ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ ကြိုးပမ်းတဲ့ကြေးစားတပ်ခေါင်းဆောင် ဘယ်လာရုစ်ကို ထွက်ဖို့ပြင်

ဗာဂနာ ခေါင်းဆောင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ မြို့တော် မော်စကိုအထိ ချီတက်ဖို့ကြိုးစားခဲ့တဲ့ ဗာဂနာကြေးစားတပ်ခေါင်းဆောင်ဟာ ဘယ်လာရုစ် နိုင်ငံကို ထွက်ခွာဖို့ပြင်နေတယ်လို့ သိရပါတယ်။

ဗာဂနာ တိုက်ခိုက်ရေးသမားတွေဟာ ရုရှားစစ်တပ်ကို ပုန်ကန်ဖို့စတင်ခဲ့တဲ့ ရိုစတော့ဗွန်တွန်မြို့ကနေ စတင် ဆုတ်ခွာနေပြီလို့လည်း သိရပါတယ်။

အဲဒီကြေးစားတပ် ခေါင်းဆောင် Yevgeny Prigozhin ကလည်း သူ့တပ်တွေကို မော်စကိုမြို့တော်အထိ မချီတက်တော့ဖို့ အမိန့် ပေးလိုက်အပြီးမှာ အခုလို တပ်ဆုတ်ခွာတဲ့အခြေအနေဖြစ်လာတာပါ။

ရုရှားအစိုးရဘက်ကတော့ Yevgeny Prigozhin ကိုရော သူ့ တပ်ဖွဲ့ဝင်တွေကိုရော အရေးယူမှာ မဟုတ်ဘူးလို့ပြောထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ Yevgeny Prigozhin ရဲ့ လုပ်ရပ်ဟာ နိုင်ငံတော်ပုန်ကန်မှုဖြစ်တယ်လို့ နိုင်ငံပိုင် ရုပ်သံမိန့်ခွန်းမှာ စနေနေ့တုန်းက ပြောထားပါတယ်။

တပ်ပြန်ဆုတ်တဲ့ ဝါဂနာတပ်ဖွဲ့ဝင်တွေကို ရိုစတော့ဗွန်မြို့ခံ လူထုက နှုတ်ဆက်နေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တပ်ပြန်ဆုတ်တဲ့ ဗာဂနာတပ်ဖွဲ့ဝင်တွေကို ရိုစတော့ဗွန်မြို့ခံ လူထုက နှုတ်ဆက်နေ

ဒါပေမဲ့ Yevgeny Prigozhin နဲ့ ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုတို့ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ခဲ့အပြီးမှာ တင်းမာမှုအခြေအနေ လျှော့ချနိုင်ခဲ့တာဖြစ်ပါတယ်။

မော်စကိုမြို့တော်မှာတော့ လုံခြုံရေးတင်းကြပ်ခဲ့သလို မြို့ခံတွေအနေနဲ့လည်း ခရီးမသွားကြဖို့ မော်စကိုမြို့တော်ဝန်က သတင်း ထုတ်ပြန်ခဲ့ပါတယ်။ မော်စကိုမှာ အိမ်အပြင် ပွဲအခမ်းအနားကျင်းပတာတွေကို ဇူလိုင်လ ၁ ရက်မတိုင်ခင် အထိ ဖျက်သိမ်းထားပါတယ်။

ဗာဂနာတိုက်ခိုက်ရေးသမားတွေ ကောင်းကင်ကို သေနတ်ပစ်ခတ်ပြီး ဆုတ်ခွာ

လူမှုကွန်ရက် တွစ်တာမှာ ပျံ့နှံ့နေပြီး ဘီဘီစီက အတည်ပြုထားတဲ့ရုပ်သံဖိုင်မှာတော့ ဗာဂနာတိုက်ခိုက်ရေးသမား တစ်ယောက်ဟာ သူရော အခြား ဗာဂနာတိုက်ခိုက်ရေးအဖွဲ့ရော ရိုစတော့ဗွန်တွန်မြို့ကနေ ဆုတ်ခွာတဲ့အခါ ကောင်းကင်ကို သေနတ်ပစ်ဖောက်နေတာကိုတွေ့ရပါတယ်။

