ကိုဗစ်-၁၉ မရှိပဲ ဖေ့စ်ဘွတ်ပေါ်မှာ ရှိတယ် ပြောမိလို့ အဖမ်းခံရသူ

ဓာတ်ပုံ ရင်းမြစ်, TYLER COUNTY SHERIFF'S OFFICE/ GETTY
မိုက်ကယ်လိန်း ဘရန်ဒင် အနေနဲ့ သူ့မှာ ကိုဗစ်-၁၉ ကူးစက်ခံနေရကြောင်း တကယ်မဟုတ်ဘဲ ဖေ့စ်ဘွတ်မှာ တင်လိုက်ရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမယ် ဆိုတာလောက်တော့ သိပါတယ်။
ဒါပေမယ့် ဒီကိစ္စကြောင့် သူ အဖမ်းခံရမယ့်အပြင်၊ အလုပ်လည်းပြုတ်၊ တရားရုံးလည်း တက်ရပြီး ထောင်လည်း ကျသွားနိုင်တဲ့အထိတော့ သူ မတွေးမိခဲ့ပါဘူး။
ပြီးခဲ့တဲ့ မတ်လအတွင်း ထိုင်းမှိုင်းတဲ့ နေ့လယ်ခင်းတခုမှာ သူဖေ့စ်ဘွတ်ကြည့်ရင်း အဲဒီအချိန်က ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့လာရင် ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတဲ့ အငြင်းအခုံကိစ္စတွေပဲ သူ့ရဲ့ ဖေ့စ်ဘွတ် တိုင်းမ်လိုင်းမ် မှာ အဓိက လွှမ်းမိုးနေတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပဲ သူဟာ “လူမှုရေးရာ စမ်းသပ်ချက်” တခုလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။
မစ္စတာ ဘရန်ဒင်က သူ အဲဒီကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အစမ်းသပ်ခံရာမှာ ကူးစက်ခံနေရကြောင်း သိရတယ်လို့ ဖေ့စ်ဘွတ်မှာတင်လိုက်ပြီး ဒီဗိုင်းရပ်စ်ဟာ အဲဒီကာလမှာ လေထဲကတဆင့် ကူးနိုင်လာပြီ ဖြစ်ကြောင်း ဆရာဝန်တွေက ပြောလိုက်တယ်လို့လည်း ထပ်ဖြည့်လိုက်ပါသေးတယ်။
ဒါပေမယ့် အဲဒီ အချိန်က ဒီဗိုင်းရပ်စ်ပိုးက လေထဲက ကူးစက်နိုင်ချေကို ဆေးသိပ္ပံပညာရှင်တွေက အတည်မပြုရသေးတဲ့ အချိန် ဖြစ်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MICHAEL BRANDIN
မစ္စတာ ဘရန်ဒင်ကတော့ အွန်လိုင်းမှာတွေ့သမျှ ယုံလိုက်လို့ မဖြစ်ဘူးဆိုတာ ပြချင်လို့ အခုလို စမ်းသပ်ကြည့်တာလို့ ဆိုပါတယ်။
သူအခုလို ရေးတင်လိုက်အပြီးမှာ လူအများရဲ့ အံ့အားသင့်မှုနဲ့ စာနာတဲ့ တုံ့ပြန်မှုတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ သူငယ်ချင်းတွေက အဆင်ပြေရဲ့လား ဆိုပြီး မေးကြတဲ့အခါမှာတော့ တကယ်မဟုတ်ပါဘူးဆိုပြီး ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အခုလို စိတ်မကောင်းဖြစ်ကြတဲ့ သူ့ရဲ့ သူငယ်ချင်းတွေကို အမှန်ကို အွန်လိုင်းမှာ ရှင်းပြနေတဲ့အချိန်မှာပဲ သူ့ရဲ့ အခုလို ရေးသားမှုကြောင့် လက်တွေ့လောကမှာ ဖြစ်လာတဲ့ ကိစ္စတွေက ပိုဆိုးလာပါတယ်။
သူရဲ့ ရေးသားမှုဟာ သူနေထိုင်တဲ့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် တိုင်လာဒေသအတွင်းမှာ တောမီးလို လျင်လျင်မြန်မြန် ပျံ့နှံ့သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TYLER COUNTY SHERIFF
