မူးယစ်စစ်ပွဲကနေ ဆေးခြာက်ဟင်းလျာ- ထိုင်းနိုင်ငံ ဘယ်လိုပြောင်းသွားခဲ့လဲ

ဆေးခြောက်ပင် တစ်သန်း စိုက်ပျိုးဖို့ ထိုင်းနိုင်ငံက ထောက်ခံ အားပေး
ဓာတ်ပုံ ပုံစာ, ဆေးခြောက်ပင် တစ်သန်း စိုက်ပျိုးဖို့ ထိုင်းနိုင်ငံက ထောက်ခံ အားပေး

ဆေးခြောက်စိုက်ပျိုးတာနဲ့ သုံးစွဲတာကို အခုလအတွင်း ထိုင်းနိုင်ငံမှာ တရားဝင်ခွင့်ပြုလိုက်တဲ့အတွက် အရင်က မူးယစ်ဆေးဝါးမှုတွေကို နှစ်ရှည်ထောင် ဒဏ်ချတာတွေ၊ သေဒဏ်ပေးတာတွေအထိလုပ်ခဲ့တဲ့ တင်းမာတဲ့လမ်းကြောင်းကို ပြောင်းပြန်လှန်လိုက်သလို ဖြစ်သွားပါတယ်။

အဲ့ဒီလို သိသာတဲ့ပြောင်းလဲမှုရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ ဘီဘီစီ အရှေ့တောင်အာရှ သတင်းထောက် ဂျော်နသန်ဟက်က တင်ပြထားပါတယ်။

ကျွန်တော့်ရဲ့ သတင်းထောက် အသက်မွေးဝမ်းကြောင်းမှု အတွေ့အကြုံထဲက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုကို လွန်ခဲ့တဲ့ ၂၁ တုန်းက ရခဲ့ပါတယ်။

အဲ့ဒါကတော့ စီရင်ချက်ချထားတဲ့ မူးယစ်မှောင်ခိုသမား ငါးဦးကို သေနတ်နဲ့ပစ်သတ် ကွပ်မျက်မှာကို ဘန်ကောက်မြို့ ဘန်ကွန် အကျဉ်းထောင်ထဲမှာ လာကြည့်ဖို့ ဖိတ်ခေါ်ခံခဲ့ရတာပါ။

ကွပ်မျက်ခံရမယ့် နေရာဆီကို သူတို့ လျှောက်လာတဲ့အချိန် ခြေထောက် မှာတပ်ထားတဲ့ ခြေကျင်းတွေက တချွင်ချွင်မြည်တဲ့အသံကို ကြားနေရပြီး အဲ့ဒီလူတွေရဲ့ မျက်နှာကို မြင်ခဲ့ရတာကလည်း ကျွန်တော့်အတွက် မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခု ဖြစ်ခဲ့ပါတယ်။

အဲ့ဒီကွပ်မျက်မှုဟာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ "မူးယစ်ဆေးဝါးစစ်ပွဲ" ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နောက်ပိုင်းမှာလည်း မူးယစ်ဆေးမှုနဲ့ သံသယရှိသူ ရာနှင့်ချီ သတ်ဖြတ်ခံရတဲ့အထိ မြင့်တက်လာခဲ့ပါတယ်။

သက်ဆင်ရဲ့ အဲ့ဒီ မူးယစ်ဆေးဝါးနှိမ်နင်းရေး လှုပ်ရှားမှုက နာမည်ကြီး ရေပန်းစားခဲ့ပါတယ်။

စိတ်ကြွဆေးတွေသုံးစွဲတာလို မူးယစ်ဆေးဝါးတွေကနေ ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေက သူတို့လူ့ အဖွဲ့အစည်းအပေါ် ထိခိုက်လာမှာကို လည်း ထိုင်းနိုင်ငံသားတွေက စိုးရိမ်ခဲ့ကြပါတယ်။

