စစ်အတွင်းက အသက်ဘေးနှစ်ဆင့်ကဲ မီးနေသည်နဲ့ မိခင်လောင်းတွေ

စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ကိုင်းတိုင်းထဲက ရက်သားအရွယ်မီးနေသည်မိခင်

ဓာတ်ပုံ ရင်းမြစ်, U Pyay

ဓာတ်ပုံ ပုံစာ, စစ်ကြောင်းထိုးလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ကိုင်းတိုင်းထဲက ရက်သားအရွယ်မီးနေသည်မိခင်

မွေးဖွားခါနီး နေ့စေ့လစေ့ကိုယ်ဝန်ဆောင်ထားရတဲ့ မချောစုတစ်ယောက် ရင်သွေးငယ်ကို အန္တရာယ် ကင်းကင်းမွေးဖွားနိုင်ဖို့ နာရီနဲ့ချီကြာလမ်းလျှောက်ပြီး ဘေးကင်းမယ့်ရွာကို တိမ်းရှောင်ခဲ့ပါတယ်။

ကုန်းကြောင်းရော ရေကြောင်းပါ စစ်တပ် စစ်ကြောင်းထိုးနေတဲ့ ယင်းမာပင်ခရိုင်အတွင်းက သူ့ဇာတိကျေးရွာလေးကနေ ချင်းတွင်းမြစ်အလယ်က ကျွန်းရွာလေးဆီကို အသက်ဆက်ရှင်နိုင်ဖို့ ထွက်ပြေးခဲ့တာဖြစ်ပါတယ်။

စစ်ရှောင်ပြေးတဲ့ ရွာကို ရောက်ဖို့ ရှစ်လကျော်ကိုယ်ဝန်ကြီးနဲ့ တောလမ်းတွေဖြတ်လမ်းလျှောက်ခဲ့ရ သလို ရေအနက်ပေါင်လောက်ရှိတဲ့ ချောင်းတစ်ခုကိုလည်းလှေမရှိလို့ ရေတောထဲမှာ မချောစု ဖြတ်ကူးခဲ့ရတာပါ။

"တနေကုန် တနေခမ်း တောက်လျှောက်ပြေးနေရတာ။ ရေတွေက အောက်ပိုင်းပဲ စိုတာ။ အပေါ်ပိုင်းမစိုတော့ ဇောကပ်ပြီးသတိမထားမိဘူး။ ကလေးက လှုပ်လား မလှုပ်လားလည်းသတိမထားမိဘူး။ ည ၇နာရီလောက် ရှောင်တဲ့နေရာကိုရောက်ပြီး အိပ်ပြီဆိုမှ ကိုယ်ဝန်ကို သတိရမိတာ။ အဲဒီတော့မှကိုယ်ဝန်ပျက်ကျပြီလား စိုးရိမ်သွားတယ်"လို့ မချောစုက သူ့ရဲ့ စစ်ရှောင်ကိုယ်ဝန်ဆောင်အတွေ့အကြုံကို ပြောပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံတဝန်းက စစ်ရှောင်လူဦးရေ ၂ ဒသမ၆ သန်းထဲမှာ စစ်ကိုင်းတိုင်းက စစ်ရှောင်ဒုက္ခသည် အများဆုံးဒေသမှာရှိနေပါတယ်။

သိန်းနဲ့ချီတဲ့ စစ်ကိုင်းတိုင်းထဲကစစ်ရှောင်တွေထဲမှာ မချောစုလို ကိုယ်ဝန်ဆောင်သည်တွေကလည်း ထောင်နဲ့ချီရှိနေနိုင်တယ်လို့ စစ်ရှောင်အရေးကူညီသူတွေက ပြောပါတယ်။

မချောစုလို က‌လေးကို စိတ်ချလက်ချမီးဖွားနိုင်ဖို့ ကြိုတင်ပြင်ဆင်ချိန်ရပြီး စစ်ဘေးလွတ်မယ် ထင်တဲ့နေရာတွေကို တိမ်းရှောင်သူတွေရှိသလို တချို့က‌တော့ ကံအကြောင်းမလှလို့ ကိုယ်ဝန်ဆောင်ဘဝနဲ့ အသက်ဆုံးပါးရသူတွေကလည်း ထုနဲ့ဒေးရှိပါတယ်။

People's Healthcare Network(kalay) က စောင့်ရှောက်မွေးဖွားပေးထားတဲ့ စစ်ရှောင်မီးနေသည်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, People's Healthcare Network(kalay)

