ကဖေးမြို့တော်- ကော်ဖီကြိုက်တဲ့ ရှန်ဟိုင်းမြို့

ဗီဒီယို ပုံစာ, ရှန်ဟိုင်းမြို့က ကမ္ဘာ့ ကော်ဖီမြို့တော် ဖြစ်လာ
    • ရေးသားသူ, စတီဖန် မက်က်ဒေါနယ်
    • ရာထူးတာဝန်, ဘီဘီစီ တရုတ်သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, ရှန်ဟိုင်းမြို့
    • ရေးသားသူ, ဓာတ်ပုံများ- အက်ဒ် လောရင့်စ်နဲ့ ကက်သရီနာ ဆီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန

ရှန်ဟိုင်းမြို့က လမ်းတွေပေါ် လျှောက်သွားရင် မြို့သူမြို့သားတွေရဲ့ ကော်ဖီ နှစ်ခြိုက်တဲ့ ဓလေ့ကို မဖြစ်မနေ သတိပြုမိပါလိမ့်မယ်။ တချို့နေရာတွေမှာဆိုရင် တစ်လမ်းလုံး မဆုံးနိုင်တဲ့ ကော်ဖီဆိုင်သစ်လေးတွေ တွေ့ရမှာပါ။

အခုဆိုရင် တရုတ်ရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ ကော်ဖီဆိုင်တွေ ဘယ်လောက်တောင် များသလဲဆိုရင် "ကမ္ဘာပေါ်မှာ ကော်ဖီဆိုင်အများဆုံးမြို့" လို့တောင် တရုတ်အစိုးရက ဖော်ညွန်းပြောနေပါတယ်။

ရှန်ဟိုင်းရဲ့ ကော်ဖီကြိုက်တဲ့ ဓလေ့ တဖြည်းဖြည်း ပိုတိုးလာတာက နှစ်နဲ့ချီ ရှိနေပြီ ဖြစ်ပေမဲ့ ကိုဗစ်အလွန် လော့ခ်ဒေါင်း ပြန်ဖွင့်ခဲ့အပြီးမှာတော့ ကော်ဖီဆိုင်တွေ အကြီးအကျယ် စည်ကားလာခဲ့ပါတယ်။ အိမ်ထဲမှာ ကာလတာရှည်နေခဲ့ရတဲ့ မြို့ခံတွေ အိမ်ပြင်ထွက်ပြီး မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံဖို့ နေရာ ရှာလာကြလို့ ဖြစ်ပါတယ်။

ကော်ဖီဆိုင်သစ်တွေ အများကြီး ပေါ်လာသလို ဖောက်သည်တွေ ရဖို့ ပြိုင်ဆိုင်မှုတွေကလည်း ကြောက်စရာကောင်းလောက်အောင် ပြင်းထန်လာနေပါတယ်။ ဒီကော်ဖီဆိုင်တွေအားလုံး ဆက်ရှင်သန်နိုင်မယ်လို့ မထင်ကြောင်း ဘီဘီစီနဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ ကော်ဖီဆိုင်ပိုင်ရှင်အများစုက ပြောပါတယ်။

ကဖေးမြို့၊ ကော်ဖီ၊ ရှန်ဟိုင်း
ဓာတ်ပုံ ပုံစာ, ကိုဗစ်အလွန် စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ ကော်ဖီဆိုင်တွေ ရောင်းကောင်းနေ

ရှန်ဟိုင်းမြို့မှာ ကော်ဖီဆိုင် ၈,၀၀၀ ကျော်လောက်ရှိတယ်လို့ မြို့တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။ ၂၀၂၃ ခုနှစ်ကုန်ပိုင်းမှာ ရှန်ဟိုင်းမြို့မှာ ကော်ဖီဆိုင်ပေါင်း ၉,၅၅၃ ဆိုင် ရှိကြောင်း လေ့လာစာရင်းပြုစုခဲ့တယ်လို့ ရှန်ဟိုင်းနိုင်ငံတကာကော်ဖီယဉ်ကျေးမှုပွဲတော်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တခြားမြို့တွေနဲ့ မတူဘဲ ရှန်ဟိုင်းမြို့က တမူထူးနေတာက ကော်ဖီဆိုင်တွေများတာကြောင့် တင်မဟုတ်ပါဘူး။

