ပူတင် ဘာဆက်လုပ်မလဲ။ ဗာဂနာခေါင်းဆောင် ဘာဖြစ်နိုင်လဲ။

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားမှာ ပုန်ကန်မှုဖြစ်တာ သိပ်မကြာခဲ့ပေမဲ့ သမ္မတပူတင်ရဲ့ အနေအထားကိုတော့ အများကြီးထိခိုက်ခဲ့ရပါတယ်။ဗာဂနာကြေးစားတပ်ဖွဲ့ရဲ့ ပုန်ကန်မှုနောက်ပိုင်း မော်စကိုမြို့တော်မှာဆို လုံခြုံရေးအစီအမံတွေ ဆက်ချထားရပါတယ်။
သမ္မတပူတင်ရဲ့ လက်ရှိအနေအထားအပေါ် မေးခွန်းထုတ်စရာတွေ အများကြီး ရှိလာပါတယ်။
ပူတင် ဘာဆက်လုပ်မလဲ။
ဗာဂနာအဖွဲ့ရဲ့ ပုန်ကုန်ဟာ သမ္မတပူတင် စအာဏာရခဲ့တဲ့ ပြီးခဲ့တဲ့အနှစ် ၂၀ ကျော်ကာလကစလို့ အခုချိန်ထိ အကြီးမားဆုံး စိန်ခေါ်ခံရတာ ဖြစ်ပါတယ်။
လတ်တလောအန္တရာယ်ကို ထိန်းထားနိုင်ခဲ့ပေမဲ့ သမ္မတပူတင်ရဲ့အနေအထားက ခိုင်မာတဲ့ ပုံစံမဟုတ်တော့ဘဲ ဒဏ်ရာအကြီးအကျယ်ရထားသူလို ဖြစ်နေတယ်တို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
သူ့အပေါ် သစ္စာဖောက်တာကို စက်ဆုပ်မုန်းတီးနေတယ်ဆိုတာကို သမ္မတပူတင်ရဲ့ စနေနေ့က ရုပ်မြင်သံကြားမိန့်ခွန်းထဲမှာ အထင်းသားပေါ်လွင်နေပါတယ်။ ဗာဂနာခေါင်းဆောင် ယက်ဗ်ဂင်နီ ပရီဂေါ့ဂျင်ကိုလည်း နောက်ကျော ဓားနဲ့ထိုးသူ၊ နိုင်ငံတော်သစ္စာဖောက်သူလို့ စွပ်စွဲခဲ့ပါတယ်။
အဲဒီမိန့်ခွန်းနောက်ပိုင်း သမ္မတပူတင်ကို လူမြင်ကွင်းမှာမတွေ့ရပါဘူး။ တနင်္ဂနွေနေ့ကတော့ ဒီမတိုင်ခင်က ရိုက်ကူးထားတဲ့ အင်တာဗျူးတစ်ခုကို အစိုးရပိုင်ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့ပြီး အဲဒီထဲမှာတော့ ယူကရိန်းစစ်ပွဲမှာ တိုးတက်မှုတွေရနေတယ်လို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။
မော်စကိုမြို့တော်မှာ လုံခြုံရေးတွေ တင်းကျပ်ထားပေမဲ့ သမ္မတပူတင် မြို့တော်မှာ ဆက်ရှိနေသလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
ဒီပုန်ကန်မှုအခြေအနေကို သမ္မတပူတင်ဟာ တစ်နည်းတစ်ဖုံနဲ့ တုံ့ပြန်နိုင်တယ်၊ အဲဒါကတော့ ယူကရိန်းကို စစ်ရေးနည်းနဲ့ တုံ့ပြန်တာ၊ ဒါမှမဟုတ် ရုရှားနိုင်ငံတွင်းက သူ့အပေါ် မထောက်ခံသူတွေကို တုံ့ပြန်တာမျိုး ရှိလာနိုင်တယ်လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။
ပိုလန်နိုင်ငံက ဥရောပပါလီမန်အမတ် ရာဒက် ဆီကိုစကီးကတော့ ပူတင်ဟာ သူ့အဖွဲ့အတွင်းက အားနည်းပျော့ညံ့တယ်လို့ သူယူဆသူတွေကို ထုတ်ပယ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အဲဒီလို ထုတ်ပယ်ပြီး သူ့အစိုးရဟာ အာဏာရှင်ဆန်ဆန် ရက်ရက်စက်စက်ပြုမူလာနိုင်တယ်လို့ ပြောပါတယ်။
