အီးစီးကရက်သောက်သူ ထိတ်လန့်စရာ များပြားလာ

အီးစီးကရက်သောက်နေတဲ့ အမျိုးသမီး ၂ ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, မီရှဲလ် ရောဘတ်စ်
    • ရာထူးတာဝန်, ဒီဂျီတယ် ကျန်းမာရေး အယ်ဒီတာ

ကမ္ဘာမှာ အနည်းဆုံး ကလေးငယ် ၁၅ သန်း အပါအဝင် လူ သန်း ၁၀၀ ကျော် အီးစီးကရက် သောက်သုံးကြပြီး နီကိုတင်း စွဲလမ်းမှုကို အားဖြည့်ပေးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က သတိပေးနေပါတယ်။

ကလေးသူငယ်တွေဟာ လူကြီးတွေထက် အီးစီးကရက် သောက်သုံးနိုင်ခြေ ကိုးဆ ပိုများကြောင်း ကမ္ဘာ့ကိန်းဂဏန်းစစ်တမ်းတွေအရ သိရတယ်လို့ WHO က ထုတ်ပြန်ပါတယ်။

အီးစီးကရက်က နီကိုတင်း စွဲလမ်းမှုလှိုင်းသစ်ကို အားဖြည့်ပေးနေကြောင်း WHO က ညွှန်ကြားရေးမှူး အက်တီယန်းကရူးက ပြောပါတယ်။

" အန္တရာယ် ဖြစ်နိုင်ခြေ နည်းတယ်ဆိုပြီး စျေးကွက်မှာ ကြော်ငြာပေမယ့် တကယ့်လက်တွေ့မှာတော့ ကလေးတွေ ဆေးလိပ်ကို စောစောပိုစွဲလမ်းအောင် ဖျားယောင်းနေပြီး ဖွံ့ဖြိုးမှုကို ဆယ်စုနှစ်တွေနဲ့ချီ နှောင့်နှေးအောင် လုပ်နေတယ် " လို့လည်း သူက ဆိုပါတယ်။

ဆေးလိပ်လုပ်ငန်းက လူငယ်တွေကို အကြီးအကျယ် ပစ်မှတ်ထားနေတယ်လို့လည်း WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ်က စွပ်စွဲပါတယ်။

လူငယ်တွေကို ပစ်မှတ်ထား

ဆေးလိပ်လုပ်ငန်းက နီကိုတင်း ထုတ်ကုန်သစ်တွေနဲ့ ပြန်ခုခံပြီး လူငယ်တွေကို အတင်းကာရော ပစ်မှတ်ထားနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးလိပ်လုပ်ငန်းက နီကိုတင်း ထုတ်ကုန်သစ်တွေနဲ့ ပြန်ခုခံပြီး လူငယ်တွေကို အတင်းကာရော ပစ်မှတ်ထားနေ

ကမ္ဘာတလွှား ဆေးရွက်ကြီးကို ထိန်းချုပ်ဖို့ ကြိုးစားမှုတွေကြောင့် လူသန်းချီပြီး ဆေးလိပ်ဖြတ်တာတွေ ဖြစ်နေပြီလို့လည်း သူက ပြောပါတယ်။

ဒီလို တိုးတက်မှုတွေ ရှိပေမယ့် ဆေးလိပ်လုပ်ငန်းက နီကိုတင်း ထုတ်ကုန်သစ်တွေနဲ့ ပြန်ခုခံပြီး လူငယ်တွေကို အတင်းကာရော ပစ်မှတ်ထားနေတယ်။ ဒါကြောင့် အစိုးရတွေက ဆေးလိပ်ထိန်းချုပ်ရေး မူတွေ ပြဋ္ဌာန်းရေးကို ခိုင်မာမြန်ဆန်အောင် လုပ်ရမယ်လို့လည်း သူက ဖြည့်စွက်ပြောကြားပါတယ်။

