ဂါဇာကလူတွေအသက်ရှင်ဖို့ ပိုအရေးကြီးလာတဲ့ ရာဖာနယ်စပ်ဂိတ်

ရာဖာ နယ်စပ်ဂိတ်ကို ဖြတ်နိုင်ဖို့ စောင့်ဆိုင်းနေသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂါဇာကမ်းမြောင်တောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာနယ်စပ်ဂိတ်မှာ ပါလက်စတိုင်းတွေ စုဝေးရောက်ရှိနေကြပါတယ်။ အစ္စရေးဘက်က မြေပြင်ထိုးစစ်တွေ မစတင်မီ ဂါဇာကနေ ထွက်ခွာနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရောက်နေကြတာပါ။

နှစ်နိုင်ငံသား ခံယူထားသူတွေ ထွက်ခွာနိုင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပို့ပေးနိုင်ဖို့ ဒီနယ်စပ်ဂိတ်ကို ဖွင့်ပေးဖို့ရှိတယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒါပေမဲ့ အင်္ဂါနေ့ နေ့လယ်ပိုင်းထိ ဒီနယ်စပ်ဂိတ်ကို ပိတ်ထားဆဲ ဖြစ်ပါတယ်။

ရာဖာနယ်စပ်ဂိတ်က ဘယ်လိုဂိတ်မျိုးလဲ။

ဂါဇာရဲ့တောင်ဘက်အကျဆုံးထွက်ပေါက်ဖြစ်ပြီး အီဂျစ်ရဲ့ ဆိုင်းနိုင်းသဲကန္တာရနဲ့ ထိစပ်နေပါတယ်။

ဂါဇာကို ဝင်ထွက်လို့ရတဲ့ နယ်စပ်ဂိတ် ၃ ခုထဲက တစ်ခုဖြစ်ပါတယ်။ နောက်နယ်စပ်ဂိတ်တစ်ခုက အစ္စရေးဘက်ကိုထွက်တဲ့ မြောက်ပိုင်းက အဲရက်ဇ် နယ်စပ်ဂိတ်ဖြစ်ပါတယ်။ အစ္စရေးနဲ့ဂါဇာကြား ကုန်သွယ်ရေးဂိတ် ဖြစ်တဲ့ အစ္စရေးတောင်ပိုင်းက ကာရမ်ရှာလွန်မ်ဆိုတဲ့ ဂိတ်လည်း ရှိပါသေးတယ်။ အီဂျစ်နဲ့လည်း နီးပါတယ်။ ဒီနှစ်ခုစလုံးလည်း ပိတ်ထားပါတယ်။

ရာဖာက ဘာကြောင့်အရေးကြီးသလဲ။

no tag

ဟားမတ်စ်တွေဟာ အောက်တိုဘာ ၇ ရက်တုန်းက ဂါဇာမြောက်ပိုင်းက အဲရက်ဇ်ဂိတ်ကိုလည်း တိုက်ခိုက်ခဲ့ပြီး အဲဒီဂိတ် ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါတယ်။ အဲဒီနောက် အစ္စရေးက အဲရက်ဇ်ဂိတ်ကို ပိတ်လိုက်တဲ့အတွက် ဂါဇာက အရပ်သားတွေ ဝင်ထွက်ဖို့က ရာဖာဂိတ်တစ်ခုတည်းပဲ ကျန်ပါတော့တယ်။

လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ရာဖာဂိတ်ကနေပဲ သယ်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့သတင်းပတ်တုန်းက ဂါဇာအတွက် နိုင်ငံတကာ အကူအညီပေးရေး လေယာဥ်တွေကို ဆိုင်းနိုင်းမြောက်ပိုင်းက အယ်လ်အရစ်ရှ်လေဆိပ်မှာ ဆင်းသက်ခွင့်ပေးထားတယ်လို့ အီဂျစ်နိုင်ငံရေးခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီနောက် အကူအညီရိက္ခာတွေတင်ထားတဲ့ ကုန်ကားတွေဟာ ရာဖာနယ်စပ်အနီးမှာ တန်းစီရပ်နားထားပြီး နယ်စပ်ဂိတ်ကို ဖြတ်ကျော်ခွင့်အတွက် စောင့်ဆိုင်းနေကြပါတယ်။