အဲဒီအချိန်က အသွားအလာ ကန့်သတ်ပိတ်ဆို့မှု lockdown မလုပ်ရသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။
အဲဒီအချိန်မှာ စိုးရိမ်လာတဲ့ လူထုက မစ္စတာ ဘရန်ဒင်ရဲ့ ရေးသားမှုက စလိုက်တဲ့ သတင်းတွေ မှန်မမှန် ဒေသတွင်း ဆေးရုံကို ဖုန်းဆက် မေးလာကြပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ လေထဲက အဲဒီရောဂါပိုးကို ဘယ်လို ကာကွယ်ရပါ့မလဲ ဆိုပြီး စုံစမ်းလာကြပါတယ်။
မကြာခင်မှာပဲ တိုင်လာဒေသ ရဲစခန်းကလည်း ဒီအကြောင်းကို သိလာတဲ့အတွက် မစ္စတာ ဘရန်ဒင်ကို ဆက်သွယ်ပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပို့စ်ကို ပြင်ခိုင်းတဲ့အတွက် သူကလည်း ပြင်ပေးလိုက်ပါတယ်။
ဒါပေမယ့် သူစလိုက်တဲ့ ကောလဟာလက လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပိုမိုကြီးထွားလာတဲ့အတွက် ရဲတွေကိုယ်တိုင်က ဖေ့စ်ဘွတ်ပေါ်မှာ ပို့စ်တခု တင်လိုက်ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, TYLER COUNTY
အဲဒီ ပို့စ်ကတော့ ကောလဟာလ စတင်ဖြန့်ချီသူ အသက် ၂၃ နှစ်အရွယ် မစ္စတာ ဘရန်ဒင်ကို မဟုတ်မမှန်ပဲ အထိန့်တလန့် ဖြစ်တဲ့အတွက် တရားစွဲဆိုထားတယ် ဆိုပြီး ရဲတွေက အများပြည်သူကို ဖေ့စ်ဘွတ်မှာ အသိပေးတဲ့ ပို့စ်ဖြစ်ပါတယ်။
မစ္စတာ ဘရန်ဒင်ဟာ အခြေအမြစ်မရှိပဲ အရေးပေါ် အခြေအနေဖြစ်အောင် လုပ်တဲ့အတွက် တရားဥပဒေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ပြန်လည်ဖြေရှင်းနေရတယ်လို့ စွဲချက်တင်ခံရပြီး သူကလည်း ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့ပါတယ်။
အဖမ်းခံပြီးသွားတဲ့အချိန်မှာ နောက်တရက် တရားသူကြီးနဲ့ မတွေ့ခင် ထောင်မှာ တညအိပ်ခဲ့ရပြီး တော်တော်ကို စိတ်ဆင်းရဲခဲ့ရပါတယ်လို့ မစ္စတာ ဘရန်ဒင်က ပြောပါတယ်။
သူထောင်ထဲမှာ တစ်ည နေပြီး နောက်တနေ့မှာတော့ အမေရိကန်ဒေါ်လာ တစ်ထောင်နဲ့ အာမခံရပြီး ပြန်လွတ်လာပေမယ့် အမှုကိုတော့ ဆက်လက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
မစ္စတာ ဘရန်ဒင်က သူဟာ လူအများအပြား ကူးလူးဆက်ဆံရေးဆိုင်ရာ သိပ္ပံဘွဲ့ရထားသူ ဖြစ်ပြီး အွန်လိုင်းမှာ တယောက်ယောက်က ရေးလိုက်ရုံနဲ့ လူအများ အလန့်တကြား ဖြစ်နိုင်ဖို့ ဘယ်လောက်လွယ်သလဲဆိုတာ သက်သက်ပြချင်လို့လုပ်တာလို့ ဆိုပါတယ်။
အများပြည်သူအနေနဲ့ ပညာတတ်ဖို့လိုပြီး သူတို့ကြားသမျှ မြင်သမျှကို အမှန်လို့ မယူဆခင်မှာ ကိုယ်တိုင် ရှာဖွေလေ့လာကြည့်ဖို့ လိုတယ်ဆိုတာကိုလည်း သက်သေပြချင်တာပါလို့ သူက ဆက်ပြောပါတယ်။
ဒါပေမယ့် ဒီလိုဖေ့စ်ဘွတ်ပေါ်မှာ တင်လိုက်တာကြောင့် အလုပ်ပြုတ်တဲ့ အပြင် ကျန်းမာရေး ဖူလှုံခွင့်တွေပါ ဆုံးရှုံးခဲ့ပြီး မဟာဘွဲ့ဆက်တက်ဖို့ ငွေကြေးလည်း မလုံလောက်တော့တာကြောင့် အချိန်မီ မတက်နိုင်တော့ဘူးလို့ မစ္စတာ ဘရန်ဒင်က ဆိုပါတယ်။