အဲ့ဒါကြောင့် မူးယစ်ဆေးဝါး အကြမ်းဖက်ဖြိုခွင်းမှုနဲ့အတူ တစ်ပါတည်းပါလာတဲ့ ထိတ်လန့် တုန်လှုပ်ဖွယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ လျစ်လျူရှုတဲ့ ပုံစံမျိုးတွေအထိ ဖြစ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရိုဒရီဂို ဒူတာတေး တက်လာပြီး နောက်ပိုင်းမှာလည်း ဖိလစ်ပိုင်က အဲ့ဒီလမ်းကြောင်းကို လိုက်ခဲ့သလို ဒေသတွင်းက အခြားနိုင်ငံတွေကလည်း အလားတူ ပြစ်ဒဏ်ပေးတဲ့ နည်းလမ်းတွေ လိုက်လုပ်ခဲ့ကြတာတွေ တွေ့ခဲ့ရပါတယ်။

စင်ကာပူနှင့် မလေးရှားတို့မှာဆိုရင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား မှုတွေနဲ့ပတ်သက်လို့ သေဒဏ်ချတာကို လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက လုပ်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှကို လာလည်ကြမယ့် နိုင်ငံခြားခရီးသွားတွေကိုလည်း လက်ထဲမှာ ဆေးခြောက်နည်းနည်းနဲ့တွေ့ရင်တောင် ပြင်းထန်တဲ့ပြစ်ဒဏ်ချခံရမယ်လို့ သတိပေးထားတာကလည်း ကြာပါပြီ။

အဲ့ဒီအချက်တွေကြောင့် လွန်ခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ထိုင်းနိုင်ငံမှာ အပြောင်းအလဲဖြစ်ခဲ့တာတွေက တကယ်ရော ဟုတ်ရဲ့လားလို့ တောင် တွေးကြည့်ဖို့ခက်နေတာပါ။

ကော်ဖီဆိုင်တွေနဲ့ စျေးဆိုင်တွေမှာ ဆေးခြောက်ထွက်ကုန်တွေအားလုံးကို လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးလိုက်သလို၊ အာနိသင်ပြင်းတဲ့ ဆေးခြောက်ပန်းပွင့်တွေ အပြည့်ထည့်ထားတဲ့ ပုလင်းတွေလည်း လူမြင်ကွင်းမှာ ပြထားတာ တွေ့ရပါတယ်။

ဥပဒေသစ်ကို ထောက်ခံ ဆင်နွှဲတဲ့ ပွဲတော်တစ်ခုမှာ လာတဲ့ လူတွေကို ဆေးခြောက်ပါတဲ့ ရေခဲချောင်းတွေ အလကားပေးနေ
ဓာတ်ပုံ ပုံစာ, ဥပဒေသစ်ကို ထောက်ခံ ဆင်နွှဲတဲ့ ပွဲတော်တစ်ခုမှာ လာတဲ့ လူတွေကို ဆေးခြောက်ပါတဲ့ ရေခဲချောင်းတွေ အလကားပေးနေ

အခုအချိန်မှာ ထိုင်းနိုင်ငံကို ဆေးခြောက်နဲ့ပတ်သက်ရင် အလွတ်လပ်ဆုံးနိုင်ငံတစ်ခုအဖြစ် ကမ္ဘာက သတ်မှတ်လာကြပြီး အဲ့ဒီဆေးခြောက် ဥပဒေသစ်ရဲ့ ဗိသုကာကတော့ ကျန်းမာရေးဝန်ကြီး အနျူတင်ချန်ဗီရာကူလ် ဖြစ်ပါတယ်။

ဆေးခြောက်ပါတဲ့ ဟင်းလျာ နမူနာတွေ ထိုင်းမှာတွေ့နေရသလို သူတို့ ဝင်ငွေ သစ်ရနိုင်မယ့် လမ်းကြောင်းကို ပုံဖော်ပေးတဲ့အတွက်လည်း လယ်သမားတွေက ချီးကျူးနေကြပါတယ်။

