ဂါဇာ အငတ်ဘေး - ‘အစာပြတ်ပြီးသေရတဲ့ ကျွန်မချစ်သားလေး’

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
- ရေးသားသူ, အမီရာ မဟာဒဘီ နဲ့ စတက်ဖနီ ဟက်ဂါတီ
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
ဂါဇာမြောက်ပိုင်း မှာ မတ်လ လယ်ကနေ မေလ အတွင်း အငတ်ဘေးဆိုက်တဲ့ အခြေအနေအထိကြုံနိုင်တယ်လို့ စားနပ်ရိက္ခာဖူလုံရေး စောင့်ကြည့်နေကြတဲ့အဖွဲ့က ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ စားနပ်ရိက္ခာဖူလုံရေး အဆင့်လိုက် ခွဲခြားသတ်မှတ်ခြင်းဆိုင်ရာအဖွဲ့ Integrated Food Security Phase Classification (IPC) ရဲ့ စာရင်းအရ ဂါဇာမှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်ဖြစ်တဲ့ လူဦးရေ ၁ ဒသမ ၁ သန်း ကျော် ဟာ “အစားအစာမလုံလောက်မှု ကပ်ဘေး” ကြုံတွေ့နေရတယ်လို့ဆိုပါတယ်။
IPC ရဲ့ တွက်ချက်မှုအရ အဆိုးဆုံးအခြေအနေဆိုရင် ဂါဇာကမ်းမြှောင် တစ်ခုလုံးမှာ အခုနှစ် ဇူလိုင်လရောက်ရင် အဆိုးဆုံးအငတ်ဘေးကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ အငတ်ဘေးအန္တရာယ်ကြုံရနိုင်မယ့်အကြောင်း ပြီးခဲ့တဲ့ ဒီဇင်ဘာကတည်းက IPC က ကြေညာခဲ့ပြီးနောက်မှာ အခြေအနေက ပိုဆိုးရွားလာတာဖြစ်ပါတယ်။
''ဂျမယ်က ဆေးရုံတစ်ရုံလုံးမှာ အချောဆုံးကလေးပဲ'' လို့ အက်ဘီယာ အယ်လ်ကာဖာနာ က သူ့ဖုန်းထဲမှာရှိနေတဲ့ ဂျမယ်ရဲ့ မွေးကင်းစပုံကို ကြည့်ပြီး သတိတရနဲ့ ပြောပါတယ်။
''ကြည့်ပါဦး သူဘယ်လောက်ချောလဲ၊ ကျွန်မရဲ့ အချစ်ဆုံးသားလေး''
အခုတော့ သူ့ရဲ့ တစ်ဦးတည်းသောသားလေး ဂျမယ်ရဲ့ ဓာတ်ပုံတွေပဲ သူနဲ့ကျန်ခဲ့ပါတော့တယ်၊ ကလေးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၈ ရက်မှာ ဆုံးပါးခဲ့ပါပြီ။
သုံးလသားအရွယ်မှာ ဂျမယ်တစ်ယောက် နာမကျန်းစဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်က အစ္စရေး က ဂါဇာကိုပြန်တိုက်ခိုက်ပြီး တစ်လကြာတဲ့ အချိန်ပါ။ သူ့မိသားစုဟာလည်း အကြိမ်ပေါင်းများစွာရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ သူတို့နေထိုင်တဲ့ စခန်းကို အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ သေမလိုအထိဖြစ်ခဲ့ကြတာပါ။
