ချွဲကျိကျိစီးပွားရေး - ပါကစ္စတန်က မြေစမ်း ခရုပျိုးသူ

snail ခရု

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, အူမာယု ခန် အာဘက်ဒ်
    • ရာထူးတာဝန်, ဘီဘီစီ အူရဒူ
    • ရေးသားပေးပို့သည့်နေရာ, Khyber Paktunkhwa, Pakistan

ခရုမွေးမြူလို့ လှောင်ပြောင်ခံရတဲ့ ဆီဒရာဟာ အခုတော့ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပါပြီ။

ဆီဒရာ ဆတ်ဂျ်ဂျက်က ပါကစ္စတန်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ ခါဘဲ ပခ်ဒူခွါပြည်နယ်မှာ နေပါတယ်။ ဒီပြည်နယ်ဟာ ခရုပေါတဲ့တောင်တန်းဒေသ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ နှစ်တုန်းကတော့ သူ့မှာ အကြံတစ်ခုရခဲ့ပါတယ်။ ခရု အချွဲအကျိဟာ ကိုရီးယားအလှကုန်မှာ အဓိကပါဝင်ပစ္စည်းဖြစ်လာပြီး ပါကစ္စတန်အပါအဝင် ကမ္ဘာနဲ့အဝန်း ဝယ်လိုအားမြင့်တဲ့ကုန်တစ်ခုဖြစ်တယ်ဆိုတာကို သူသိခဲ့ပါတယ်။

“ဒီမှာက ခရုတွေ အများကြီးပဲဆိုတော့ ဒီခရုတွေရဲ့ အချွဲအရည်အသွေးကလည်း ကောင်းမှာပဲလို့ တွေးမိသွားတာ” လို့ သူက ပြောပါတယ်။

ဒါနဲ့ပဲ ဆီဒရာတစ်ယောက် ခရုမွေးမြူရေး စတင်ပြုလုပ်ပါတယ်။ အဲဒီနောက်မှာ တဖြည်းဖြည်းနဲ့ အောင်မြင်လာပါတယ်။

ခရု အချွဲအကျိက ဘာလဲ၊ ဆီဒရာက ဘာကြောင့် ခရုမွေးမြူရေးခဲ့တာလဲ

ခရုတွေဟာ ခရု အညှိအချွဲလို့ သိကြတဲ့ ခပ်စေးစေး ပျစ်ပျစ်အရည်တွေ စွန့်ထုတ်ပါတယ်။ အဲဒီ ခရု အညှိအချွဲကိုတော့ ကိုရီးယား မျက်နှာလိမ်းအလှကုန်တွေနဲ့ တခြားအလှအပကုန်ပစ္စည်းတွေမှာ အသုံးပြုပါတယ်။

ဒီအညှိအချွဲကိုတော့ အမေရိကန် ဒါမှမဟုတ် ဥရောပ ထုတ် အသားအရည်ထိန်းသိမ်းတဲ့အလှကုန်တွေမှာတော့ ပုံမှန်အားဖြင့် မတွေ့ရပါဘူး။

ဒါပေမဲ့ ခရုအညှိအချွဲဟာ အသားအရည်အတွက် အကျိုးကျေးဇူးအစုံရရှိစေတယ်ဆိုတဲ့ ယုံကြည်မှုတွေကြောင့် ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကမ္ဘာတဝန်း ကိုရီးယားအလှကုန်တွေ ရေပန်းစားလာခဲ့ပါတယ်။

ဆစ်ဒရာရဲ့ ခရုမွေးမြူရေးလုပ်ငန်းဟာ ခရုတွေဆီကနေ ခရုအညှိအချွဲတွေကို ထုတ်ပါတယ်။ အဲဒီနောက် ဆေးကုမ္ပဏီ အမျိုးမျိုးထံ ရောင်းချသလို ကိုယ်တိုင်လည်း အလှကုန်တချို့ ထုတ်နေပါတယ်။

“အချိန်ခဏလေးအတွင်းမှာပဲ ကမ္ဘာအနှံ့က အလှကုန်တွေမှာ ခရုရဲ့အညှိအချွဲက အဓိကပါဝင် ပစ္စည်းဖြစ်လာတယ်” လို့ သူက ရှင်းပြပါတယ်။

ကမ္ဘာ့အကြီးဆုံး e-commerce ဝက်ဘ်ဆိုက် Amazon ရဲ့ အရောင်းရဆုံး အသားအရည်ထိန်းသိမ်းတဲ့ အလှကုန်စာရင်းထဲမှာ ခရု အချွဲထုတ်ကုန်တွေ မကြာခဏဆိုသလို ပါဝင်နေတာကို ကြည့်ရင်လည်း ဘယ်လောက်လူကြိုက်များတယ်ဆိုတာ ထင်သာ မြင်သာ ရှိလှပါတယ်။

