ပူတင်ကို ပုန်ကန်ခဲ့တဲ့ ဗာဂနာ ခေါင်းဆောင် သေဆုံးတာက ဘယ်လို အဓိပ္ပါယ်ဆောင်လဲ
စတိဗ် ရိုဆင်ဘတ်
ဘီဘီစီ ရုရှားဆိုင်ရာ အယ်ဒီတာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယက်ဖ်ဂေးနီ ပရီဂေါဂျင်နဲ့ သူ့ရဲ့ ဗာဂနာတပ်ဖွဲ့ဝင်တွေ ရုရှားအစိုးရကို ပုန်ကန်ထကြွမှုလုပ်ခဲ့တာ လွန်ခဲ့တဲ့ နှစ်လ ကပါ။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ စိတ်ခံစားမှုကို အဲဒီတုန်းက ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရပါတယ်။
သူက ဒါဟာ “နိုင်ငံတော်ပုန်ကုန်မှု” ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ “နောက်ကျောကို ဓားနဲ့ထိုးတာ”လို့ သုံးနှုန်းပြောဆိုခဲ့ပါတယ်။ ဒီပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးမယ်လို့လည်း ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီလို မလုပ်ခဲ့တဲ့အခါ လူတွေကြားမယုံသင်္ကာဖြစ်ခဲ့ကြပါတယ်။ ခဏတာ ပုန်ကန်မှုအတွင်း ရုရှားတပ်သားတွေ သေဆုံးမှုရှိခဲ့ပေမဲ့ ဒီပုန်ကန်မှုကို အဆုံးသတ်ဖို့ ပရီဂေါဂျင်နဲ့ ကရင်မလင်တို့ကြား သဘောတူညီမှုရတဲ့အခါ၊ ဗာဂနာခေါင်းဆောင်နဲ့ သူ့တပ်သားတွေအပေါ် စွဲချက်တွေကို ဖယ်ရှားပေးတဲ့အခါ ပူတင်ရဲ့အနေအထားက အားနည်းချိနဲ့တဲ့ပုံစံ ပေါက်ခဲ့ပါတယ်။
ပုန်ကုန်မှုတွေရပ်ရင် အရေးယူမှုမလုပ်ဘူးဆိုတဲ့ နှစ်ဖက်သဘောတူညီမှုရတဲ့အချိန်တုန်းက ရုရှားသတင်းစာတစ်စောင် ရေးတာဆိုရင် “ဒီလိုညှိနှိုင်းသဘောတူညီမှုမျိုးက နိုင်ငံရေးအတိုက်အခံတွေနဲ့ပဲ လုပ်လေ့ရှိတယ်။ ရာဇဝတ်သားတွေ၊ အကြမ်းဖက်သမားတွေနဲ့ ဘယ်တုန်းကမှ မလုပ်ခဲ့ကြဘူး။ ဒီသဘောတူညီမှုအရ ပရီဂေါဂျင်ကို နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ မြင်ကြည့်ရတော့မလား” ဆိုပြီး ရေးခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ အခြအနေတွေက ရုတ်တရက် ပြောင်းလဲသွားပါပြီ။
နှစ်လတိတိလောက်ကြာတဲ့အခါ ပရီဂေါဂျင်ရဲ့ ကိုယ်ပိုင်လေယာဥ် ကွင်းပြင်ထဲ ပျက်ကျမှုမှာ ပရီဂေါဂျင် သေဆုံးပြီလို့ ယူဆရပါတယ်။ အဲဒီလေယာဥ်ပေါ်မှာ ဗာဂနာတပ်မှူး ဒီမီထရီ အူကင်လည်း ပါဝင်ပါတယ်။
ပရီဂေါဂျင် သေဆုံးတာကို ရုရှားရဲ့ထိပ်ဆုံးအလွှာအသိုင်းအဝိုင်းမှာတော့ ဝမ်နည်းစိတ်မကောင်းဖြစ်တဲ့သူ သိပ်ရှိမှာ မဟုတ်ပါဘူး။ အထူးသဖြင့် ရုရှားစစ်တပ်ခေါင်းဆောင်ပိုင်းက လူတွေပါ။ သူတို့ကို ဖြုတ်ချဖို့ ပရီဂေါဂျင်က လူသိရှင်ကြား ရှုတ်ချပြီး ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဗာဂနာခေါင်းဆောင်က “တရားမျှတမှု ချီတက်ပွဲ”လို့ နာမည်တပ်ထားတဲ့ သူ့ရဲ့ပုန်ကန်မှုဟာ ကရင်မလင်ကို ပစ်မှတ်ထားတာမဟုတ်ဘဲ ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူနဲ့ စစ်ဦးစီးချုပ် ဗယ်လာရီ ဂါရာဆီမော့ဗ် ကို ဦးတည်ခဲ့တာလို့ ဆိုပါတယ်။