ဂျမယ်ရဲ့ အူလမ်းကြောင်းမှာ ရောဂါပိုးကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးကုသခဲ့ပါတယ်။ ဒါပေမယ့် သက်သာလာတာ မရှိခဲ့ပါဘူး။
ဒီဇင်ဘာလအစောပိုင်းရောက်လာချိန်မှာ ဂါဇာမြောက်ပိုင်းမှာရှိတဲ့ မိသားစု ၉၀ ရာခိုင်နှုန်းဟာ တစ်နေ့လုံး အစာမစားဘဲ နေရတာတွေ ရှိလာတယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ဆိုပါတယ်။
အက်ဘီယာဟာ ကလေး နို့တိုက်ဖို့အတွက်ကို မနည်းရုန်းကန်ခဲ့ရပါတယ်။
အာဟာရချို့တဲ့ပြီး ရေဓာတ်ခန်းခြောက်လာလို့ မိခင်နို့အလုံအလောက်မထုတ်နိုင်တော့ဘဲ ကလေးကို နို့တိုက်ဖို့မှာ ခက်ခက်ခဲခဲကိုဖြစ်ခဲ့ပါတယ်။ နို့မှုန့်ကလည်း ရှာလို့မရပါဘူး။
နိုဝင်ဘာလတုန်း ဂျမယ်တစ်ယောက် ကိုယ်အလေးချိန် ၇ ကီလိုဂရမ်နဲ့ ကျန်းကျန်းမာမာရှိခဲ့ပါတယ်။ ဒါပေမဲ့ ရက်သတ္တပတ်အတွင်း ၃ ဒသမ ၅ ကီလိုဂရမ်အထိ ကိုယ်အလေးချိန် အမြန်ကြီးကျသွားခဲ့ပါတယ်။
ဇန်နဝါရီရောက်ချိန်မှာတော့ ဂျမယ်က အရိုးစု သာသာပဲရှိတော့တယ်လို့ အဖွားဖြစ်သူ အက်စ်မာဟန် ကပြောပါတယ်။
''ကျွန်တော်တို့ သူ့အတွက်နို့ကို လုံးဝရှာမရခဲ့တာပါဗျာ'' လို့ ဂျမယ်ရဲ့ ဖခင် မာမွတ် အယ်လ် ကာဖာနာ ကပြောပါတယ်။ ''ကျွန်တော်တို့သူ့ကို ရေပဲတိုက်နိုင်ခဲ့တယ်။ ဒါတောင် ရေက မသန့်တဲ့ ရေပါဗျာ''

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကုသနိုင်ဖို့ ဆေးညွှန်းပေးထားပေမဲ့ အဲဒီဆေးကိုလည်း ဘယ်လိုမှ ရှာမရခဲ့ကြပါဘူး။ နောက်ဆုံးတော့ ဆေးရုံကိုသွားခဲ့ပါတယ်။ ဒါပေမဲ့ နည်းနည်း ပြန်ကောင်းလာခဲ့ချိန်မှာပဲ ဂျမယ်ကိုခေါ် ပြီး ဆေးရုံက ဆင်းခဲ့ရပါတယ်။
“ဆေးရုံက သူ့အတွက် ဘာမှထပ်လုပ်ပေးစရာမရှိတော့ဘူး၊ တခြားကလေးတွေကို ကြည့်ပေးရဦးမယ်လို့ ပြောတယ်'' လို့ ဂျမယ်ရဲ့ ဖခင်က ပြောပါတယ်။
ဇန်နဝါရီ ၁၇ ရက်ညမှာ ဂျမယ်ရဲ့ ကိုယ်အပူချိန်ထိုးကျလာပြီး ချောင်းလည်းဆိုးလာပါတယ်။ သူ့ နှာခေါင်းထဲကနေ အဖြူရောင်အရာတွေလည်း ထွက်လာပါတယ်။
''ဗုံးကြဲနေတဲ့ကြားကပဲ ညဘက်ကြီး ဆေးရုံကိုပြေးခဲ့ကြတယ်'' လို့ မာမွတ်က ပြောပါတယ်။