နယ်စပ်ဂိတ်မှာ ဘာဖြစ်နေသလဲ။

အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေ စတိုက်ခိုက်ကတည်းက ရာဖာနယ်စပ်ဂိတ်အကြောင်း သတင်းတွေလည်း အမျိုးမျိုးထွက်ပေါ်ခဲ့ပါတယ်။ဟားမတ်စ်နဲ့ အီဂျစ်က ဒီနယ်စပ်ဂိတ်မှာ ဘယ်သူတွေဝင်ထွက်နိုင်သလဲဆိုတဲ့အပေါ် စီမံထိန်းချုပ်ထားပြီး အစ္စရေးဘက်ကလည်း ဒီနယ်စပ်ဂိတ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီနယ်စပ်ဂိတ်ကို အစ္စရေးက အောက်တိုဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ဗုံးကြဲတိုက်ခိုက်ပြီးနောက် နယ်စပ်နှစ်ဖက်စလုံးက အီဂျစ်နဲ့ ပါလက်စတိုင်းတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် ဒီဂိတ်ကို ပိတ်လိုက်တာလို့ အီဂျစ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၂ ရက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ အီဂျစ်အစိုးရက အစ္စရေးကို ပန်ကြားလိုက်ပြီး အဲဒီလိုရပ်မှ ဂါဇာလူထုအတွက် အရေးပေါ်အကူအညီတွေ ပေးလို့ရမယ်လို့ ပြောပါတယ်။ အီဂျစ်ဝန်ထမ်းတွေ ဘေးကင်းလုံခြုံမှုအတွက် အာမခံနိုင်မှ ဒီနယ်စပ်ဂိတ်ကို ဖွင့်ပေးမယ်လို့ ပြောပါတယ်။

ရာဖာနယ်စပ်ဂိတ်မှာ နိုင်ငံခြားပတ်စ်ပို့ကိုင်ထားသူတွေ ထွက်ခွာနိုင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ ရာဖာဂိတ် ဘေးကင်းလုံခြုံရေးအတွက် အနောက်နိုင်ငံအစိုးရတွေကလည်း ပါဝင်ပြောဆိုကြပါတယ်။

ဒီနယ်စပ်ဂိတ်ဖွင့်နိုင်ဖို့အရေးအတွက် ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းမ် ကလီဗာလီ နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်တို့ဟာ အစ္စရေး၊ အီဂျစ်နဲ့ ဒေသတွင်းက တခြားနိုင်ငံရေးခေါင်းဆောင်တွေနဲ့ပါ ဆွေးနွေးလုပ်ဆောင်နေတယ်လို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရက ဂါဇာထဲက သူတို့နိုင်ငံသားတွေ ရာဖာနယ်စပ်နားကို သွားရောက်ကြဖို့ ပြောထားပြီး နယ်စပ်ဂိတ်ဖွင့်မယ်ဆိုတဲ့ ကြိုတင်အကြောင်းကြားမှုက အချိန်တိုအတွင်း ဖြစ်နိုင်သလို နယ်စပ်ဂိတ်က တစ်ခဏအတွင်း ပြန်ပိတ်နိုင်တဲ့အတွက်ကြောင့်လို့ ဆိုပါတယ်။

နယ်စပ်ဂိတ်ဖွင့်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ဂါဇာမှာ နေထိုင်ကြသူတွေကလည်း နယ်စပ်ကို ဖြတ်လို့ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ရာဖာဂိတ်ကို သွားရောက်နေကြပါတယ်။

