‘‘သက်ငယ်လက်ထပ်မှုကို မျိုးဆက်တစ်ခုအတွင်း ကျွန်မတို့ အဆုံးသတ်နိုင်ပါတယ်’’

ကလူနီ၊ အိုဘားမား၊ ဂိတ်စ်
ဓာတ်ပုံ ပုံစာ, ကလူနီ၊ အိုဘားမား၊ ဂိတ်စ်
    • ရေးသားသူ, မက်ဂါ မိုဟန်၊ ယူဆက်ဖ် အယ်လ်ဒင်၊ အမ်မာ အဲလက်စ်
    • ရာထူးတာဝန်, BBC 100 Women

ကမ္ဘာ့ လွှမ်းမိုးမှုအရှိဆုံးအမျိုးသမီးတွေထဲက ၃ ဦးက မျိုးဆက်တစ်ခုအတွင်းမှာ သက်ငယ်အရွယ်လက်ထပ်မှုကို အဆုံးသတ်ချင်တဲ့အကြောင်း ဘီဘီစီကို ပြောလာပါတယ်။

ရှေ့နေနဲ့အသိပညာပေးလှုံ့ဆော်သူ အမေရိကန်သမ္မတကတော် မီလ်ရှဲ အိုဘားမား၊ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ အမယ်လ် ကလူနီနဲ့ ပရဟိတသမား မလင်ဒါ ဖရန့်ချ် ဂိတ်စ်တို့က ဒီပြဿနာကို တိုက်ဖျက်ဖို့ သူတို့ရဲ့ ဖောင်ဒေးရှင်းတွေ ပူးပေါင်းတဲ့အကြောင်း ပြီးခဲ့တဲ့နှစ်တုန်းက ကြေညာပါတယ်။

လက်ရှိတိုးတက်နှုန်းနဲ့ဆိုရင် သက်ငယ်အရွယ် လက်ထပ်မှုကို နှစ်ပေါင်း ၃၀၀ အတွင်းမှာ တိုက်ဖျက်နိုင်မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ဒါပေမဲ့ အမေရိကန်သမ္မတကတော်ဟောင်း မစ္စစ်အိုဘားမားကတော့ ‘‘မနက်ဖြန်မှာဖြေရှင်းလို့ရတဲ့ပြဿနာ ဖြစ်တယ်’’ လို့ ဘီဘီစီကို ပြောပါတယ်။

သူတို့ ၃ ဦးဟာ မာလာဝီနဲ့ တောင်အာဖရိက ခရီးစဥ်အတွင်း ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဥ်ကို သီးသန့် ပြောဆိုထားပါတယ်။

line
ကျောင်းလေ့လာရေးအတွက် မာလာဝီနိုင်ငံကို ပထမဆုံး ခရီးသွားရောက်ခဲ့တဲ့ မီရှဲလ် အိုဘားမား၊ အမယ်လ် ကလူနီနဲ့ မလင်ဒါ ဖရန့်ချ် ဂိတ်စ်တို့ကို အတူတွေ့ရချိန်

ဓာတ်ပုံ ရင်းမြစ်, The Obama Foundation

ဓာတ်ပုံ ပုံစာ, ကျောင်းလေ့လာရေးအတွက် မာလာဝီနိုင်ငံကို ပထမဆုံး ခရီးသွားရောက်ခဲ့တဲ့ မီရှဲလ် အိုဘားမား၊ အမယ်လ် ကလူနီနဲ့ မလင်ဒါ ဖရန့်ချ် ဂိတ်စ်တို့ကို အတူတွေ့ရချိန်

‘‘ကျွန်မ ဝမ်းနည်းမိတယ်’’ လို့ အသက် ၂၆ နှစ်အရွယ် လူစီက ‘‘စိတ်ထိန်းမရတော့လို့ပါ’’ ဆိုပြီး မျက်ရည်အပြည့်နဲ့ပြောပါတယ်။

လူစီဟာ မာလာဝီနိုင်ငံအလယ်ပိုင်းက လက်ဇီအမျိုးသမီး အလယ်တန်းကျောင်းမှာရှိတဲ့စာကြည့်တိုက်ထဲမှာဖြစ်ပါတယ်။ အပြင်မှာတော့ အမေရိကန်သမ္မတမိသားစုကို လုံခြုံရေးပေးတဲ့လျှို့ဝှက်သက်တော်စောင့်အဖွဲ့ဝင်တွေက စိန်ပန်းနီနီအပင်တွေရှိတဲ့ ကျောင်းဝင်းထဲမှာ စောင့်နေပါတယ်။