“ဆေးရုံက သူ့ကို နာရီဝက်လောက် ကယ်ဆယ်ဖို့ ကြိုးစားပေမယ့် လက်လွှတ်ခဲ့ရတယ်။ အစာပြတ်ရေပြတ်နဲ့ ဆေးကုသမှုပြည့်ပြည့်ဝဝမရလို့ ကျွန်တော့်သား သေခဲ့ရတယ် '' မာမွတ်က ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ဂါဇာမြောက်ပိုင်းမှာ ဆေးဘက်ဆိုင်ရာအကူအညီတွေ ပိုပြီးရဖို့ ကြိုးစားပမ်းစားလုပ်နေပါတယ်။ ဇန်နဝါရီလမှာ WHO ရဲ့ လုပ်ငန်း ၁၆ ခု ထဲက ၃ ခုကိုပဲ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ခွင့်ပြုခဲ့ပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ တစ်ဖွဲ့မှ ဝင်ရောက်ခွင့်မရှိတော့ပါဘူး။
နောက်ဆုံးတော့ မတ်လ ပထမပတ်မှာ WHO အဖွဲ့ ဂါဇာမြောက်ပိုင်းကိုရောက်ရှိခဲ့ပြီး အဲဒီက ဆေးရုံတစ်ရုံမှာ ကလေး ၁၀ ယောက် ''အစာရေစာပြတ်လပ်'' လို့ သေဆုံးခဲ့တာကို သိခဲ့ရပါတယ်။
ဟားမတ်စ် ဦးဆောင်တဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ ဂါဇာမှာစစ်ဖြစ်တဲ့ အချိန်ကစပြီး အာဟာရချို့တဲ့တာနဲ့ ရေဓာတ်ခန်းခြောက်လို့ သေဆုံးရတဲ့ ကလေးငယ် ၂၇ ယောက်ရှိပြီလို့ ပြောပါတယ်။ အဲဒီအရေအတွက်က တိုးလာနိုင်စရာ ရှိနေပါတယ်။
ဂါဇာမြောက်ပိုင်းမှာ ပါလက်စတိုင်း ၃ သိန်း လောက် ကျန်ရှိနေသေးတယ်လို့ ယူဆရပါတယ်။
ကုလသမဂ္ဂနဲ့ သူ့ရဲ့ မိတ်ဖက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက ဇန်နဝါရီမှာ ဂါဇာမြောက်ပိုင်းမှာ စီမံချက်လုပ်ငန်း ၆၁ ခု လုပ်ဖို့ စီစဥ်ခဲ့ပေမဲ့ အစ္စရေးစစ်တပ်က ၉ ခုကိုပဲ ခွင့်ပေးခဲ့ပါတယ်။
စစ်ဆေးရေးဂိတ်တစ်ခုမှာ စောင့်နေတဲ့ ကုလသမဂ္ဂ စားနပ်ရိက္ခာယာဉ်တန်းကို အစ္စရေးရေတပ်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နောက်မှာတော့ ကုလက သူ့ရဲ့ လုပ်ငန်းတွေကို ခပ်နည်းနည်းပဲ စီစဥ်ပါတော့တယ်။ ဖေဖော်ဝါရီလမှာတော့ စီစဥ်ထားတဲ့ လုပ်ငန်း၂၄ ခုထဲက ၆ ခုကိုပဲ အစ္စရေးစစ်တပ်က လုပ်ခွင့်ပေးခဲ့ပါတယ်။
“ကုလသမဂ္ဂက ဂါဇာမြောက်ပိုင်းကို သွားဖို့ ဆန္ဒရှိလား သွားနိုင်လားဆိုတာက မေးခွန်းထုတ်နေစရာတောင် မလိုပါဘူး” လို့ ဇန်န၀ါရီလက ဂါဇာမှာ တစ်ပတ်ကြာ နေထိုင်ခဲ့တဲ့ Unicef ဆက်သွယ်ရေးအရာရှိ တက်စ်အင်ဂရမ်က ပြောပါတယ်။ သူက မြောက်ဘက်သို့ သွားနိုင်ဖို့လည်း အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
အစ္စရေးကတော့ အကူအညီပမာဏတွေ အကန့်အသတ်မရှိပို့နိုင်တယ်လို့ ပြောပြီး ထောက်ပံ့ရေးပစ္စည်းတွေ ဖြန့်ဝေဖို့ ကုလဘက်က အေဂျင်စီတွေက ပျက်ကွက်တာလို့ ပြစ်တင်ဝေဖန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာမြောက်ပိုင်းက လူတွေမှာ ဘာမှကို မရှိသလောက်ဖြစ်နေပါပြီ။
