ပါကစ္စတန်ထဲကို အိန္ဒိယက မစ်ဇိုင်းနဲ့ မတော်တဆ ပစ်ထည့်မိ

ဓာတ်ပုံ ရင်းမြစ်, AFP
ပါကစ္စတန်ထဲကို ဗုဒ္ဓဟူးနေ့က မစ်ဇိုင်းတလုံး မတော်တဆ ပစ်မိတယ်လို့ အိန္ဒိယက ပြောပြီး ဒါဟာ ပုံမှန် ထိန်းသိမ်းမှု လုပ်ငန်း ဆောင်ရွက်စဉ်မှာ "နည်းပညာဆိုင်ရာ အမှားအယွင်း" ကြောင့် ဖြစ်သွားတာပါလို့ ဆိုပါတယ်။
"သိပ်ကို စိတ်မကောင်းဖြစ်ရပါတယ်"လို့ ဒေလီက ပြောသလို၊ လူတယောက်မှ မသေဆုံးခဲ့တဲ့အတွက် စိတ်သက်သာရာ ရမိကြောင်း လည်း ပြောပါတယ်။
"အလွန်အရှိန်မြန်စွာ ပျံသန်းလာတဲ့ အရာ"တခု နိုင်ငံအရှေ့ပိုင်းက မီအန် ချန်နူး မြို့နားမှာ ပျက်ကျသွားတယ်၊ အဲဒီ အရာ ပျံသန်းခဲ့ရာ လမ်းကြောင်းက ခရီးသည်တင်လေယာဉ် ခရီးလမ်းကြောင်းတွေကို အန္တရာယ် ဖြစ်စေခဲ့တယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။
နိုင်ငံ ၂ နိုင်ငံလုံးမှာ နျူကလီးယား လက်နက်တွေ ရှိကြပါတယ်။
အိန္ဒိယကာကွယ်ရေးဌာနက သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ " ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်နေ့မှာ ပုံမှန်ထိန်းသိမ်းဆောင်ရွက်မှု လုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း နည်းပညာဆိုင်ရာ အမှားအယွင်းတခုကြောင့် မစ်ဇိုင်း တလုံးကို မတော်တဆ ပစ်လွှတ်မိတယ်။ ဒီအရေးကို အိန္ဒိယအစိုးရအနေနဲ့ အရေးတကြီးကိုင်တွယ်ဆောင်ရွက်နေပြီး အဆင့်အမြင့်ဆုံး တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးတာတွေ လုပ်ဖို့ ညွှန်ကြားထားတယ်" လို့ ရေးထားပါတယ်။
အစ္စလာမ်မာဘတ်က "ဒီလို ပေါ့ဆမှုတွေကြောင့် နောက်ဆက်တွဲ စိတ်မချမ်းမြေ့စရာတွေ ဖြစ်လာမှာကို သတိချပ်စေလိုတယ်" လို့ ဒေလီကို သတိပေးထားပြီး နောက်ထပ် အဲဒီလိုမဖြစ်ဖို့လည်း ပြောပါတယ်။ အဲဒီအရာဟာ ဟာယားနားပြည်နယ် ဆာဆ ကနေ ပစ်လွှတ် လိုက်တာလို့လည်း ပါကစ္စတန်အစိုးရက ပြောပါတယ်။
မက် ၃ အမြန်နှုန်း (အသံရဲ့ အမြန်နှုန်းထက် ၃ ဆ မြန်တဲ့ အမြန်နှုန်း)နဲ့ ပေ ၄ သောင်းအမြင့်ကနေ မစ်ဇိုင်းက ပျံလာခဲ့ပြီး မပျက်ဆီး သွားခင် နိုင်ငံရဲ့ လေပိုင်နက် ၇၇ မိုင် အကွာအဝေးကို ဖြတ်ကျော်လာခဲ့တာလို့ ပါကစ္စတန် လေတပ်က ပြောပါတယ်။
ပါကစ္စတန် စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ် ဘာဘာ အစ်ဖတီခါရွန်က "ဒီအရာ ပျံသန်းလာတဲ့ လမ်းကြောင်းဟာ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံလုံးရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ် လမ်းကြောင်းအများအပြားကို အန္တရာယ်ဖြစ်စေခဲ့ပြီး၊ မြေပြင်က လူတွေရဲ့ အသက်တွေ၊ အဆောက်အဦတွေအတွက်လည်း အန္တရာယ်ဖြစ်စေခဲ့တယ်"လို့ ကြာသပတေးနေ့ကပြောပါတယ်။
ပါကစ္စတန် နိုင်ငံခြားရေးဌာနက သူတို့အနေနဲ့ အိန္ဒိယ သံမှူးကို ဆင့်ခေါ်ပြီး ဒီကိစ္စကို မကျေနပ်ကြောင်း ပြောခဲ့တယ်လို့ သောကြာနေ့ က ပြောပါတယ်။
ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတဲ့အပေါ် စုံစမ်းစစ်ဆေးမှုကနေ ရလာတဲ့ တွေ့ရှိချက်တွေ ပေးဖို့ကိုလည်း အိန္ဒိယကို ပါကစ္စတန်က တိုက်တွန်း ထားပါတယ်။