ဒါ့အပြင် လမ်းပေါ်က အရပ်သားတွေကလည်း တိုက်ခိုက်ရေးသမားတွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ လက်ခုပ်လက်ဝါးတီးနေတာကို ကြားရပါတယ်။ ပြီးခဲ့တဲ့နာရီပိုင်းတွေအတွင်း ရိုစတော့ဗွန်တွန်မြို့က အဲဒီကြေးစားတပ်ဖွဲ့ဝင်တွေကို လူထုကထောက်ခံကြောင်းပြသနေတဲ့ ရုပ်သံတွေကို တွေ့နေရပါတယ်။

ဗာဂနာ အဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့မျိုးလဲ

ဗာဂနာ အဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့မျိုးလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

PMC ဗာဂနာလို့ သိကြတဲ့ ဗာဂနာအဖွဲ့ဟာ သူတို့ကိုယ်သူတို့ ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီလို့ ရည်ညွှန်းပြောဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းနိုင်ငံအရှေ့ဘက်က ရုရှားခွဲထွက်ရေးသမားတွေကို ထောက်ခံကြောင်းပြသခဲ့တာကြောင့် အဲဒီအချိန်မှာပဲ ဒီအဖွဲ့ကို ပထမဆုံး သိခဲ့ရတာဖြစ်ပါတယ်။

အဲဒီအချိန်တတည်းက ဒီအဖွဲ့ဟာ တဖြည်းဖြည်းကြီးထွားလာသလို ယူကရိန်းကို ရုရှားက တိုက်ခိုက်တဲ့အခါ ဦးဆောင်ကဏ္ဍ တစ်ရပ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

ဗြိတိန်ကာကွယ်ရေးရန်ကြီးကတော့ ရုရှားဟာ စစ်တပ်အတွက် ပုံမှန်တပ်သားသစ်စုဖို့ အခက်အခဲကြုံရတဲ့အခါ ဝါဂနာအဖွဲ့ဟာ ၂၀၂၂ ခုနှစ်မှာ တပ်သားတော်တော်များများကို စုဆောင်းခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းမှာ တိုက်ခိုက်ရေးလုပ်နေခဲ့တဲ့ ဝါဂနာအဖွဲ့ဝင် ၈၀ ရာခိုင်နှုန်းဟာ ထောင်တွေကနေ ခေါ်ထုတ်လာသူတွေလို့ အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီက အခုနှစ်အစမှာ ပြောထားပါတယ်။

ယူကရိန်းမှာတော့ ဗာဂနာ တပ်ဖွဲ့တွေဟာ ရုရှားက ယူကရိန်းတပ်ဖွဲ့တွေဆီကနေ ဘာမြုမြို့ကို သိမ်းယူတဲ့ ၁၁ လကြာ ရေကုန်ရေခမ်းတိုက်ပွဲမှာ အဓိကျတဲ့နေရာမှာပါဝင်ခဲ့ပါတယ်။

ရုရှားက ၂၄ နာရီကြာ ကသောင်းကနင်းဖြစ်စဥ်

ဗာဂနာတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝါဂနာတပ်ဖွဲ့ဝင်တွေ

ဗာဂနာအဖွဲ့က ရုရှားစစ်တပ်ကို ပုန်ကန်ဖို့ ကြိုးပမ်းတဲ့ တစ်ရက်နီးပါးအတွင်းမှာပဲ အခြေအနေတင်းမာမှုတွေ ရုတ်ချည်းမြင့်တက်ခဲ့သလို ချက်ချင်းပြန်ငြိမ်ပြီး ပုံမှန်အတိုင်း ပြန်ဖြစ်ခဲ့ပါတယ်။ ဘယ်လိုအခြေအနေတွေဖြစ်ခဲ့တာလဲ ပြန်ကြည့်ရအောင်ပါ။

