ပါရာစီတမောနဲ့ အော်တစ်ဇင် - ကိုယ်ဝန်ဆောင်ချိန် ပါရာသောက်လို့ရလား

တိုင်လီနော အဖြူရောင်စာလုံးကြီးကြီါ်နဲ့ ရေးထားထားတဲ့ စင်ပေါ်က ဆေးဗူးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တိုင်လီနောမှာ အဓိက ပါဝင်တာက အစီတာမင်နိုဖန် ဖြစ်ပါတယ်
    • ရေးသားသူ, အန်ဒရဲ ဘနာ့ နဲ့ ဆာရာ ဘဲလ်
    • ရာထူးတာဝန်, ဘီဘီစီ ဘရာဇီး နဲ့ ကမ္ဘာတလွှား ကျန်းမာရေး

အမေရိကန်မှာ ကိုယ်ဝန်ဆောင်တွေကို အကိုက်အကဲပျောက်ဆေး တိုင်လီနော (ပါရာစီတမော)ဆေးကို မပေးကြဖို့ ဆရာဝန်တွေကို အကြံပြုသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်က ပြောလိုက်ပါတယ်။ တိုင်လီနောနဲ့ အော်တစ်ဇင်ဖြစ်မှု ဆက်နွှယ်၊ မနွှယ်အငြင်းပွားမှု ရှိနေချိန်မှာပဲ သမ္မတ ထရမ့်က အခုလို ပြောလိုက်တာပါ။

ထရမ့်ဟာ အခုကြေညာချက်ကို ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာနဲ့အတူ အိမ်ဖြူတော်က ဘဲဥပုံ ရုံးခန်းမှာ ကြေညာခဲ့တာပါ။

အမေရိကန်သမ္မတကတော့ တိုင်လီနောရဲ့ အဓိက ပါဝင်ပစ္စည်း ပါရာစီတမောကို သောက်တာဟာ ''မကောင်းဘူး'' လို့ပြောပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့လည်း အလွန်အမင်းဖျားနာတော့မှ သောက်သင့်တယ်လို့ ဆိုပါတယ်။ ပါရာစီတမောကို အမေရိကန်မှာ အက်စီတာမီနိုဖင် လို့လည်း သိကြပါတယ်။

သောကြာနေ့တုန်းကတော့ သမ္မတ ထရမ့်က အော်တစ်ဇင်ဖြစ်မှုနဲ့ ဆက်နွှယ်တဲ့ ကြေညာချက်တစ်ခုကို ကြေညာမယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ''အော်တစ်ဇင်ဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီ။ ... ကျွန်တော်ထင်တာတော့ အကြောင်းရင်းရှိရမယ်'' လို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပါရာစီတမော သောက်ကြလို့ အော်တစ်ဇင်ဖြစ်တဲ့ကလေးတွေ မွေးဖွားနိုင်ခြေကို ဆက်နွှယ်မှုအနည်းငယ်ကိုသာပြတဲ့ လေ့လာချက်အချို့ရှိထားပေမဲ့ ဒီတွေ့ရှိချက်တွေဟာ တဆက်စပ်တည်း မပြနိုင်သလို ဒီဆေးကြောင့် အော်တစ်ဇင်ဖြစ်နိုင်တယ်ဆိုတဲ့ သက်သေ ခိုင်ခိုင်လုံလုံလည်း မရှိသေးပါဘူး။

တိုင်လီနော (Tylenol) ဆိုတာ ဘာလဲ

တိုင်လီနောကို ဆေးကောင်တာမှာ အလွယ်ရနိုင်တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်ပြီး သူ့မှာ ပါဝင်ပစ္စည်းကိုတော့ အက်စီတာမီနိုဖင် လို့ သိကြပါတယ်။ ကမ္ဘာ့တချို့နေရာတွေမှာတော့ ပါရာစီတမောလို့ သိကြပါတယ်။

တံဆိပ်အမျိုးမျိုး၊ နာမည်အမျိုးမျိုး ရောင်းချပြီး မွေးကင်းစနဲ့ ကလေးငယ်တွေပါ သောက်နိုင်တဲ့ပုံစံနဲ့ ထုတ်လုပ်ပါတယ်။ ပါရာစီတမောဟာ ကမ္ဘာတဝန်းမှာ နာကျင်မှုနဲ့ အဖျားသက်သာဖို့ အိမ်တိုင်းဆောင်တဲ့ဆေးလည်းဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်တုန်း သောက်လို့ရလား

ကမ္ဘာတလွှား ဆေးဝါးလုပ်ငန်းစုကြီးတွေနဲ့ အစိုးရအဖွဲ့တွေကတော့ အခုဆေးဟာ ကိုယ်ဝန်ဆောင်တွေ သုံးစွဲဖို့ ဘေးကင်းတယ်လို့ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် သားဖွားမီးယပ်ကောလိပ်က ဆရာဝန်တွေကတော့ နိုင်ငံတဝန်းမှာ ပါရာစီတမောလို့ လို့ သိကြတဲ့ တိုင်လီနောကို ကိုယ်ဝန်ဆောင်တွေအတွက် ဘေးကင်းတဲ့အကိုက်အဲပျောက်ဆေးထဲက တစ်မျိုးဖြစ်တယ်လို့ပြောပါတယ်။

''အရင်တုန်းက လုပ်ဖူးတဲ့လေ့လာချက်တွေအရဆိုရင် ပါရာစီတမော သောက်လို့ ကိုယ်ဝန်သုံးလအတွင်းနဲ့ သန္ဓေသားဖွံ့ဖြိုးမှု တစ်ရှုးတွေအပေါ် တိုက်ရိုက်ဆက်နွှယ်မှုရှိတယ်ဆိုတဲ့အထောက်အထားကို ရှင်းရှင်းလင်းလင်း ပြဆိုတာမျိုး မရှိဘူး'' လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ဗြိတိန်ကျန်းမာရေးဝန်တောင်မှုဌာန (NHS)ရဲ့ လမ်းညွှန်ချက်တွေထဲမှာတော့ ပါရာစီတမောဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ပထမ ရွေးချယ်သင့်တဲ့အကိုက်အခဲပျောက်ဆေးလို့ ညွန်းထားပါတယ်။ ''ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ပုံမှန်သောက်လေ့ရှိကြပြီး ကိုယ့်ကလေးကို ထိခိုက်မှု မရှိပါဘူး'' လို့ ဆိုပါတယ်။

တိုင်လီနောကို ထုတ်လုပ်တဲ့ Kenvue ကတော့ တိုင်လီနောဟာ ကိုယ်ဝန်ဆောင်ထုအတွက် ဘေးအကင်းဆုံး အကိုက်အခဲပျောက်ဆေးဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တိုင်လန်နော သောက်သုံးမှုနဲ့ ပတ်သက်ပြီး ခုခံပြောဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘီဘီစီက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းဘက်ကို မှတ်ချက်တစုံတရာရဖို့ ဆက်သွယ်ခဲ့ပါတယ်။

ကုမ္ပဏီကရော၊ အမေရိကန်ဆရာဝန်တွေကပါ အကြံပြုတာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အလွယ်တကူ လက်လှမ်းမီတဲ့ဆေးဝါးတွေကို မသောက်ခင်မှာ ကျန်းမာရေးဆိုင်ရာကျွမ်းကျင် ပညာရှင်တွေနဲ့ အရင်ဆုံး ဆွေးနွေးအကြံယူဖို့ တိုက်တွန်းပါတယ်။

အမေရိကန်မီဒီယာတွေမှာတော့ ထရမ့်အစိုးရဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ အဖျားအလွန်အမင်းကြီးမှသာ ပါရာစီတမောကို သောက်သင့်တယ်လို့ အကြံပြုဖို့ရှိတဲ့အကြောင်း အစောပိုင်းမှာ သတင်းဖော်ပြပါတယ်။

အဖျားပြင်းတာကို မကုသဘဲ ထားမယ်ဆိုရင် မိခင်အတွက်ရော၊ ဝမ်းထဲက သန္ဓေသားအတွက်ပါ ထိခိုက်စေနိုင်ပါတယ်။

၅၀၀ မီလီဂရမ် ပါရာစီတမော ဆေးပြားလို့ တံဆိပ်ရေးထိုးထားတဲ့ ဆေးကတ်နဲ့ သုံးစွဲပြီးသား ဆေးအချို့ရှိနှင့်နေပြီး ဆေးကတ်ကို မြင်ရပါတယ်။ အဲဒီကတ်ဘေးနားမှာတော့ ဆေးကတ်ထဲက ဖောက်ထားပြီးသား ဆေးအဖြူ တစ်တောင့်ကိုလည်း မြင်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်မှာ နှစ်စဉ် ဝယ်ယူတဲ့ ပါရာစီတမော တန်ပေါင်း ၄၉,၀၀၀ အထိ ရှိနေပါတယ်

တိုင်လီနောက အော်တစ်ဇင် ဖြစ်စေလား

ဧပြီလတုန်းကတော့ အမေရိကန် ကျန်းမာရေးနဲ့ လူ့ဝန်ဆောင်မှုဆိုင်ရာဌာန ဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီက အော်တစ်ဇင်ဖြစ်ရတဲ့အကြောင်းရင်းကို သိနိုင်အောင် ''စမ်းသပ်မှု ကြီးကြီးမားမားနဲ့ သုတေသန အားထုတ်မှု'' ကို ၅ လအတွင်း လုပ်သွားမယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ကျွမ်းကျင်သူတွေကတော့ ဆယ်စုနှစ်တွေကြာအောင် သုတေသနလုပ်နေပမဲ့ ဇစ်မြစ်သိနိုင်ဖို့ရှုပ်ထွေးတဲ့ အော်တစ်ဇင် ဖြစ်ရတဲ့အကြောင်းရင်းတွေကို သိအောင်ရှာတာဟာ လွယ်တဲ့အလုပ် မဟုတ်ဘူးလို့ သတိပေးပြောပါတယ်။

သုတေသီတွေရဲ့ အမြင်မှာတော့ အော်တစ်ဇင်ဖြစ်ရတဲ့အကြောင်းရင်း တစ်ချက်တည်းရှိတယ်လို့ မြင်ဘဲ မျိုးဗီဇ နဲ့ ပတ်ဝန်းကျင်အခြေအနေအကြောင်းစုံအပေါ် မူတည်ပြီး အော်တစ်ဇင်ဖြစ်တာလို့ မှတ်ယူထားပါတယ်။

သြဂုတ်လတုန်းကတော့ ဟားဗတ်တက္ကသိုလ်၊ ချမ်းပြည်သူ့ကျန်းမာရေးဌာနက ဦးဆောင်ပြုလုပ်တဲ့ သုတေသနမှာတော့ မိခင်ဝမ်းထဲ ရှိနေချိန် တိုင်လီနောနဲ့ ထိတွေ့လို့ အော်တစ်ဇင်နဲ့ တခြား ဦးနှောက်အာရုံကြောဆိုင်ရာတိုးတက်မှု မူမမှန်တာတွေ ပိုဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ပြပါတယ်။

ပါရာစီတမော သောက်သုံးတဲ့နှုန်းကို တဆင့်ချင်း ထိန်းချုပ်ဖို့ လိုအပ်တယ်လို့ သုတေသီတွေက ပြောပေမဲ့ ပါရာစီတမောဟာ ကိုယ်ဝန်ဆောင်တွေ ဖျားနာမှုနဲ့ နာကျင်မှုအတွက် ကုသရာမှာ အရေးပါနေတုန်းပဲလို့လည်း ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ နောက်ထပ် အစီရင်ခံစာတစ်ခုမှာတော့ တိုင်လီနောနဲ့ အော်တစ်ဇင် ထိတွေ့ ဆက်နွှယ်မှု မရှိဘူးဆိုတာကို ပြသပါတယ်။

''ပုံမှန်ဆက်နွှယ်မှုရှိတဲ့အကြောင်းပြသတဲ့ လက်ခံနိုင်လောက်စရာ လေ့လာချက်နဲ့ သက်သေခိုင်ခိုင်လုံလုံ မရှိသေးဘူး'' လို့ ဒရမ်တက္ကသိုလ်က လူမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစိတ်ပညာပါမောက္ခ မိုနစ် ဘိုသာက ပြောပါတယ်။

တိုင်လီနောရဲ့ အာနိသင်

အကိုက်အခဲ အနာအကျင် ပျောက်ဆေးတွေမှာ ဘိန်းပါတာနဲ့ မပါတာဆိုပြီးရှိပါတယ်။

ဘိန်းပါတဲ့ဆေးဝါးတွေကိုတော့ ဘိန်းပင် ဒါမှမဟုတ် ဓာတ်ခွဲခန်းတွေကနေရရှိပါတယ်။ ဒီဆေးဝါးတွေဟာ ခံစားချက်ကောင်းစေတဲ့စိတ်ခံစားမှုဖြစ်အောင် ဦးနှောက်ထဲကို လှုံ့ဆော်တဲ့ ဟော်မုန်းဓာတ် ဒိုပါမင်းကို ထုတ်ပေးပါတယ်။

ဒါပေမဲ့ ဒီဆေးတွေဟာ စွဲနိုင်ခြေမြင့်တာကြောင့် နာကျင်ကိုက်ခဲမှုတွေကို ကုသရာမှာ ပထမဆုံးပေးတဲ့ဆေးက ပါရာစီတမောလို ဘိန်းမပါတဲ့ဆေးတွေဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒါပေမဲ့ ပါရာစီတမောကို ဘယ်လောက်အထိသုံးသင့်တယ်ဆိုတာမျိုး ဘုံသတ်မှတ်မှု မရှိသေးပါဘူး။

''ပါရာစီတမော ပေးတာနဲ့ပတ်သက်ပြီး ဘယ်လိုဘယ်ပုံ ဆေးပေးသင့်တယ်ဆိုတာ သတ်သတ်မှတ်မှတ်လုပ်ဆောင်ထားတဲ့ယန္တယား မရှိသေးဘူး'' လို့ ဗြိတိန်၊ လိဒ်စ် တက္ကသိုလ်က အရိုးအဆစ်နဲ့ကြွက်သားဆေးပညာဆိုင်ရာ ပါမောက္ခ ဖိလစ် ကိုနာဟန်က ပြောပါတယ်။

'' နာကျင်မှုကို ခံစားသိတဲ့ ဗဟိုအာရုံကြောစနစ်နဲ့ ဦးနှောက်ထဲကို သက်ရောက်မှုရှိတယ်လို့ ပြောလို့ရတယ်။ ပြီးတော့ ရောင်ရမ်းမှုနဲ့ ဆက်နွှယ်တဲ့အာရုံကြော အပြင်ဘက်အပိုင်းနဲ့လည်း ဆက်နွှယ်နိုင်ပါတယ်''

ဗြိတိန်အမျိုးသားကျန်းမာရေးဝန်ဆောင်မှု(NHS) အပြောအရဆိုရင် ပါရာစီတမောဟာ ဦးနှောက်ထဲက ဓာတုပစ္စည်းပို့လွှတ်တာတွေကို ပိတ်ဆို့ပြီး ခန္ဓာကိုယ် အပူချိန်ကို ချိန်ညှိပေးတဲ့ အာနိသင်ရှိတယ်လို့ ဆိုပါတယ်။

ပါရာစီတမောဟာ COX လို့ သိကြတဲ့ နာကျင်မှုနဲ့ဆက်နွှယ်တဲ့ ဟော်မုန်းလို အင်ဇိုင်းတစ်မျိုးကို ဟန့်တားတယ်ဆိုတဲ့ သီအိုရီ ရှိနေတာကြာပြီဖြစ်ပါတယ်။

အခုတော့ ပါရာစီတမောဟာ တခြားနည်းလမ်းတွေနဲ့ အလုပ်ဖြစ်တယ်လို့လည်း မှတ်ယူထားကြပါတယ်။ ဥပမာအနေနဲ့ နာကျင်မှုကို ခံစားသိတဲ့ကိုယ်တွင်း လမ်းကြောင်းတွေအတွက် အခရာကျတဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ AM404 ဒြပ်ပေါင်းထဲကို စိမ့်ဝင်တယ်လို့လည်း မှတ်ယူကြပါတယ်။

အပြာရောင်နောက်ခံတဲ့ အဖြူရောင် ဘူးထဲကနေ လျှံကျနေတဲ့ အဖြူရောင်ဆေးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တကမ္ဘာလုံးမှာ သုံးစွဲနေပေမဲ့ ပါရာစီတမော ဘယ်လို အလုပ်ဖြစ်လဲဆိုတာကို တိတိကျကျ သိရှိဖို့ လိုနေပါသေးတယ်

ပါရာစီတမောကို ဘယ်နှကြိမ် သောက်သင့်သလဲ

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကျွမ်းကျင်သူတွေကတော့ ပါရာစီတမောကို ဘေးကင်းကင်းနဲ့ သုံးစွဲနိုင်ဖို့ စံချိန်စံညွှန်းတွေ ရှိဖို့ အရေးကြီးတယ်လို့ ပြောကြပါတယ်။

ပါရာစီတမောကို အချိန်တိုတိုအတွင်းမှာ မှန်မှန်ကန်ကန်သောက်သုံးမယ်ဆိုရင် ဘေးထွက်ဆိုးကျိုး ထွက်နိုင်ခြေနည်းတယ်လို့လည်း သူတို့က ပြောကြပါတယ်။

ဗြိတိန်ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှု(NHS) က အကြံပြုတဲ့ဆေးပမာဏဟာ တစ်ကြိမ်သောက်ရင် ပါရာစီတမော ၅၀၀ မီလီဂရမ်ပါတဲ့ ဆေးတစ်ပြားနဲ့ နှစ်ပြားကို ၂၄ နာရီတွင်း ၄ ကြိမ်သောက်သုံးနိုင်ပါတယ်။ ၂၄ နာရီအတွင်းမှာ ဆေးပြား ၈ ပြားအထိ သောက်နိုင်ပါတယ်။

ပါရာစီတမော ၅ ရာခိုင်နှုန်းနီးပါးဟာ NAPQI လို အဆိပ်အတောက်ဖြစ်စေတဲ့ ကိုယ်တွင်း ပဋိပစ္စည်းထဲကို ဝင်ရောက်နိုင်တာကြောင့် အဲဒီပမာဏထက် ကျော်ပြီး သောက်သုံးတာဟာ အသည်း ပျက်စီးတဲ့အထိ ဖြစ်နိုင်တယ်လို့ NHS က ပြောပါတယ်။

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (USFDA) ရဲ့ အချက်အလက်တွေအရဆိုရင် ပါရာစီတမော သောက်သုံးမှု များလို့ အသည်းပျက်စီးမှုဖြစ်ခဲ့တယ်ဆိုတာကို ၁၉၉၈ ခုနှစ်နဲ့ ၂၀၀၃ ခုနှစ်အတွင်း ရှိခဲ့ပါတယ်။

ဒီလိုဖြစ်ရပ်ပေါင်း တ၀က်နီးပါးမှာ ဆေးအသောက်အသုံးလွန်တာဟာ မထင်မှတ်ဘဲ ဖြစ်တဲ့ ဖြစ်ရပ်ဖြစ်ပြီး သောက်သုံးသူဟာ မမျှော်လင့်ဘဲ နေ့စဉ်သောက်သုံးသင့်တဲ့ပမာဏထက် ကျော်လွန် သောက်မိတာဖြစ်ပါတယ်။