ပရီဂေါ့ဂျင် ဘယ်လာရုစ်မှာ ဘာဆက်လုပ်မလဲ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပုန်ကန်သူ ယက်ဗ်ဂင်နီ ပရီဂေါ့ဂျင်ဟာ လောလောဆယ် ဝရမ်းပြေးမဟုတ်ပါဘူး။
သူဟာ ရုရှားခေါင်းဆောင်ကိုဖြုတ်ချဖို့ ကြိုးစားခဲ့ပေမဲ့ သူ့အပေါ် လက်နက်ကိုင်ပုန်ကန်မှုနဲ့စွဲချက်ကို ရုပ်သိမ်းထားပြီးပါပြီ။ ဒါပေမဲ့ ဗာဂနာအဖွဲ့နဲ့ ရုရှားအစိုးရတို့ကြား ဘာတွေ သဘောတူညီခဲ့သလဲဆိုတာ အသေးစိတ်ကို မသိရသေးပါဘူး။
ပရီဂေါ့ဂျင်ဟာ လွယ်လွယ်လေးနဲ့ လူမြင်ကွင်းက ပျောက်ကွယ်သွားမဲ့သူတော့မဟုတ်ဘူးလို့ ရုရှားအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ပရီဂေါ့ဂျင်ဟာ ယူကရိန်းမှာရှိနေတဲ့ သောင်းနဲ့ချီတဲ့ ရုရှားစစ်သားတွေအပေါ် အလွန်သြဇာကြီးသူဖြစ်ပြီး သမ္မတပူတင်အတွက်လည်း နောက်ကွယ်ကနေ အချိန်အကြာကြီး အလုပ်လုပ်ပေးထားသူဖြစ်လို့ အရေးကြီးတဲ့သူ ဖြစ်ပါတယ်။
ဆီးရီးယားတိုက်ပွဲတွေကအစ ၂၀၁၄ မှာ ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်တဲ့ဖြစ်စဥ်တွေထိ ကရင်မလင်ဘက်က လူသိရှင်ကြားမလုပ်ချင်တဲ့ အောက်တန်းကျ ညစ်ပတ်တဲ့အလုပ်တွေကို သူက နောက်ကွယ်ကနေ လုပ်ပေးခဲ့တာတွေ ရှိပါတယ်။
ဒါပေမဲ့ အခုတော့ သမ္မတပူတင်ကို စိန်ခေါ်ပြီးနောက် သူ့ရဲ့လုံခြုံရေးအပေါ် ဘယ်လို အာမခံချက်တွေ ဆက်ပေးထားမလဲ၊ သူ့ရဲ့အနာဂတ်အခန်းကဏ္ဍက ဘယ်လို ဆက်ဖြစ်လာမလဲဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။
ကြားဝင်ညှိနှိုင်းပေးတဲ့ ဘယ်လ်လာရုစ်ခေါင်းဆောင် အလက်ဇန်းဒါး လူကာရှန်ကိုကရော တကယ်လို့ ပရီဂေါ့ဂျင် မင့်စ်ခ်မြို့တော်ကို သွားရင် ဘယ်လောက်ထိန်းထားနိုင်မလဲ၊ ဗာဂနာအဖွဲ့တွေကရော သူ့နောက်ကို ဆက်လိုက်မလား၊ ဗာဂနာအဖွဲ့က ရုရှား၊ ဘယ်လာရုစ်နဲ့ ယူကရိန်းကို ဘယ်လို ခြိမ်းခြောက်နိုင်မလဲ စတဲ့ မေးခွန်းတွေလည်း ဆက်ရှိနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။
ဗာဂနာအဖွဲ့ လောလောဆယ် ဘာဖြစ်နေလဲ။