ခါလစ်က ဂျဘာလီယာမြို့က ဒုက္ခသည်စခန်းမှာ သူ့ကလေး ၅ ယောက်အပါအဝအဝင် မိသားစုဝင် အယောက် ၉၀ လောက်နဲ့ နေနေရပါတယ်။ သူတို့ မိသားစုဟာ ကျူပင်မြက်ပင်တွေနဲ့ တိရစ္ဆာန်အစာတွေကိုစားပြီး အသက်ဆက်နေကြရတယ်လို့ ဘီဘီစီကိုပြောပါတယ်။
"ကျောက်စရစ်ခဲ စားရတာနဲ့တူတယ်။ အစာစားပြီးရင်လည်း ဝမ်းထဲကသွေးပါပြီး ဗိုက်နာတယ်''
ကံဆိုးမှုတွေကြား ကံကောင်းမှုတစ်ခုကလည်း သူတို့မိသားစုဆီရောက်လာပါတယ်။ အဆောက်အဦတစ်ခု ရဲ့ အပျက်အစီးပုံထဲမှာ ဖုန်မှုန့်တွေ ကျောက်ခဲတွေနဲ့ ပြည့်နေတဲ့ ဆန်အိတ်တစ်အိတ်ကို တွေ့ရှိခဲ့ပါတယ်။ ဗုံးကြဲခံရတဲ့ အဆောက်အအုံတစ်ခုရဲ့ ခြံထဲမှာ မိုးရွာအပြီး ပေါက်လာတဲ့ စားလို့ရတဲ့ ခြုံပင်ကအရွက်တွေလည်း စားကြရပါတယ်။
ဒါပေမယ့် တိရစ္ဆာန်အစာ၊ ဆန်နဲ့ အရွက်တွေလည်း ကုန်သွားခဲ့ပါတယ်။ မတ်လ ပထမပတ်ထဲမှာပဲ ခါလစ်ရဲ့မိသားစုဝင်တွေမှာ ဘာမှစားစရာမရှိတော့ပါဘူး။
အာရပ်နဲ့ အနောက်နိုင်ငံတွေက အခုအခါ ဂါဇာကမ်းမြောင်ဒေသကို ဝေဟင်ကနေ ရိက္ခာတွေပစ်ချပေးနိုင်ရေးအတွက် ညှိနှိုင်းနေပါတယ်။ လေထဲကနေ ရောက်လာတဲ့ ထမင်းဘူးနဲ့ အသားဘူးအချို့ ကို ရလိုက်ပြန်တော့ ခါလစ်တို့ မိသားစု ကံကောင်းပြန်ပါတယ်။
ဒါပေမယ့် အကူအညီပေးရေးအေဂျင်စီတွေကတော့ လေကြောင်းက ချပေးတာဟာ ဒီနယ်မြေထဲကို စားနပ်ရိက္ခာတွေအလုံအလောက် ရဖို့အတွက် ထိရောက်မှုမရှိတဲ့အပြင် ကုန်ကျစရိတ်များတဲ့ နည်းလမ်းလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာ မြောက်ပိုင်းမှာရှိတဲ့ အာဆီးလ်ကတော့ ဝေဟင်က ချပေးတဲ့ အကူအညီ အများစုဟာ ပင်လယ်ထဲကျသွားပြီး လူတွေက အဲဒီကနေ ခက်ခက်ခဲခဲ သွားယူခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။
သူ့အစ်ကိုက မနက် ၆ နာရီမှာ ရိက္ခာထုတ်တွေ ချပေးတဲ့နေရာကို သွားယူခဲ့ပြီး ငါးစည်သွပ်ဘူးလေး တစ်ဘူးပဲ ရပြီး ပြန်လာခဲ့ရပါတယ်။ နောက်တစ်နေ့ကျတော့ ရေသန့်ဘူးသေးသေးလေး နှစ်ပုလင်းပဲ ရခဲ့ပါတယ်။
တချို့ ကယ်ဆယ်ရေးပစ္စည်းထုပ်တွေက အစ္စရေးနယ်စပ်နဲ့ ကပ်နေတဲ့နေရာတွေကို ကျသွားပြီး အစ္စရေးစစ်တပ်က ဂါဇာ ဒေသခံတွေ အဲဒီနေရာတွေကို အနားမကပ်ဖို့ သတိပေးထားပါတယ်။