တရုတ်နိုင်ငံက တခြားမြို့တွေမှာလည်း Starbucks လို ကော်ဖီကုမ္ပဏီဆိုင်ခွဲကြီးတွေ၊ ပြိုင်ဘက် တရုတ် Luckin ကော်ဖီကုမ္ပဏီဆိုင်ခွဲတွေ လွှမ်းမိုးနေဆဲပါ။ ဒါပေမဲ့ ရှန်ဟိုင်းမြို့မှာတော့ Hidden Track လို တသီးပုဂ္ဂလ ကော်ဖီဆိုင်ခွဲတွေကြောင့် လူကြိုက်များလာတာလို့ ဆိုနိုင်ပါတယ်။

ကဖေးမြို့၊ ကော်ဖီ၊ ရှန်ဟိုင်း
ဓာတ်ပုံ ပုံစာ, ကော်ဖီကို တမ်းတမ်းစွဲ မသောက်ရရင် မနေနိုင်ဘူးလို့ Hidden Track ဆိုင်ရှင်က ပြောပါတယ်

Hidden Track ဆိုင်ရှင် ဒေါင် ရှောင်လီက သူက ကော်ဖီကို ကြိုက်လွန်းအားကြီးလို့ တခြား ရွေးစရာလမ်းမရှိဘဲ ကော်ဖီဆိုင်လုပ်ငန်းထဲ ခြေစုံပစ်ဝင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။

သူ့လို ကော်ဖီဆိုင် ဖွင့်ချင်သူတွေကို ဘယ်လိုအကြံဉာဏ်မျိုး ပေးချင်ပါသလဲလို့ မေးကြည့်တဲ့အခါ သူက "မဖွင့်ချင်ကြစမ်းပါနဲ့ ဆိုပြီး ပြောမယ်"လို့ ရယ်ပြီး ပြန်ဖြေပါတယ်။

"ရင်းရတာနဲ့ အမြတ်ပြန်ရတာက လုံးဝမမျှပါဘူး။ တန်ဖိုးကြီးတဲ့ ကော်ဖီစက်တွေ ဝယ်ရမယ်၊ ဆိုင်အခင်းအကျင်းအတွက် ငွေတွေအများကြီး သုံးဖို့ လိုပါလိမ့်မယ်။ တခြားစီးပွားရေးလုပ်ငန်းတွေနဲ့ ယှဉ်ရင် ဝင်ငွေက အရမ်းနည်းပါတယ်။"

လုပ်ချင်သူတွေ အဆမတန် များနေတဲ့ ဒီစျေးကွက်ထဲ အောင်မြင်နိုင်ရေးဟာ အများနဲ့မတူ ခွဲထွက်ပြီး ဖောက်သည်တွေကို ထူးထူးခြားခြား ဆွဲဆောင်နိုင်ဖို့က အရမ်းကို အရေးပါလှပါတယ်။

Hidden Track ကော်ဖီဆိုင်က မီနူးစာရင်း နည်းနည်းလေးနဲ့ ရိုးရိုးရှင်းရှင်းနည်းကို သုံးပြီး လမ်းပေါ်က ဖောက်သည်တွေ လာအောင် ဆွဲဆောင်ထားပါတယ်။

ကဖေးမြို့၊ ကော်ဖီ၊ ရှန်ဟိုင်း
ဓာတ်ပုံ ပုံစာ, ရှန်ဟိုင်းမြို့မှာ ကော်ဖီဆိုင် ၈၀၀၀ ကျော်လောက် ရှိတယ်လို့ မြို့ တာဝန်ရှိပုဂ္ဂိုလ်တွေက ခန့်မှန်းထားပါတယ်။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှန်ဟိုင်းမြို့မှာ ကော်ဖီဆိုင် ထိုင်တာက မြို့ကြီးသားဆန်ပြီး ခေတ်မီတယ်ဆိုတဲ့ ယူဆချက်ကလည်း လူငယ်လေးတွေ ကော်ဖီဆိုင်ထဲဝင်လာဖို့ တွန်းအား ဖြစ်စေပါတယ်။ ကော်ဖီဆိုင်တွေဟာ လူငယ်တော်တော်များများအတွက် လှလှပပ ပြင်ဆင် ဝတ်စားပြီး ကော်ဖီသောက်၊ စကားစမြည် ပြောကြဖို့ ဆုံတွေ့ရာနေရာ တစ်ခုဖြစ်လာခဲ့ပါတယ်။

