အိန္ဒိယအိမ်ရှင်မ ထောင်ပေါင်းများစွာ သေကြောင်းကြံမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိလဲ

အိန္ဒိယ အစိုးရ အမျိုးသား ရာဇဝတ်မှုမှတ်တမ်းဗျုရို (NCRB) က မကြာခင်က ထုတ်ပြန်ခဲ့တဲ့ အချက်အလက်တွေအရ မနှစ်ကတုန်းက အိန္ဒိယကအိမ်ရှင်မ ၂၂,၃၇၂ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြပြီး အဲ့ဒီအရေအတွက်အရဆိုရင် နေ့စဉ် ပျမ်းမျှ သတ်သေမှု ၆၁ မှုရှိထိပြီး ၂၅ မိနစ်မှာ တစ်ဦးနှုန်း သတ်သေနေကြတာ ဖြစ်ပါတယ်။
၂၀၂၀ တုန်းက အိန္ဒိယတစ်နိုင်ငံလုံးမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုပေါင်း ၁၅၃,၀၅၂ ရှိ ခဲ့ပြီး ၁၄.၆ ရာခိုင်နှုန်း က အိမ်ရှင်မ တွေဖြစ်ပါတယ်။ အိမ်ရှင်မတွေ သတ်သေတဲ့ နှုန်းက ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့ အမျိုးသမီး စုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်တောင် ရှိပါတယ်။
ဒီလိုဖြစ်တာဟာ မနှစ်ကတနှစ်တည်း ခြွင်းချက်အနေနဲ့ ဖြစ်တာမဟုတ်ပါဘူး။ ၁၉၉၇ ခုနှစ်က စတင်ပြီး NCRBက သတ်သေမှု အချက်အလက်တွေကို စတင်ပြုစုခဲ့ပြီး နှစ်စဉ် အိမ်ရှင်မ ၂၀,၀၀၀ ကျော် ကိုယ့်ကိုယ်ကိုယ် သတ်သေကြ တာကိုတွေ့ရပါတယ်။ ၂၀၀၉ခုနှစ်မှာ အရေအတွက်က ၂၅၀၉၂ အထိ တက်လာခဲ့ပါတယ်။
အစီရင်ခံစာတွေထဲမှာတော့ အဲ့ဒီ သေကြောင်းကြံစည်မှုတွေနဲ့ ပတ်သက်ပြီး "မိသားစုပြဿနာတွေ " သို့မဟုတ် "အိမ်ထောင်ရေးပြဿနာတွေ" ကိုပဲ အမြဲတမ်း အပြစ်ဖို့ပြီး တင်ပြကြပါတယ်။ ။
ဒါပေမဲ့ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ သူတို့ရဲ့ အသက်တွေကိုတောင်စွန့်ပြီး သတ်သေရလောက်အောင် ဘယ်အရာတွေက အမှန်တကယ် တွန်းအားပေးနေတာလဲ။
အိမ်တွင်းအကြမ်းဖက်မှုက အဓိကအကြောင်းရင်းဖြစ်တယ်လို့ စိတ်ကျန်းမာရေးကျွမ်းကျင်သူတွေက ထောက်ပြနေကြပြီး ၊ အမျိုးသမီးအားလုံးရဲ့ ၃၀ရာခိုင်နှုန်းဟာ အိမ်ထောင်ရေးအကြမ်းဖက်မှုတွေ ကြုံခဲ့ရတယ်လို့ မကြာသေးမီက လုပ်တဲ့ အစိုးရစစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ နေ့စဉ် တကုပ်ကုပ် လုပ်နေရတဲ့ ငြီးငွေ့စရာကောင်းတဲ့ အလုပ်တွေက အိမ်ထောင်သည်ဘဝဟာ ဖိနှိပ်ခံရသ လိုခံစားလာရစေပြီး အိမ်ထောင်ရေးကိုပါ စိတ်ကုန်ခမ်းတဲ့အထိ ဖြစ်လာစေတယ်လို့ ပြောကြပါတယ်။
“အမျိုးသမီးတွေက တကယ်တမ်းခံနိုင်ရည်ရှိကြတယ်လို့ ဆိုပေမယ့် သည်းခံနိုင်မှု အတိုင်းအတာဆိုတာက အကန့်အသတ်ရှိပါတယ်” လို့ ဗာရာဏသီမြောက်ပိုင်းက ဆေးဘက်ဆိုင်ရာ စိတ်ပညာရှင် ဒေါက်တာ Usha Verma Srivastava အူရှာ ဗာမာဆရီဗာစ်တာဗာက ပြောပါတယ်။