နှစ်ဖက်အပစ်အခတ်ရပ်စဲပြီးတဲ့အခါ ရာဖာဂိတ်ကို အချိန်အကန့်အသတ်နဲ့ ယာယီဖွင့်မယ်ဆိုတဲ့ သတင်းတွေ တနင်္လာနေ့ကလည်း ထွက်ပေါ်ခဲ့ပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကတော့ ဒီသတင်းတွေကို ငြင်းဆိုပါတယ်။

နယ်စပ်ကို ဘာလို့ ဆက်ပိတ်ထားရသလဲ။

လူသားချင်းစာနာမှုအကူအညီတွေ တင်ထားတဲ့ ကုန်တင်ကားတွေ စောင့်ဆိုင်းနေဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

အစ္စရေးဘက်က ဟားမတ်စ်စစ်သွေးကြွတွေ ဂါဇာကနေ မထွက်ခွာနိုင်အောင် တားထားချင်ပါတယ်။ နောက်ပြီး ဂါဇာထဲကို ဝင်လာတဲ့ ကုန်ကားတွေကိုလည်း လက်နက်တွေ သယ်လာမှုမရှိအောင် စစ်ဆေးချင်ပါတယ်။

တစ်ဘက်မှာ အီဂျစ်ဘက်ကလည်း ဂါဇာကနေ နိုင်ငံခြားသားတွေ ထွက်ခွာနိုင်ဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပို့ပေးနိုင်ဖို့အတွက် ဒီနယ်စပ်ဂိတ်ဖွင့်နိုင်အောင် တခြားနိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးနေပေမဲ့ ဆိုင်းနိုင်းကန္တာရထဲကို ပါလက်စတိုင်းတွေ တစ်ပြုံကြီး ဝင်လာမှာကို မလိုလားပါဘူး။ အီဂျစ်အနေနဲ့ ဂါဇာကနေ ထွက်ပြေးလာတဲ့ ဒေသခံတွေကို အရေအတွက်နည်းနည်းလေးဖြစ်စေ၊ အားလုံးကိုဖြစ်စေ သူ့နိုင်ငံတွင်း ဝင်ခွင့်ပေးဖွယ် မရှိပါဘူး။

အထူးသဖြင့် အစ္စလာမ္မစ် စစ်သွေးကြွတွေ သူ့နိုင်ငံတွင်း ဝင်လာမှာကို စိုးရိမ်ပါတယ်။

ရာဖာနယ်စပ်ကို ပုံမှန်အားဖြင့် ဘယ်လို အသုံးပြုလဲ။

ရာဖာ နယ်စပ်ဂိတ်

ရာဖာဂိတ်မှာ ဂါဇာက ပါလက်စတိုင်းတွေကို လွယ်လွယ်နဲ့ ပေးထွက်လေ့မရှိပါဘူး။ ဒီဂိတ်ကို အသုံးပြုချင်တဲ့ ပါလက်စတိုင်းတွေဟာ ပါလက်စတိုင်းအာဏာပိုင်တွေဆီက ခွင့်ပြုချက်ကို ၂ ပတ်ကနေ ၄ ပတ်အထိ ကြိုယူရပါတယ်။ ဒါတောင် ပါလက်စတိုင်း ဒါမှမဟုတ် အီဂျစ်အာဏာပိုင်တွေက ကြိုတင်အကြောင်းမကြားဘဲ၊ အကြောင်းပြချက်မပေးဘဲ ငြင်းပယ်နိုင်ပါတယ်။

ကုလသမဂ္ဂရဲ့ စာရင်းတွေအရ ၂၀၂၃ သြဂုတ်လအတွင်းမှာ ဂါဇာကနေ လူပေါင်း ၁၉၆၀၈ ဦး ဟာ ဒီဂိတ်ကို အသုံးပြုထွက်ခွာနိုင်ခဲ့ပြီး ၃၁၄ ဦးကတော့ ငြင်းပယ်ခံခဲ့ရပါတယ်။