ဒီလက်နက်ကိုင်ပုန်ကန်မှုမတိုင်ခင်က သောင်းနဲ့ချီတဲ့ ဗာဂနာတပ်ဖွဲ့ဝင်တွေဟာ ပူတင်ရဲ့ ယူကရိန်းစစ်ပွဲမှာ အဓိကကျတဲ့နေရာက ရှိနေပါတယ်။ ဒါပေမဲ့ ဗာဂနာအဖွဲ့ရဲ့ လွတ်လပ်စွာရပ်တည်မှုအနေအထားက အဆုံးသတ်ပိုင်းကို ရောက်လာခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနထဲ ဝင်ပူးပေါင်းဖို့ ဖိအားပေးခံရပြီး ဒါကို ပရီဂေါ့ဂျင်နဲ့ သူ့တပ်ဖွဲ့တွေက လုံးဝမလိုလားသလို ဒါကို ငြင်းဆန်နေခဲ့ပါတယ်။ ဒီအချက်ကပဲ လက်နက်ကိုင်ပုန်ကန်မှုဆီ ဦးတည်ခဲ့တယ်လို့ ယူဆလို့ရပါတယ်။
အခု အချိန်တိုလက်နက်ကိုင်ပုန်မှုက အဆုံးသတ်ခဲ့ပေမဲ့ ပရီဂေါ့ဂျင်ကတော့ ပြည်ပမှာ ရှိနေတော့မယ်လို့ ယူဆရပါတယ်။ ဒါဆိုရင် ကျန်ခဲ့တဲ့သူ့တပ်သားတွေ ဘာဆက်လုပ်မလဲဆိုတာ မေးခွန်းဖြစ်လာပါတယ်။
လက်နက်ကိုင်ပုန်ကန်သူတွေအပေါ် စွဲချက်တွေကိုတော့ ပယ်ဖျက်ခဲ့ပုံ ရပါတယ်။ လူမှုကွန်ရက်မှာ တွေ့ရတဲ့ ဗီဒီယိုတွေမှာတော့ ဗာဂနာတပ်သားတွေ ရော့စ်တော့ဗ်မြို့က ထွက်ခွာသွားတာ မြင်ရပါတယ်။ ပုန်ကန်စဥ်က သူတို့ဟာ ဒီမြို့က စစ်အခြေစိုက်စခန်းတွေကို သူတို့က ထိန်းချုပ်ခဲ့တာပါ။မော်စကိုနဲ့ ရော့စ်တော့ဗ်အလယ်လောက်က ဗိုရိုနက်ချ်မြို့ အုပ်ချုပ်ရေးမှူးကလည်း ဗာဂနာအဖွဲ့က သူ့ဒေသကနေထွက်သွားပြီလို့ ပြောခဲ့ပါတယ်။
ဒါဆိုရင် ဗာဂနာတပ်သားတွေဟာ ရုရှားအစိုးရနဲ့ပူးပေါင်းဆောင်ရွက်လာမလား၊ရုရှားစစ်တပ်ထဲကို ဝင်ပြီး ရုရှားစစ်တပ်နဲ့ ပေါင်းစည်းလိုက်မလား၊ နောက်ပြီး ရုရှားစစ်သားတွေကရော သူတို့နဲ့အတူ အလုပ်တွဲလုပ်ချင်မလားဆိုတာတွေကလည်း ရှင်းရှင်းလင်းလင်း မရှိလှသေးပါဘူး။
ရုရှားအစိုးရပိုင်မီဒီယာမှာပြောသလို ဗာဂနာအဖွဲ့သားတွေဟာ ယူကရိန်းကို ပြန်ပြီး တိုက်နိုင်သလား။ တချို့သုံးသပ်တာကတော့ ဗာဂနာတပ်သားတွေဟာ ပရီဂေါ့ဂျင်နောက်ကို လိုက်နိုင်ပြီး ပရီဂေါ့ဂျင်သာ ဘယ်လာရုစ်ကို သွားမယ်ဆိုရင် ယူကရိန်းအနောက်ပိုင်းကို ရောက်လာနိုင်ပြီး ဒါဟာ ယူကရိန်းမြို့တော် ကိယက်ဗ်နဲ့ သိပ်မဝေးနဲ့နေရာဖြစ်ပြီး ရုရှားတပ်တွေ ကိယက်ဗ်မြို့ကို တိုက်ခိုက်ဖို့ အနီးဆုံးနေရာလည်း ဖြစ်နေတဲ့အတွက် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
ယူကရိန်းစစ်ပွဲကို ဘယ်လို ရိုက်ခတ်နိုင်လဲ။
ဗာဂနာအဖွဲ့ထဲမှာ ထောင်တွေထဲကနေဆွဲထုတ်ယူထားတဲ့ တပ်ဖွဲ့ဝင် အများအပြားပါဝင်နေပေမဲ့ ယူကရိန်းထဲက အလစ်အငိုက် စီးနင်းတိုက်ခိုက်မှုတွေမှာ အောင်မြင်မှုအရဆုံး တိုက်ပွဲတချို့ရှိခဲ့ပါတယ်။ ရှေ့တန်းသွားရင် ထောင်ကနေ လွတ်မြောက်ခွင့်ရမယ်ဆိုတဲ့မက်လုံးနဲ့ ဆွဲခေါ်ခဲ့တာပါ။ ဘာ့ခ်မုမြို့ သိမ်းပိုက်တဲ့ တိုက်ပွဲမှာဆိုရင် ဗာဂနာအဖွဲ့က အခရာကျပါတယ်။
