ရုရှားသိမ်းထားတဲ့ယူကရိန်းမြို့မှာမိသားစုလိုက်ပစ်သတ်ခံရ

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဗော့နိုဗာခါမြို့ မှာ မိသားစုလိုက်သတ်ဖြတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ရုရှားသိမ်းထားတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဗော့နိုဗာခါမြို့ မှာ ယူကရိန်းကလေးငယ် ၂ ဦးအပါအဝင်စုစုပေါင်း လူ ၉ ဦးပါတဲ့မိသားစုတစ်ခုသေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတယ်လို့ယူကရိန်းအာဏာပိုင်တွေကပြောပါတယ်။

ကပ်ကနတ်မိသားစုဟာသူတို့အိမ်ကနေဖယ်ပေးဖို့ငြင်းပယ်ကြတာကြောင့်အောက်တိုဘာလ ၂၇ ရက်မှာရုရှားစစ်သားတွေသတ်ဖြတ်ခဲ့တာလို့ယူဆထားတဲ့အကြောင်းယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။

ရုရှားထောက်လှမ်းရေးဘက်ကလည်းသံသယရှိသူအမျိုးသား ၂ ဦးကို ဖမ်းဆီးထားပြီးအဲဒီအမျိုးသား ၂ ဦးဟာ အရှေ့ဖျားအရပ်ကစစ်သားတွေဖြစ်တယ်လို့ပြောပါတယ်။

ရုရှားနဲ့ယူကရိန်းနှစ်ဖက်ကလည်း ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသီးခြားစီစုံစမ်းစစ်ဆေးနေပါတယ်။ လူမှုကွန်ရက်မှာပေါ်လာတဲ့ ဓာတ်ပုံတွေအရ အသတ်ခံရသူမိသားစုဝင်တွေဟာ ပွေ့ဖက်ထားကြပြီး ကုတင်ပေါ်မှာသွေးတွေနဲ့ လဲကျနေတာနဲ့ ကျည်ဆန်ထိမှန်ထားတဲ့ဒဏ်ရာတွေနဲ့ ရုပ်အလောင်းတွေကိုတွေ့ရပါတယ်။

ယူကရိန်းစုံစမ်းစစ်ဆေးရေးအရာရှိ ဒမ်ထရိုလူဘီနတ်ကတော့ ‘’ရုရှားရဲ့ သွေးစွန်းတဲ့လက်တွေဟာ ဒီဗော့ဗာခါမြို့ က မိသားစုလိုက်သေဆုံးမှုမှာ ပါဝင်နေတယ်’’ လို့ဆိုပါတယ်။

''ကနဦးသတင်းရရှိတဲ့သတင်းအရဆိုရင် ရုရှားဘက်ကသိမ်းပိုက်သူတွေက မွေးနေ့ပွဲကျင်းပနေတဲ့ ကက်ခါနက်မိသားစုကိုသတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူတွေဟာ ချေချင်းညာက သူတို့အိမ်တွေကို ရုရှားတွေကိုလွှဲပြောင်းပေးဖို့ ငြင်းဆန်နေသူတွေဖြစ်တယ်’’ လို့ ဒမ်ထရိုလူဘီနတ်က သူ့ရဲ့ တယ်လီဂရမ်မှာရေးသားထားပါတယ်။

ယူကရိန်း ထိန်းချုပ်ထားတဲ့ ဒွန်ညက်စ်ဒေသ စုံစမ်းစစ်ဆေးရေးမှူးရုံးရဲ့ ကနဦးအချက်အလက်တွေအရ တိုက်ခိုက်မှုဟာ စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ သူတစ်စုက အသတ်ခံရတဲ့မိသားစုကိုနေအိမ်ကနေပြောင်းရွှေ့ဖို့ပြောပြီးတဲ့နောက်မှာ အသတ်ခံရတာဖြစ်တယ်လို့ ဖော်ပြပါတယ်။

 ရုရှားသိမ်းထားတဲ့ယူကရိန်းမြို့မှာမိသားစုလိုက်ပစ်သတ်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters

သေဆုံးခဲ့သူတွေထဲပါခဲ့တဲ့ ကလေး နှစ်ဦးဟာ ၂၀၁၄ ခုနှစ် နဲ့ ၂၀၁၈ ခုနှစ်ကမွေးဖွားခဲ့သူတွေဖြစ်တယ်လို့လည်း အဲဒီရုံးက ထပ်လောင်းပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီရဲ့ ဖော်ပြချက်အရ ရုရှားဘက်ကဖမ်းဆီးထားသူနှစ်ဦးဟာ စစ်မှုထမ်းဆောင်ဖို့ ရုရှားစစ်တပ်မှာ စာချုပ်ချုပ်ပြီး အလုပ်လုပ်နေတဲ့ နိုင်ငံအရှေ့ပိုင်းကစစ်သားတွေလို့ပြောပါတယ်။