ခရုအချွဲထုတ်ကုန်တွေရဲ့ ကမ္ဘာ့ဈေးကွက်ဝေစုကလည်း ၂၀၂၃ ခုနှစ်မှာ အမေရိကန် ဒေါ် လာ ၁ ဒသမ ၃၇ ဘီလျံအထိရှိတယ်လို့ စီးပွားရေးနဲ့ဘဏ္ဍာရေးသတင်းတွေကို တင်ဆက်နေတဲ့ Yahoo Finance က ဆိုပါတယ်။

ဒီဈေးကွက်ဟာ ၂၀၃၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၀ ဘီလျံအထိ တိုးတက်လာနိုင်ခြေရှိတယ်လို့လည်း ခန့်မှန်းထားတာပါ။

Sidra Sajjad ဆီဒရာ ဆတ်ဂျ်ဂျက်

ခရု အချွဲရအောင် ဘယ်လိုမွေးမြူပြီး စီးပွားဖြစ်ထုတ်လုပ်သလဲ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ခရု မွေးမြူတာ အောင်မြင်ဖို့ဆိုရင် သင့်တော်တဲ့ ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်နဲ့ နေရာအခင်းအကျင်း လိုတယ်” လို့ ဆီဒရာက ပြောပါတယ်။ “ခရုမွေးမြူရေးကို စတုရန်းပေ ၃,၀၀၀ လောက်ပဲရှိတဲ့နေရာမှာလည်း လုပ်ကိုင်နိုင်ပါတယ်။ ခရုတွေ ထွက်မပြေးအောင် ကာထားနိုင်မယ့်ပုံစံမျိုးတော့ဖြစ်ဖို့လိုတာပေါ့လေ”

“ခရုတွေက အပူနဲ့ နေရောင်‌တော့ မကြိုက်လို့ နေ့ပိုင်းမှာ အရိပ်ရအောင် လုပ်ပေးဖို့ လိုတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။

“ခရုတွေက မွေးပြီးတစ်လကြာရင် အချွဲ စထုတ်ပြီ”လို့ ဆီဒရာက ရှင်းပြပါသေးတယ်။

“အလှကုန်တွေထုတ်တဲ့နေရာမှာ ခရုအချွဲကို အဓိက သုံးတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ပါတဲ့ glycoproteins၊glycolic အက်ဆစ်နဲ့ ဓာတ်တိုးပစ္စည်းတွေက အသားအရည်အစို ဓာတ်၊ အိုမင်းရင့်ရော်တာကို ထိန်းပေးပြီး အသားအရည်ကို တင်းတင်းရင်းရင်းဖြစ်စေလို့ အသားလှခရင်မ်နဲ့ ဆီရမ်တွေမှာ သုံးကြတာ”

ခရုအချွဲနဲ့ ပတ်သတ်တဲ့ သိပ္ပံနည်းကျလေ့လာချက်တွေက နည်းသေးပေမယ့် တဖြည်းဖြည်းတော့တိုးတက်လာနေပါပြီ။

၂၀၂၃ ခုနှစ်ထုတ် သိပ္ပံစာစောင်တစ်ခုဖြစ်တဲ့ Nature Communications ရဲ့ ဆောင်းပါးတစ်ပုဒ်မှာလည်း ခရုအချွဲက အသားအရည်ကို ကုစားပေးနိုင်တာ၊ အသစ်ပြန်လည်ဖြစ်လာစေနိုင်တာနဲ့ ယောင်ယမ်းတာကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်လို့ ဆိုထားပါတယ်။

အမြတ်အစွန်းရတဲ့ စီးပွားရေးတစ်ခုဖြစ်ဖို့ ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်လိုလဲ

snails on sidra's hand

ဒီနှစ်ရာသီချိန်မှာ ဆီဒရာက ခရု ကီလိုဂရမ် ၂၀,၀၀၀ ကို ၁ ကီလို ရူပီး ၂၀၀ ဈေးနဲ့ ဝယ်ခဲ့ပါတယ်။ ဒီတော့ ဝယ်ဈေးက ရူပီး ၄ သန်း (အမေရိကန်ဒေါ်လာ ၁၄,၃၀၀)ဝန်းကျင် ကုန်ကျပါမယ်။