အီးစီးကရက် သောက်တဲ့ ကိန်းဂဏန်းတွေက ၁၀၉ နိုင်ငံက ခန့်မှန်းခြေတွေ ဖြစ်ပြီး အာဖရိကနဲ့ အရှေ့တောင်အာရှ နိုင်ငံအများအပြားက ကိန်းဂဏန်းတွေ မရရှိပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ အစီရင်ခံစာအရ အီးစီးကရက် သောက်သူ အနည်းဆုံး ၈၆ သန်းက လူကြီးတွေ ဖြစ်ပြီး ဝင်ငွေကောင်းတဲ့ နိုင်ငံတွေက အများစု ဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပြီး ၁၃ နှစ်နဲ့ ၁၅ နှစ်ကြားက အနည်းဆုံး ဆယ်ကျော်သက်လူငယ် ၁၅ သန်းက အီးစီးကရက် သောက်နေကြပြီလို့လည်း နိုင်ငံ ၁၂၃ နိုင်ငံမှာ ကောက်ခံထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ဒီနှစ်ပိုင်းအတွင်း နိုင်ငံအများအပြားမှာ ကလေးသူငယ် အီးစီးကရက်သောက်သုံးမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေချိန်မှာပဲ ၂၀၂၄ နှစ်ကုန်မှာတော့ ၆၂ နိုင်ငံမှာ ဒီလို ထိန်းချုပ်ဖို့ မူဝါဒတွေ ချမှတ်မထားသေးသလို ၇၄ နိုင်ငံမှာလည်း အီးစီးကရက် ဝယ်ခွင့်ပြုတဲ့ အငယ်ဆုံးအသက်ကို သတ်မှတ်မထားသေးဘူးလို့ WHO က ဆိုပါတယ်။

ဒီအချိန်မှာပဲ ဆေးလိပ်သောက်သူဦးရေ ကျဆင်းနေပြီး ၂၀၀၀ ပြည့်နှစ်မှာ လူ သန်း ၁၃၈၀ သောက်ခဲ့ရာက ၂၀၂၄ မှာ လူ သန်း ၁၂ဝဝ ပဲ သောက်ပါတော့တယ်။

အမျိုးသမီးတွေကြား ဆေးလိပ်သောက်သူဦးရေက အကျဆင်းဆုံး ဖြစ်ပြီး ၂၀၁၀ တုန်းက ၁၁ ရာခိုင်နှုန်းကနေ ၂၀၂၄ မှာ ၆.၆ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။

အမျိုးသားတွေကြားမှာတော့ ၂၀၁၀ တုန်းက ၄၁.၄ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၄ မှာ ၃၂.၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာပေါ်မှာ အရွယ်ရောက်ပြီးသူ ငါးယောက်မှာ တယောက်က ဆေးလိပ် သောက်နေဆဲ ဖြစ်ပါတယ်။

ကင်ဆာလို ရောဂါမျိုးစုံနဲ့ ဆေးလိပ်သောက်သုံးမှုက ဆက်စပ်နေပါတယ်။

Vape လို့ခေါ်တဲ့ အီးစီးကရက်သောက်တာဟာ စီးကရက်သောက်တာလောက် အန္တရာယ်မကြီးဘဲ ဆေးလိပ်ဖြတ်နိုင်အောင် ကူညီပေးတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ စီးကရက်မသောက်သူတွေ Vape သောက်တာကိုတော့ အားမပေးပါဘူး။

အီးစီးကရက်က ဆေးရွက်ကြီးကို မလောင်ကျွမ်းသလို ဆေးလိပ်သောက်ရာမှာ ဘေးအဖြစ်စေဆုံး ဖြစ်တဲ့ ဆေးချေးနဲ့ ကာဗွန်မိုနောက်ဆိုဒ်ကိုလည်း မထွက်စေပါဘူး။ အီးစီးကရက်မှာ ပါတဲ့ နီကိုတင်းဓာတ်ကတော့ စွဲလမ်းစေပါတယ်။