရှင်းရေးလုပ်သားတွေလို ရောဂါဖြစ်နိုင်ခြေနဲ့ သေဆုံးနိုင်ခြေပိုများတဲ့ အလုပ်အကိုင်တွေ ထိတွေ့လုပ်ကိုင်ရတာပိုများပါတယ်။ စီးပွားရေးမတူညီမှုတဲ့ပြဿနာကိုချည်း ဖြေရှင်းတာနဲ့တင် မလုံလောက်နိုင်ဘဲ "လူမှုရေးဆိုင်ရာ ချို့တဲ့မှုတွေ မဖြစ်အောင် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ မရှိမဖြစ် လိုအပ်နေတယ်ဆိုတာ"ကိုလည်း သုတေသီတွေက တွေ့ရှိခဲ့ကြပါတယ်။

လူအုပ်စုတွေအကြား လူမှုဆက်ဆံရေးကွာဟချက်ရှိတယ်ဆိုတာကတော့ အိန္ဒိယမှာ ထူးခြားတဲ့ ကိစ္စမဟုတ်ပါဘူး။ အမေရိကန်၊ သြစတြေးလျနဲ့ ယူကေတို့လို နိုင်ငံတွေမှာတောင် အလားတူ ကွာဟချက်ရှိတယ်ဆိုတာ အထောက်အထားတွေရှိပါတယ်။

ဒါပေမယ့် ခွဲခြားဆက်ဆံခံရမှုဟာ ကျန်းမာရေးအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေရှိတယ်၊ သေဆုံးမှု နဲ့ ဘယ်လိုပတ်သက်လဲဆိုတာကိုတော့ အိန္ဒိယမှာ အချက်အလက်တွေ ထပ်ရှာဖို့လိုအပ်ပါသေးတယ်။

မှတ်တမ်းပြုစုထိန်းသိမ်းမှု ညံ့ဖျင်းတာကြောင့် နှစ်စဉ်သေဆုံးတဲ့သူ ၁၀ သန်းခန့်ထဲက ခုနစ်သန်းဟာ ဘာကြောင့်သေဆုံးရတယ်ဆိုတယ်ဆိုတဲ့ အတိအကျဆေးမှတ်တမ်းမရှိသလို အခြား သေဆုံးတဲ့ သူ သုံးသန်းနဲ့ပတ်သက်တာကိုလည်း စာရင်းသွင်းထားတာမရှိပါဘူး။

သုတေသီတွေ ပြောသလို "ကျန်းမာရေးစနစ်တွေထဲမှာ ခွဲခြားဆက်ဆံခံရမှုတွေအပြင် ဖယ်ကျဥ်ခံထားရတဲ့ လူမျိုးစုတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုရဖို့အရေး တိုးတက်လာအောင်လုပ်ဖို့ လိုအပ်နေပါတယ်။