ခရု ၁၅ ကီလိုဂရမ်ကနေ အချွဲ ၁ ကီလိုဂရမ်လောက် ထုတ်နိုင်တယ်လို့ သူက ပြောပါတယ်။ ဒါဆိုရင် ကီလိုပေါင်း ၂၀,၀၀၀ရှိတဲ့ ခရုတွေက အချွဲ ၁,၃၃၃ ကီလိုအထိ ထုတ်နိုင်တာပါ။

အချွဲ ၁ ကီလိုကို ရူပီး ၂၂,၀၀၀ (အမေရိကန်ဒေါ်လာ ၈၀) တန်တဲ့အတွက် အမေရိကန် ဒေါ် လာ ၁၀၀,၀၀၀ ကျော်လောက် ပြန်ရနိုင်တာဖြစ်ပါတယ်။

ဒေသခံတွေ အထူးသဖြင့် အမျိုးသမီးတွေကို ဒီလုပ်ငန်းမှာ လုပ်နိုင်အောင် သင်တန်းပေးပါတယ်။ အမျိုးသမီးတွေဆိုတာကလည်း အလှကုန်ကို အဓိကသုံးစွဲသူတွေဖြစ်လို့ ဒီလုပ်ငန်းမှာ အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍက အရေးကြီးတယ်လို့ ဆီဒရာက ယုံကြည်လက်ခံထားပါတယ်။

‘ခရုတွေက အနှောင့်အယှက်ပေးခံရရင် အချွဲထုတ်ကြတယ်’

ဆီဒရာ့အစ်ကို အက်ဘ်ဒူလာ ဆတ်ဂျ်ဂျက်ကတော့ ခရုမွေးမြူရေးခြံထဲမှာပဲ အချိန် အများစု နေထိုင်သူဖြစ်ပါတယ်။ ခရုအစာကျွေးတာ၊ လုံခြုံရေးစောင့်ကြည့်တာနဲ့ အချွဲထုတ်တာအားလုံးကို သူပဲစောင့်ကြည့်တာဖြစ်ပါတယ်။

“ခရုတွေက ဒေသထွက် ခရမ်းချဥ်သီး၊ သခွားသီး၊ ဂေါ်ဖီထုပ်နဲ့ မုန်ညင်းလို အသီးအရွက်တွေ စားရတာ ကြိုက်တယ်။ မြက်ခင်းပေါ် နေရတာလည်း ကြိုက်တယ်”လို့ သူက ရှင်းပြပေးပါတယ်။

“စောင်အပါးပေါ်မှာ ခရိုတွေကို တင်ပြီး ဖြည်းဖြည်းချင်း လှုပ်လှုပ်ပေးတဲ့ သဘာဝလည်းကျ၊ အော်ဂဲနစ်နည်းလို့လည်း ပြောရမယ့်နည်းနဲ့ အချွဲကို ထုတ်တာ။ ဒီလိုလုပ်တာက ခရုတွေ အချွဲထုတ်ချင်လာအောင် နှိုးဆွပေးတယ်လေ”

ပြီးရင်တော့ အချွဲတွေကို ဓာတ်ခွဲခန်းထဲမှာ တခြားပါဝင်ပစ္စည်းတွေနဲ့ရောစပ်ပြီး ထုတ် ကုန်အမျိုးမျိုးကို ထုတ်လုပ်ပါတယ်။

ခရုအညှိအချွဲကို ထုတ်ယူနေတဲ့ ဓာတ်ပုံလေးပုံကို စုစည်းထားတာဖြစ်ပါတယ်။

‘ဒီခရုတွေက ကျွန်မကို အခြေမြင့် အနေတင့်စေခဲ့တယ်’

တချို့လူတွေက ခရုကို မနှစ်သက်တာ၊ လက်မခံနိုင်တာကို ဆီဒရာ နားလည်ပါတယ်။

“ဒါပေမယ့် သူတို့ကို ကျွန်မ ချစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မ မိသားစု ဝင်ငွေရလမ်း တစ်ခုပဲလေ။ ဒီခရုတွေက ကျွန်မကို အခြေမြင့် အနေတင့်စေခဲ့တယ်’’

မိသားစုဘက်က အကူအညီအပြင် သူ့ကို ဟဇရာတက္ကသိုလ်ကလည်း နည်းပညာပံ့ပိုးမှုတွေ ပေးခဲ့ပါ တယ်။

“အရင်ကတော့ ကျွန်မကို မိသားစုထဲ အမျိုးသမီးတွေကိုယ်တိုင် အားမပေးကြဘူး။ အခုတော့ သူတို့ ကိုယ်တိုင် ခရုအချွဲအလှကုန်တွေသုံးလည်း သုံးသလို ကျွန်မနဲ့အတူ စီးပွားရေးလည်း လုပ်ချင်နေကြပြီလေ”