လူစီတစ်ယောက် မျက်ရည်တွေမပြည့်ခင်တုန်းက ပြောနေတဲ့အကြောင်းအရာဟာ မိန်းကလေးငယ်လေးတွေ ကျောင်းဆက်တက်ဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတဲ့အကြောင်း၊ အသက်ကြီးကြီးအမျိုးသားကြီးတွေကို လက်ထပ်ရတဲ့ကြမ္မာကနေ လွတ်ဖို့အကြောင်းတွေဖြစ်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီစားပွဲပတ်ပတ်လည်မှာတော့ ကမ္ဘာပေါ်မှာသြဇာရှိတဲ့လူသားချင်းစာနာမှုလုပ်သူ အမျိုးသမီးသုံးဦးဖြစ်တဲ့ မလင်ဒါ ဖရန့်ချ် ဂိတ်စ်၊ အမယ်လ် ကလူနီ၊ မီရှဲလ် အိုဘားမားတို့က သူ့ပြောပြတာကို ငြိမ်သက်ပြီး နားထောင်နေပါတယ်။

အစိုးရမဟုတ်တဲ့အကူအညီပေးရေးအဖွဲ့ Girls Not Brides ရဲ့အပြောအရဆိုရင် မာလာဝီနိုင်ငံဟာ အာဖရိကအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ သက်ငယ်အရွယ်လက်ထပ်ထိမ်းမြားမှု အမြင့်ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အမျိုးသမီးငယ် ၄၂ ရာခိုင်နှုန်းဟာ အသက် ၁၈ မပြည့်ခင်မှာပဲ အိမ်ထောင်ကျနှင့်ပြီးဖြစ်ပါတယ်။ လက်ဇီမိန်းကလေးကျောင်းရှိတဲ့ မီချင်ဂျီခရိုင်မှာဆိုရင် မိန်းကလေးငယ် ၃၃ ရာခိုင်နှုန်းဟာ အသက် ၁၈ နှစ်မတိုင်ခင်မှာ ကိုယ်ဝန်ဆောင်ဖြစ်တာနဲ့ ကျောင်းထွက်တာတွေရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

လူစီလည်း အဲဒီအမျိုးသမီးငယ်တွေထဲ ပါလုနီးနီးဖြစ်ခဲ့ပါတယ်။ သူ့အသက် ၁၄ နှစ်ရောက်တဲ့အခါမှာ ဖခင်ဖြစ်သူက သူ့ကို ကျောင်းကနေထွက်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူခေါင်းမာခဲ့လို့ သူ့ရွာမှာ တက္ကသိုလ်အထိရောက်ခဲ့တဲ့ပထမဆုံးမိန်းမငယ်ဖြစ်လာပါတယ်။ အခုတော့ ပညာရေးဘွဲ့ရထားတဲ့ လူစီဟာ အလယ်တန်းပညာရေးအခမဲ့မဟုတ်တဲ့ မာလာဝီမှာ ထိခိုက်ခံစားလွယ်တဲ့အမျိုးသမီးငယ်တွေအတွက် ပညာသင်ဆုပေးနေတဲ့ AGE အာဖရိကအဖွဲ့ရဲ့ ခရိုင်ခေါင်းဆောင်ဖြစ်ပါတယ်။

လူစီ ကိုယ်တိုင်လည်း တစ်ချိန်တုန်းက အဲဒီအစဥ်ရဲ့အကူအညီရယူခဲ့ဖူးသူဖြစ်လို့ အခုတော့ သူဟာ သူ့လိုမိန်းကလေးငယ်တွေကို ပြန်လည်ကူညီပေးနေပါတယ်။

ဘီဘီစီက ၂၀၁၃ ခုနှစ်အတွက် ရွေးချယ်လိုက်တဲ့ ကမ္ဘာအနှံ့ နယ်ပယ်အသီးသီးက ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းကိုလည်း အောက်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။

မာလာဝီနိုင်ငံ၊ လူဇီကျောင်းမှာ ကျောင်းသူကျောင်းသားတွေနဲ့အတူ တွေ့ရတဲ့ မီရှဲလ် အိုဘားမား

