အီး-စီးကရက်က ကိုယ်ခံအားစနစ်ကို ပျက်စီးစေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီး-စီးကရက် သောက်တာက အရင်က ယူဆထားတာထက် ပိုပြီး ခန္ဓာကိုယ်က အရေးပါတဲ့ ကိုယ်ခံအားစနစ် ဆဲလ်တွေကို ပျက်စီး စေတယ်လို့ လေ့လာမှု အသစ်တခုက ဆိုလိုက်ပါတယ်။
ဆေးလိပ် အစားထိုး အဖြစ် သောက်သုံးကြတဲ့ အီး-စီးကရက်ဟာ အဆုတ်က အရေးပါတဲ့ ကိုယ်ခံအားစနစ်ဆဲလ်တွေ အလုပ် မလုပ်အောင် တွန်းအားပေးပြီး အဆုတ်ကို ရောင်ရမ်းစေတယ်လို့ သုတေသီတွေက ပြောပါတယ်။
အီး-စီးကရက်တွေက ဘေးဥပဒ်ကင်းတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူထားတာကို ပြန်လည် သုံးသပ်ကြဖို့ သူတို့က သတိပေးပါတယ်။
ဒါပေမယ့် အီး-စီးကရက်က ရိုးရိုး ဆေးလိပ် သောက်တာထက် အန္တရာယ် ပိုနည်းပြီး အီး-စီးကရက်ကို အစားထိုးသုံးစွဲကာ ဆေးလိပ် ဖြတ်ဖို့ နှောင့်နှေးမနေသင့်ဘူးလို့ အင်္ဂလန် ပြည်သူ့ကျန်းမာရေး ဌာနကတော့ အကြံပြုထားပါတယ်။
ဘာမင်ဂမ် တက္ကသိုလ်က ပါမောက္ခ ဒေးဗစ်သစ်ကတ် ဦးဆောင်တဲ့ အသေးစားလေ့လာမှု ရလဒ်ကို ရင်အုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး စာစောင် တခုဖြစ်တဲ့ 'သိုးရက်စ်ဂျာနယ်' မှာ အွန်လိုင်း ပုံနှိပ် ဖော်ပြခဲ့ပါတယ်။
အရင်တုန်းက သုတေသနတွေကတော့ သောက်ရှုတာမလုပ်ခင် အီး-စီးကရက်မှာ ပါဝင်တဲ့ ဓာတုဒြပ်ပေါင်းတွေကို အဓိကထား လေ့လာခဲ့တာပါ။
အခု သုတေသနကတော့ ဆေးလိပ်မသောက်တဲ့ လူ ၈ ယောက်ရဲ့ အဆုတ်တွေက နမူနာ အသားစ တစ်ရှုးတွေကို ဓာတ်ခွဲခန်းထဲမှာ အီး-စီးကရက် အငွေ့တွေနဲ့ အသေးစိတ် စမ်းသပ် လေ့လာခဲ့ပါတယ်။
အဲဒီမှာ အီး-စီးကရက်အငွေ့တွေက အဆုတ်ကို ရောင်ရမ်းစေသလို အမှုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ လူ့ ခန္ဓာကိုယ်ကို ဓာတ်မတည့်စေတဲ့ အရာတွေကို ဖယ်ရှားသန့်စင်ပေးတဲ့ အဆုတ်က အယ်ဗီရိုလတ်စ် အမြှေးပါးရဲ့ လုပ်ဆောင်မှုတွေကို ပျက်စီးစေတာ တွေ့ရှိရတယ် ဆိုပါတယ်။
ဒါမျိုးက ပုံမှန် ဆေးလိပ် သောက်သုံးသူတွေနဲ့ ကာလကြာရှည် အဆုတ်ဝေဒနာ ခံစားရသူတွေမှာ တွေ့ရတဲ့ တုံ့ပြန်မှုတချို့ နဲ့ တူညီတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ဒီ သုတေသနမှာ ၄၈ နာရီ အတွင်း ပြောင်းလဲမှုကို မှတ်တမ်းတင်ခဲ့တာပါ။ ဒါဟာ ဓာတ်ခွဲခန်း စမ်းသပ်ချက် ရလဒ်သာ ဖြစ်ပြီး ရေရှည် ကျန်းမာရေး သက်ရောက်မှုကို ပိုမိုနားလည်နိုင်အောင် နောက်ထပ် သုတေသန ထပ်လုပ်ဖို့ လိုသေးတယ်လို့ အကြံပြုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီး-စီးကရက်ရဲ့ ကျန်းမာရေး အကျိုး၊ အပြစ်တွေကို ဘက်မလိုက်ဘဲ သုံးသပ်ထားတဲ့ စာတမ်းတစောင်ကို အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။
အဲဒီ သုံးသပ်ချက်မှာ အီး-စီးကရက်က ရိုးရိုးဆေးလိပ်ထက် ပိုပြီး ကျန်းမာရေး ထိခိုက်မှုလျော့နည်းကြောင်း လုံလောက်တဲ့ အထောက်အထား တွေ တွေ့ရှိရတယ်လို့ ဆိုထားပြီး ဘေးပတ်ဝန်းကျင်က လူတွေကိုလည်း သက်ရောက်မှု လျော့နည်း စေတယ်လို့ ဆိုထားပါတယ်။ အီး-စီးကရက်က ဆေးလိပ်ဖြတ်ချင်သူတွေကို အကူအညီပေးရာမှာ အသုံးဝင် အောင်မြင်နေလို့ ဆရာဝန်လမ်းညွှန်ချက် ဆေးစာမှာ ပါဝင်သင့်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။
အီး-စီးကရက်က သမားရိုးကျ ဆေးလိပ်တွေထက် ပိုစိတ်ချရတယ်လို့ ဆိုကြပေမယ့် ရေရှည်မှာ အန္တရာယ် ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ ပါမောက္ခ သစ်ကတ်က ပြောပါတယ်။ အီး-စီးကရက်နဲ့ ဆိုင်တဲ့ သုတေသနတွေက ကနဦး အဆင့်မှာပဲ ရှိနေသေးတယ်လို့ သူက ထောက်ပြပါတယ်။
အီး-စီးကရက်က ၁၀၀ % အန္တရာယ် ကင်းတာ မဟုတ်ပေမယ့် ရိုးရိုး ဆေးလိပ် သောက်တာထက်တော့ ကျန်းမာရေး အရ ထိခိုက်မှု နည်းတယ်လို့ အင်္ဂလန် ပြည်သူ့ ကျန်းမာရေး ဌာနက ဆေးလိပ် ထိန်းချုပ်ရေးမှူး မာတင်ဒေါ့ရဲလ် က ဆိုပါတယ်။
ဆေးလိပ်စွဲနေသူတွေ အီး-စီးကရက် ပြောင်းသောက်ဖို့ စဉ်းစားနေရင် အချိန်မဆိုင်းဘဲ ပြောင်းသောက်သင့်တယ်လို့ သူက အကြံပြုပါတယ်။











