‘‘ဂါဇာဟာ အသူရာ‌ချောက်ထဲ တွန်းပို့ခံနေရတယ်’’ - ကုလသမဂ္ဂ

ဂါဇာကမ်းမြောင်မှာရှိတဲ့ ရာဖာဒုက္ခသည်စခန်းမှာနေထိုင်သူ အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

အစ္စရေး စစ်တပ်က ဂါဇာကို ကြည်း၊ရေ၊လေ ထိုးစစ်ဆင်မယ်လို့ ပြောထားချိန်မှာပဲ ‘‘ဂါဇာဟာ အသူရာချောက်ထဲ တွန်းပို့ခံနေရတဲ့အခြေအနေ’’ လို့ ကုလသမဂ္ဂ အကူအညီပေးရေးအေဂျင်စီက ပြောပါတယ်။

အစ္စရေးဘက်ကတော့ ဂါဇာကို ဘယ်အချိန် ထိုးစစ်ဆင်မယ်ဆိုတာအပါအဝင် သူ့ထိုးစစ်နဲ့ပတ်သက်ပြီး တိတိကျကျပြောဆိုထားတာ မရှိသေးပါဘူး။

ဂါဇာမြောက်ပိုင်းမှာနေထိုင်သူ ၁.၁ သန်းကျော်ကို တောင်ပိုင်းကို ရွှေ့ပြောင်းဖို့ အစ္စရေးက သတိပေးထားပြီး ထောင်နဲ့ချီတဲ့သူတွေဟာ ယာဥ်တွေနဲ့ရော၊ ခြေဗလာနဲ့ပါ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

လက်ဘနွန်နိုင်ငံနဲ့ ထိစပ်နေတဲ့ အစ္စရေး မြောက်ပိုင်းမှာလည်း တင်းမာမှုမြင့်တက်နေပါတယ်။ အဲဒီနယ်စပ်ကနေ အစ္စရေးကို စိမ့်ဝင်ထိုးဖောက်တဲ့ ဟားမတ်စ် စစ်သွေးကြွ ၃ ဦးလည်း အသတ်ခံထားရပါတယ်။

အစ္စရေးနယ်စပ်မှာ အရပ်သားတွေနဲ့ စစ်သားတွေကို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က ရုတ်တရက်တိုက်ခိုက်တဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းကတည်းကဆိုရင် အစ္စရေးမှာ သေဆုံးသူ ၁၃၀၀ ကျော်အထိရှိနေပါတယ်။

တခါ ဂါဇာကမ်းမြောင်မှာ အစ္စရေးဘက်က ပြန်တုံ့ပြန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၃၀၀ ကျော် သေဆုံးထားတယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောထားပါတယ်။

ဂါဇာတောင်ပိုင်းက ဆေးရုံကို ရွှေ့ဖို့ အစ္စရေးပြော

ဂါဇာမြောက်ပိုင်းက ရွှေ့ပြောင်းခိုင်းတဲ့အရပ်နဲ့ ဆေးရုံရှိရာ ဂါဇာတောင်ပိုင်းက ရာဖာမြို့
ဓာတ်ပုံ ပုံစာ, ဂါဇာမြောက်ပိုင်းက ရွှေ့ပြောင်းခိုင်းတဲ့အရပ်နဲ့ ဆေးရုံရှိရာ ဂါဇာတောင်ပိုင်းက ရာဖာမြို့

ဂါဇာကမ်းမြောင် တောင်ပိုင်းက ရာဖာမြို့မှာရှိတဲ့ တစ်ခုတည်းသောဆေးရုံကိုလည်း ရွှေ့ပြောင်းဖို့ အစ္စရေး ဘက်က ပြောလာတယ်ဆိုပြီး ဆေးရုံဘက်က လူမှုကွန်ရက်မှာ ရေးသားလာပါတယ်။

ဂါဇာမြောက်ပိုင်းကို ထိုးစစ်ဆင်မှာဖြစ်လို့ တောင်ပိုင်းကို ရွှေ့ကြဖို့ အစ္စရေးဘက်ကပြောထားတာပါ။ ဒါပေမဲ့ အစ္စရေးဟာ တောင်ပိုင်းက သူ့ရဲ့ပစ်မှတ်တွေကိုပါ လေကြောင်းတိုက်ခိုက်တာတွေ ဆက်လုပ်နေပါတယ်။

အဲဒီဆေးရုံက ဆရာဝန်တစ်ဦးကတော့ ရွှေ့ပြောင်းဖို့ အချိန် ၂ နာရီပေးထားတယ်ဆိုပြီး ဘီဘီစီကို အတည်ပြုပြောဆိုပါတယ်။