ဓာတ်ပုံ ပုံစာ, People's Healthcare Network(kalay) က စောင့်ရှောက်မွေးဖွားပေးထားတဲ့ စစ်ရှောင်မီးနေသည်တစ်ဦး

စစ်အတွင်းအကြောင်းမျိုးစုံနဲ့ ဆုံးပါးရတဲ့ မိခင်‌လောင်းတွေ

စစ်ပြေးရင်းက မီးမဖွားနိုင်တာ၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုမရတာ၊တိုက်ပွဲတွေကြားမှာ ပစ်ခတ်သတ်ဖြတ်ခံရတာတွေကြောင့် သေဆုံးရတဲ့ ကိုယ်ဝန်ဆောင်တချို့လည်း စစ်ကိုင်းမှာရှိနေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ရှောင်သွားတဲ့အချိန်မှာ ပြေးရလွှားရတာနဲ့ လမ်းကြမ်းတဲ့တောတိုက်တွေထဲ ခရီးကြမ်းသွားရတာတွေကြောင့် ကိုယ်ဝန်ပျက်ကျတဲ့သူတွေလည်းရှိနေတယ်လို့ ပုလဲမြို့နယ်ထဲက CDMတွေ စုဖွဲ့ထားတဲ့ကျန်းမာရေးစောင့်ရှောက်ပေးတဲ့အဖွဲ့တချို့ကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်က ခင်ဦးမြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးချိန် ထွက်ပြေးတိမ်းရှောင်ရင်း မိသားစုနဲ့လူစုကွဲသွားခဲ့တဲ့ ၅လသားလွယ်ထားတဲ့ကိုယ်ဝန်ဆောင်သည်တစ်ဦးကို နောက်ရက်မှာ ဦးခေါင်းမှာ ပစ်ခတ်ခံရတဲ့ အနေအထားနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတချို့ကပြောပါတယ်။

ဒေသခံတွေကတော့ စစ်တပ်က ပစ်ခတ်သတ်ဖြတ်တာလို့ ပြောပြီး စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ကတော့ သတင်းမှားလို့ ဇန်နဝါရီ ၁၄ ရက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ဝက်လက်မြို့နယ်မှာ ကိုယ်ဝန်နှစ်လရှိနေတဲ့ မိခင်လောင်းကို စစ်တပ်က စစ်ကြောင်းထိုး ဖမ်းဆီးရာကနေ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားခဲ့တယ်လို့ မိသားစုဝင်နဲ့ ဖြစ်စဥ်ကို သိရှိကြုံတွေ့ခဲ့ရသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပက်သက်လို့ စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

စစ်ကိုင်းတိုင်းအတွင်း စစ်ကြောင်းထိုးတာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ နေ့စဉ်ဆိုသလို ရှိနေပြီး လေကြောင်းပစ်ခတ်လို့ ထွက်ပြေးတိမ်းရှောင်းရင်း ကိုယ်ဝန်ဆောင်တွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ၂၀၂၃ ခုနှစ်အတွင်း စစ်ကိုင်းမြို့နယ် တခုတည်းမှာကို ဆယ်ဦးထက် မနည်းရှိခဲ့တယ်လို့ ဒေသတွင်း စစ်ရှောင်စာရင်း ကောက်သူတွေထံက သိရပါတယ်။

ဒါအပြင်စစ်ကိုင်းမြို့နယ်ထဲမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာပဲစစ်တိမ်းရှောင်ရင်းကိုယ်ဝန်အဖတ်မတင်ဖြစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦးလည်းရှိခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ပဲ ရှိမယ်။ ကိုယ်ဝန်ငါးလနဲ့ မိန်းကလေး။ သူက ဘာမှမဖြစ်ပေမယ့် ကလေးက အဖတ်မတင်လိုက်ဘူး။ စစ်ရှောင်ဖို့ပြေးရင်း လွှားရင်းနဲ့ မှောက်လဲတာ။ ကိုယ်ဝန် ပျက်ကျသွားတယ်။" လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ စစ်ကိုင်းမြို့နယ်ကဆေးမှူးတစ်ဦးက ပြောပါတယ်။

People's Healthcare Network(kalay) က ‌စောင့်ရှောက်ပေးနေတဲ့ကိုယ်ဝန်ဆောင်သည်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, People's Healthcare Network(kalay)

ဓာတ်ပုံ ပုံစာ, People's Healthcare Network(kalay) က ‌စောင့်ရှောက်ပေးနေတဲ့ကိုယ်ဝန်ဆောင်သည်တစ်ဦး