"အိန္ဒိယက မိန်းကလေးအများစုဟာ အသက်၁၈ နှစ်ပြည့်ပြီးတာနဲ့ အိမ်ထောင်ပြုကြပါတယ်။ အိမ်သူ နဲ့ ချွေးမတစ်ယောက် ဖြစ်လာပြီးပြီဆိုရင်လည်း သူတို့ဘဝက အိမ်မှာပဲ တစ်နေကုန် ချက်ပြုတ်၊ သန့်ရှင်းရေးတွေနဲ့ အိမ်မှုကိစ္စတွေကိုပဲ လုပ်ကြရပါတယ်။သူ့တို့ အပေါ်မှာလည်း တားဆီးပိတ်ပင်တာတွေ အများကြီးလုပ်ခံကြရပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်က အနည်းငယ်ပဲ ရှိတော့သလို ကိုယ်ပိုင်ငွေကလည်း မရှိတော့သလောက်အောင် အရမ်းနည်းသွားကြပါတယ်။"
"သူ့ရဲ့ ပညာရေး အိပ်မက်တွေက ဘာမှ အရေးမပါတော့သလို သူ့ရဲ့ ရည်မှန်းချက်တွေကလည်း တဖြည်းဖြည်း ပျောက်ကွယ် သွားသလို စဖြစ်လာပါတယ်။ ပြီးတော့ စိတ်ထဲမှာ မျှော်လင့်ချက်မဲ့တာတွေ၊ စိတ်ပျက်တာတွေ တပြိုင်နက်ဝင်လာပြီး သူ့ ရဲ့ ဖြစ်တည်မှုကလည်း နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ဘဝမျှသာဖြစ်တယ်လို့ ခံစားလာရပါတယ်။"

ဓာတ်ပုံ ရင်းမြစ်, Getty Images
အသက်ကြီးတဲ့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေရတဲ့ အကြောင်းအရင်းတွေကတော့ မတူတဲ့ အခြားအကြောင်းပြချက်တွေရှိတယ်လို့ ဒေါက်တာ ဗာမာဆရီဗာစ်တာဗာ ကပြောပါတယ်။
"သူတို့ ကလေးတွေကြီးလာပြီး အရွယ်ရောက်လာလို့ အိမ်ကထွက်သွားကြတဲ့အခါကျတော့ အထီးကျန်ဖြစ်ပြီး ရောဂါလက္ခဏာပေါင်းစုံ ပေါ်လာကြတယ်။ အဲ့ဒီအချိန်မှာ အများစုက သွေးဆုံးကိုင်တဲ့ရောဂါခံစားရပြီး စိတ်ဓာတ်ကျတာတွေနဲ့ ငိုတာတွေပါ ဖြစ်လာကြတယ်။ "
ဒါပေမဲ့ မိမိကိုယ်ကို သတ်သေတဲ့ကိစ္စဟာ အလွယ်တကူ ကြိုတင်ကာကွယ်နိုင်တဲ့ ကိစ္စဖြစ်ပြီး "တစ်စက္ကန့်လောက်အချိန်ရရင် တစ်စုံတစ်ယောက်ကို သတ်သေတာမလုပ်ဖို့ တားနိုင်တယ်လို့ " သူက ဆိုပါတယ်။
အိန္ဒိယနိုင်ငံမှာဖြစ်တဲ့ သတ်သေမှုအများစုဟာ စိတ်လိုက်မာန်ပါဖြစ်ပြီး လုပ်ကြတာလို့ စိတ်ရောဂါပညာရှင် ဆိုမီတရာပါသေးက အကြောင်းပြချက်တစ်ခုကို ပြောပါတယ်။ "ယောက်ျားက အိမ်ပြန်လာပြီး မိန်းမကို ရိုက်တယ်။ပြီးတော့ မိန်းမက သူ့ကိုယ်သူ သတ်သေလိုက် တယ်။"
လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ သုတေသနပြုချက်တစ်ခုအရ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အိန္ဒိယအမျိုးသမီး တွေထဲက သုံးပုံတစ်ပုံဟာ ဆိုးရွားတဲ့ အိမ်တွင်းအကြမ်းဖက်မှု ခံစားခဲ့ရတဲ့ ရာဇဝင်ရှိကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အိမ်တွင်းအကြမ်းဖက်မှုကိစ္စကို အကြောင်းရင်းတစ်ခုအနေနဲ့ တောင် NCRB ရဲ့ အချက်အလက်ထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။
အိန္ဒိယနိုင်ငံအခြေပြု စိတ်ကျန်းမာရေးအက်ပ် Wysa ကစိတ်ပညာရှင် ချိုင်တလီဆင်ဟာကလည်း "အိမ်တွင်းအကြမ်းဖက်မှု အခြေအနေတွေနဲ့ ကြုံနေရဆဲ အမျိုးသမီးတွေကလည်း သူတို့ရနေတဲ့ ထောက်ပံ့မှုတွေကြောင့်သာ သူတို့ရဲ့ စိတ်ကို ဆက်ထိန်းထားနိုင်တာ" လို့ ဆိုပါတယ်။