၂၀ ရာစုနှစ်ဦးပိုင်းလောက်ကတည်းက စလို့ ရှန်ဟိုင်းမြို့ကို လွှမ်းခြုံထားတဲ့ ခေတ်ရှေ့ပြေးမှု၊ လူမျိုးစုံ လက်ခံတဲ့ သဘောထားတွေကို လက်ဆင့်ကမ်း ကျင့်သုံးလာနေကြသူတွေအဖြစ် သူတို့ကိုယ်သူတို့ မှတ်ယူထားကြတဲ့ ရှန်ဟိုင်း မြို့ခံတွေက ကော်ဖီဆိုင်ထိုင်တဲ့ သူတို့ရဲ့ဓလေ့ကိုလည်း ဂုဏ်ယူစွာ ဆက်ကျင့်သုံးလာခဲ့ကြပါတယ်။

"ရှန်ဟိုင်းမြို့က ဟိုးကတည်းကိုက နိုင်ငံတကာ စီးပွားရေးမြို့ ဖြစ်နေခဲ့တာပါ။ ကျွန်တော်တို့ ကော်ဖီ စသောက်တာကလည်း ကြာ ကြာလှပေါ့။ မြို့ငယ်လေးတွေမှာ တဖြည်းဖြည်းနဲ့ ကော်ဖီဆိုင်ပုံစံတွေ ပြောင်းလာခဲ့ကြတာပါ" လို့ ကော်ဖီဆိုင်တစ်ခုမှာ ထိုင်နေတဲ့ လူတစ်ယောက်က ပြောပါတယ်။

အခုဆိုရင် ကော်ဖီဆိုင်ဓလေ့က အခိုင်အမာ ဖြစ်နေပြီဆိုတာကို အနားက အမျိုးသမီးကလည်း သဘောတူစွာ ပြောခဲ့ပါတယ်။ တစ်နေ့ကို ကော်ဖီဘယ်နှစ်ခွက် သောက်သလဲလို့ မေးကြည့်တဲ့အခါမှာတော့ အကျယ်ကြီးအော်ရယ်ပြီး "ကျွန်မ ကြိုက်သလောက် သောက်တာပေါ့"လို့ ပြန်ဖြေပါတယ်။

ကဖေးမြို့၊ ကော်ဖီ၊ ရှန်ဟိုင်း
ဓာတ်ပုံ ပုံစာ, R1070 café ကော်ဖီဆိုင်ပိုင်ရှင် ယွမ် ဂျင်ဖန်းက သူ့ကော်ဖီစေ့တွေအားလုံး ဂျပန်ကနေ တင်သွင်းတာလို့ ဆို

ကော်ဖီဆိုင်တွေ များလာတာနဲ့အမျှ ကော်ဖီအမျိုးမျိုးကို အရသာခံ မြည်းစမ်းသောက်ချင်တဲ့ ဆန္ဒတွေလည်း တိုးလာနေပါတယ်။

လဖက်ရည် အများစု သောက်ကြတဲ့ တရုတ်နိုင်ငံလို နေရာမျိုးကနေ ကော်ဖီ ပြောင်းသောက်လာသူတွေအနေနဲ့ အရသာသစ်၊ ကော်ဖီအမျိုးအစားသစ်တွေကို မြည်းစမ်းဖို့ စိတ်အားထက်သန်နေကြပါတယ်။

R1070 café ကော်ဖီဆိုင် ထောင်ထားတဲ့ ယွမ် ဂျင်ဖန်းက သူ့ရဲ့ ကော်ဖီစေ့တွေအားလုံးကို ဂျပန်ကနေ မှာယူတင်သွင်းတာလို့ ဆိုပါတယ်။

