နှစ်ပေါင်း ၇၅ နှစ်ကြာမှ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တဲ့ မောင်နှမတွေ

နှစ်ပေါင်း ၇၅ နှစ်ကြာပြီးနောက် အစ်မဖြစ်သူနဲ့ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တဲ့ ညီအစ်ကိုနှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, PUNJABI SANJH TV/NASIR DHILLON

ဓာတ်ပုံ ပုံစာ, နှစ်ပေါင်း ၇၅ နှစ်ကြာပြီးနောက် အစ်မဖြစ်သူနဲ့ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တဲ့ ညီအစ်ကိုနှစ်ဦး

၁၉၄၇ ခုနှစ် အိန္ဒိယနဲ့ပါကစ္စတန်ဆိုပြီး နှစ်ခြမ်းကွဲသွားကတည်းက ကွဲကွာသွားခဲ့တဲ့ ပါကစ္စတန် အမျိုးသမီးတဦးဟာ နှစ်ပေါင်း ၇၅ နှစ်အကြာမှာ သူ့ရဲ့ အိန္ဒိယ မောင်လေးတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့လက ဆုံဆည်းခဲ့ပါတယ်။

ပဋိပက္ခကြီးအတွင်း ဆစ်ခ်ဘာသာဝင် သူ့မိသားစုနဲ့ ကွဲကွာသွားခဲ့တဲ့ မွမ်းတက်ဇ် ဘီဘီဟာ သူ့မောင်လေး ဂါမူခီ ဆင့်ခ်၊ ဘယ်ဒိဖ် ဆင့်ခ်တို့နဲ့ ပြီးခဲ့တဲ့ဧပြီလက ပါကစ္စတန်မှာရှိတဲ့ ကာတာပါ ဆဟိဖ် ဂူဝါ့ရာ ဘုရားကျောင်းမှာ ပထမဆုံးအကြိမ် ပြန်လည် ဆုံတွေ့ခဲ့တာပါ။

“အသက်ရှိတုန်း ကျွန်တော်တို့ အစ်မနဲ့ တွေ့ဆုံခွင့်ရလို့ သိပ်ပျော်တယ်” လို့ ဂါမူခီ ဆင့်ခ်က ပြောပါတယ်။

၁၉၄၇ ခုနှစ်မှာ အိန္ဒိယတိုက်ငယ် နှစ်ခြမ်းကွဲသွားခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး လွတ်လပ်တဲ့ နိုင်ငံနှစ်နိုင်ငံ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒါဟာ သမိုင်းတလျှောက် လူအများအပြားပါဝင်တဲ့ အကြီးဆုံး လှုပ်ရှားမှုတခုဖြစ်ပြီး စစ်ပွဲကြီး ပေါ်ပေါက်ခဲ့သလို ဒုဗ္တိက္ခန္တရကပ် အငတ်ဘေးလည်း ဆိုက်ခဲ့ရပါတယ်။

လူပေါင်း ၁၂ သန်းနီးပါးဟာ ဒုက္ခသည်တွေဖြစ်ခဲ့ရပြီး ဘာသာရေး အဓိကရုဏ်းကြောင့် လူပေါင်း ၅ သိန်းနဲ့ တသန်းကြား အသတ်ခံခဲ့ရပါတယ်။

“ကျွန်တော်တို့လည်း ဒီပဋိပက္ခကြီးကြောင့် အတိဒုက္ခရောက်ခဲ့ရတယ်” လို့ အသက် ၇၀ ကျော်အရွယ် ဂါမူခီ ဆင့်ခ် က ပြောပါတယ်။

သူတို့ရဲ့ ဖခင် ပါလာ ဆင့်ခ်ဟာ အကြမ်းဖက်မှုအတွင်း သူ့ဇနီးသည် အသတ်ခံရပြီးတဲ့နောက် ပါကစ္စတန်ကနေ အိန္ဒိယက ပန်ဂျပ်ပြည်နယ် ပါ့တီအလာမြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။