ဓာတ်ပုံ ရင်းမြစ်, The Obama Foundation

ဓာတ်ပုံ ပုံစာ, မီရှဲလ် အိုဘားမား: ‘‘ကျွန်မတို့ တိုက်ပွဲဝင်ပေးနေတဲ့အမျိုးသမီးငယ်လေးတွေအခြေအနေကို ကျွန်မ ကိုယ် ကျွန်မ ပြန်မြင်နေရတယ်’’

သူ့ရဲ့အောင်မြင်မှုကို အဖေဖြစ်သူက သိပ်ပျော်ပုံမပြပေမဲ့ အမေဖြစ်သူက ဝမ်းသာမဆုံးဖြစ်နေတယ်လို့လည်း လူစီက ပြောပါတယ်။ အဖေဖြစ်သူဟာ သူ့ကို လွတ်လပ်တဲ့သမီးပျိုတစ်ဦးအနေနဲ့ လက်ခံချင်ပုံမရသေးဘူးလို့လည်း သူကပြောပါတယ်။ ဒါတွေ အားလုံးကို ပြောပြရတော့ သူမျက်ရည်ပြည့်လာတာပါ။

လူစီရဲ့ညာဘက်မှာ ထိုင်နေတဲ့ အမေရိကန်သမ္မတကတော်ဟောင်းက စကားစပြောပါတယ်။ ‘‘လူစီ့အဖေကို ကျွန်မကိုယ်စား စကားပါးပေးလို့ရမလား။ လူစီ အခုလို အမျိုးသမီး တစ်ယောက် ဖြစ်လာတာကို မီရှဲလ်နဲ့ ဘားရတ်အိုဘားမားတို့က မင်းအတွက် သိပ်ကို ဂုဏ်ယူတဲ့အကြောင်း နောက်တစ်ခါ သူနဲ့ကြုံရင်ပြောလိုက်ပါ’’

လူစီက ပြုံးပြုံးလေးနဲ့ပြန်ကြည့်ပါတယ်။ လူစီရဲ့ညာဘက်မှာ ထိုင်နေတဲ့ နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ မစ္စစ် ကလူနီပြောလိုက်တာက ‘‘အခုဆို လူစီက ရှေ့နေတစ်ယောက်လည်းဖြစ်လာပြီလို့ သူ့ကို ပြောလိုက်ဦး’’ လို့ ဝင်ပြောပါတယ်။

ကလေးသူငယ်လက်ထပ်ထိမ်းမြားမှုကို တိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကြေညာခဲ့ပြီးတဲ့နောက် မီရှဲလ် အိုဘားမား၊ အမယ်လ် ကလူနီနဲ့ မလင်ဒါ ဖရန့်ချ် ဂိတ်စ် တို့ဟာ ဒီအရေးကို အာရုံထားလုပ်ဆောင်နေတဲ့မြေပြင်ကအဖွဲ့အစည်းတွေကို အင်အားဖြည့်ဖို့နဲ့ ဒီပြဿနာကို ကြုံခဲ့ရတဲ့အမျိုးသမီးကြီးငယ်တွေကို တွေ့ဆုံဖို့ မာလာဝီနဲ့ တောင်အာဖရိကနိုင်ငံတွေကို အတူတူသွားရောက်ခဲ့တာဖြစ်ပါတယ်။

မစ္စစ် အိုဘားမားရဲ့ ပညာရေးအတွက်အာရုံစိုက်လုပ်ဆောင်တဲ့ Girls Opportunity Alliance ဟာ ဆယ်ကျော်သက်အရွယ် လက်ထပ်ထိမ်းမြားခံရမှုနဲ့ ကိုယ်ဝန်ဆောင်ရမှုတွေကြောင့် ကျောင်းထွက် လိုက်ရဲ့ ကမ္ဘာတဝန်းက အမျိုးသမီးငယ်တွေကို ခွဲခြားနိုင်ခဲ့ပြီဖြစ်ပါတယ်။

မစ္စစ် ကလူနီဟာ ကျေးလက်အသိုက်အဝန်းက လူငယ်အမျိုးသမီးတွေဟာ သူတို့အခွင့်အရေးသိရှိလာအောင် လုပ်ကိုင်နေကြသူတွေဖြစ်ပြီး မစ္စ ဖရန့်ချ် ဂိတ်စ်ရဲ့ စီမံကိန်းတွေကတော့ လူငယ်ဘဝမှာ ကလေးမွေးဖွားပြီးတဲ့နောက် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေကို ခံစားနေရတဲ့မိန်းကလေးငယ်တွေကို ကုသရေး အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတိုးတက်ရေး အာရုံစိုက်တာဖြစ်ပါတယ်။