သောကြာနေ့

  • ဗာဂနာအဖွဲ့ခေါင်းဆောင် Yevgeny Prigozhin က ယူကရိန်းမှာ သူပါဝင်ခဲ့တာဟာ စစ်ဘက်ဆိုင်ရာဂုဏ် ရယူချင်တာကြောင့်လိုပြောပြီး ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူ ကို ပြောဆို ပြစ်တင်ပါတယ်။
  • အဲဒီနောက် Prigozhin ဟာ ''တရားမျှတအတွက်ချီတက်မယ်''လို့ ဆိုပြီး သောကြောနေ့တုန်းက သူ့တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံခဲ့ရတာဟာ ကရင်မလင်နန်းတော်ရဲ့ လက်ချက်လို့စွပ်စွဲပြောဆိုပါတယ်။
  • Prigozhin က လက်နက်ကိုင် ပုန်ကန်ဖို့ ဆော်သြတဲ့ သောကြာနေ့ ညနေနှောင်းပိုင်းမှာတော့ မော်စကိုမှာ လုံခြုံရေးတိုးမြှင့်ခဲ့ပါတယ်။

စနေနေ့

  • စနေနေ့ မနက်အစောပိုင်းမှာတော့ Prigozhin က သူ့ရဲ့တပ်ဖွဲ့ဝင် ၂၅,၀၀၀ ဟာ ယူကရိန်းနယ်စပ်ကို ဖြတ်လာခဲ့ပြီလို့ ကြေညာပါတယ်။
  • ယူကရိန်းနယ်စပ်နဲ့နီးတဲ့ ရိုစတော့ဗွန်တွန်မြို့မှာ အကြမ်းဖက်မှုတန်ပြန်တုံ့ပြန်ရေးစီမံချက်တွေ ချမှတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်လိုက်တယ်လို့ မော်စကို မြို့တော်ဝန်ကကြေညာသလို ဒေသခံတွေအနေနဲ့ နေအိမ်ထဲမှာပဲနေဖို့ ထုတ်ပြန်ပါတယ်။
  • အဲဒီနေ့ညနေပိုင်းမှာပဲ့ Prigozhin တစ်ယောက် ရုရှားတောင်ပိုင်းစစ်ဌာနချုပ်အတွင်းကိုရောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။
  • ရုရှားသမ္မတ ပူတင်ကတော့ အခုဖြစ်ရပ်ကို ရာဇဝတ်မှုစွန့်စားခန်း လုပ်တာလို့ ရှုတ်ချပြီး ပြစ်ဒဏ်ခတ်မယ်လို့ သတိပေးလိုက်ပါတယ်။
  • စနေနေ့တစ်နေ့လုံးမှာတော့ ဗာဂနာတပ်ဖွဲ့တွေဟာ မော်စကိုမြို့တော်ကိုသွားတဲ့ M4 အဝေးပြေးလမ်းမကြီးကို ချီတက်ခဲ့ပါတယ်။
  • အဲဒီညနေ ၆ နာရီခွဲမှာပဲ သူ့ရဲ့တပ်ဖွဲ့တွေကို ချီတက်တာရပ်တန့်ဖို့ သဘောတူလိုက်ပြီလို့ သူ့ရဲ့တယ်လီဂရမ်ချန်နယ်မှာ ပြောဆိုပါတယ်။
  • ဘယ်လာရုဇ် ခေါင်းဆောင် အလက်ဇန်းဒရား လူခါရှန်ကိုဟာ Prigozhin နဲ့ ဆွေးနွေးပွဲ ပြောနေသလို သမ္မတပူတင်ကလည်း စကားပြောဖို့ သဘောတူထားပါတယ်။
  • စနေနေ့ည ၉ နာရီမှာတော့ ရုရှား နိုင်ငံပိုင်မီဒီယာက Prigozhin ဟာ ဘယ်လာရုဇ်ကို ထွက်ခွာမယ်လို့ ပြောသလို သူ့ကိုရော၊ သူ့တပ်ဖွဲ့တွေကိုရော ရာဇဝတ်ကြောင်းအရာ တရားစွဲမှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။

ကြေးစားတပ်ဆိုတာ ဘယ်လိုတပ်မျိုးကို ပြောတာလဲ

ဗာဂနာ တပ်ဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, Rueters

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဗာဂနာ ကြေးစားတပ်နဲ့ သူ့ရဲ့တပ်ဖွဲ့ဝင်တွေအကြောင်း ပြောတဲ့အခါ ကြေးစားတပ်ဟာ ဘယ်လိုတပ်ဖွဲ့မျိုးကို ပြောတာလဲဆိုတာ ရှင်းပြဖို့ ဖြစ်လာပါတယ်။