“သူ့ဇနီးသည် အသတ်ခံရတဲ့အကြောင်း သူသိလိုက်တဲ့အချိန်မှာ သူ့သမီးလည်း အသတ်ခံလိုက်ရပြီလို့ သူက ယူဆခဲ့ပါတယ်။ ဒီတော့ အဲဒီခေတ်တုန်းက ဓလေ့ထုံးစံအတိုင်း ခယ်မဖြစ်သူနဲ့ သူ လက်ထပ်ခဲ့တယ်” လို့ ညီအကိုနှစ်ဦးအနက် အငယ်ဆုံး ဘယ်ဒိဖ် ဆင့်ခ် က ပြန်ပြောပြပါတယ်။

ဒါပေမဲ့ ပါကစ္စတန်မှာတော့ မွမ်းတက်ဇ် ဘီဘီကို မွတ်ဆလင် ဇနီးမောင်နှံက မွေးစားခဲ့ပြီး ကြည့်ရှု့စောင့်ရှောက်ခဲ့ပါတယ်။

“လူမှုကွန်ရက်အကူအညီနဲ့ ကျွန်တော်တို့သားတွေက ကျွန်တော်တို့ရဲ့ အဖေတူ အမေကွဲ အစ်မဖြစ်သူကို ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ရှာတွေ့ခဲ့တယ်” လို့ ဘယ်ဒိဖ် ဆင့်ခ် က ပြောပါတယ်။

မိသားစုကို ရှာနေတဲ့ မစ္စ မွမ်းတက်ဇ် ဘီဘီဟာ ယူကျူ့မှာ ဗီဒီယိုဖန်တီးသူ နေဆာ ဒေလွန်နဲ့ စကားပြောခဲ့ပါတယ်။ နေဆာရဲ့ ယူကျူ့ချန်နယ် ပန်ချပ် လီဟာဟာ အိန္ဒိယတိုက်ငယ် နှစ်ခြမ်းကွဲတုန်းက ကွဲကွာခဲ့ကြရတဲ့ မိသားစုတချို့ အချင်းချင်း ပြန်လည်ဆုံဆည်းဖို့ အကူအညီပေးခဲ့ပါတယ်။

သူတို့ရဲ့ ဆက်နွယ်မှုကို အတည်ပြုချင်တာကြောင့် ပါကစ္စတန် ရှိခ်ဟူပရာ ပြည်နယ်က သူတို့ ဘိုးဘွားတွေရဲ့ ရွာက စျေးသည်တစ်ဦးကို ဂါမူခီ ဆင့်ခ် ဆက်သွယ်ခဲ့ပါတယ်။

“သူက ကျွန်တော်တို့ကို မွမ်းတက်ဇ် နဲ့ ချိတ်ဆက်ပေးခဲ့တယ်” လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ အစမှာတော့ မိသားစုဟာ အစ်မဖြစ်သူရဲ့ ဝိသေသ လက္ခဏာကို မယုံကြည်ကြဘူးလို့ သူက ဝန်ခံပါတယ်။

“သူဟာ တခြားတယောက် မဖြစ်နိုင်ဘူးလား။ ဒါပေမဲ့ တဖြည်းဖြည်း ကွင်းဆက်ချိတ်မိလာပြီး သူဟာ ကျွန်တော်တို့ရဲ့ အစ်မနဲ့ အင်မတန်တူတယ်ဆိုတဲ့ သက်သေအထောက်အထား ရလာခဲ့တယ်။ ပျော်လိုက်သမှ အတိုင်းထက်အလွန်ပေါ့ဗျာ” လို့ သူက ပြန်ပြောင်းပြောပြပါတယ်။

လူမှုကွန်ရက်အကူအညီနဲ့ အစ်မဖြစ်သူကို ရှာတွေ့ခဲ့
ဓာတ်ပုံ ပုံစာ, လူမှုကွန်ရက်အကူအညီနဲ့ အစ်မဖြစ်သူကို ရှာတွေ့ခဲ့

“ဒီနောက်တော့ ဘာပဲဖြစ်ဖြစ် သူနဲ့ ကျွန်တော်တို့ တွေ့ချင်ကြတယ်။ ဒါပေမဲ့ ဗီဇာ အခက်အခဲ ရှိခဲ့တယ်” လို့ ဘယ်ဒိဖ် ဆင့်ခ် က ပြောပါတယ်။