အမှန်တကယ်တော့ ဗာဂနာအဖွဲ့ရဲ့ ပုန်ကန်မှုက သမ္မတပူတင်ရဲ့ သြဇာအာဏာကို တိုက်ရိုက်စိန်ခေါ်တာပဲ ဖြစ်ပါတယ်။ ပူတင်အစိုးရအတွက်တော့ အရှက်ရစရာ ၂၄ နာရီ ဖြစ်ခဲ့ပါတယ်။ သမ္မတပူတင်ကိုယ်တိုင်ကတော့ ရုရှားဟာ ဗာဂနာအဖွဲ့ကို ငွေကြေးပံ့ပိုးပေးခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒါပေမဲ့ သူပေးတဲ့ ငွေကြေးက သစ္စာခံမှုကိုတော့ မဝယ်နိုင်ခဲ့ပါဘူး။
တကယ်လို့ အခုနောက်ဆုံးအဖြစ်အပျက်ဟာ ရုရှားအာဏာပိုင်တွေရဲ့ လက်စားချေမှုဖြစ်ခဲ့တယ်ဆိုရင်တော့ သူတို့ပေးချင်တဲ့ သတင်းစကား နှစ်ခု ရှိပါလိမ့်မယ်။ ပရီဂေါဂျင်အပေါ် သစ္စာခံသူတွေနဲ့ ရုရှားမှာ လက်နက်ကိုင်ပုန်ကန်ချင်သူတွေအတွက် အဲဒီသတင်းစကားကတော့ -
- ပုန်ကန်ဖို့ မကြိုးစားနဲ့။
- ပုန်ကန်တဲ့သူတွေ ဘာဖြစ်သွားလဲ ကြည့်ပါ။
ဆိုတဲ့ သတင်းစကားတွေပဲ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကနေ သမ္မတပူတင်ဟာ ပြည်တွင်းမှာ ပိုပြီးတောင် အားကောင်းတဲ့ အနေအထားတစ်ခုကို ရောက်လာနိုင်ပါတယ်။
ဒါပေမဲ့ ပရီဂေါဂျင်ကို အာဇာနည်အဖြစ် ယူဆကြရင်ရော ဘာဖြစ်မလဲ။ စနစ်တကျလေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ သူ့အပေါ် သစ္စာခံသူတွေက လက်စားပြန်ချေဖို့ လုပ်လာကြ၊ ဆော်သြလာကြရင်ရော ဘာဖြစ်နိုင်လဲဆိုတဲ့ မေးခွန်းတော့ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗာဂနာအဖွဲ့နဲ့ဆက်စပ်တဲ့ Grey Zone ဆိုတဲ့ တယ်လီဂရမ် ချန်နယ်ကတော့ ပရီဂေါဂျင် သေဆုံးမှုက ရုရှားသစ္စာဖောက်တွေကြောင့်လို့ အပြစ်တင်ပါတယ်။
ဒါပေမဲ့ သစ္စာဖောက်က ဘယ်သူတွေလဲ၊ သူတို့ ဘယ်လို တုံ့ပြန်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မဖော်ပြပါဘူး။
ဒါပေမဲ့ ဒီလေယာဥ်ပျက်ကျမှုက လုပ်ကြံမှုဖြစ်ခဲ့ရင်လည်း ရုရှားက လူအများစုကတော့ အံ့သြကြမှာ မဟုတ်ပါဘူး။ ပုန်ကုန်ထကြွမှုတွေ စလုပ်ကတည်းက ပရီဂေါဂျင်ရဲ့ ကံကြမ္မာဘာဖြစ်လာနိုင်လဲ၊ သူ့ရဲ့လုပ်ရပ်တွေအပေါ် ခွင့်လွှတ်မလားဆိုတာ လူတွေကြား အမျိုးမျိုး ပြောဆိုခဲ့ကြပါတယ်။
ပရီဂေါဂျင်ကိုယ်တိုင်လည်း ဒါကို သိနေခဲ့မှာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေက သူ့ကိုယ်ပိုင်ဂျက်လေယာဥ်နဲ့ ခရီးသွားခဲ့ပြီး ဒီလို လေယာဥ်နဲ့ခရီးသွားတာက အန္တရာယ်အဖြစ် သူယူဆခဲ့ပုံ မရပါဘူး။
သူဟာ ရုရှားမှာ အလွန်အင်အားကြီးတဲ့သူ၊ သူ့ကို ရုရှားမြင်ကွင်းကနေ ဖယ်ထုတ်ဖို့ မရအောင် အရေးကြီးတဲ့သူအဖြစ် သူ့ကိုယ်သူ ယူဆနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters








