လေယာဥ်အရုပ်ကို မကိုင်ရဲတဲ့ ပဇီကြီးက ‌မိဘမဲ့ ကလေးတွေ

ကလေးငယ်တွေ စိတ်ဒဏ်ရာရနေကြဆဲလို့ဆို

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ကလေးငယ်တွေ စိတ်ဒဏ်ရာရနေကြဆဲလို့ဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာ နှစ်လကြာမြင့်ပြီဖြစ်ပေမဲ့ အဲဒီဖြစ်ရပ်ဆိုးကို ကြုံရတဲ့ဒေသခံတွေဟာ စိတ်ဒဏ်ရာတွေ ကျန်နေဆဲဖြစ်ပါတယ်။

အဲဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကို ကြုံခဲ့ရပေမဲ့ အသက်ရှင်ကျန်ရစ်တဲ့အရွယ်ရောက်ပြီးသူတွေထက် ကလေးငယ်တွေရဲ့ ကြောက်ရွံ့ထိတ်လန့်မှုက ပိုကဲနေပါတယ်။

စိတ်ဒဏ်ရာ သက်သာအောင် ဒေသခံကူညီရေးအဖွဲ့တွေက ကလေးတွေနဲ့ ဆော့ကစားတာ၊ ပုံပြင်ဖတ်ပြတာ၊ အရုပ်တွေ ဝေပေးတာတွေလုပ်ပေမဲ့ အဲဒီအချိန်ဟာ ဒီကလေးတွေရဲ့စိတ်ဒဏ်ရာကြီးမားနေတာကို မြင်တွေ့ရဆုံးအချိန်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

‘‘ကျွန်တော်တို့ ကလေးတွေကို စုပြီး စိတ်သက်သာအောင် လှုပ်ရှားမှုလေးတွေလုပ်တာ၊ လက်ဆောင်ပေးတာတွေလုပ်တဲ့အခါမှာ တချို့ကလေးတွေကို လေယာဥ်အရုပ်ကို မကိုင်ရဲဘူး။ မယူကြဘူး။ အဲလိုစိတ်ဒဏ်ရာ တွေ့ရတယ်။ လေယာဥ်သံကြားရင် ကြောက်နေကြတယ်’’ လို့ သူက ပြောပြပါတယ်။

စစ်ကောင်စီတပ်ဟာ ပဇီကြီးကျေးရွာအစွန်က ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ လုံခြုံရေး စုပေါင်းရုံးလို အဆောက်အဦရှိရာနေရာကို ဧပြီလ ၁၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။

စုပေါင်းရုံးဖွင့်ပွဲမှာ စတုဒီသာ အကျွေးအမွေးလည်းပါလို့ လေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့အချိန် သေဆုံးကြသူတွေထဲမှာ ကလေးသူငယ်နဲ့ အမျိုးသမီးဆယ်ချီ ပါဝင်ပါတယ်။

ဒီလိုလေကြောင်းတိုက်ခိုက်မှုအပြီး သီတင်းတစ်ပတ်အကြာမှာပဲ စစ်ကောင်စီက ပဇီကြီးကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ်တွေကို မီးရှို့ခဲ့လို့ လူနေအိမ် ၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။

အခုတော့ ဗုံးကြဲခံရ၊ စစ်ကြောင်းထိုးခံခဲ့ရတဲ့ ပဇီကြီးရွာထဲမှာ လူတွေမရှိသလောက် ဖြစ်နေပါတယ်။

ရွာထဲ လူမရှိသလောက်ဖြစ်နေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ရွာထဲ လူမရှိသလောက်ဖြစ်နေ

ဘယ်အချိန်လာမယ်မှန်းမသိတဲ့စစ်တပ်ကို ကြောက်နေ

ဧပြီလ ၁၁ ရက် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ဧပြီလ ၁၁ ရက် လေကြောင်းတိုက်ခိုက်ခံရမှုအပြီး အခြေအနေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဧပြီလ ၂၀ ရက်နောက်ပိုင်း စစ်ကြောင်းထိုးခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှု မရှိတော့ ပေမဲ့ ဒေသခံတွေဟာ စိုးရိမ်စိတ်ကြောင့် နေအိမ်မပြန်ရဲကြဘဲ လျှိုတွေကြားမှာ ဟိုတစု၊ ဒီတစု ဖြစ်သလို နေထိုင် နေကြပါတယ်။

‘’ရွာက လူမနေသလောက်ဖြစ်ပြီဆိုတော့ ခြောက်ကပ်နေတာပဲ။ အိမ်ဆိုတာကလည်း လူတွေမှ ပြင်တာ၊ ဆင်တာ၊ စိုစိုပြေပြေရှိတာကိုး။ အခုက အသံ(တိုက်ပွဲသံ)တွေ ငြိမ်နေပေမဲ့ လေယာဥ် ဘယ်တော့လာတိုက်မလဲ။ စစ်ကြောင်းဘယ်အချိန်ထိုးလာမလဲဆိုတဲ့စိုးရိမ်ချက်က နေ့ညဖိစီးနေကြတော့ ကိုယ့်အိမ်ကို မပြန်နိုင်ကြဘူးလို့ ဒေသခံ ကိုရန်က ပြောပါတယ်။