တွေ့ဆုံဖို့ ဖြစ်နိုင်တဲ့ နေရာတခုကတော့ ဆစ်ခ်ဘာသာဝင်ကို တည်ထောင်ခဲ့သူ ဂုရုကြီး နာ့နက်ခ် ဒေ့ဖ် နောက်ဆုံး ခေါင်းချခဲ့တဲ့ နေရာနဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ ဂူဗိမာန်တခုဖြစ်တဲ့ ကာတာပါ ဆဟိဖ် ဂူဝါ့ရာ ဘုရားကျောင်းဖြစ်မယ်လို့ သူတို့ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီဘုရားကျောင်းဟာ ရာဗီမြစ် တဖက်ကမ်း ပါကစ္စတန်က နာရိုဝဲလ်ပြည်နယ် မှာ တည်ရှိပြီး အိန္ဒိယက ဒါရာ ဘာဘ နာ့နာ့ခ် ဂူဗိမာန်နဲ့ လေးကီလိုမီတာ အဝေးမှာရှိပါတယ်။

၂ဝ၁၉ ခုနှစ် နိုဝင်ဘာလက အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက အိန္ဒိယဘုရားဖူးတွေကို ဗီဇာကင်းလွတ်ခွင့် ပေးပြီးနောက်ပိုင်း ကာတာပါ စင်္ကြလမ်းတလျှောက် လူ ထောင်သောင်းချီ ခရီးသွားခဲ့ကြပါတယ်။

အိန္ဒိယတိုက်ငယ်နှစ်ခြမ်းကွဲတုန်းက ကွဲကွာခဲ့ကြရတဲ့ တချို့မိသားစုတွေဟာ အဲဒီနေရာမှာ ပြန်လည်ဆုံဆည်းခွင့် ရခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုဗစ် ကပ်ရောဂါကြီးကြောင့် ၂၀၂၀ ခုနှစ် မတ်လမှာ ကာတာပါ ဘုရားဖူးတွေကို ယာယီ ဆိုင်းငံ့ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။

အဲဒီဂူဗိမာန်ကို မိသားစုဝင်တွေနဲ့အတူ ရောက်လာကြတဲ့ ညီအစ်ကိုနှစ်ဦးဟာ နောက်ဆုံးမှာတော့ အစ်မဖြစ်သူနဲ့ကော သူ့မိသားစုနဲ့ပါ ဆုံဆည်းခဲ့ကြပါတယ်။

“တယောက်ကို တယောက်ဖက်ပြီး ငိုကြွေးခဲ့ကြတယ်” လို့ အဲဒီတုန်းက အမှတ်တရကို မျက်ရည်အဝိုင်းသားနဲ့ ဘယ်ဒိဖ် ဆင့်ခ် က ပြန်ပြောင်းပြောပြပါတယ်။

“အမြန်ဆုံး ဗီဇာရအောင် ကြိုးစားကြမယ်လို့ တယောက်ကို တယောက် ကတိပေးခဲ့ကြတယ်။ အစ်မက သူ့စာရွက်စာတမ်းတွေတောင် ဖြည့်ပြီးပြီဆိုတော့ သူ ကျွန်တော်တို့ဆီ မကြာမီ လာလည်လိမ့်မယ်လို့ မျှော်လင့်တယ်” လို့လည်း ဆိုပါတယ်။

မစ္စ မွမ်းတက်ဇ် ကတော့ မွတ်ဆလင်တဦးလို ကြီးပြင်းလာခဲ့တာပါ။

ဒါကိုလည်း သူတို့တွေဆုံချိန်မှာ အားလုံးက လက်ခံခဲ့ကြတယ်လို့ ဘယ်ဒိဖ် ဆင့်ခ် က ပြောပါတယ်။