အစိမ်းရောင်တောက်တောက် ဆေးခြောက်အချိုရည်တွေကို စမ်းသောက်ကြည့် နေကြတဲ့ ထိုင်းအဘွားအိုတွေရဲ့ တခစ်ခစ်ရယ်သံတွေကိုကြားနေရသလို ဆေးခြောက်ပင်တစ်သန်းကို အစိုးရက အလကားဝေပေးတာကို တန်းစီယူနေကြတဲ့ သူတွေကိုလည်း တွေ့နေရပါတယ်။

ဆေးခြောက်ဥပဒေသစ်က ထိုင်းနိုင်ငံကို ကမ္ဘာပေါ်မှာ ဆေးခြောက်နဲ့ပတ်သတ်ရင် အပျော့ပြောင်းဆုံး ချဥ်းကပ်လုပ်ဆောင်တဲ့ နိုင်ငံတစ်ခုဖြစ်လာစေပါတယ်။

အဲ့ဒီဥပဒေသစ်အရ ဆေးခြောက်ပင်တွေကို ကြိုက်သလောက် စိုက်ပျိုးနိုင်ပြီး ကြိုက်သလောက် ဝယ်ယူသုံးစွဲနိုင်ပေမယ့် ရောင်းချတဲ့နေရာမှာတော့ ကန့်သတ်ချက်တချို့ လုပ်ထားတာရှိပါတယ်။

"သေချာတာတစ်ခုကတော့ ဆေးခြောက်သုံးရုံနဲ့ ထိုင်းနိုင်ငံမှာ ထောင်ထဲ မသွားရတော့ဘူး" လို့ ဒီကိစ္စ အပြောင်းလဲဖြစ်လာအောင် အစိုးရကို ချဉ်းကပ်စည်းရုံးရာမှာ ပါဝင်ကူညီခဲ့တဲ့ ရှေ့ဆောင်စီးပွားရေးလုပ်ငန်းရှင် တွမ်ကရူဆိုပွန်ကလည်း အခုလို ပြောပါတယ်။

"လူမြင်ကွင်းမှာ ဆေးလိပ်သောက်တာ၊ အများသူငါ စိတ်အနှောင့်အယှက်ဖြစ် စေတာ၊ ဒါမှမဟုတ် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှုအဖွဲ့ရဲ့ ခွင့်ပြုချက်မရဘဲ ဆေးခြောက်ထုတ်လုပ်ရောင်းချတာမျိုးတွေအတွက်ဆိုရင် ထောင်ကျနိုင်ပါ တယ်။ ဒါပေမယ့် ဆေးခြောက်စိုက်တာနဲ့ သုံးစွဲတာကြောင့် ထောင်ထဲမသွားရတော့တဲ့ နိုင်ငံက ထိုင်းနိုင်ငံက ပထမဆုံးဖြစ်သွားပါပြီ"

ဒီကိစ္စဟာ သူတို့အတွက် အိပ်မက်တစ်ခုလိုဖြစ်ခဲ့ပြီး ထိုင်းနိုင်ငံက ဒီအခြေအနေ အထိ လုပ်လာနိုင်လိမ့်မယ်လို့လည်း ဘယ်တုန်းကမှ သူမထင်ခဲ့ဘူးလို့ အမေရိကန်မှာ ပညာသင်ခဲ့တုန်းက ဆေးခြောက်ရဲ့ ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးတွေ သိခဲ့ရတဲ့အတွက် ဆေးခြောက်တရားဝင်ဖြစ်ရေး စတင်လှုံ့ ဆော်ခဲ့သူ ရာတာပွန် ဆန်ရက်ခ်ကလည်း သူ့ခံစားချက်ကို ပြောပါတယ်။