ရုရှားဘက်ကတော့ အခုလက်နက်ကိုင်ပုန်ကန်မှုကြောင့် ယူကရိန်းစစ်ပွဲကို မထိခိုက်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ဒီသတင်းကို ရှေ့တန်းက ရုရှားစစ်သားတွေကြားနိုင်ပြီး အဲဒီလိုကြားရင် စိတ်ဓာတ်ပျက်ပြားမှုတွေ ရှိနိုင်ပါတယ်။ ပြိုင်ဘက်အဖွဲ့တွေကြား တိုက်ခိုက်မှုတွေတောင် ရှိလာနိုင်တယ်လို့ တချို့က သုံးသပ်ပါတယ်။ ဒါကလည်း ရုရှားနိုင်ငံတွင်းမှာ ဘယ်လိုနောက်ဆက်တွဲလုပ်ဆောင်မှုတွေ၊ ရိုက်ခတ်မှုတွေ ရှိမလဲဆိုတဲ့အပေါ်မှာတော့ မူတည်ပါတယ်။
ယူကရိန်းဘက်ကကြည့်ရင်တော့ ရုရှားရဲ့စစ်ရေးအရှိန်မြင့်လာနိုင်တဲ့အန္တရာယ်ရှိပေမဲ့ လက်ရှိ နယ်စပ်က မတည်ငြိမ်မှုတွေကနေ ဘယ်လိုအကျိုးအမြတ်ရနိုင်မလဲဆိုတာကို ကြည့်နေမှာ ဖြစ်ပါတယ်။
ရုရှားသိမ်းယူထားတဲ့နယ်မြေတွေ ပြန်ရဖို့ တန်ပြန်ထိုးစစ်တွေ ဆက်လုပ်နေပါတယ်။ ရုရှားအခက် ယူကရိန်းအချက်ဖြစ်လာဖို့ ယူဆနေပါတယ်။
အခုချိန်မှာ ဗာဂနာအဖွဲ့ရဲ့ ရုတ်တရက်လှုပ်ရှားမှုကြောင့် ဖြစ်လာတဲ့ အားနည်းချက်ကနေ နည်းဗျူဟာကျကျ အသုံးချဖို့ ယူကရိန်းမှာ အခွင့်လမ်းတစ်ရပ် ရှိနေကြောင်း ယူကရိန်းဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း ဘေလ် တေလာက ဘီဘီစီကို ပြောပါတယ်
အမေရိကန်နဲ့မဟာမိတ်တွေ ဘာတွေ ကြိုသိခဲ့သလဲ။
ပရီဂေါ့ဂျင်ရဲ့ ပုန်ကန်မှုက ကရင်မလင်အတွက် အငိုက်မိခဲ့ပုံရပေမဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေကတော့ ပရီဂေါ့ဂျင် တစ်ခုခုလုပ်မယ်ဆိုတဲ့ လက္ခဏာတွေနဲ့ပတ်သက်ပြီး သမ္မတဂျိုးဘိုင်ဒန်နဲ့ ကွန်ဂရက်ခေါင်းဆောင်တွေကို ဒီသတင်းပတ်အစောပိုင်းကပဲ ရှင်းလင်းပြခဲ့တယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြပါတယ်။
ဗာဂနာအဖွဲ့ဟာ ရုရှားနယ်စပ်နားမှာ လက်နက်ခဲယမ်းတွေ စုဆောင်းနေတာကို အမေရိကန်ထောက်လှမ်းရေးက တွေ့ခဲ့တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြပါတယ်။
နယူးယောက်တိုင်မ်းမှာလည်း သမ္မတဘိုင်ဒန်ဟာ ပြင်သစ်၊ ဂျာမနီ၊ ယူကေခေါင်းဆောင်တွေနဲ့ စကားပြောခဲ့ပြီး ရုရှားမှာ ကမောက်ကမဖြစ်နေတဲ့အခြေအနေကနေ သမ္မတပူတင်က နျူကလီးယားလက်နက်သုံးမှာကို စိုးရိမ်ကြတယ်လို့ ဖော်ပြပါတယ်။