“ကျွန်တော်တို့ တွေ့တော့ အရာအားလုံး မေ့ထားလိုက်ပြီ” လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့ အစ်မက မွတ်ဆလင်ဖြစ်တော့ကော ဘာဖြစ်လဲ။ သူ့သွေးကြောထဲမှာလည်း ကျွန်တော်တို့နဲ့ တသားတည်း သွေးတွေ စီးဆင်းနေတယ်။ ကျွန်တော်တို့အတွက်တော့ ဒီကိစ္စက အရာအားလုံးထက် ပိုအရေးကြီးတယ်” လို့ ဘယ်ဒိဖ် ဆင့်ခ် က ပြောပါတယ်။

“နေထိုင်စားသောက်ပုံချည်း အနည်းငယ် ကွာခြားတာကတော့ အမှန်ပါပဲ။ သူတို့ (ပါကစ္စတန်) တွေက အသားပိုစားကြတယ်။ ကျွန်တော်တို့က လျှော့စားတယ်။ ဒါပေမဲ့ လူသားတွေအားလုံးဟာ အတူတူပဲဆိုတာ လက်ခံရမယ်လို့ ဂုရုကြီး နာ့နက်ခ်က ဆိုဆုံးမ ဖူးတယ်လေ” လို့လည်း သူက ဆိုပါတယ်။

ဗီဇာမရမချင်း ကွဲကွာနေတဲ့ မောင်နှမတွေ ဗီဒီယိုကနေပဲ ဖုန်းပြောနေကြရအုံးမှာဖြစ်
ဓာတ်ပုံ ပုံစာ, ဗီဇာမရမချင်း ကွဲကွာနေတဲ့ မောင်နှမတွေ ဗီဒီယိုကနေပဲ ဖုန်းပြောနေကြရအုံးမှာဖြစ်

အိန္ဒိယတိုက်ငယ် နှစ်ခြမ်းကွဲစဥ်အတွင်း အလားတူ ကွဲကွာခဲ့ကြရတဲ့ နောက်ထပ် မိသားစုတခုလည်း ကာတာပါ ဆဟိဖ် ဂူဝါ့ရာ ဘုရားကျောင်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြန်လည်ဆုံဆည်းခဲ့ကြပါတယ်။

အဲဒီအချိန်တုန်းက မိခင်ဖြစ်သူနဲ့အတူ အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ဆစ်ခ်ခ ခမ်းဟာ ဖခင်ဖြစ်သူနဲ့အတူ ပါကစ္စတန်မှာ အခြေချခဲ့ရတဲ့ အကိုဖြစ်သူ ဆာဒစ် ခမ်းနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

ဆာဒစ်ခမ်းဟာ အကြာကြီး ခွဲခွာခဲ့ရတဲ့ သူ့ရဲ့ ညီဖြစ်သူနဲ့အတူ အိန္ဒိယနိုင်ငံကို မေလတုန်းက ပျော်ရွင်မြူထူးစွာ ပြန်လာခဲ့ပါတယ်။

“ကာတာပါ ဆဟိဖ် ဂူဝါ့ရာ ဘုရားကျောင်းကြောင့် ကျွန်တော်တို့လိုပဲ ပျောက်ဆုံးနေတဲ့ ဆွေမျိုးရင်းခြားတွေနဲ့ လူအများအပြား ပြန်လည်ဆုံဆည်းခွင့် ရခဲ့တယ်” လို့ ဂါမူခီ ဆင့်ခ် က ပြောပါတယ်။

ဒါပေမဲ့ သူကတော့ အိန္ဒိယအစိုးရကို တောင်းဆိုစရာတခု ရှိပါတယ်။ “သူတို့အနေနဲ့ ကာတာပါ ဆဟိဖ် ကို သွားရောက်လည်ပတ်ဖို့ ဖြစ်သင့်ပြီး နှစ်နိုင်ငံကြား ဗီဇာလုပ်ငန်းစဥ်ကလည်း ပိုပြီး လွယ်ကူချောမွေ့သင့်တယ်” လို့ ဆိုပါတယ်။

“ကျွန်တော်တို့တွေ ပြန်ဆုံဆည်းဖို့ နှစ်ပေါင်း ၇၅ နှစ်ကြာခဲ့တယ်။ အခုတော့ ထပ်တလဲလဲ တွေ့ချင်ပါတယ်။ အတူတူ အချိန်ကုန်ဆုံးချင်ပါတယ်” လို့ သူက ပြောပါတယ်။