သူ့ အဘိုးအဘွား နှစ်ယောက်ရယ် သူ့အဖေနဲ့ အမေက ကင်ဆာရောဂါနဲ့ ဆုံးပါး သွားကြတာပါ။

သူ့အမေကို ပြုစုစောင့်ရှောက်ဖို့ အမေရိကန်ကနေ အပြေးအလွှားပြန်လာခဲ့ရပြီး သူ့အမေ နာကျင်ခံစားနေရတာတွေ သက်သာစေဖို့ ဆေးခြောက်ထွက်ကုန်တွေကို ပစ္စည်းတွေ သုံးဖို့ ဆွဲဆောင်စည်းရုံးခဲ့ရသလို အဲဒီအချိန်တုန်းက ဆေးခြောက်က ထိုင်းမှာ တရားမဝင်တဲ့အတွက် ရဖို့လည်း အခက်အခဲတွေတွေ့ခဲ့ရပါတယ်။

စစ်တပ်က လူတွေ ဦးဆောင်နေတဲ့ ရှေးရိုးစွဲနိုင်ငံတစ်ခုမှာ မူးယစ်ဆေးဝါးဥပဒေ ကို သက်သာလွတ်လပ်ခွင့်ပေးပြီး သိသိသာသာ ပြောင်းလဲလာမှုတွေဖြစ်လာဖို့ အတွက် ဘယ်လိုလုပ်ဆောင်ခဲ့ရတာလဲ။

အကြောင်းရင်း တစ်စိတ်တစ်ပိုင်းမှာ နိုင်ငံရေးပါပါတယ်။လူထုကျန်းမာရေးဝန်ကြီး မစ္စတာ အနျူတင်က ၂၀၁၉ခုနှစ်ရွေးကောက်ပွဲမှာ သူ့ပါတီရဲ့ အရေးပါတဲ့ မူဝါဒအဖြစ် ဆေးခြောက်တရားဝင်ခွင့်ပြုဖို့ ကိစ္စကို ထည့်သွင်းလုပ်ဆောင်ခဲ့ပါတယ်။

သူ့ ပါတီကိုထောက်ခံတဲ့ အမာခံနယ်မြေတွေကလည်း ဆင်းရဲနွမ်းပါးတဲ့သူတွေနေတဲ့ ထိုင်းနိုင်ငံ အရှေ့မြောက်က ကျေးလက်ဒေသတွေ ဖြစ်ပါတယ်။ စပါးနဲ့ ကြံစိုက်ပြီး အသက်မွေးဝမ်းကျောင်းပြုရုန်းကန်နေရတဲ့ အဲဒီက လယ်သမားတွေက ငွေရမယ့် သီးနှံအသစ်ကို စိုက်ပျိုးချင်နေကြတဲ့အတွက် ဆေးခြောက်ကိုခွင့်ပြုမယ့် သူ့မူဝါဒနဲ့ အံကိုက်သလို ဖြစ်သွားပါတယ်။

ဒါကြောင့် ယခုလအစောပိုင်းမှာ ဆေးခြောက်ဥပဒေသစ်ကို ထုတ်ပြန်နိုင်ခဲ့တဲ့အတွက် ဘူရီယမ်ဒေသက သူ့ကိုထောက်ခံသူတွေကို ကတိပေးထားတာကို ဖြည့်ဆည်း ပေးနိုင်ခဲ့သလို သူ့ကိုအားပေးတဲ့ ပရိသတ်တွေအတွက်လည်း သတင်းကောင်း ပါးနိုင်ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ ထိုင်းလူမျိုးတွေအနေနဲ့ စျေးကြီးတဲ့ ဓာတုဆေးဝါးတွေကို ဝယ်သုံးမယ့်အစား သူ့တို့ဘာသာကုသမှုတွေပိုလုပ်လာနိုင်ရင် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူး တွေရလာလိမ့်မယ်လို့လည်း သူက မျှော်လင့် ယုံကြည်ထားပါတယ်။

ကျန်းမာရေးဝန်ကြီး အနျူတင်ချန်ဗီရာကူလ်ဟာ ဆေးခြောက်ဥပဒေကို အကြီးအကျယ်ဆုံး ထောက်ခံအားပေးသူတွေထဲကတစ်ဦး ဖြစ်
ဓာတ်ပုံ ပုံစာ, ကျန်းမာရေးဝန်ကြီး အနျူတင်ချန်ဗီရာကူလ်ဟာ ဆေးခြောက်ဥပဒေကို အကြီးအကျယ်ဆုံး ထောက်ခံအားပေးသူတွေထဲကတစ်ဦး ဖြစ်