မွမ်ဘိုင်းမြို့က အစိုးရစိတ်ရောဂါကုဆေးရုံမှာ လွန်ခဲ့တဲ့ သုံးနှစ်က အလုပ်လုပ်ခဲ့တဲ့ မစ္စရှင်ဟာက မိမိကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့တဲ့သူတွေကို နှစ်သိမ့်ဆွေးနွေးတဲ့ အလုပ်ကို လုပ်နေသူဖြစ်ပြီး ဒေသတွင်းကို ရထားနဲ့ ခရီးသွားတုန်းက ဟင်းသီးဟင်းရွက်ဝယ်တဲ့ အချိန်မှာ အမျိုးသမီးတွေက ပံ့ပိုးကူညီတဲ့ အဖွဲ့လေးတွေ ဖွဲ့စည်းထားတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
"သူတို့မှာ သူတို့ ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုဖို့ တခြားနေရာမရှိသလို တစ်ခါတစ်လေကျရင်လည်း သူတို့ရဲ့ တွေးတောဆင်ခြင်မှုက စကားပြောဖို့ လူတစ်ယောက်လောက်ရရင်ဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်" ဟု သူက ပြောပါတယ်။ ကိုဗစ်ရောဂါ ကပ်ဘေးဖြစ်နေတာကြောင့်လည်း အခြေအနေ တွေပိုဆိုးလာစေတာလို့ သူက ထပ်ဖြည့်ပြောပါတယ်။
အိမ်ရှင်မတွေဟာ အမျိုးသားတွေ အလုပ်သွားတဲ့အချိန်မှာဆိုရင် လုံခြုံတဲ့အခြေအနေတစ်ခု ရတတ်ခဲ့ကြပေမယ့် ကပ်ရောဂါဖြစ်လာတော့ အဲ့ဒီအခြေအနေတွေလည်း ပျောက်ကွယ်သွားရပါတယ်။အဲ့ဒါကြောင့် သူတို့ကို အနိုင်ကျင့်တဲ့သူတွေကို ရှောင်လွဲလို့မရတော့ဘဲ အိမ်တွင်းအကြမ်းဖက်ခံရမှုဘောင်ထဲမှာ ပိတ်မိသွားကြပါတယ်။
ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုနဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုလည်း အဲ့ဒီအခြေအနေက ကန့်သတ်ထားသလို ဖြစ်လာပြန်ပါတယ်။ ဒါကြောင့် ဒေါသထွက်တာ၊ နာကျင်ခံစားရတာနဲ့ ဝမ်းနည်းတာတွေ ဖြစ်လာပြီး မိမိကိုယ်ကို အဆုံးစီရင်တဲ့ကိစ္စက သူတို့အတွက် နောက်ဆုံး အားကိုးရာလမ်းကြောင်း ဖြစ်လာပါတယ်။"
အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမှု အများဆုံး နိုင်ငံဖြစ်ပြီး အိန္ဒိယ အမျိုးသားတွေက တကမ္ဘာလုံး သတ်သေမှုရဲ့ လေးပုံတစ်ပုံရှိပြီး အိန္ဒိယမှာ သတ်သေတဲ့ အမျိုးသမီးအရေအတွက်က အသက်၁၅ နှစ်နဲ့ ၃၉ နှစ်ကြား တစ်ကမ္ဘာလုံး သတ်သေမှုအားလုံးရဲ့ ၃၆ရာခိုင်နှုန်း ရှိပါတယ်။
ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ သေကြောင်းကြံစည်မှု တားဆီးရေး သုတေသနပညာရှင် ဒေါက်တာဆိုမီတရာပါသေး က အိန္ဒိယနိုင်ငံက တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်ဟာ အကြီးအကျယ် လျော့တွက်ထားတာ ဖြစ်တာကြောင့် ပြဿနာရဲ့ အတိုင်းအတာအခြေအနေအမှန်ကို မဖော်ပြ နိုင်ဘူးလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"၁၉၉၈ကနေ ၂၀၁၄ ခုနှစ်အတွင်းက အိမ်ထောင်စု ၂.၄ သန်းက လူ ၁၄ သန်းနီးပါးကို စောင့်ကြည့်ခဲ့တဲ့ Million Death Study လေ့လာမှုကိုကြည့်လိုက်ရင် အိန္ဒိယမှာ မိမိကိုယ်ကို သတ်သေမှုနဲ့ပတ်သက်ပြီး ၃၀% နှင့် ၁၀၀% ကြား သတင်းထုတ်ပြန်မှု နည်းပါးနေတာကိုတွေ့ရပါတယ်။"
