ကိုရိုနာဗိုင်းရပ်စ် - ပိုးကူးပြီးရင် ပြန်ကောင်းဖို့ ဘယ်လောက်ကြာတတ်လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂျိမ်းစ် ဂါလာဂါ
- ရာထူးတာဝန်, ကျန်းမာရေးနဲ့ သိပ္ပံသတင်းထောက်
ကိုဗစ်- ၁၉ ကို စတွေ့ခဲ့ရတာ ၂၀၁၉ ခုနှစ်အကုန်ကမှပါ။ တိတိကျကျပြောရရင် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီဇင်ဘာလနှောင်းပိုင်းလောက်က စပေါ်လာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံလိုက်ရတဲ့ တချို့ လူနာတွေကတော့ ပြန်ကောင်းလာဖို့ အချိန်အကြာကြီး ယူရနိုင်ပါတယ်။
ပြန်ကောင်းဖို့ ဘယ်လောက် အချိန်ယူရမလဲဆိုတာကတော့ ကိုယ်စဖျားချိန် ရောဂါက ဘယ်လောက် ပြင်းထန်သလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်။ တချို့အတွက်တော့ သာမန် ဖျားနာတာလောက်ပဲ ဖြစ်ပြီး ပြန်ကောင်းသွားတတ်ပါတယ်။ တချို့ကျတော့လည်း ဒီရောဂါရဲ့ ဒဏ်ကို ဆိုးဆိုးဝါးဝါးကြီးကို ခံလိုက်ရပြီး ရောဂါလက္ခဏာတွေကျန်ခဲ့လို့ ကာလတာရှည် ဝေဒနာခံရတာမျိုး ဖြစ်နိုင်ပါတယ်။
အသက်၊ ကျား၊မနဲ့ တခြား ကျန်းမာရေးပြဿနာတွေအားလုံးက ကိုဗစ်ရောဂါကြောင့် ဘယ်လောက် နာမကျန်းဖြစ်သွားနိုင်သလဲဆိုတဲ့ အပေါ် သက်ရောက်မှုတွေ ရှိကြပါတယ်။
ကုသမှု ခံယူရချိန်မှာ ခန္ဓာကိုယ်တွင်းထဲထိ အကြိမ်များများနဲ့ အချိန်ကြာကြာ ကုသမှုခံယူခဲ့ရရင် ပြန် ကောင်းဖို့ အချိန် ပိုယူရတတ်တယ်လို့ ဆိုရပါမယ်။
ကိုယ့်မှာ ရောဂါလက္ခဏာ နည်းနည်းပဲပြခဲ့ရင်ရော
ကိုဗစ်-၁၉ ကူးစက်ရောဂါရခဲ့သူအများစုမှာ ချောင်းဆိုးတာနဲ့ ဖျားတာလို အဓိက ရောဂါလက္ခဏာတွေလောက်ပဲ ပြတတ်ပါတယ်။ ဒါပေမယ့် သူတို့မှာ ခန္ဓာကိုယ်ကိုက်ခဲတာ၊ ပင်ပန်းနွယ်နယ်တာ၊ လည်ချောင်းနာ၊ ခေါင်းကိုက်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ ချောင်းဆိုးရင် အစမှာတော့ ချောင်းခြောက်ပဲ ဆိုးတတ်ပြီး တချို့လူတွေမှာတော့ အချိန်နည်းနည်းကြာလာရင် သလိပ်တွေပါ ပါလာတတ်ပါတယ်။ အဲဒီသလိပ်ထဲမှာ ဗိုင်းရပ်စ်က သတ်လိုက်တဲ့ အဆုတ်ထဲက ပျက်စီးသွားတဲ့ ဆဲလ်တွေပါလာတတ်ပါတယ်။
ဒီရောဂါတွေလောက်ကိုတော့ အိပ်ရာထဲမှာ နားနားနေနေနေရင်၊ အရည်အများကြီးသောက်ရင်၊ နောက် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး သောက်ရင် သက်သာသွားတတ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို ရောဂါလက္ခဏာ သိပ်မပြင်းထန်တဲ့သူတွေက မကြာခင်မှာပဲ အပြည့်အဝပြန်ကောင်းသွားတတ်ပါတယ်။ အဖျားက တစ်ပတ်လောက်အတွင်း ပြန်ကျသွားနိုင်ပြီး ချောင်းဆိုးတာကတော့ နည်းနည်း ပိုကြာတတ်ပါတယ်။