အားလုံးဟာ အမျိုးသမီးကြီးငယ်အခွင့်အရေးတွေကို ကာကွယ် လုပ်ဆောင်နေကြသူတွေဖြစ်ပြီး သဘာဝအလျောက်ကိုက်ညီတဲ့သူတွေဖြစ်လာပါတယ်။

‘‘ကျွန်မတို့သုံးယောက်ကြားမှာ စနစ်တကျဖွဲ့စည်းထားတဲ့ပူးပေါင်းမှုနဲ့ ခင်မင်မှုလိုဖြစ်လာတယ်’’ လို့ နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ မစ္စစ် ကလူနီက ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဥ်ကို ပြောပါတယ်။

‘‘ဂိတ်စ် ဖောင်ဒေးရှင်းနဲ့ အစောပိုင်း စကားပြောတုန်းက ကျွန်မပြောခဲ့တာရှိတယ်။ ‘‘ရှင်တို့က ကျားမ တရားမျှတမှုကို တကယ့်ကိုကြီးကြီးမားမားလုပ်ဆောင်နေပေမဲ့ ဥပဒေကို အခြေခံထားပြီး လုပ်နေတယ်။ စီးပွားရေးလုပ်တယ်ပဲထားဦး၊ ကျန်းမာရေးကဏ္ဍကိုပါကြည့်တာမျိုး တွဲပါလာတာ။ ဒီတော့ ကျွန်မတို့ မိတ်ဖက်တွေအဖြစ် ပူးပေါင်းကြမလားပေါ့’’

လူဇီ ကျောင်းက ကျောင်းသူကျောင်းသားတွေနဲ့အတူ မြင်တွေရတဲ့ အလင်ဒါ ဖရန့်ချ် ဂိတ်စ်

ဓာတ်ပုံ ရင်းမြစ်, The Obama Foundation

ဓာတ်ပုံ ပုံစာ, အမျိုးသမီးတွေဟာ သဘာဝအလျောက် စုပေါင်းဆောင်ရွက်ကြသူတွေလို့ မလင်ဒါ ဖရန့်ချ် ဂိတ်စ် က ယူဆပါတယ်။

လက်ဇီ မိန်းကလေးကျောင်းရောက်တဲ့အခါ အဆက်မပြတ်သြဘာပေး ကြိုဆိုခံရတဲ့ မစ္စ ဖရန့်ချ် ဂိတ်စ်ကတော့ အခုတစ်ကြိမ်ဟာ မာလာဝီနိုင်ငံကို သူလာတာ ၅ ကြိမ်မြောက်ဖြစ်တယ်လို့ ပြောပါတယ်။ အတူတူ လက်တွဲလုပ်ဆောင်တာဟာ ဗျူဟာကျတဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး တစ်ယောက် ကျွမ်းကျင်ရာ နယ်ပယ်နဲ့ နောက်တစ်ယောက် ကျွမ်းကျင်တဲ့နယ်ပယ်ချိတ်ဆက်နေတာကလည်း ပိုပြီးတော့ ထိရောက်မှုရှိစေတယ်လို့ သူက ပြောပါတယ်။

‘‘အမျိုးသမီးတွေဟာ သဘာဝအလျောက် စုပေါင်းလုပ်ကိုင်တတ်ကြသူတွေလို့ ကျွန်မ ထင်တယ်’’ လို့ သူက ဘီဘီစီကိုပြောပါတယ်။ ‘‘သက်ဆိုင်ရာကုမ္ပဏီတွေမှာ အမှုဆောင်အရာရှိချုပ် ဒါမှမဟုတ် ဘဏ္ဍာရေးအရာရှိချုပ် ရာထူးအထိရောက်လာတဲ့ ကျွန်မတဲ့အသက်ကြီးတဲ့ အမျိုးသမီးတွေနဲ့ ကျွန်မ စကားပြောခဲ့ပြီးပြီ။ ဒါပေမဲ့ သူတို့ထဲက တစ်ချို့ကတော့ တခြားအမျိုးသမီးတွေနဲ့ပူးပေါင်း ဆောင်ရွက်မှု သူတို့ မလုပ်နိုင်ခဲ့ကြဘူး။ တခြားအမျိုးသမီးတွေကို သူတို့နဲ့အတူ တွဲမခေါ်ခဲ့ကြဘူး။ မီရှဲလ်နဲ့ ကျွန်မတို့ သက်တူရွယ်တူ အခုလုပ်နေကြပြီဆိုတော့ ကျွန်မတို့နဲ့အတူ တခြားသူတွေကိုလည်း လက်တွဲခေါ်ချင်ပါတယ်’’