သမ္မတပူတင်နဲ့ ပရီဂေါ့ဂျင်တို့ရဲ့ ဆက်ဆံရေးကို လအတော်ကြာ စောင့်ကြည့်ခဲ့ပြီး ယိုယွင်းလာတဲ့ဆက်ဆက်ဆံရေးကြောင့် ရုရှားနဲ့ ဗာဂနာတို့ ယူကရိန်းစစ်ပွဲမှာ အများကြီး အထိနာလာနိုင်တယ်လို့ အမေရိကန်ထောက်လှမ်းရေးက သုံးသပ်ကြောင်း ဖော်ပြပါတယ်။
ပရီဂေါ့ဂျင်ဟာ ဇွန်လလယ်ကတည်းက တစ်ခုခုလုပ်ဖို့ ကြံစည်ခဲ့တာကို အမေရိကန်က သိရှိခဲ့ကြောင်း ဝါရှင်တန်ပို့စ်သတင်းကလည်း ရေးပါတယ်။
ဇွန်လ ၁၀ ရက်နေ့တုန်းက ရုရှားကာကွယ်ရေးဝန်ကြီးဌာနအမိန့်ထဲမှာ ဗာဂနာတို့လို ကိုယ့်သဘောနဲ့ကိုယ် သီးခြားစစ်တိုက်နေကြသူတွေဟာ ရုရှားအစိုးရနဲ့ စာချုပ်ချုပ်ရမယ်လို့ ဖော်ပြပြီးနောက် ဒါဟာ ဗာဂနာကို ရုရှားစစ်တပ်က သွတ်သွင်းလိုက်တာပဲ ဖြစ်လို့ အခုလို ပုန်ကန်ဖို့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်လာတာပါ။
ပရီဂေါ့ဂျင်တစ်ခုခုကြံစည်နေတာကို သိကြပေမဲ့ သူဘာလုပ်မလဲဆိုတာကတော့ သူလက်နက်ကိုင်ပုန်ကန်ကြောင်း ကြေညာမှ သိလာကြတာပါ။
သမ္မတပူတင်ကိုလည်း ပရီဂေါ့ဂျင်တစ်ခုခုလုပ်မယ်ဆိုတာကို သူ့ထောက်လှမ်းရေးက ကြိုအကြောင်းကြားခဲ့တယ်လို့ အမေရိကန်အရာရှိကို ကိုးကားပြီး ဖော်ပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားပြည်သူတွေက ဘယ်လိုမြင်လဲ။
ပုန်ကုန်မှုဖြစ်နေစဥ် သမ္မတပူတင် နိုင်ငံကို မိန့်ခွန်းပြောတာကို ကြည့်ရင် ဒီခြိမ်းခြောက်မှုအပေါ် သူဘယ်လောက်စိုးရိမ်သလဲဆိုတာကို ပြသတာ ဖြစ်ပါတယ်။ သူ့မှာ အာဏာအခိုင်အမာရှိသေးကြောင်းလည်း ပြသဖို့ လိုအပ်တဲ့အတွက် ဖြစ်ပါတယ်။
‘’ရုရှားက အထက်တန်းလွှာတွေထဲက အများအပြားကလည်း ဒီလောက်ထိဖြစ်သွားတဲ့အပေါ် သမ္မတပူတင်ကိုပဲ အပြစ်တင်ကြမယ်။ အချိန်မီ သူ တုံ့ပြန်မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ မြင်ကြတယ်။’’ လို့ ရုရှားအရေးလေ့လာသုံးသပ်သူ တာတီယာနာ စတာနိုဗာယာက တယ်လီဂရမ်ပေါ်မှာ ရေးသားပါတယ်။ “ဒါကြောင့် ဒီဖြစ်ရပ်က ပူတင်ရဲ့အနေအထားအပေါ် ထိုးနှက်ချက်ကြီးတစ်ခုပါ။”
ရုရှားပြည်သူအားလုံးရဲ့အမြင်ကို ခြုံပြောဖို့ခက်ပေမဲ့ ရော့စ်တော့ဗ်မြို့ လမ်းဘေးဝဲယာက အရပ်သားတွေကတော့ ဗာဂနာအဖွဲ့သားတွေကို လက်ခုပ်သြဘာပေးနေကြတဲ့မြင်ကွင်းတွေအပေါ် ရုရှားခေါင်းဆောင်တွေ စိုးရိမ်စရာ ဖြစ်ခဲ့ကြမှာပါ။
ဒါပေမဲ့ တချို့မြို့သူမြို့သားတွေလည်း စနေနေ့က ဗာဂနာတပ်သားတွေ ဝင်လာတဲ့အချိန်မှာ မြို့ကနေ ရထားတဲ့ အမြန်ထွက်ပြေးခဲ့ကြတာလည်း ရှိပါတယ်။