တရုတ်မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အချက်အလက်ရယူပြီး လေ့လာထားတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကတော့ ပုံမှန်အား နှစ်ပတ်လောက်ဆို ရောဂါသက်သာသွားတတ်တယ်လို့ ဆိုပါတယ်။
ရောဂါလက္ခဏာက ပိုပိုဆိုးလာနေရင်ရော
ကိုဗစ်-၁၉ ရောဂါရဲ့ လက္ခဏာက တချို့အတွက်တော့ ဆိုးနေတတ်ပါတယ်။ ဒါကလည်း ပိုးစကူးခံရလို့ ၇ ရက်က ၁၀ ရက်အတွင်းမှာ ဖြစ်လာတတ်ပါတယ်။ ရောဂါပြင်းထန်လာတာက ရုတ်တရက်ဖြစ်လာတတ်ပါတယ်။ အသက်ရှုရခက်လာပြီး အဆုတ်ကလည်း ရောင်ရမ်းလာမယ်။ ဒါကလည်း ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အသစ်ဝင်လာတဲ့ ဗိုင်းရပ်စ်ကို တိုက်ဖို့ အပြင်းအထန် ကြိုးစားတဲ့အချိန် ခန္ဓာကိုယ်တွင်းက တခြားအစိတ်အပိုင်းတွေကိုပါ လိုက်ပြီး ထိခိုက်သွားတာမျိုးပါ။
အဲဒီအချိန်မျိုးဆိုရင် တချို့အတွက် ဆေးရုံတက်ပြီး အောက်စီဂျင်ပေးရတဲ့ ကုသမှုမျိုး လိုတတ်ပါတယ်။
အသက်ရှုကြပ်တဲ့ မဝတဲ့ ရောဂါက ပြန်ကောင်းဖို့ အချိန်အတော်ယူရတတ်တယ်လို့ ယူကေက အထွေထွေကုဆရာဝန် ဒေါက်တာ ဆာရာဂျာဗစ်က ပြောပါတယ်။ ကိုယ့် ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေမှာ ဒဏ်ရာရတာ ရောင်ရမ်းတာမျိုးကို ခန္ဓာကိုယ်က ပြန်ကုစားဖို့ ကြိုးစားရတယ်လို့ သူက ဆိုပါတယ်။
ပြန်ကောင်းဖို့ဆို နှစ်ပတ်က နှစ်လအထိ ကြာနိုင်ပြီး ပင်ပန်းနွမ်းနယ်မှုက ဆက်ရှိနေ ကျန်နေနိုင်တယ်လို့လည်း ပြောပါတယ်။
အရေးပေါ်ခန်းထဲဝင်ပြီး အထူးကြပ်မတ်ကုသမှု ခံယူရတဲ့အထိ ဖြစ်နိုင်မလား
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အယောက် ၂၀ မှာ တစ်ယောက်က အရေးပေါ်ကြပ်မတ်ကုသမှု ခံရသူတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလို ကုသမှုခံယူသူတွေဟာ မေ့ဆေးပေးထားပြီး သူတို့ကိုလည်း အသက်ရှူစက်တပ်ပြီး အသက်ရှုနေစေရပါတယ်။
အိုင်စီယူလို့ အတိုကောက်ခေါ်တဲ့ အထူးကြပ်မတ်ကုသဆောင်ထဲသွင်းရပြီဆိုရင်တော့ ဘယ်လို ရောဂါဝေဒနာမျိုးပဲ ဖြစ်ဖြစ် ပြန် နာလန်ထူဖို့ အချိန်ယူရတာချည်းပါပဲ။ အထူးကြပ်မတ်ကုသဆောင်ထဲက ထွက်နိုင်ပြီဆိုရင်တောင် အိမ်မပြန်ရသေးဘဲ ဆေးရုံမှာ ဆက်နေ ဆက်ကုသမှု ခံယူကြရတတ်ပါတယ်။
အထူးကြပ်မတ်ကုသမှု ဆေးပညာဆိုင်ရာဌာနက ပါမောက္ခချုပ် ဒေါက်တာ အလီဆင်ပစ်တာ့ဒ်ကတော့ အထူးကြပ်မတ်ကုသခန်းထဲ သွင်းပြီး ကုခဲ့ရတဲ့ လူနာတစ်ယောက် လူကောင်းတစ်ယောက်လို ပြန်ဖြစ်လာဖို့က အချိန် တစ်နှစ်က တစ်နှစ်ခွဲအထိ ယူရနိုင်တယ်လို့ ပြောပါတယ်။
ဆေးရုံက လူနာကုတင်ပေါ် အကြာကြီးနေရပြီဆိုရင်လည်း ကြွက်သားတွေပျော့ပြီး လာတတ်ပါတယ်။ လူနာက အားနည်းနေပြီး ကြွက်သားတွေကလည်း ပြန်ကြံ့ခိုင်လာဖို့ အချိန်ယူရပါတယ်။