ဒါပေမဲ့ ဂါဇာမြောက်ပိုင်းမှာ အရင်ကလည်း ဆေးရုံတွေကို အချိန်အကန့်အသတ်ပေးပြီး အလားတူရွှေ့ခိုင်းတာမျိုးရှိခဲ့ပေမဲ့ အချိန်ထပ်ပေးခဲ့တာတွေရှိခဲ့ဖူးပါတယ်။

ဆေးရုံအုပ်ကတော့ ဆေးရုံမှာ နာမကျန်းသူတွေရော၊ အရေးပေါ်ဒဏ်ရာကို ကုနေရတဲ့လူနာတွေပါရှိနေလို့ ဆေးရုံကိုရွှေ့ဖို့ ငြင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ အီဂျစ်နိုင်ငံနဲ့နယ်စပ်၊ ဂါဇာတောင်ပိုင်းက ရာဖာ နယ်စပ်ဖြတ်ကျော်စခန်းကို မြောက်ပိုင်းက ထောင်နဲ့ချီတဲ့ ပါလက်စတိုင်းတွေ ဦးတည်သွားနေမဲ့ အီဂျစ်က နယ်စပ်ကို ပိတ်ထားတုန်းဖြစ်ပါတယ်။

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးကတော့ အဲဒီနယ်စပ်ဖွင့်ပေးဖို့ ဗြိတိန်က အီဂျစ်ကို တိုက်တွန်းနေတာ လောလောဆယ်အထိတော့ မအောင်မြင်သေးဘူးလို့ ဘီဘီစီကို ‌ပြောပါတယ်။

ဂါဇာဘက်ကို တပ်ဖွဲ့တွေရော စစ်ဘက်သုံးပစ္စည်းတွေပါ အစ္စရေး ရွှေ့နေ

အစ္စရေးစစ်သားတွေနဲ့ တင့်ကားတွေဟာ ဂါဇာနဲ့နယ်စပ် အစ္စရေးတောင်ပိုင်းက နာဟယ်အော့ဇ် အရပ်ဘက်ကို ဦးတည်သွားနေပါတယ်။

အဲဒီလို ဦးတည်နေတဲ့ ဒီဓာတ်ပုံတွေကိုတော့ ဂါဇာနဲ့နယ်စပ် အစ္စရေးတောင်ပိုင်းမှာရောက်နေတဲ့ ဘီဘီစီ နိုင်ငံတကာသတင်းအယ်ဒီတာ ဂျယ်ရမီဘိုဝင်က ရိုက်ကူးထားတာဖြစ်ပါတယ်။

အစ္စရေးစစ်သား
တင့်ကားတွေပါ ရွှေ့နေ

‘‘ဂါဇာကမ်းမြောင် မြောက်ပိုင်းကနေ မီးခိုးတွေ တက်နေတာမြင်ရတယ်။ အစ္စရေးဘက်ကနေ ဂါဇာကို လက်နက် ပစ်တာတွေရှိနေတယ်။ ဒါပေမဲ့ အခုမနက်ခင်းမှာ အစ္စရေးဘက်က ရုတ်တရက်လှုပ်ရှားမယ့် အရိပ်အယောင်တော့ မမြင်ရပါဘူး။ အစ္စရေးဘက်က အချိန်ယူမယ်ထင်ရပါတယ်’’ လို့ သူက ပြောပါတယ်။

ဘယ်တော့ စတင်မယ်ဆိုတာ မသိရတဲ့ ဂါဇာမှာ ပြုလုပ်မယ့် အစ္စရေးရဲ့ ထိုးစစ်နဲ့ပတ်သက်ပြီး သူက အခုလိုပြောတာဖြစ်ပါတယ်။

လူထောင်သောင်းချီ ဂါဇာမြောက်ပိုင်းကနေ ထွက်ခွာနေ

အစ္စရေးက ထိုးစစ်ဆင်မယ်လို့ ပြောတာကြောင့် ဂါဇာကမ်းမြောင်ကနေ စွန့်ခွာဖို့ ပြင်နေတဲ့ ပါလက်စတိုင်းကလေးငယ်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အစ္စရေးက ထိုးစစ်ဆင်မယ်လို့ ပြောတာကြောင့် ဂါဇာကမ်းမြောင်ကနေ စွန့်ခွာဖို့ ပြင်နေတဲ့ ပါလက်စတိုင်းကလေးငယ်တစ်ဦး