ပြီးတော့ ကျန်းမာရေးအပြင် စီးပွားရေးအတွက်လည်း အကျိုးအမြတ် တွေရှိလာနိုင်မှာပါ။ ဆေးခြောက်လုပ်ငန်းကနေ ပထမသုံးနှစ်အတွင်းမှာ ဒေါ်လာ ၁၀ ဘီလီယံ (ပေါင် ၈.၁ ဘီလီယံ) ဝင်ငွေရရှိလာမယ်လို့ မစ္စတာ ကရူဆိုပွန်က ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ဆေးခြောက်ကိုအသုံးပြုပြီးကုသပေးမယ့် ကုထုံးနဲ့ ရောဂါကုထုံးတွေ အတွက် ထိုင်းနိုင်ငံသို့ အထူးလာရောက်ကြမယ့် ဆေးခြောက်ခရီးသွားလုပ်ငန်းကလည်း ဝင်ငွေ ပိုရရှိလာနိုင်ဖို့ရှိပါတယ်။

အဲ့လိုမျိုး ကုသနည်းတွေနဲ့ အာရုံစိုက်ကုသပေးမယ့် ပထမဆုံးဆေးခန်းကို သူက ဖွင့်ထားပါတယ်။ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံးကော်ပိုရေးရှင်းတချို့ကလည်း ဆေး ခြောက်ကနေ ငွေရှာနိုင်မယ့်နည်းလမ်းတွေကို စောင့်ကြည့်ရှာဖွေနေကြပါပြီ။

ဥပဒေသစ်ကို မြန်မြန်ဆန်ဆန် လုံးလုံးလျားလျား ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် အိမ်နီးချင်းနိုင်ငံတွေကလည်း ဒီလမ်းကို လိုက်အတုခိုးလာကြလိမ့်မယ်လို့ ထိုင်းအစိုးရက မျှော်လင့်ထားပါတယ်။ ဒါပေမယ့် နိုင်ငံ အများစုကတော့ ထိုင်းနိုင်ငံရဲ့ လက်တွေ့ လုပ်နေတဲ့အခြေအနေ အောင်မြင် မအောင်မြင်ကို စောင့်ကြည့်ကြမှာ သေချာပါတယ်။

ဒါပေမယ့် ထိုင်း ဆေးခြောက်အစိုးရသစ်ရဲ့ မူဝါဒနောက်ကွယ်မှာ တတိယ အချက်တစ်ခု ရှိနေပါသေးတယ်။ လွန်ခဲ့တဲ့ ခုနစ်နှစ်ကတည်းက စတင်ခဲ့တဲ့ မူးယစ်ဆေးသုံးစွဲမှုအပေါ် သဘောထားတင်းမာတဲ့ ချဉ်းကပ်မှုကို ပြန်စဉ်းစားဖို့ လုပ်တဲ့ကိစ္စဟာ ထိုင်းနိုင်ငံမှာ စစ်အာဏာရှင်အစိုးရ အုပ်ချုပ်နေတဲ့ အချိန်ဖြစ်နေ တာကလည်း အံ့အားသင့်စရာကောင်းပါတယ်။

ထိုင်းနိုင်ငံမှာ ကမ္ဘာ့အကျဥ်းသားအများဆုံးရှိတဲ့ အကျဉ်းထောင်တချို့ရှိပါတယ်။ အဲ့ဒီအကျဥ်းထောင်တွေထဲက အကျဥ်းသားလေးပုံသုံးပုံက မူးယစ်ဆေးဝါးမှုကို ကျူးလွန်ခဲ့တဲ့သူတွေဖြစ်ပြီး အများစုက ပြစ်မှုအသေးလေးတွေနဲ့ ထောင်ထဲ ရောက်နေသူတွေ ဖြစ်ပါတယ်။