ပဇီကြီးကျေးရွာနဲ့ လေးမိုင်နီးပါးအကွာ မလယ်တိုက်နယ်ကျေးရွာမှာ စစ်ကောင်စီတပ်က အခြေစိုက် တပ်စွဲထားတာဖြစ်တာကြောင့် လမ်းပန်းသင့်တဲ့ သူတို့ကျေးရွာဆီ တစ်မဟုတ်ချင်း စစ်တပ်ရောက်လာ နိုင်တဲ့အခြေအနေကို စိုးရိမ်စိတ်ကလည်း ဒေသခံတွေ အိပ်ပြန်မကပ်နိုင်တဲ့အကြောင်းရင်းတစ်ရပ် ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒေသခံတွေ စိုးရိမ်တဲ့နောက်တစ်ချက်ကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးချိန် ကတည်းကနေ လက်ရှိအချိန်အထိ စစ်ကောင်စီတပ်ဘက်က စစ်ကိုင်းနဲ့မန္တလေးတိုင်းအစပ် ဧရာဝတီမြစ်တစ်ဖက်ကမ်း စမ္ပါယ်နဂိုရ်ရွာထဲကနေ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ မလယ်တိုက်နယ်ထဲက ပဇီကြီးကျေးရွာကို လက်နက်ကြီးနဲ့အကြိမ်ကြိမ်ပစ်ခတ်တာတွေရှိခဲ့ပါတယ်။

‘’ညနေ နေဝင်ရီတရောနဲ့ မိုးချုပ်စ ဆိုရင် လက်နက်ကြီးတွေနဲ့ပစ်ပြီ။ ဘာကြောင့်ပစ်တယ်၊ ဘယ်အချိန် ပစ်မယ်ဆိုတာလည်း မသိတော့ လူတွေက စိုးရိမ်တယ်လေ။ အခုအထိ လူထိခိုက်တာမရှိသေးပေမဲ့ တိုက် ၃ လုံးဆို အုပ်ချပ်တွေ ကွာကျကုန်တယ်။ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ၂ လုံးလည်းရှိခဲ့ဖူးတယ်။ ရင်း(တပ်ရင်းတပ်ဖွဲ့)တွေကို ခေါ်ပြီး ရှင်းလင်းခိုင်းလိုက်ရတယ်’’ လို့ ကိုရန်က ပြောပါတယ်။

ဘီဘီစီ

ခြေလက်ဖြတ်လိုက်ရသူတွေ၊ မိဘမဲ့ကလေးတွေ

လေကြောင်းတိုက်ခိုက်ခံရအပြီး ၂ လအကြာမှာ ဒေသခံတွေကြား ပြောကြဆိုကြတာကတော့ ခြေပြတ်၊ လက်ဖြတ်လိုက်ရသူတွေနဲ့ မိဘမဲ့သွားတဲ့ ကလေးငယ်တွေကိစ္စဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်ချိန် ထိခိုက်ဒဏ်ရာရခဲ့သူ ၃၀ ကျော်ထဲက အကုန်နီးပါး NUG ကုသရေးအောက် ဆေးရုံကနေ ပြန်ဆင်းလာကြပြီဖြစ်ပေမဲ့ ၃ ဦးထက်မနည်းကတော့ ဆေးကုသမှုခံယူနေရဆဲဖြစ်ပါတယ်။

နေပြန်ကောင်းလာခဲ့ပေမဲ့ ခြေဖြတ်၊ လက်ဖြတ်လိုက်ရသူတွေလည်း ရှိနေပါတယ်။

‘’ဆေးကုပေးတာကတော့ အခမဲ့ပါ။ နေပြန်ကောင်းပြီဆိုမှ သွားလိုတဲ့နေရာကို လိုက်ပို့ပေးလိုက်တယ်။ ခြေဖြတ်၊ လက်ဖြတ်လိုက်ရသူတွေရှိတယ်။ အဲဒီလို ဖြတ်လိုက်ရတော့ ကိုယ့်အိမ်ကိုယ့်ယာ ပြန်ဖို့ ထင်ထင် ရှားရှားကြီးဖြစ်နေတော့ လုံခြုံရေးစိုးရိမ်ပြီး မပြန်ရဲကြသူတွေလည်းပါတယ်။ အဲဒီထဲမှာ စစ်တပ် တပ်စွဲ ထားတဲ့ မလယ်ရွာထဲကလည်းပါတယ်’’ လို့ NUG ဒေသန္တရ ကျန်းမာရေးနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်ဆိုးတစ်ခုက မိဘမဲ့ဖြစ်သွားတဲ့ ကလေးငယ် ၄၀ ဝန်းကျင် အထိရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။