အရှင်းဆုံးပြောရရင်တော့ ကြေးစားတပ်ဖွဲ့တွေဆိုတာဟာ ငွေကြေးရလို့ တိုက်ခိုက်ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံတစ်နိုင်ငံရဲ့ တရားဝင် စစ်တပ်အောက်မှာ မရှိကြပါဘူး။

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ပြဌာန်းချက်တွေအရဆိုရင် လက်နက်ကိုင်ပဋိပက္ခတစ်ခုမှာ ကြေးစားတပ်တွေကို အသုံးပြုတာဟာ နိုင်ငံတကာဥပဒေအရ တရားမဝင်ပါဘူး။

ရုရှားမှာတော့ ကြေးစားတပ်ဖွဲ့တွေဟာ တရားဝင်အဖွဲ့တွေ မဟုတ်ပေမဲ့ ယူကရိန်း-ရုရှားစစ်ပွဲမှာတော့ သူတို့ဟာ အရေးပါတဲ့အဖွဲ့တွေဖြစ်နေပါတယ်။

ဗာဂနာအဖွဲ့(Wagner Group)ဟာ ကုမ္ပဏီတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်မှာ မှတ်ပုံတင်ခဲ့ပြီး စိန့်ပီတာဇဘတ်မြို့မှာ အခြေစိုက်ရုံးဖွင့်ထားပါတယ်။ အဲဒီရုံးချုပ်ကိုတော့ မနေ့ စနေနေ့မှာ ရုရှားက ဝင်ရောက်စီးနင်းရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီဟာ နှစ်ပေါင်း ၂၀ ကျော်ကြာအာဏာရယူထားတဲ့ ရုရှားသမ္မတပူတင်ရဲ့ အာဏာပိုင်ဆိုင်မှုကို အကြီးမားဆုံးစိန်ခေါ်မှုလို့ ဘီဘီစီ ရုရှားအယ်ဒီတာက သုံးသပ်ပါတယ်။

Yevgeny Prigozhin ရဲ့ ပုန်ကန်မှုကို အဆုံးသတ်နိုင်ပြီဖြစ်ပေမဲ့ အကဲခတ်တွေကတော့ ရုရှားသမ္မတ ရှိရာ ကလင်မလင်နန်းတော်ဟာ အတော်လေး မတည်မငြိမ်ဖြစ်မှုနဲ့ ကြုံနေရတယ်လို့ သုံးသပ်ပါတယ်။

မအောင်မြင်တဲ့သူပုန်ထမှု အဆုံးသတ်ပြီး ဝါဂနာအဖွဲ့နဲ့ အခုလိုသဘောတူညီချက် ရရှိတာဟာ ရေတိုဖြေရှင်းမှုပုံစံပေါ်ပေမဲ့ ယူကရိန်းနဲ့ဖြစ်နေတဲ့စစ်ပွဲနဲ့ ပူတင်အစိုးရအတွက်တော့ အတော်လေးကို ကြီးမားတဲ့ ပျက်စီးမှုဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာမှုအင်စတီကျူ့(ISW) က ပြောပါတယ်။

''သူပုန်ထတဲ့အခြေအနေကိုကြည့်ရင် ရုရှားလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အားနည်းချက်ကို ထုတ်ပြလိုက်တာဖြစ်သလို ပူတင်အတွက်ဆိုရင်လည်း ပြည်တွင်းခြိမ်းခြောက်မှုကို အချိန်တဲ့တပြေးညီ ဖြေရှင်းဖို့ တပ်ဖွဲ့တွေကို မသုံးနိုင်စွမ်း၊ နောက်ပြီး တပ်ဖွဲ့အပေါ် သူချုပ်ကိုင်နိုင်မှု နောက်ထပ် ယိုယွင်းမှုကို ပြနေတယ်''လို့ အကဲခတ်တွေက ပြောပါတယ်။