အကျဉ်းသားတွေနေနေရတဲ့ ဆိုးရွားတဲ့ အခြေအနေတွေကို နိုင်ငံတကာက ဝေဖန်နေကြသလို သူတို့ကို ထိန်းသိမ်းထားရတဲ့အတွက်လည်း အစိုးရကို ငွေကုန်ကြေးကျ များစေပါတယ်။

မူးယစ်ဆေးဝါးစစ်ပွဲ မအောင်မြင်ကြောင်း ၂၀၁၆ခုနှစ်က ကြေညာခဲ့တဲ့ စစ်ဘက် တရားရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပိုင်ဘွန်ကွမ်ချာယာကလည်း မူးယစ်ဆေးဝါး သုံးစွဲတာ၊ မူးယစ်ဆေးဝါး အလွဲသုံးတာတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရာမှာ ပြစ်ဒဏ်နည်းတဲ့ နည်းလမ်းတစ်ခု လိုအပ်တယ်လို့ ပြောခဲ့ဖူးပါတယ်။

မစ္စတာ အနျူတင်က သူ့ရဲ့ ဆေးခြောက်မူဝါဒသစ်ကို ဆွဲဆောင်မှုရှိတဲ့ စီးပွားရေးအကျိုးအမြတ်တွေနဲ့ အတူ တင်ပြလာတဲ့အခါ သူဖွင့်ရမယ့်တံခါးက အတော်လေးဖွင့်ပြီးသားဖြစ်နေတာကို သိခဲ့ရပြီး၊ ဒီအခြေအနေကိုရောက်ဖို့ တွန်းအားတွေ အများကြီးလိုအပ်နေတယ်ဆိုတာလည်း သိခဲ့ရတယ်လို့ ပြောပါတယ်။

ဥပဒေပြောင်းလဲမှုရဲ့ အခြားရလဒ်တစ်ခုကတော့ ဆေးခြောက်နဲ့ ပတ်သက်ပြီး စွဲချက်တင်ခံထားရတဲ့ သူ ၄၀၀၀ ကျော် ထောင်ကနေ လွတ်မြောက်လာတာပါ။

ဒါပေမယ့် ဥပဒေသစ် အတည်ပြုပြီးကတည်းက ထိုင်းနိုင်ငံတစ်ဝှမ်းမှာ တွေ့မြင်ရတဲ့ ဆေးခြောက်ကို စိတ်အားထက်သန်စွာ လက်ခံလာတဲ့ အခြေအနေကို ထိုင်း အစိုးရက သေသေချာပြင်ဆင်ထားပုံတော့မရပါဘူး ။

ဆေးခြောက်ပင်တွေပြထားတာတွေကို နေရာတိုင်းမှာတွေ့နေရပြီး ရေခဲမုန့်၊ ထိုင်း ရိုးရာဟင်းလျာတွေနဲ့ ဖျော်စပ်ချက်ပြုတ်နည်းအသစ်တွေမှာလဲ ဆေးခြောက်ပါတာကို တွေ့ရပါတယ်။ တချို့ဆိုရင် ဆေးခြောက်ကျွေးထားတဲ့ ကြက်တွေကိုတောင် ကြက်သားထုတ်ပြီး ရောင်းချနေတာ တွေ့ရပါတယ်။

ဥပဒေသစ်က ဆေးခြောက်နှင့်ပတ်သက်တဲ့ အရာအားလုံးလိုလို တရားဝင်တယ်လို့ သတ်မှတ်ထားတာပါ။

ဒါ့ကြောင့် အစိုးရက ဆေးခြောက်အသုံးပြုမှုနဲ့ပတ်သက်တဲ့ နောက်ထပ်စည်းမျဥ်းတွေကို ရေးဆွဲနေပါပြီ။