အစ္စရေးက မြေပြင်ထိုးစစ်ဆင်မယ်လို့ပြောနေချိန်မှာပဲ ထောင်သောင်းချီတဲ့လူတွေ ဂါဇာမြောက်ပိုင်းကနေ ထွက်ပြေးနေပါတယ်။

အဲဒီထဲမှာ ဂါဇာကမ်းမြောင်ဒေသရဲ့မြောက်ပိုင်းမှာရှိတဲ့ ဂါဇာမြို့ကနေ တောင်ပိုင်းက ခန်ယွန်နစ်မြို့ဆီကို မိသားစုနဲ့အတူ ဘေးလွတ်ရာတိမ်းရှောင်ရတဲ့ ဘီဘီစီသတင်းထောက် ရှာ့ရှ်ဒီ အဘူအာလုဖ်လည်း ပါဝင်ပါတယ်။

သူ့အပြောအရဆိုရင် တောင်ပိုင်းမှာရှိတဲ့ ခန်ယွန်နစ်မြို့အာဏာပိုင်တွေဟာ ဒုက္ခသည်တွေ တဖွဲဖွဲဝင်လာနေရာကို ဖြေရှင်းဖို့ အခက်ကြုံနေတယ်လို့ဆိုပါတယ်။

ဂါဇာမြောက်ပိုင်းမှာနေထိုင်တဲ့လူပေါင်း ၁ သန်းကျော်ကို ဘေးလွတ်ရာထွက်ကြဖို့ အစ္စရေးဘက်က ပြောထားတာဖြစ်ပါတယ်။

ဟားမတ်စ် တပ်မှူးကို နှိမ်နင်းလိုက်ပြီလို့ အစ္စရေးပြော

ဂါဇာတည်နေရာပြမြေပုံ
ဓာတ်ပုံ ပုံစာ, ဂါဇာတည်နေရာပြမြေပုံ

ဂါဇာမှာပြုလုပ်တဲ့ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အစ္စရေးနိုင်ငံတောင်ပိုင်းက စုပေါင်းစိုက်ပျိုးရေးလယ်ယာခွင်ကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ ဟားမတ်စ် တပ်မှူးတစ်ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီလို့ အစ္စရေး ဘက်က ပြောလာပါတယ်။

ဂါဇာတောင်ပိုင်းမြို့ ခန်ယွန်းနစ်မှာ လှုပ်ရှားတဲ့တပ်ဖွဲ့တွေရဲ့ တပ်မှူး ဘီလ်လယ် အယ်လ် ခီဒရာဟာ လေကြောင်းတိုက်ခိုက်မှုမှာသေဆုံးခဲ့တာလို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။

အဲဒီတပ်မှူးဟာ အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်အဖွဲ့က ပြီးခဲ့တဲ့စနေနေ့တုန်းကပြုလုပ်ခဲ့တဲ့ ရုတ်တရက်ဝင်ရောက် တိုက်ခိုက်မှုမှာ အစ္စရေးတွေ စုပေါင်းနေထိုင်တဲ့ နီရင် စိုက်ပျိုးလယ်ယာအရပ်မှာ လူစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ အစ္စရေးဘက်က ပြောထားပါတယ်။

ဂါဇာမှာ ဓားစာခံအဖြစ်အဖမ်းခံထားရတဲ့ အစ္စရေး ၁၂၆ ဦးအထိရှိ

အောက်တိုဘာလ ၇ ရက်မှာ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အစ္စရေးတောင်ပိုင်းကို ရုတ်တရက် ဝင်ရောက်ခိုက်မှုအတွင်း အစ္စရေးစစ်သား ၂၇၉ ဦး သေဆုံးခဲ့ပြီးဖြစ်တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။

ဒါ့အပြင် အရပ်သားတွေသေဆုံးမှုနဲ့ပါပေါင်းလိုက်ရင် အစ္စရေးမှာ သေဆုံးသူ စုစုပေါင်း ၁၃၀၀ ကျော်အထိလာပါတယ်။

အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့(IDF)ကတော့ ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ အစ္စရေး ဓားစာခံအရေအတွက် ၁၂၆ ဦးအထိ ရှိတယ်လို့ နောက်ဆုံးသတင်းထုတ်ပြန်လာပါတယ်။

အရင်က ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့သူ ၁၅၀ နီးပါးအထိရှိတယ်လို့ အစ္စရေးဘက်က ပြောထားတာပါ။

ဂါဇာမှာပြုလုပ်ဖို့ရှိတဲ့ အစ္စရေးရဲ့ထိုးစစ်နဲ့ပတ်သတ်ပြီးနောက်ဆုံးသတင်းတွေကို ဒီစာမျက်နှာမှာ ဖြည့်စွက်ဖော်ပြပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။