ကာကွယ်ဆေးမထိုးရတဲ့ ကိုယ်ဝန်ဆောင်သည်တွေ

ပဋိပက္ခအတွင်း ဒေသအများစုမှာကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေပျက်ယွင်းခဲ့သလို တချို့နေရာတွေမှာ တော့ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မပေးနိုင်တော့ဘူးလို့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ထဲက စစ်ရှောင်ကူညီသူတချို့က ပြောပါတယ်။

အထူးသဖြင့်ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်အရေးအကြီးဆုံးဖြစ်တဲ့ လအဆင့်လိုက် ကာကွယ်ဆေးထိုးလုပ်ငန်းစဥ် မရှိကြတဲ့ အခြေအနေကို မိခင်လောင်းတွေရင်ဆိုင်နေကြရပါတယ်။

တချို့ဆိုရင် တစ်ကြိမ်တစ်ခါမှကိုယ်ဝန်ဆောင်သည်အတွက် ကာကွယ်ဆေးတွေကို မထိုးရဘဲ မီးဖွားလိုက်ရတာကလည်း ရွာတိုင်းနီးပါးမှာရှိနေတယ်လို့ပုလဲမြို့နယ်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

မြို့ပေါ်နေထိုင်သူကလွဲလို့ ကျေးရွာမှာ နေထိုင်သူ အားလုံးနီးပါးဟာ ငွေကြေးရှိရင်တောင် စစ်ရှောင်ပြေးနေရလို့ ပုံမှန်ထိုးနှံရမယ့် ဆေးတွေကို မထိုးကြရဘဲဖြစ်နေတာပါ။

ပုံမှန်အတိုင်းဆိုရင် မိခင်လောင်းတွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်တွေမှာ ကာကွယ်ဆေးတွေကို ဂရုတစိုက်ထိုးနှံကြရမှာဖြစ်ပါတယ်။

မိခင်ရောကလေးပါပါသေစေနိုင်တဲ့ ကြက်ညှာချောင်းဆိုးနဲ့ မေးခိုင်ရောဂါတွေအတွက် ကာကွယ်ဆေးတွေကို ပထမအဆင့်ကိုယ်ဝန် ၂၇ ပတ်ကနေ ၃၆ ပတ်ကြားမှာ ပထမအဆင့် ထိုးနှံရပါတယ်။

ကိုယ်၀န်ကာလ ၄လအထက်မှာ တုပ်ကွေးရောဂါကာကွယ်ဆေးတွေကို မဖြစ်မနေထိုးနှံသင့်တယ်လို့ ခေတ်အဆက်ဆက်ကျန်းမာရေးဝန်ကြီးဌာနက ဆော်သြထိုးနှံပေးခဲ့တာပါ။

ဒါပေမဲ့အခုတော့ ဒီကာကွယ်ဆေးတွေကိုထိုးနှံခွင့်မရကြဘဲ အသက်ဘေး လုပြေးနေကြရတာဖြစ်ပါတယ်။

‘‘မေးခိုင်ကာကွယ်ဆေး တစ်လုံးကို ကျပ်ထောင်ဂဏာန်းပဲရှိတာ။ အရင်ကဆိုတော့ရင် အခမဲ့ပေါ့။ အခုပိုက်ဆံပေးထိုးပါမယ်ဆိုရင်တောင်မှ ထိုးပေးနိုင်တဲ့ဆေးခန်းနဲ့ဆေးမရှိလို့ မထိုးရတဲ့ မိခင်လောင်းတွေရှိနေတယ်’’လို့ ကျေးရွာတွေအတွင်းမှာ ဆေးဝါးကုသမှုလှည့်လည် ဆောင်ရွက်ပေးနေတဲ့ ဒီပဲယင်းထဲက ဆေးအဖွဲ့တစ်ဖွဲ့က တာဝန်ရှိသူပြောပါတယ်။

မေးခိုင်ကာကွယ်ဆေးလောက်တောင်မထိုးနှံကြရသလို လိုအပ်တဲ့ အစားအသောက်အာဟာရလည်း စစ်အတွင်းမှာမရကြပါဘူး။ ဒါအပြင် ကိုယ်ဝန်ဆောင်သည်တွေမဖြစ်မနေသောက်ရတဲ့ ဖောလစ်အက်စစ်ဓာတ်ပါတဲ့ဆေးတွေကိုလည်း သောက်သုံးခွင့်မရကြဘူးလို့ ပုလဲမြို့နယ်ထဲက ကိုယ်ဝန်ဆောင်သည်တစ်ဦးကပြောပါတယ်။