"ကုန်ကျစရိတ်က အရမ်း၊ အရမ်းကို များပါတယ်။ ကျွန်တော် တင်သွင်းတဲ့ ကော်ဖီစေ့တွေထဲမှာ အမေရိကန်၊ အီတာလျံ စတိုင်တွေပါပါတယ်။ အဲဒီကော်ဖီစေ့တွေအားလုံးကို မူရင်းအထုတ်အတိုင်း ဂျပန်ကနေ တင်သွင်းတာပါ။"လို့ သူက ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း လက်ကားစျေးတွေက ခုန်တက်သွားတာ၊ ယီမင်နဲ့ အီသီယိုပီးယားက စစ်ပွဲတွေကြောင့်လည်း ပါတယ်။ ကော်ဖီသောက်သူတွေ များလာတာနဲ့အမျှ ကော်ဖီစေ့ကောင်းကောင်းလည်း အရ နည်းလာတယ်။"

ဒါပေမဲ့ ကုန်ကျစရိတ်တိုးလာတာကို ကော်ဖီသောက်သူ များလာတာနဲ့ ပြန်ထေမိအောင် ခုချိန်ထိတော့ ကြံ့ကြံ့ခံနေတယ်လို့ သူက ပြောပါတယ်။

AC café ကော်ဖီဆိုင်ကတော့ ပိုင်ရှင်တွေက ဆွံ့အ နားမကြားသူတွေက ဖြစ်ပြီး ဆွံ့အ နားမကြားသူတွေကို စားပွဲထိုး ခန့်ထားပါတယ်။

"ကိုဗစ်ကပ်ဘေးကြီးအပြီးမှာ မိတ်ဆွေသူငယ်ချင်းတွေ အချင်းချင်း ကော်ဖီသောက်ရင်း၊ ဘီယာသောက်ရင်း တွေ့ဆုံစကားပြောကြဖို့ စိတ်အားထက်သန်လာကြပြီး ရှန်ဟိုင်းမြို့ဟာ ကော်ဖီဆိုင်ထိုင်တဲ့ ဓလေ့ မြို့ကြီးတစ်မြို့ ဖြစ်လာတယ်" လို့ AC café ကော်ဖီဆိုင်မှာ ဆွံ့အ နားမကြား ဘာသာစကားမပြောတတ်သူတွေအတွက် ဘာသာပြန် လုပ်ပေးနေတဲ့ ယန် ယန်ဖန်းက ပြောပြပါတယ်။

"ထမင်းမစားဘဲ နေနိုင်တယ်၊ ကော်ဖီ မသောက်ဘဲ မနေနိုင်ဘူး"လို့ သူက ပြောပါတယ်။

ကဖေးမြို့၊ ကော်ဖီ၊ ရှန်ဟိုင်း
ဓာတ်ပုံ ပုံစာ, ရှန်ဟိုင်းမြို့က AC café ကော်ဖီဆိုင်မှာ ဆွံ့အနားမကြားသူ ဝန်ထမ်းတွေ ခန့်ထားပေး

ဒီလိုကော်ဖီဆိုင်မျိုးက ဒီတစ်ဆိုင်တည်း မဟုတ်ပါဘူး။

မျက်မမြင်ဝန်ထမ်းတွေ ရောင်းတဲ့ ကော်ဖီဆိုင် တစ်ဆိုင်ကလည်း လူကြိုက်များပါတယ်။ လမ်းပေါ်မှာ တန်းစီ စောင့်နေတဲ့ ဖောက်သည်တွေကို မျောက်အင်္ကျီဝတ်စုံ ဝတ်ထားတဲ့ မျက်မမြင် ဆိုင်ဝန်ထမ်းတွေက နံရံအပေါက်ကနေ လက်ထုတ်ပြီး ကော်ဖီကမ်းပေးတာ ဖြစ်ပါတယ်။

လမ်းတစ်လမ်းဆိုရင် လမ်းတလျှောက် မီတာ နှစ်ရာလောက်အတွင်းမှာတင် ကော်ဖီဆိုင် ၁၈ ဆိုင် ဖွင့်ထားတာ တွေ့ခဲ့ရပါတယ်။ အဲဒီဆိုင်တွေအားလုံးထဲမှာ လူတွေ အပြည့်ရှိနေပါတယ်။

