အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ဂမ်ဘီယာမှာ ကလေးသေဆုံးမှုတွေဖြစ်တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, WHO
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ဂမ်ဘီယာမှာ သေဆုံးခဲ့တဲ့ ကလေးငယ် ၆၆ ယောက်ဟာ ချောင်းဆိုးပျောက်ဆေး လေးမျိုးနဲ့ ဆက်စပ်နိုင်တယ်လို့ ဆိုပြီး သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ ချောင်းဆိုးပျောက်ဆေးဟာ ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အာနိသင်မျိုး ရှိပြီး ကလေးငယ် ၆၆ ယောက်သေဆုံးခဲ့ရတာနဲ့ ဆက်စပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ဆေးကို အိန္ဒိယ ဆေးကုမ္ပဏီ Maiden Pharmaceuticals က ထုတ်လုပ်တာ ဖြစ်ပြီး သောက်သုံးသူ ဘေးကင်းလုံခြုံမှု ရှိဖို့ ဘာမှ အာမခံချက် ပေးမထားဘူးလို့ WHO က ပြောပါတယ်။ ဆေးကုမ္ပဏီဘက်ကတော့ ဘာမှ တုံ့ပြန်ပြောကြားလာတာ မရှိသေးပါဘူး။
ဘီဘီစီကလည်း အဲဒီ Maiden Pharmaceuticals ဆေးကုမ္ပဏီကို တစုံတရာ မှတ်ချက်ပေးဖို့ ဆက်သွယ်ထားပါတယ်။ အိန္ဒိယ အာဏာပိုင်တွေကလည်း WHO ကို အဲဒီ ဆေးနဲ့ ကလေးငယ်တွေ သေဆုံးမှုနဲ့ ဆက်နွှယ်နေတဲ့ အထောက်အထားတွေ ပေးဖို့ အတွက် တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
WHO ဘက်က အဲဒီဆေးတွေဟာ Promethazine Oral Solution၊ Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နဲ့ Magrip N Cold Syrup ဆိုတဲ့ ဆေးတွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီ ဆေး ၄ မျိုးလုံးကို ဂမ်ဘီယာမှာ ရောင်းချနေတာကို တွေ့ရကြောင်းနဲ့ တခြား လမ်းကြောင်းတွေနဲ့လည်း တခြား ဒေသတွေနဲ့ တိုင်းပြည်တွေမှာ ရောင်းချနေတာမျိုးတွေ ရှိနိုင်တယ်လို့ WHO ရဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ထုတ်ပြန်ထားတဲ့ သတိပေးချက်မှာ ဖော်ပြထားပါတယ်။
အဲဒီဆေးကို သောက်သုံးရင် ပြင်းထန်တဲ့ အကျိုးအပြစ်တွေ ကြုံလာရနိုင်သလို အသက်အန္တရာယ်တောင် ရှိတယ်၊ အထူးသဖြင့် ကလေးသူငယ်တွေမှာ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။
ကမ္ဘာ့လှည့် ခရီးသွားတွေ အလာများတဲ့ ဂမ်ဘီယာမှာ ဇွန်လကုန်ပိုင်းမှာ စပြီး ကျောက်ကပ် ထိခိုက်ပျက်စီးတဲ့ ၅ နှစ်အောက် ကလေး အရေအတွက် တိုးလာတာကို ဂမ်ဘီယာရဲ့ ကျန်းမာရေးအာဏာပိုင်တွေက သတိပြုမိခဲ့ပြီးနောက်မှာ WHO ဘက်ကလည်း အခုလို ပါဝင် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
ဂမ်ဘီယာ အစိုးရကတော့ အဲဒီ paracetamol syrup ဆေးတွေ အကုန်လုံးကို ပိတ်ပင်လိုက်ပြီး ပြည်သူတွေကိုလည်း ချောင်းဆိုးပျောက်ဆေးကို အရည်ထက် ဆေးပြားမျိုးကိုသာ အားကိုးဖို့ အတွက် တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
WHO ကလည်း သူတို့ ရဲ့ ဓာတ်ခွဲ တွေ့ရှိချက်တွေအရ အဲဒီ ဆေးတွေထဲမှာ diethylene glycol နဲ့ ethylene glycol တွေဟာ ပါဝင်သင့်တဲ့ ပမာဏထက် များစွာ ကျော်လွန် မြင့်တက်နေတာကို တွေ့ရတဲ့ အကြောင်းပြောပါတယ်။
အဲဒီ ဓာတုပစ္စည်း တွေဟာ အဆိပ်အတောက်ဖြစ်သလို သောက်သုံးမိရင် ဝမ်းဗိုက်နာတာ၊ အန်တာ၊ ဝမ်းလျှောတာ၊ ဆီးမသွားနိုင်တာ၊ ခေါင်းကိုက်တာ၊ စိတ်အခြေအနေပြောင်းတာနဲ့ ကျောက်ကပ်ပျက်စီးတာလို မျိုးတွေ ကြုံတွေ့နိုင်ပြီး နောက်ဆုံးမှာ အသက်တောင်ဆုံးရှုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဂမ်ဘီယာ ကျန်းမာရေး အာဏာပိုင်တွေကတော့ ပြီးခဲ့တဲ့ လအတွင်း ကလေးငယ် ဒါဇင်များစွာ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက် သေဆုံးခဲ့ရတယ် ဆိုပြီး အရေအတွက် အတိအကျတော့ မပြောပါဘူး။
WHO ရဲ့ အကြီးအကဲ ဖြစ်တဲ့ Tedros Ghebreyesus က အခုလို ငယ်ရွယ်လှတဲ့ ကလေးတွေ အသက်ဆုံးရှုံးရတာဟာ သူတို့ မိသားစုတွေအတွက် အင်မတန် ကြေကွဲ ဝမ်းနည်းစရာ ဖြစ်ပါတယ်လို့ ဂျနီဗာမြို့မှာ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
WHO က အိန္ဒိယရဲ့ ဆေးနဲ့ ဆေးပစ္စည်းဆိုင်ရာ စည်းကမ်းထိန်းသိမ်းတဲ့ Central Drugs Standard Control Organisation ရဲ့ တွေ့ရှိမှုအရ အဲဒီ ဆေးကုမ္ပဏီက ဂမ်ဘီယာကို အရည်အသွေးမကောင်းတဲ့ ဆေးတွေကိုသာ ပို့ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆထားကြောင်း ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီရဲ့ အီးမေးလ်ကို ကိုးကားပြီး AFP သတင်းဌာနက ဖော်ပြထားပါတယ်။