'' ဖောလစ်အက်စစ်က မွေးလာမယ့် ရင်သွေးမှာ နှုတ်ခမ်းကွဲ အာခေါင်ကွဲဖြစ်တာကို လျှော့ချပေးပါတယ်။ လမစေ့ဘဲ မွေးတာ၊ကိုယ်ဝန်ပျက်ကျတာ၊ကလေးမထွားတာနဲ့ ပေါင်မပြည့်ဘဲ ကလေးမွေးတာတွေ မဖြစ်ဖို့ကာကွယ်ပေးတယ်။ ကိုယ်ဝန်ဆိပ်တက်တာ၊ နှလုံးရောဂါတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ ဒီသောက်ဆေးတစ်မျိုးကိုတောင်လုံလုံလောက်လောက်မရတဲ့ ‌ကိုယ်ဝန်ဆောင်သည်တွေရှိနေတယ်'' လို့ စစ်ကိုင်းထဲမှာ နယ်လှည့်ဆေးကုသပေးနေတဲ့ ဆေးမှူးတစ်ဦးကပြောပြပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar ရဲ့ မြေပြင်လက်လှမ်းမီကောက်ယူထားတဲ့ စာရင်းအရ စစ်ကိုင်းတိုင်းက မြို့နယ် ၃၇ ခုမှာ မြို့နယ်ပေါင်း ၃၀ ဟာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းမြင့်မားမှု အများဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် ရန်ကုန်၊မန္တလေး၊ဧရာဝတီနဲ့ နေပြည်တော်ကလွဲပြီး နိုင်ငံတဝန်းကမြို့နယ်ပေါင်း ၃၃၀ မှာ ၂၂၁ မြို့နယ်က တိုက်ပွဲတွေရှိနေပါတယ်။ နိုင်ငံရဲ့ ၆၇ ရာခိုင်နှုန်းဟာလည်း စစ်ရေးကျယ်ပြန့်လာပြီး တိုက်ပွဲတွေ ရှိနေတာကြောင့် အသက်လုပြေးကြရတဲ့အခြေအနေမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေပျက်ယွင်းပြီး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုမရကြတဲ့အထဲ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေလည်းပါဝင်နေတာပါ။

ဒီအထဲ စစ်ကိုင်းတိုင်းက မြို့နယ်အားလုံးနီးပါးဟာ လုံခြုံရေးဆိုင်ရာ အကျပ်အတည်းမြင့်မားနေတာကြောင့် စစ်ရေးပဋိပက္ခရှိတဲ့ ကျေးရွာတွေက ကိုယ်ဝန်ဆောင်မိခင်တွေဟာ စစ်ရှောင်ပြေးရင်း ရောက်ရာအရပ်မှာ ဖြစ်သလို မီးဖွားရတာတွေလည်း ရှိပါတယ်။

‘‘ဘုန်းကြီးကျောင်းမှာ စစ်ရှောင်ချိန်မှာပဲ ကလေးမီးဖွားဖို့ ဖြစ်လာလို့ ကျောင်းက ဆရာတော်ကြီးကို ခွင့်ပြုချက် တောင်းပြီး ရှိတဲ့ပစ္စည်းနဲ့ အရေးပေါ် မီးဖွားခန်း ပြင်ဆင်ပြီး ဖြစ်သလိုမီးဖွားလိုက်ရတာလည်း ရှိတယ်’’ လို့ ဝက်လက်မြို့နယ်ထဲက စစ်ရှောင်ကူညီရေး လုပ်ပေးနေသူတစ်ဦးက သူ့အတွေ့အကြုံကိုပြောပြပါတယ်။

တချို့ကျေးရွာတွေမှာဆို လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ တစ်ရွာနဲ့တစ်ရွာသွားဖို့မလုံခြုံတာတွေကြောင့် မီးဖွားဖို့ ခက်ခဲတာတွေ ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။

" သူတို့ရွာမှာ စစ်ဖြစ်နေတာ နှစ်ရက်၊ သုံးရက်ရှိပြီ။ ဖြတ်မရလို့ သူတို့ရွာကလူတွေက လှည်းနဲ့တခါ ထမ်းစင်နဲ့တခါ သယ်ရတယ်။ မရရတဲ့နည်းနဲ့ သယ်ပြီး သွားဖွားမီးယပ် ဆရာမဆီ သွားပို့ရတာ။ ဆေးခန်းမရှိဘူး။ မွေးထုတ် သန့်ရှင်းရေးလုပ်ပြီး မွေးပြီးပြီးချင်း ပြန်ပို့ပေးရတာ"လို့ ရှိန်းမကား ဝက်လက်မြို့နယ်ဘက်က ကလေးမိခင်ကို ကူညီပေးခဲ့သူတစ်ဦးက ပြောပါတယ်။