''ကနဦးသတင်းအချက်အလက်တွေအရတော့ ဒီရာဇဝတ်မှုဖြစ်ရတဲ့အကြောင်းက ပြည်တွင်းပဋိပက္ခကြောင့်ဖြစ်ရတာ'' လို့ ဖော်ပြထားပါတယ်။

ရုရှားသတင်းဌာန အက်စတြာရဲ့ တယ်လီဂရမ်မှာအစောပိုင်းပြောဆိုချက်တွေအရ အသတ်ခံရသူတွေရဲ့ အိမ်နီးချင်းတွေကတော့ ရုရှားစစ်တပ်ကသတ်ဖြတ်တာလို့ဆိုပြီး ပြစ်တင်ဝေဖန်ထားပါတယ်။

''အိမ်နီးချင်းအားလုံးပြောတာက ရုရှားစစ်တပ်ကသတ်ခဲ့တာပါ။ အားလုံးကကြောက်နေကြတယ်'' လို့ အိမ်နီးချင်းတစ်ဦးက အက်စတြာကို ပြောပါတယ်။

နောက်ထပ်ရုရှားရဲ့ သတင်းဌာန ဘာဇာရဲ့ တယ်လီဂရမ်ကတေ့ အသတ်ခံရတဲ့မိသားစုဝင်တွေက တံဆိပ်တွေမပါတဲ့ စစ်သားဝတ်စုံ ဝတ်ဆင်ထားတဲ့ အမည်မသိအမျိုးသားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့ကြတယ်’’ လို့ ရေးသားပါတယ်။

အခုမိသားစုတွေအသတ်ခံရတဲ့ ဗော့နိုဗာခါမြို့ ဟာ ၂၀၂၂ခုနှစ် ရုရှားက ယူကရိန်းကိုကျူးကျော်စစ်စတင်တဲ့ ၂၀၂၂ ဖေဖော်ဝါရီလကတည်းက တပတ်အတွင်းမှာ ရုရှားကသိမ်းပိုက်ခဲ့တာပါ။

တစ်မြို့လုံးနီးပါးက ပျက်စီးနေပြီလည်းဖြစ်ပါတယ်။ယူကရိန်းရဲ့ အရှေ့ဘက် နဲ့ တောင်ပိုင်းဒေသတွေမှာ ဗော့နိုဗာခါမြို့ မှာ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာတာပါ။

ကိယက်ဗ်က ရုရှားကို တန်ပြန်စစ်စခဲ့တဲ့ ဇွန်လမှာ ကိယက်ဗ်က တောင်ပိုင်း ခါဆွန်မြို့ နဲ့ ဇာပိုရီရှား ဒေသတွေကို သိမ်းပိုက်နေရာယူထားတဲ့ ရုရှားတပ်တွေကို နှစ်ပိုင်းခွဲစေပြီး အဲဒီနေရာတွေကို ပြန်လည်ရရှိရေးလုပ်ပေမဲ့ ခက်ခဲခဲ့ပါတယ်။

အခုထိတော့ အဲဒီနေရာတွေကိုပြန်ရဖို့ ယူကရိန်းရဲ့ လုပ်ဆောင်ချက်တွေကနှေးကွေးနေသလို ကုန်ကျစရိတ်တွေလည်း ရှိနေဆဲပါ။ဒီအခြေအနေမှာပဲ ရုရှားကသူတို့ရဲ့ ခံစစ်ကိုပြင်ဆင်ထားဖို့အချိန်ရနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တွေက‌ မော်စကိုဟာ ဒွန်းညက်စ်ဒေသထဲက အချက်အချာကျတဲ့ အေဗီဒစ်ဗာမြို့ သာမက အရှေ့မြောက်ဒေသ ခါခိဗ်ဒေသထဲက ခုညန့်မြို့တွေကိုပါ တိုက်ခိုက်ခဲ့တာပါ။

ယူကရိန်းစစ်တပ်ကတော့ ရုရှားသိမ်းယူထားတဲ့ ဒေသမြို့တော် ဒွန်ညက်စ်ရဲ့ ဝင်ပေါက်ဖြစ်တဲ့ အေဗီဒစ်ဗာမြို့ အနီးတစ်ဝိုက်မှာ ရုရှားတို့ အသေအပျောက် များပြားခဲ့ပြီး မော်စကိုရဲ့ တိုက်ခိုက်မှုအားလုံး ''မအောင်မြင်ခဲ့''ကြောင်း ယူကရိန်းစစ်တပ်ကပြာပါတယ်။

ဒါပေမဲ့ စစ်ပွဲဖြစ်နေတဲ့ ရုရှားရော၊ ယူကရိန်းဘက်က ပြောဆိုနေတဲ့ အခုပြောဆိုချက်နဲ့ပတ်သတ်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။