“လူတွေကတော့ လေထီး ပျံတဲ့အတိုင်း ပြေးလိုက်ကြတာပေါ့။ ဒါပေမဲ့ ပြီးရင် ဘာမှမရဘဲ လက်ဗလာ ပြန်လာခဲ့ကြရတယ်” လို့ အာဆီးလ် က ဆိုပါတယ်။
ဂါဇာမှာရှိတဲ့ လူသုံးဦးရဲ့ အပြောအရ ဝေဟင်ကကျလာမယ့် ရိက္ခာထုပ်တွေကို ဖမ်းဖို့စောင့်နေသူတွေက ထောင်နဲ့ချီရှိနေပြီး တကယ်တမ်းရကြသူက သုံးလေးဆယ်လောက်ပဲရှိတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။ ဘာမှမရတဲ့သူတွေများပြီး ပင်ပန်းကြတာပဲအဖတ်တင်လို့ လက်ဗလာနဲ့ ပြန်လာကြရတယ်လို့ ပြောပါတယ်။
ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း လူဦးရေ အနည်းဆုံး ၅ သိန်း ၇ သောင်း (ဂါဇာလူဦးရေရဲ့ လေးပုံတစ်ပုံ) ဟာ အငတ်ဘေးနဲ့ တစ်လှမ်းအကွာမှာ ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
အစားအစာနဲ့ သန့်ရှင်းတဲ့ရေ နည်းနည်းလေးပဲ ရှိတော့တဲ့ ဂါဇာမြောက်ပိုင်းကလူတွေ အတွက် အချိန်သိပ်မကျန်တော့ဘူးလို့ ကုလက သတိပေးနေတာပါ။
လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းက အလွန်အမင်း စားနပ်ရိက္ခာ ပြတ်လပ်မှု ကြုံတွေ့နေရပြီး ကလေး ၃၀ ရာခိုင်နှုန်းက ဆိုးဆိုးဝါးဝါး အာဟာရချို့တဲ့နေမယ်၊ လူဦးရေ တစ်သောင်းမှာ ၂ ယောက်က အစာရေစာ ပြတ်လပ်မှု၊ အာဟာရချို့တဲ့မှု ဒါမှမဟုတ် ရောဂါတွေကြောင့် နေ့စဥ်သေဆုံးနေမယ်ဆိုရင် ငတ်မွတ်ခေါင်းပါးမှုဘေး ကြုံနေရပြီလို့ ကြေညာရမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂအဖွဲ့တွေနဲ့ အကူအညီပေးရေး အဖွဲ့ တစ်ဒါဇင်ကျော် ပေါင်းပြီး ဖွဲ့စည်းထားတဲ့ Integrated Food Security Phase Classification (IPC) က အဲဒီလို ဆုံးဖြတ်ထားတာပါ။
ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ကုလသမဂ္ဂက အငတ်ဘေးကို စတင်သတိပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကတည်းကလည်း ဂါဇာကမ်းမြောင်မှာ ထောက်ပံ့ကူညီမှု ပမာဏ ထင်သာမြင်သာတိုးတက်မလာသေးပါဘူး။
ဇန်န၀ါရီလမှာ ပျမ်းမျှအားဖြင့် တစ်ရက်ကို ကယ်ဆယ်ရေးပစ္စည်း ထရပ်ကား အစီးရေ ၁၅၀ ဂါဇာကမ်းမြောင်ကိုဝင်ရောက်ပါတယ်။ ဒါပေမဲ့ စစ်မဖြစ်ခင်ကဆိုရင် တစ်ရက်ကို ထောက်ပံ့ရေး ကုန်တင်ယာဥ် ၅၀၀ လောက် နယ်စပ်ဖြတ်ကျော်ဝင်ခဲ့တာပါ။ အခုနှစ် ဖေဖော်ဝါရီလကအဆိုးဆုံးပါပဲ။ တစ်နေ့ကို ပျမ်းမျှ ထောက်ပံ့ရေးကုန်တင်ကား ၉၇ စီးပဲဝင်ခဲ့ပါတယ်။ ရိက္ခာနဲ့ ထောက်ပံ့ရေးတွေ အရပိုနည်းလာတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကူညီထောက်ပံ့ရေးတွေပိုရနိုင်တဲ့ ဂါဇာတောင်ပိုင်းဒေသတွေမှာတောင် မိသားစုအများစုဟာ တစ်နေ့ကို တစ်နပ်ပဲ စားနေကြရပါတယ်။ လတ်ဆတ်တဲ့ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ဥတွေနဲ့ အသားကတော့ ဝယ်ရခက်ပြီး စစ်မဖြစ်မီက ပေါက်ဈေးထက် ၁၀ ဆမြင့်တက်နေပါတယ်။
မိသားစုဝင် ၁၁ ဦးနဲ့အတူ တောင်ပိုင်းက ဂျာဘာလီယာ ကနေ ရာဖာကို ရွှေ့ပြောင်းခံခဲ့ရတဲ့ မူဟာမက်အယ်လ်နက်ဂျ်ဂျာက ''ကျွန်တော့်မိသားစုကို ကျွေးမွေးဖို့အတွက် နိုင်ငံတကာချေးငွေတစ်ခုလိုပါတယ်” လို့ ဒုက္ခတွေကို အရွှန်းဖောက်ဟာသလုပ်ပြီးပြောပါတယ်။
ပဲဘူး လေးဘူး၊ ကုလားပဲ သုံးဘူး၊ ဘီစကွတ် ၁၁ ဘူးကို တစ်ပတ်လောက် သူတို့စားရပါတယ်။ တတ်နိုင်တဲ့အချိန်မှာ ဖြည့်စားပေမဲ့ စရိတ်က ကြီးလှပါတယ်။
နာဂမ်မာဇစ်ဟာ ဂါဇာအလယ်ပိုင်းက အယ်လ်အက်ဆာသူရဲကောင်းများဆေးရုံက စေတနာ့ဝန်ထမ်း ဆရာဝန်အမျိုးသမီးဖြစ်ပါတယ်။ စည်သွတ်ဘူးတွေကို အလွန်အကျွံစားသုံးရတာကြောင့် ရေဓာတ်ခမ်းခြောက်တာနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ပြင်းပြင်းထန်ထန်ခံစားရတဲ့ လူနာအရေအတွက် တိုးလာတာကို သူသတိထားခဲ့မိပါတယ်။ မသန့်ရှင်းတဲ့ စားစရာတွေကနေ အစာအဆိပ်သင့်မှုတွေလည်းဖြစ်ပွားနေကြတယ်လို့ဆိုပါတယ်။
ဆေးရုံမှာ အသည်းရောင်အသားဝါနဲ့ သွေးအားနည်းရောဂါ ဖြစ်ပွားမှု သိသိသာသာ တိုးလာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာဆိုရင် ဝမ်းပျက်ဝမ်းလျှောနဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွားမှုတွေ မြင့်တက်လာတယ်လို့ WHO က ပြောပါတယ်။
လသားအရွယ်နဲ့ အာဟာရပြတ်လပ်သေဆုံးခဲ့ရတဲ့ ကလေးငယ် ဂျမယ်ရဲ့ ကျန်ရစ်ခဲ့တဲ့ မိဘတွေနဲ့ မိသားစုတွေလည်း အခုအချိန်မှာ စားစရာမရှိဖြစ်နေကြပါတယ်။ သူ့ဝမ်းကွဲမောင်နှမ ရှစ်ယောက်နဲ့ သူတို့မိဘတွေလည်း ဆာလောင်မွတ်သိပ်နေကြတာပါ။
ဝေဟင်ပေါ်ကနေချပေးတာဖြစ်ဖြစ်၊ ပင်လယ်ထဲက ဒါမှမဟုတ် ကုန်းကြောင်းကဖြစ်ဖြစ် ရိက္ခာ အကူအညီအချို့ကို ရနိုင်လောက်အောင် ကံကောင်းနေပါစေလို့တော့ သူတို့ မျှော်လင့်နေကြပါတယ်။