တချို့ဆို ပြန်လမ်းလျှောက်နိုင်ဖို့ ထူထူထောင်ထောင်ဖြစ်လာဖို့ လေ့ကျင့်ခန်းလုပ်တဲ့ ကုထုံး ဖီဆီယိုသာရပီ ယူရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိုင်စီယူထဲမှာ ကုသမှုခံယူခဲ့ရတဲ့ အဆင့်တွေကြောင့် လူနာဟာ စိတ်တွေမငြိမ်တာ၊ စိတ်ဂယောက်ဂယက် ဖြစ်တာမျိုးတွေလည်း ကြုံရတတ်ပါတယ်။
အခု ကိုဗစ်- ၁၉ ကတော့ ပိုပြီးဆိုးတဲ့ ဝေဒနာတစ်ခုကို ထပ်ဆောင်းပေးတတ်တယ်။ ဗိုင်းရပ်စ်ပိုးက လူကို တအား နုံးသွားစေတတ်တယ်လို့ ကားဒစ်နဲ့ ဗေးလ်တက္ကသိုလ်ဆေးကုသရေးဌာနက အသည်းအသန်လူနာပြုစုစောင့်ရှောက်ရေး ပညာရှင် ပေါလ်တို့စ်က ဆိုပါတယ်။
တရုတ်နဲ့ အီတလီက လူနာတွေ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအရ တစ်ကိုယ်လုံးအားပျော့ နုံးချိတာ၊ နည်းနည်းလေး လှုပ်ရှားတာနဲ့ အသက်ရှုမဝတာ၊ တောက်လျှောက် ချောင်းဆိုးနေတာနဲ့ အသက်ရှုနှုန်းမမှန်တာတွေ ခံစားရတယ်လို့ ဆိုပါတယ်။ တချိန်လုံးလည်း အိပ်ချင်နေတယ်လို့ ဆိုပါတယ်။
လူနာတွေဟာ ပြန်ကောင်းလာဖို့ အချိန်အကြာကြီး လိုတယ်၊ လနဲ့ချီပြီးတောင် ကြာနိုင်တယ်လို့ ကျွန်တော်တို့ သိထားပါတယ်လို့ ဒေါက်တာတို့စ်က ပြောပါတယ်။ ဒါပေမယ့် အားလုံးကို ယေဘုယျသဘော ခြုံပြီး ပြောဖို့ကတော့ ခက်ပါတယ်။ တချို့က အရေးပေါ်ကုသခန်းထဲ ခဏပဲ နေလိုက်ရပြီး တချို့ကျတော့ ရက်သတ္တပတ်တော်တော်ကြာအောင် အသက်ရှူစက်တပ်ထားရတာမျိုး ရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကျန်းမာရေးကို ရေရှည် ထိခိုက်သွားနိုင်မှာလား
အခုအထိတော့ ဗိုင်းရပ်စ်ကို စတွေ့ရတာ သိပ်မကြာသေးလို့ ပိုးကူးခံရသူတွေရဲ့ ကျန်းမာရေးကို ရေရှည်ထိခိုက်သွားနိုင်မှာလား ဆိုတာ အသေအချာ မပြောနိုင်ပါဘူး။
ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဗိုင်းရပ်စ်ကို တစ်မဟုတ်ချင်းတိုက်ထုတ်ဖို့ ကြိုးစားတာမျိုး ဖြစ်တဲ့ လူတွေမှာ အသက်ရှူလမ်းကြောင်းထိခိုက်ပြီး အဆုတ်တွေလည်း ပျက်စီးသွားတတ်ပါတယ်။
ရထားသမျှ အချက်အလက်တွေကို ကြည့်ရင် ပိုးကူးခံရတဲ့ လူတွေဟာ နောက်ငါးနှစ်လောက်အထိ ကိုယ်ခန္ဓာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခံစားရတာတွေ၊ အခက်အခဲတွေ ဆက်တွေ့ရနိုင်ပါသေးတယ်လို့ ဒေါက်တာ တို့စ်က ဆိုပါတယ်။
ဝါးရစ်ဆေးတက္ကသိုလ်က ဆရာလည်းဖြစ် ကိုယ်တိုင်လည်း အထွေထွေကုဆရာဝန်ဖြစ်သူ ဒေါက်တာ ဂျိမ်းစ်ဂင်းလ်ကတော့ လူနာတွေ ပြန်နာလန်ထူဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကူအညီတွေလည်း လိုတယ်လို့ ပြောပါတယ်။
"ကိုယ်က အသက်ရှူရတာ အခက်တွေ့နေတယ်၊ ဆရာဝန်က ခင်ဗျားကို အသက်ရှူစက်ပေါ်တင်ရမယ်လို့ ပြောလာတယ်၊ ခင်ဗျား အိပ်ပျော်သွားအောင် လုပ်ရမယ်၊ ခင်ဗျား မိသားစုကို နှုတ်ဆက်ချင်သေးလား၊ ဒါမျိုး ပြောလာမယ်။