သတ်သေတယ်ဆိုတဲ့ကိစ္စကို အရှက်ရစရာ အသရေပျက်စရာလို့ သတ်မှတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အသိုင်းအဝန်းမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ပြောကြတာမရှိသေးသလို ဖုန်းကွယ်ဖို့လည်းကြိုး စားနေကြဆဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ကျေးလက်ဒေသမှာတော့ အလောင်းကိုတောင် ခွဲစိပ်စစ်ဆေးတာတွေလုပ်ဖို့ မလုပ်ကြတော့ဘဲ ချမ်းသာကြွယ်ဝသူတွေဆိုရင် လည်း ဒေသခံရဲတွေကို ပိုင်အောင်လုပ်ထားပြီး သတ်သေတာကို မတော်တဆသေတယ်ဆိုပြီး ပြကြပါတယ်။ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်မှာလည်း သတ်သေတယ်လို့ အတည်မပြုပေးကြပါဘူး ။”
အိန္ဒိယနိုင်ငံအနေနဲ့ သေကြောင်းကြံစည်မှု တားဆီးရေး နိုင်ငံတော်အဆင့် မဟာဗျူဟာ ဖော်ဆောင်နေချိန်မှာ အချက် အလက်မှန်ကန်မှု အရည်အသွေးကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ဒေါက်တာပါသေးက ထပ်ပြောပါတယ်။
"အိန္ဒိယမှာ သတ်သေဖို့ကြိုးစားတဲ့ အရေအတွက်ကို ဖော်ပြထားတာကြည့်ရတာ ရယ်စရာတောင် ကောင်းပါတယ်။ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ယေဘုယျအားဖြင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု တကယ့်ရေအတွက်ကို လေးကြိမ်ကနေအကြိမ်၂၀လောက်ထိ တွက်ချက်ကြပါတယ်။ ဒါကြောင့် အိန္ဒိယမှာ မနှစ်က သတ်သေမှု ၁၅၀၀၀၀ရှိတယ်လို့ မှတ်တမ်းတင်ထားတယ်ဆိုရင်၊ မိမိကိုယ်ကို သတ်သေမှု ၆၀၀,၀၀၀ နှင့် ခြောက်သန်းကြား ရှိတယ်လို့တွက်ရမယ် ” လို့ ဆိုပါတယ်။
သေကြောင်းကြံစည်မှု တားဆီးရေး ကိစ္စတွေကို လုပ်တော့မယ်ဆိုရင် ပထမဆုံး ပစ်မှတ်ထားပြီးလုပ်သင့်တာက အန္တရာယ်ရှိနေတဲ့ လူဦးရေကိုပါ။ ဒါပေမဲ့ ကျွန်တော်တို့မှာ အချက်အလက် စုစည်းတာတွေ ညံ့ဖျင်း အားနည်းနေတာကြောင့် တကမ္ဘာလုံးဖြစ်လာမယ့် အကျိုးဆက်တွေကို ကြောက်နေရတယ်လို့ လည်း သူက ပြောပါသေးတယ်။
"ကုလသမဂ္ဂ က ၂၀၃၀ခုနှစ် မှာ တစ်ကမ္ဘာလုံး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု သုံးပုံတစ်ပုံ လျှော့ချဖို့ ရည်မှန်းထားပေမယ့် အိန္ဒိယမှာ ပြီးခဲ့တဲ့နှစ်တုန်းကအရေအတွက်ကို အရင်နှစ်တွေကဖြစ်ခဲ့တာနဲ့ နှိုင်းယှဥ်ရင် ၁၀ရာခိုင်နှုန်း တိုးလာတာကို တွေ့ရပါတယ်။ ပြီးတော့ အရေအတွက် လျှော့ချဖို့ကိစ္စကလည်း စိတ်ကူးယဉ်အိပ်မက်တစ်ခုလို ဖြစ်နေပါသေးတယ်။"
တကယ်လို့ သင်ဟာ သတ်သေဖို့ အကြောင်း တွေးနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် သတ်သေနိုင်ဖို့ စိတ်ကူးရှိသူတစ်ယောက်ယောက်ကို သိတယ်ဆိုရင် AASRA ဝက်ဘ်ဆိုက်ကနေ တစ်ဆင့် သို့မဟုတ် ကမ္ဘာတစ်ဝှမ်း Befrienders Worldwide ကွန်ရက်ကလည်း အကူအညီသွားတောင်းနိုင် ပါတယ်။
ယူကေမှာဆိုရင်တော့ Samaritans Helpline က 116 123 ကိုဖုန်းခေါ်ဆိုနိုင် သလို samaritans.org မှာလည်း ဝင်ရောက်ကြည့်ရှုအကူအညီတောင်း နိုင်ပါတယ် ။