သူ့ရဲ့ လုပ်ရပ်ကြောင့် မိသားစုတခုလုံးလည်း သူပေးဆောင်စရာတွေ ပေးနေရလို့ ဘဏ္ဍာရေးဝန်ပိရတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROBERT ALAI
ကမ္ဘာလုံးဆိုင်ရာ သတင်းမှားပျံ့နှံ့မှု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကိုယ်တိုင်ကလည်း အခုလို အွန်လိုင်းမှာ သတင်းမှားပျံ့နှံ့တဲ့ ကိစ္စတွေကြောင့် အာဏာပိုင်တွေ အနေနဲ့ အများပြည်သူ အထိတ်တလန့် မဖြစ်အောင် သတိကြီးကြီးနဲ့ ကိုယ်တွယ်နေရကြောင်း သတင်းထုတ်ပြန်ထားပြီး ဖြေရှင်းချက်တွေကြောင့် လူအများဂရုစိုက်မှု ပေါ့လျော့သွားမှာကိုလည်း စိုးရိမ်ရတယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းမှားဖြန့်ချီမှုအတွက် ထောင်ကျနိုင်တဲ့ ပြစ်ဒဏ်တွေ နိုင်ငံတကာမှာ စတင်သတ်မှတ်လာပြီလည်း ဖြစ်ပါတယ်။
ဘီဘီစီရဲ့ စောင့်ကြည်ရေးအစီအစဥ်က သုတေသနပြုချက်တွေအရ အိန္ဒိယ၊ မော်ရိုကို၊ ကမ္ဗောဒီးယား၊ ဆိုမားလီးယား၊ အီသီယိုးပီးယား၊ စင်္ကာပူ၊ ဘော့စွားနား၊ ရုရှား၊ တောင်အာဖရိကနဲ့ ကင်ညာနိုင်ငံတွေမှာ ဒီလို သတင်းမှားဖြန့်ချီသူတွေ အဖမ်းခံခဲ့ရကြောင်း တွေ့ရှိခဲ့ပါတယ်။
ကင်ညာနိုင်ငံက မစ္စတာ ရောဘတ် အလိုင် ဆိုရင်လည်း တွစ်တာမှာ ရေးသားမှုတခုကြောင့် ထောင် ၁၀ နှစ်အထိ ကျခံရဖွယ် ရှိနေပါတယ်။
အသက် ၄၁ နှစ်အရွယ် မစ္စတာ အလိုင်က သူဟာ အာဖရိက ဒေသ အရှေ့ပိုင်းအတွက် အရေးပါတဲ့ မွန်ဘာဆာ ဆိပ်ကမ်းဒေသမှာ ကိုဗစ်-၁၉ ရောဂါပိုး ပျံ့နှံ့ဖြစ်ပွားနေတယ်လို့ ကြားရတယ်ဆိုပြီး တွစ်တာမှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။
ကင်ညာပြည်သူတွေအနေနဲ့ သတင်းမှားနဲ့ ကောလဟာလတွေ ဖြန့်ချီတာတွေ မလုပ်ကြဖို့ ကင်ညာ အစိုးရက အကြိမ်ကြိမ် မေတ္တာရပ်ခံထားပြီး မလိုက်နာတဲ့သူကို နမူနာ ပြတဲ့အနေနဲ့ အရေးယူသွားမယ်လို့ သတိပေးထားတဲ့ အခြေအနေက သူက အခုလို လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မစ္စတာ အလိုင်ဟာ ကင်ညာရဲ့ ဆိုင်ဘာ အွန်လိုင်း ရာဇဝတ်မှု ချိုးဖောက်တယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။
သူကတော့ အများပြည်သူ အထင်လွဲအောင် သတင်းမှား ဖန်တီးတာ မဟုတ်ပါဘူးလို့ ငြင်းဆိုထားပါတယ်။
သူ့ကို ထောင်ချခဲ့ရာမှာ တယောက်နဲ့တယောက် နှစ်မီတာခွဲနေဖို့ မဖြစ်နိုင်တဲ့ လူအများရှိတဲ့ အခန်းထဲ ထည့်ထားတာကို တုန်လှုပ်မိတယ်လို့လည်း မစ္စတာ အလိုင် က ပြောဆိုထားပါတယ်။
ရဲတွေ အနေနဲ့ လူတွေကို ဖမ်းမထားသင့်ဘူးလို့ ဆိုလိုတာ မဟုတ်တဲ့အပြင် ရဲက ရဲအလုပ်လုပ်နေဖို့ အရေးကြီးတယ် ဆိုပေမယ့် ဖမ်းသင့်တဲ့လူတွေကို ဖမ်းဖို့ ရဲတွေက အာရုံစိုက်သင့်တယ်လို့လည်း သူက ပြောပါတယ်။