ဒါက ခဏတဖြုတ် ခေတ်စားတာမျိုး မဟုတ်ဖို့ ကော်ဖီဆိုင်ပိုင်ရှင်တွေက မျှော်လင့်ထားပါတယ်။

ခန့်မှန်းချက်တချို့အရ တရုတ်နိုင်ငံရဲ့ ကော်ဖီစျေးကွက်ဟာ မနှစ်က ယွမ် ဘီလျံ ၂၆၀ (အမေရိကန်ဒေါ်လာ ၃၅ ဘီလျံ) လောက်ရှိတယ်လို့ သိရပါတယ်။ နောက်ထပ် ယွမ် ဘီလျံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၃ ဘီလျံ) တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်နိုင်ငံရဲ့ အမှတ်တံဆိပ် ကော်ဖီဆိုင်စျေးကွက်ဟာ မနှစ်က ၅၈ ရာခိုင်နှုန်း ကြီးထွားလာတယ်လို့ World Coffee Portal အဖွဲ့ကြီးက ဆိုပါတယ်။

ကဖေးမြို့၊ ကော်ဖီ၊ ရှန်ဟိုင်း
ဓာတ်ပုံ ပုံစာ, နေ့ဘက်မှာ ကော်ဖီဆိုင်၊ ညဘက်မှာ အရက်ဘား

ရှန်ဟိုင်းမှာ လူနေစရိတ် အရမ်းကြီးမြင့်တာကြောင့် ကော်ဖီဆိုင်အတော်များများက ညဘက်တွေမှာ ဆိုင်ဖွင့်ဖို့ မတတ်နိုင်ကြပါဘူး။ ဒါ့ကြောင့် နေဝင်သွားပြီ ဆိုတာနဲ့ သူတို့ရဲ့ ကော်ဖီဆိုင်တွေကို အရက်ဘားတွေအဖြစ် ပြောင်းဖွင့်ကြပါတယ်။ တချို့ကတော့ လိုက်ဗ် ဂီတပွဲတွေ ထည့်သွင်း ဖျော်ဖြေကြပါတယ်။

ဝမ်ရှီရဲ့ Flower Café and Bar ကော်ဖီဆိုင်/ဘား က ရှန်ဟိုင်းမြို့ရဲ့ ရှုခင်းကို စီးမြင်ရတဲ့ နေရာကောင်းမှာ ဖွင့်ထားတာပါ။ ကုန်ကျစရိတ်နဲ့ ပြန်ရတာက ကာမိရုံလေးပါပဲ။ ဒါပေမဲ့ လောလောဆယ် သူ့ဆိုင်က ဆက်ဖွင့်လို့ ရနေပါသေးတယ်။

"ကျွန်တော်က အကောင်းမြင်သမားပါ"လို့ သူကဆိုပါတယ်။ "တရုတ်စီးပွားရေးက ကိုဗစ်မတိုင်ခင်ကာလက အတိုင်းအတာကို အမြန်ဆုံး ပြန်ရောက်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ တကယ်လို့ စီးပွားရေးပြန်ကောင်းလာမယ်ဆိုရင် လူတိုင်း အမြတ်အစွန်း ရလာနိုင်မှာပါ"

တရုတ်ရဲ့ စီးပွားရေးက အခက်အခဲ အနှောင့်အတားတချို့နဲ့ သိသိသာသာ ရင်ဆိုင်နေရပုံ ရှိပါတယ်။ ဒါပေမဲ့ သူစကားပြောနေချိန်မှာပဲ ရှန်ဟိုင်းမြို့ရဲ့ ဆူချောင်းခရိခ်ချောင်းဘက်ဆီ ငေးမောရင်း ကော်ဖီဆိုင်ထိုင်ခုံတွေမှာ ထိုင်ကော်ဖီသောက်နေကြသူတွေကို ဝမ်ရှီက လှမ်းမျှော်ကြည့်လိုက်ပါတယ်။ ကော်ဖီသောက်သူတွေ စည်ကားနေတဲ့ ဒီညမှာတော့ သူ့အနေနဲ့ အကောင်းဘက်ကနေ တွေးတောရှုမြင်မှာက သေချာပါတယ်။