အမျိုးသမီးငယ် ၁၂ သန်း

ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef)ရဲ့အပြောအရဆိုရင် ဒီနေ့ခေတ်မှာ အသက် ၁၈ နှစ်မရောက်ခင်လက်ထပ်ခဲ့ရတဲ့အမျိုးသမီးကြီးငယ် သန်းပေါင်း ၆၅၀ အထိ ရှိပြီး လက်ရှိမှာ အမျိုးသမီးငယ် ၁၂ သန်းကျော်ဟာ ကမ္ဘာတဝန်းမှာ ရိုးရာအခမ်းအနားတွေနဲ့တရားဝင် နှစ်စဥ် မင်္ဂလာဆောင်နေကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာ တောင်အာရှနဲ့ အာဖရိက ဆာဟာရဒေသဟာ သက်ငယ်အရွယ်လက်ထပ်တဲ့နှုန်း အမြင့်ဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ဒါဟာ ကမ္ဘာ့တောင်ခြမ်းဘက်နဲ့သက်ဆိုင်တဲ့ပြဿနာတစ်ရပ်တော့ မဟုတ်ပြန်ပါဘူး။ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၅ ခုမှာဆိုရင် မိဘတွေသဘောတူသရွေ့ လက်ထပ်ဖို့ အနည်းဆုံးရှိရမယ့်အသက်ဆိုတာမျိုး ကန့်သတ်ထားတာမျိုး မရှိပါဘူး။

နိုင်ငံအချို့မှာ အထူးသဖြင့် မာလာဝီလိုနိုင်ငံမျိုးမှာဆိုရင် အသက် ၁၈ နှစ်အောက် လက်ထပ်ထိမ်းမြားတာကို ရာဇဝတ်မှုမြောက်တယ်ဆိုပြီး ဥပဒေတွေနဲ့ ပြဋ္ဌာန်းသတ်မှတ်တဲ့အထိ တိုးတက်မှုရှိထားပါတယ်။ ဒါပေမဲ့ ကာလရှည်ကြာကျင့်သုံးလာကြတဲ့ရိုးရာဓလေ့ အဟန့်အတားတွေကြောင့် ၁၈ နှစ်အောက် လက်ထပ်တာတွေက မကြာခဏပေါ်ထွက်လာလေ့ရှိပါတယ်။ တနင်္လာနေ့တုန်းကတော့ ဒီအရေးလှုပ်ရှားသူ ၃ ဦး သွားရောက်လည်ပတ်ခဲ့ကြအပြီးမှာတော့ သမ္မတ လာဇရုဇ် ချက်ဝီရာက ကလေးသူငယ်လက်ထပ်မှုကို အဆုံးသတ်ဖို့ အမျိုးသားအဆင့်ရန်ပုံငွေတွေပေးမယ့် အကြောင်း ကြေညာခဲ့ပါတယ်။ အခုမတိုင်ခင်အထိတော့ တရားစွဲဆိုမှုက အတော်လေးကို နည်းပါးနေပါသေးတယ်။