ဆေးပေးတဲ့ဖြစ်ရပ် ၆၀၀ မှာ ပါရာစီတမောပါဝင်တဲ့အခါ မကြာမကြာဖြစ်လေ့ဖြစ်ထရှိတယ်လို့လည်း FDA အဖွဲ့က ပြောပါတယ်။

ဒါကြောင့် တုပ်ကွေးမိနေသူတစ်ယောက်ဟာ သူသောက်တဲ့ဆေးမှာ ပါရာစီတမော ပါနေတယ်ဆိုတာကို သတိမထားမိဘဲ အကြိမ်ကြိမ်ကုသမှု ခံယူရတာမျိုးဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။

ပညာရှင်တွေကတော့ ကလေးငယ်တွေ ပါရာစီတမောသောက်နှုန်းကို သတိထားကြည့်ဖို့ မိဘတွေကို တိုက်တွန်းပါတယ်။ အထူးသဖြင့် အိမ်မှာပဲဖြစ်ဖြစ်၊ အဖိုးအဖွားတွေကပဲ ကလေးကို စောင့်ရှာက်တာမျိုးပဲ ဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ ကလေးကို စောင့်ရှောက်သူက တစ်ဦးထက် ပိုနေတတ်တာကြောင့်ဖြစ်ပါတယ်။

ဆေး အာနိသင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ အပြင်းဖျားနာမှု မဟုတ်ရင်၊ ကိုယ်လက်နာကျင်ကိုက်ခဲမှုဖြစ်ရင် ပါရာစီတမောကို အရင်ဆုံးသောက်သင့်တဲ့ဆေးအဖြစ် အကြံပြုပါတယ်။

ပါရာစီတမောနဲ့ ဆေးမတိုးဘူးဆိုရင်တော့ လူနာတွေဟာ ဘိန်းခပ်ပျော့ပျော့ပါတဲ့ နာကျင်ကိုက်ပျောက်ဆေးကနေ ဆေးပမာဏများတဲ့အထိ ပညာရှင်ကို တိုင်ပင်ပြီး တဖြည်းဖြည်း ဆေးတိုးကုသမှုခံယူသင့်တယ်လို့လည်း အကြံပြုပါတယ်။

ကိုက်ခဲနာကျင်မှုအပေါ် မူတည်ပြီး ပါရာစီတမောရဲ့ အာနိသင်လည်း ကွဲပြားပါတယ်။

လေ့လာချက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး မှတ်ချက်ရေးသားတဲ့ ဗြိတိန်အခြေစိုက် Cochrane Institute ကတော့ ခေါင်းကိုက်တာမျိုးလို အခြေအနေမျိုး၊ နောက်ပြီး မွေးဖွားပြီးနောက်နဲ့ ခွဲစိတ်ကုသမှု ခံယူပြီးနောက် ဖြစ်တဲ့နာကျင်မှုတွေအတွက် သောက်သုံးလို့ ထိရောက်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒူးဆစ်နာတာမျိုးလို အဆစ်အမြစ်နာကျင်ကိုက်ခဲတာမျိုးအတွက်တော့ ''ထိုက်သင့်သလောက်တော့ ထိရောက်တယ်'' လို့ဆိုပါတယ်။

ကျောအောင့်တာ ဒါမှမဟုတ် ကင်ဆာကြောင့် ကိုယ်လက်မအီသာမှုလိုအခြေအနေမျိုးမှာတော့ ပါရာစီတမောဟာ လူနာစိတ်ကျေနပ်မှုဖြစ်အောင် ပေးလိုက်တဲ့ သကြားဆေး သာသာပဲ အာနိသင်ပဲရှိတယ်လို့ Cochrane Institute က ပြောပါတယ်။