အဲဒီလိုမျိုး ကြုံခဲ့ရတဲ့ အခြေအနေဆိုးတဲ့ လူနာတွေမှာ စိတ်ဒဏ်ရာ ကြီးကြီးမားမား ရသွားတာ မဆန်းပါဘူး။ ဒီဗိုင်းရပ်စ်ကြောင့် လူနာအများကြီးမှာ စိတ်ဒဏ်ရာတွေ ရသွားခဲ့နိုင်ပါတယ်။"
တချို့ ရောဂါကြောင့် ဝေဒနာ သိပ်ပြင်းပြင်းထန်ထန် မခံလိုက်ရသူတွေမှာတောင် ရေရှည်မှာ လွယ်လွယ် ပင်ပန်းနွမ်းနယ်တတ်၊ နုံးနေတတ်တဲ့ ကျန်းမာရေးပြဿနာမျိုးတွေ အချိန်အကြာကြီး ခံစားသွားရတတ်ပါတယ်။
ပြန်ကောင်းလာသူ ဘယ်နှယောက်ရှိပြီလဲ
အတိအကျတော့ ပြောဖို့ခက်ပါတယ်။ အခု ဗိုင်းရပ်စ်စဖြစ်ကတည်းက သုတေသနပြု မှတ်တမ်းတင်တာတွေ လုပ်နေခဲ့တဲ့ အမေရိကန် ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်ကတော့ ဧပြီလ ၁၅ ရက်နေ့အထိ သူတို့ ပြုစုထားတဲ့ စာရင်းအရ ကူးစက်ခံရသူ နှစ်သန်းကျော်ထဲမှာ ပြန်ကောင်းလာသူက ငါးသိန်းလောက်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ကူးစက်၊ သေဆုံး၊ ပြန်ကောင်းသူ စာရင်းတွေကို မှတ်တမ်းတင်ရာမှာ နိုင်ငံအလိုက် သုံးကြတဲ့ နည်းစနစ်တွေက မတူကြပါဘူး။ တချို့နိုင်ငံတွေက ပြန်ကောင်းသူ စာရင်းကို မထုတ်ပြန်သလို ကူးစက်ခံရပြီး သာမာန်လောက်ပဲ ဖျားနာသူတွေဆိုရင်လည်း စာရင်းထဲ မပါကြပြန်ပါဘူး။
သင်္ချာနည်းနဲ့ ပုံစံထုတ်တွက်ချက်ကြတဲ့ စာရင်းတွေမှာတော့ ၉၉ ရာခိုင်နှုန်းလောက်အထိက ပြန်ကောင်းလာကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုဗစ်က ကူးမိခံရပြီးရင် နောက်တစ်ကြိမ် ထပ်ကူးခံရနိုင်လား
ကိုယ့်ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားနဲ့ ပတ်သက်လို့ အမျိုးမျိုးတွက်ဆကြ လေ့လာကြတာတွေ ရှိပေမယ့် ဘယ်လောက်ခံနိုင်ရည်ရှိသလဲဆိုတာကို အတိအကျပြောနိုင်ဖို့ ခက်ပါတယ်။ ပိုးကူးခံခဲ့ရပြီးပိုးကိုလည်း အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်လိုက်ပြီဆိုရင် အဲဒီလူနာရဲ့ ခန္ဓာကိုယ်ထဲမှာ ပိုးကို ခုခံနိုင်တဲ့ အင်အားတစ်ခုတော့ ရသွားပါပြီ။ ပိုးကို သိသွား၊ ဘယ်လိုတိုက်ထုတ်ရမယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံနိုင်မှု စနစ်က နားလည်သွားပြီ လို့လည်း ဆိုနိုင်ပါတယ်။
လူနာတစ်ယောက် ပိုး ဒုတိယအကြိမ် ထပ်ကူးခံရတယ်ဆိုတဲ့ သတင်းတွေကလည်း သူ့ကို စစ်တုန်း ပထမအခေါက်က သူ့မှာ ပိုးမရှိတော့ဘူးလို့ မှားပြီး အဖြေထွက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် လူတစ်ယောက်ကို ပိုးနှစ်ကြိမ် ကူးနိုင်သလားဆိုတာကို မှန်မှန်ကန်ကန်သိဖို့ဆိုရင် ဒီကိုဗစ်- ၁၉ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်က ဘယ်လို တိုက်ထုတ်နိုင်သလဲဆိုတာသိရဖို့ လိုပါတယ်။ ဒါမှလည်း ဒီပိုးကို တားဆီးနိုင်မယ့် ထိရောက်တဲ့ ကာကွယ်ဆေးကို ဖော်ထုတ်လို့ရမှာ ဖြစ်ပါတယ်။