မစ္စစ်ကလူနီကတော့ ရည်ရွယ်တဲ့အသိပညာပေးလှုံ့ဆော်မှု သက်ဆိုင်ရာလူထုကြားရောက်ရေးကပဲ ဖြေရှင်းချက်တစ်ခုဖြစ်တယ်လို့ တွေးပါတယ်။ အမျိုးသမီးများအတွက် တရားမျှတ မှုဆောင်ရွက်ခြင်း (Her Waging Justice for Women) အစီအစဥ်ဟာ မာလာဝီက အမျိုးသမီးရှေ့နေအသင်းကို ရန်ပုံငွေပေးအပ်ထားပါတယ်။ အဲဒီအစီအစဥ်ဟာ အမျိုးသမီးတွေကို ကူညီဖို့ ကျေးလက်အသိုက်အဝန်းတွေကို သက်ဆိုင်ရာပညာရှင်တွေ သွားနိုင်အောင် စီစဥ်ပေးပါတယ်။ မာလာဝီနိုင်ငံရဲ့ လူဦးရေး ၈၅ ရာခိုင်နှုန်းဟာ ကျေးလက်မှာနေထိုင်ကြတာဖြစ်ပြီး ခရီးပေါက်တဲ့လမ်းတွေနဲ့ လျှပ်စစ်မီးတွေနဲ့ဝေးရာမိုင်အ‌ဝေးမှာ ရပ်ရွာလူကြီးတွေက အုပ်ချုပ်တဲ့မြေယာတွေမှာ ဇောက်ထိုးသစ်ပင်ကြီးတွေအောက်မှာ တဲတွေနဲ့နေထိုင်ကြရပါတယ်။

‘‘ဥပဒေပိုင်းဆိုင်ရာအကူအညီပေးရေး ရွှေ့ပြောင်းရုံး ကွန်ရက်ကို ကျွန်မတို့ ဖွဲ့စည်းနိုင်ခဲ့တယ်။ ပြောရရင်တော့ ရှေ့နေတွေပါတဲ့ ဗန်ကားတစ်စီးပေါ့။ သက်ဆိုင်ရာရပ်ရွာအသိုင်းအဝိုင်းကို သွားတယ်၊ ပြီးရင် ‘‘ဒါက ညီမတို့ ရပိုင်ခွင့်ဖြစ်တယ်၊ ရှေ့နေလိုအပ်တယ်ဆိုရင် ညီမတို့ကို အခမဲ့ကူညီဖို့ အစ်မတို့ဘက်က အဆင့်သင့်ပဲ’’လို့ မိန်းကလေးငယ်တွေကို ပြောပါတယ်‘’

‘‘ကျွန်မတို့က တရားမျှတမှုကို ဆင်နွှဲနေတာဖြစ်ပါတယ်။ ဆင်နွှဲတယ်လို့ပြောရတယ်ဆိုတာက တရားမျှတမှုဖြစ်လာမယ်ဆိုပြီး ထိုင်မျှော်လင့်နေလို့မရဘူးလေ’’ လို့ မစ္စစ် ကလူနီက ပြောပါတယ်။ ‘‘စစ်ပွဲတစ်ပွဲကို အနိုင်ရရမယ်ဆိုတဲ့အဓိဋ္ဌာန်နဲ့ ဒီလိုမတရားမှုတွေကို တိုက်ဖျက်ရမယ်၊ မိတ်တွေဖွဲ့ ပြီးလုပ်ဆောင်ရမယ်’’

အမယ်လ် ကလူနီကို မာလာဝီ လူ့အခွင့်အရေးရှေ့နေ Chikondi Chijozi နဲ့အတူ တရားရေးအသိပညာပေးလူထုတွေ့ဆုံပွဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Neil Rasmus

ဓာတ်ပုံ ပုံစာ, အမယ်လ် ကလူနီကို မာလာဝီ လူ့အခွင့်အရေးရှေ့နေ Chikondi Chijozi နဲ့အတူ တရားရေးအသိပညာပေးလူထုတွေ့ဆုံပွဲမှာ မြင်တွေ့ရတာဖြစ်ပါတယ်။

မီချင်ဂျီခရိုင်က ကျေးရွာတစ်ရွာမှာ ရွက်ဖျင်တဲတစ်ခုအောက်ပြုလုပ်တဲ့ တရားရေးအသိပညာပေး တွေ့ဆုံမှုတစ်ခုကို ဘီဘီစီက သွားရောက်ခဲ့ပါတယ်။ အဲဒီမှာတက်ရောက်သူ ၁၀၀၀ ကျော်ရှိပြီး အများစုက အမျိုးသမီးတွေဖြစ်ပါတယ်။ အချို့ကတော့ ကိုယ်ဝန်ဆောင်ဆယ်ကျော်သက်တွေဖြစ်ပါတယ်။