ဥပဒေအရ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအတွက်သာ သုံးစွဲခွင့်ပြုထားပေမယ့် အပန်းဖြေဖို့ ရည်ရွယ်ချက်အတွက်တော့ ခွင့်ပြုထားတာမရှိပါဘူး။ ဒါပေမယ့် ဒီခွဲခြားထားတာကို လက်တွေ့ မှာ ဘယ်လိုကျင့်သုံးရမယ်ဆိုတာကလည်း အခက်အခဲရှိပါတယ်။

ချစ်ချန်နော့ ချီချော့ ဘူရီရမ်က သူ့ရဲ့ ဆေးခြောက်ပင်တွေကို ပြုစုနေစဥ်
ဓာတ်ပုံ ပုံစာ, ချစ်ချန်နော့ ချီချော့ ဘူရီရမ်က သူ့ရဲ့ ဆေးခြောက်ပင်တွေကို ပြုစုနေစဥ်

"အပန်းဖြေအသုံးပြုမှုဟာ ပိုက်ဆံရှိတဲ့နေရာတာမှာ လုပ်ကြတယ်ဆိုတာ တခြားစျေးကွက်တွေလေ့လာမှုတွေကနေ ကျွန်မတို့အားလုံး သိပြီးသားပါ "လို့ ဘူရီရမ်မြို့က သြဇာကြီးမားတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ သမီး ချစ်ချန်နော့ ချီချော့က ပြောပါတယ်။ သူဟာ ထိုင်းမှာဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုဖို့ လုပ်ဆောင်ခဲ့တဲ့ သူတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

"ဒါကြောင့် ဆေးခြောက်ကို စီးပွားဖြစ် သီးနှံတစ်ခုအနေနဲ့ တကယ်စဉ်းစားရင် ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းဖြစ်သင့်တယ်လို့ ကျွန်မထင်ပါတယ်။"

သူဟာ ဒေသအတွက် မှန်ကန်သင့်တော်မယ့် မျိုးစိတ်ပင်တွေ ဒေသခံတောင်သူတွေ စိုက်နိုင်ဖို့ အပင်မျိုးကွဲအမျိုးမျိုးကိုလည်း ကူညီစမ်းသပ်ပေးနေပါတယ်။

မစ္စတာကရူဆိုပွန်ကလည်း သူ့အနေနဲ့ နောက်ထုတ်မယ့်စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး ဘာမှအခက်အခဲမရှိဘူးလို့ ပြောပါတယ်။ ဆေးခြောက်ကို လိုင်စင်ရ ရောင်းချသူတွေဆီကနေ ဆေးစာနဲ့ ရောင်းချတာ၊ အသက် ၁၈ နှစ်အောက် တွေကို မရောင်းဖို့ဆိုတာတွေအတွက်လည်း သူက ထောက်ခံထားပါတယ်။

"အဲ့ဒါနဲ့ပတ်သက်ပြီး သိပ်ပြီး လွန်လွန်ကဲကဲ တွေးနေစရာတော့ မလိုပါဘူး" လို့ သူက ထပ်ပြောပါတယ်။

"စီးကရက်အနေနဲ့ပဲသုံးသုံး ဆေးခြောက်ကို သုံးလို့ရပါတယ်။ စီးကရက်သုံးစွဲမှုကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေနဲ့ အရက်ယမကာသုံးစွဲမှုနဲ့ပတ်သက်တဲ့ ဥပဒေတွေကလည်း ရှိသားဖြစ်နေတော့ အဲ့ဒီဥပဒေတွေကိုပဲ အသုံးပြုလို့ ရပါတယ်။"

ဒါက‌တောာ့ ထိုင်းအစိုးရဲ့ ကမ္ဘာသစ်ဆီကိုလှမ်းမယ့် ရဲရင့်တဲ့ ခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ ဒေသတွင်းက အခြားနိုင်ငံတွေကလည်း ထိုင်းအစိုးရ လုပ်ဆောင်နေတာတွေကို စောင့်ကြည့်နေကြမှာ သေချာပါတယ်။