People's Healthcare Network(kalay) က မွေးဖွားပေးထားတဲ့အမြွှာကလေးငယ် နှစ်ဦး

ဓာတ်ပုံ ရင်းမြစ်, People's Healthcare Network(kalay)

ဓာတ်ပုံ ပုံစာ, People's Healthcare Network(kalay) က မွေးဖွားပေးထားတဲ့အမြွှာကလေးငယ် နှစ်ဦး

မွေးရေးခက်သလို ရှင်ရေးရုန်းကန်ရတဲ့ မိခင်လောင်းတွေ

အာဏာသိမ်းလိုက်တဲ့နောက် စစ်ကိုင်းတိုင်းထဲက မြို့အများစုမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပျက်ယွင်းခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက် ကျန်းမာရေးအဖွဲ့တွေနဲ့ ကိုယ်ထူကိုယ်ထ CDM ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆေး‌ဝါးကုသရေးအဖွဲ့တွေကတော့ တိုက်ပွဲတွေကြားနယ်လှည့်ကုသတာနဲ့ အထိုင်ကုသပေးတာတွေကို လက်လှမ်းမီသမျှလုပ်ကိုင်ပေးနေတာတွေ့ရပါတယ်။

'' NUG အောက်က People's Healthcare Network(kalay) တို့ဘာတို့ဆို သေချာကုသပေးနေတာရှိတယ်။ နောက် မြို့နယ်အလိုက်ဆေးအဖွဲ့တွေရှိတယ်။ ဒါပေမဲ့ ပြဿနာက တိုက်ပွဲနဲ့ စစ်ကြောင်းနဲ့ဆိုတော့ တစ်နေရာနဲ့တစ်နေရာ သွားရေးလာရေးခက်တယ်။ ဝန်နဲ့အားနဲ့လည်းမမျှဘူးပေါ့။ လူတွေကလည်း တစ်နေရာတည်းအတည်မနေကြရဘူး။ ပြေးနေကြရတာဆို‌တော့ ကြုံမှစောင့်ရှောက်ပေးရသလိုဖြစ်နေတယ်'' လို့ စစ်ရှောင်တွေကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ ပုလဲမြို့ နယ်ထဲက CDM သူနာပြုတစ်ဦးကပြောပါတယ်။

ပဋိပက္ခဖြစ်နေတဲ့ အရပ်ဒေသတွေမှာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ ဒီလို အသက်ဘေးနီးတဲ့အန္တရာယ်တွေကို ကြုံရသလို ဝမ်းရေးနဲ့ နေထိုင်ရေးအတွက်လည်း လှုပ်ရှားရုန်းကန်နေရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ဇူလိုင်လမှာ သမရိုးကျေးရွာနဲ့ ရွှေပန်းကုန်းရွာကြားမှာ ဈေးရောင်းဖို့ ထွက်လာတဲ့ ဈေးသည်တွေကို လက်နက်ငယ်နဲ့ ပစ်ခတ်လို့ ၇ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူထဲမှာ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီလထဲမှာပဲ မုံရွာမြို့နယ်၊ မအူကျေးရွာမှာ လက်နက်ကြီးကျည်မှန်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

မြန်မာစကားပုံထဲကအတိုင်း ‘‘ယောင်္ကျားဖောင်စီး၊ မိန်းမ မီးနေ’’ ဘဝလို စစ်ရှောင်မိခင်တွေဟာ သေဘေးအန္တရာယ်ကို နှစ်ဆင့်ကဲရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ယင်းမာပင်ကနေ ချင်းတွင်းမြစ်လယ်က ကျွန်းရွာလေးကို စစ်ရှောင်ခဲ့တဲ့ မချောစုဟာ ကိုယ်ဝန် ဆယ်လ အရောက်မှာ သမီးမိန်းကလေးကို အောင်မြင်စွာ မီးဖွားနိုင်ခဲ့ပေမယ့် အပြည့်အဝ ဝမ်းမသာနိုင်ခဲ့ပါဘူး။

အဲ့ဒီအချိန်မှာ သူ့ရွာအနီးကို စစ်တပ် စစ်ကြောင်း ထိုးနေချိန်ဖြစ်လို့ သူတင်မက လသားအရွယ်ကလေးငယ်အသက်ဘေးက လွတ်မြောက်ရေးကိုသာ စိုးရိမ်ပူပန်နေပါတယ်။