‘‘ကျွန်မတို့ တိုက်ပွဲဝင်ပေးနေတဲ့အမျိုးသမီးငယ်လေးတွေအခြေအနေကို ကျွန်မ ကိုယ် ကျွန်မ ပြန်မြင်နေရတယ်’’လို့ မစ္စစ် အိုဘားမားက ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဥ်ကို ပြောပါတယ်။ ‘‘သူတို့လေးတွေကိုကြည့်ရင် ကျွန်မသမီးလေးတွေကို မြင်ယောင်မိတယ်’’

ဒီပြဿနာအရေးနဲ့ပတ်သက်ပြီး အနည်းဆုံးရေတိုဖြေရှင်းချက်တောင် အဖြေမရှိသေးပါဘူး။ အခုနှစ် အစောပိုင်းတုန်းက ထုတ်ပြန်တဲ့အစီရင်ခံစာမှာဆိုရင် Unicef က ကလေးသူငယ် လက်ထပ်မှုဟာ လက်ထပ်မှုအားလုံးရဲ့ ၁၉ ရာခိုင်နှုန်းဖြစ်ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်တုန်းကထက်စာရင် ၂၃ ရာခိုင်နှုန်း ကျဆင်းသွားလို့ ပြောပါတယ်။။ ဒါပေမဲ့ ကလေးသူငယ်လက်ထပ်ထိမ်းမြားမှု ပြဿနာကို ဖြေရှင်းဖို့အရေးဟာ နှစ်ပေါင်း ၃၀၀ ခန့်ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။

‘‘ဒါက အရေးပေါ်ဖြေရှင်းရမယ့်ပြဿနာဖြစ်တယ်’’ လို့ မစ္စစ် အိုဘားမားက ပြောပါတယ်။ ‘‘အဲဒါကို ကျွန်မတို့ လစ်လျူရှုလို့ရဘူး။ နောက်ပြီး ကျွန်မတို့ ဖြေရှင်းဖို့ကြိုးစားနေတဲ့ ဆင်းရဲမွဲတေမှု၊ ရာသီဥတုပြောင်းလဲမှု၊ စစ်ပွဲနဲ့ တခြားအရေးကိစ္စတွေလို ကမ္ဘာ့လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းက မလုပ်ဘူးဆိုရင် ရှေ့ကို ခရီးတွင်မှာ မဟုတ်ဘူး’’

‘‘ဒီနေ့ဖြေရှင်းရင် မနက်ဖြန်မှာ ဖြေရှင်းနိုင်တဲ့ပြဿနာမျိုးပါ။ ကမ္ဘာ့ခေါင်းဆောင်တွေက စုစုစည်းစည်းနဲ့ ဦးစားပေးလုပ်ဆောင်မယ်ဆိုရင် နှစ်ပေါင်း ၃၀၀ ဘယ်လိုကြာပါ့မလဲ။ မျိုးဆက်တစ်ခုအတွင်းမှာကို ဖြစ်နိုင်ပါတယ်’’

မီရှဲလ် အိုဘားမား၊ အမယ်လ် ကလူနီနဲ့ မလင်ဒါ ဖရန့်ချ် ဂိတ်စ် တို့ဟာ သူတို့ရဲ့စီမံကိန်းတွေနဲ့ အကူအညီပေးထားတဲ့ မာလာဝီနိုင်ငံကို သွားရောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကာလ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကတော့ အဖြေရှာရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိတော့ ဒီအမျိုးသမီးတွေဟာ ဒီနိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီကြာမြင့်အောင် အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေဆီ ဆက်ပြီးထောက်ပံ့မယ် လို့ ဆိုပါတယ်။

‘‘ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းသင့်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီလို အဖွဲ့အစည်းတွေ၊ သြဇာရှိတဲ့အစိုးရတွေဟာ ဒီအရေးကို ထည့်မတွက်ကြပါဘူး’’ လို့ မစ္စစ် ကလူနီက ပြောပါတယ်။ ‘‘ဒါကြောင့် ပရဟိတနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီဟာ ကြီးမားတဲ့အခန်းကဏ္ဍမှာ ပါဝင်ကြတယ်လို့ ကျွန်မ ယူဆတယ်’’

BBC 100 Women logo

အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်မှာ BBC 100 Women ဆိုပြီး ဖော်လိုလုပ်နိုင်ပါတယ်။ #BBC100Women ဆိုတဲ့ ဟတ်ရှ်တက်ခ်ကို သုံးပြီးတော့လည်း လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ ရေးသား ပါဝင်နိုင်ပါတယ်။