သူတို့ထဲက အချို့ကိုတော့ နီးစပ်ရာဆွေမျိုးတွေ၊ ပရဟိတအဖွဲ့တွေနဲ့ မြို့ပေါ်နေထိုင်သူအချို့က ခေါ်ယူမွေးစားတာတွေ ရှိတယ်လို့ စစ်ကိုင်းတိုင်းထဲ မီးဘေး၊စစ်ဘေး၊ပညာရေး ကူညီပေးနေတဲ့ S&C အဖွဲ့က ပြောပါတယ်။

‘‘လက်လွတ်စပယ်တော့ မပေးပါဘူး။ ပြောရရင် ဓာတ်သိ၊ ရပ်သိ ရွာခံထဲကပါရင် ကိုယ့်အမျိုးထဲကပါရင် မိတ်ဆွေတွေပါတယ် ဆိုရင်၊ မွေးစားချင်တယ်ဆိုရင် မွေးခွင့်ပေးတာပါဗျ။ လွယ်လွယ်မွေးခွင့်တော့ မပေးပါဘူး။ ဒီကလေးတွေကို ကျွန်တော်တို့က ကူညီတာဖြစ်တဲ့အတွက် ခိုင်းစားလို့တော့ မရဘူးဗျပေါ့နော်။ သူတို့တတ်သင့်တတ်ထိုက်တဲ့ ပညာသင်ပေးရမယ်။ သူတို့ဘဝလျှောက်လှမ်းနိုင်အောင် စီစဥ်ပေးရမယ် အဲဒါပေါ့’’ လို့ S&C အဖွဲ့တာဝန်ရှိသူကတော့ ပြောပါတယ်။

စိတ်ဒဏ်ရာလျော့ပါးအောင် ကူညီရေးအဖွဲ့တွေက ကလေးတွေနဲ့အချိန်ပေး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, စိတ်ဒဏ်ရာလျော့ပါးအောင် ကူညီရေးအဖွဲ့တွေက ကလေးတွေနဲ့အချိန်ပေး

ပညာသင်နှစ် နှောင့်နှေးကြဦးမယ့် ကလေးငယ်တွေ

အခြေခံပညာ ကျောင်းဖွင့်ရာသီ ရောက်ပြီဖြစ်လို့ ပဇီကြီးကျေးရွာအနီးတဝိုက်က ရွာတွေဟာ ကိုယ်ထူကိုယ်ထ အစီအစဥ်နဲ့ ကြားကာလပညာရေးကျောင်းတွေဖွင့်ဖို့ ခြေလှမ်းနေကြပေမဲ့ ပဇီကြီးကျေးရွာမှာတော့ ကျောင်းဖွင့်ဖို့ မဖြစ်နိုင်သေးပါဘူး။

‘’ကျွန်တော်တို့ဘက်မှာတော့ မနှစ်ကလည်း ကျေးရွာတစ်အုပ်စုလုံးက စာသင်တာရပ်ထားခဲ့ရတာဆိုတော့ ဒီနှစ်တော့ အတတ်နိုင်ဆုံး ပြန်ဖွင့်ဖို့ ခြေလှမ်းနေကြ၊ လုပ်နေကြပါပြီ။ ပဇီကြီးမှာတော့ ဒီနှစ် ဖွင့်နိုင်မယ် မထင်ဘူး။ စာသင်ပေးဖို့ ဆရာ ဆရာမတွေပြန်စုရမယ်။ တိုက်ခိုက်ခံရတဲ့အချိန်တုန်းက အိမ်သားတွေသေဆုံးတဲ့အထဲ ပါသူတွေလည်းရှိတော့ စာသင်ပေးမယ်လို့ ကတိကဝတ်ပြုထားတဲ့သူတွေလည်း စိတ်မပါကြတော့ဘူး။ ရှောင်ကြပုန်းကြတာတွေလည်း ရှိနေတာကိုး’’ လို့ ပဇီကြီးရွာနီးချုပ်စပ်က CDM ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပဇီကြီးမှာ လက်ရှိ စစ်ဘေးရှောင် ဒေသခံ ၇၀၀ ကျော်အထိရှိနေပြီး အဲဒီထဲက ကလေးငယ်တွေကို သိုသိုသိပ်သိပ်နဲ့ အဆင်ပြေသလို စာသင်ပေးတာမျိုးတော့ စတင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

တိုက်ခိုက်ခံရချိန်တုန်းက အမည်မဖော်နိုင်တဲ့အထိ ပျက်စီးသွားတဲ့အလောင်းတွေကို စုပြုံမီးရှို့ထားတဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ရွာအစွန်ကွင်းပြင်မှာတော့ အရိုးစနဲ့ ရုပ်ကြွင်းတွေ ဒီအတိုင်းရှိနေဆဲဖြစ်ပါတယ်။

ဒေသခံ ကိုရန်ကတော့ ‘‘ မျက်စိတစ်မှိတ်ချင်းဖြစ်သွားကြတာဆိုတော့ ကြောက်ကြလို့ ရွာထဲ မနေကြတာလည်းပါတယ်။ အဲဒီနေရာကိုတွေ့ရင် စိတ်နာကြည်းကြလို့ ရွာထဲပြန်မဝင်ကြတော့ တာလည်း ပါတယ်’’ လို့ ဘီဘီစီကို ပြောပါတယ်။