စစ်ဆန့်ကျင်တဲ့ ရုရှား Bi-2 ရော့ခ်ဂီတအဖွဲ့ ထိုင်းကနေ ရှောင်တိမ်းရ

မနှစ်က ပေါ်တူဂီမှာ Bi-2 တီးဝိုင်းအဖွဲ့ ဖျော်ဖြေနေခဲ့တဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မနှစ်က ပေါ်တူဂီမှာ Bi-2 တီးဝိုင်းအဖွဲ့ ဖျော်ဖြေနေခဲ့တဲ့ မြင်ကွင်း

စစ်ပွဲတွေကို ဆန့်ကျင်တဲ့ ရုရှား-ဘယ်လာရုစ် ရော့ခ်ဂီတတီးဝိုင်း Bi-2 အဖွဲ့ဝင်တွေအားလုံး ရုရှားနိုင်ငံပြန်ပို့ခံရမှာကို စိုးရိမ်တဲ့အတွက် ထိုင်းကနေ အစ္စရေးနိုင်ငံကို ထွက်ခွာသွားပြီလို့ Bi-2 က ပြောလိုက်ပါတယ်။

ရုရှားခရီးသွားတွေနဲ့ ရေပန်းစားတဲ့ ထိုင်းက အပန်းဖြေစခန်းတစ်ခုမှာ Bi-2 ရော့ခ်ဂီတအဖွဲ့ဟာ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေပွဲလုပ်ခဲ့တာကြောင့် အဖွဲ့ဝင်တချို့ အဖမ်းခံခဲ့ရပြီး အခုလို ထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

လူအခွင့်အရေးလှုပ်ရှားသူတွေကတော့ သူတို့ရဲ့ မိခင်နိုင်ငံ ရုရှားကိုပြန်ပို့မယ်ဆိုရင် နှိပ်စက်ညှင်းပန်းခံရမှာကို စိုးရိမ်တဲ့အတွက် ပြည်နှင်ဒဏ်မပေးဖို့အတွက် ထိုင်းအစိုးရကို တိုက်တွန်းခဲ့ပါတယ်။

အခုအချိန်မှာတော့ Bi-2 က အစ္စရေးနိုင်ငံ တယ်လ်အဗီမြို့ကို သွားနေပြီလို့ပြောပါတယ်။

Bi-2 တီးဝိုင်းအဖွဲ့ခေါင်းဆောင် Yegor "Lyova" Bortnik ကတော့ အစ္စရေးကို ရောက်ရှိနေပြီလို့ Radio Free Europe ရဲ့ သတင်းမှာ ဖော်ပြပါတယ်။

Bi-2 က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ “ဂီတအဖွဲ့ဝင်တွေအားလုံး ထိုင်းနိုင်ငံကနေ အောင်မြင်စွာ ထွက်ခွာလာပြီး အခု တယ်လ်အဗီးမြို့ ကို ဆက်သွားနေပါပြီ၊ မနက်ဖြန်ကျရင်တော့ အသေးစိတ်ပြောပြပေးသွားမယ်” လို့ သူတို့ရဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အသိပေးကြေညာထားပါတယ်။

နှစ်စဉ် ရုရှားခရီးသွား ရာနဲ့ချီလည်ပတ်လေ့ရှိတဲ့ ထိုင်းက အပန်းဖြေကျွန်းတစ်ကျွန်းဖြစ်တဲ့ ဖူးခက်ကမ်းခြေမှာ အဖမ်းခံခဲ့ရတာဖြစ်ပြီး အဲဒီနောက်တော့ သူတို့ကို ဘန်ကောက်မြို့ထဲမှာ ထိန်းသိမ်းထားခဲ့တာဖြစ်ပါတယ်။

အစောပိုင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားချက်အရ ထိုင်းအာဏာပိုင်တွေရဲ့ တီးဝိုင်းအဖွဲ့ကိုဖမ်းဆီးထိန်းသိမ်းမှုမှာ “ပြင်ပဖိအား”တွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပတ်သက်ခဲ့တယ်လို့ ဆိုထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“ဒီလိုဖိအားပေးခံရတဲ့ အကြောင်းရင်းက ငါတို့ရဲ့ တီထွင်ဖန်တီးမှု၊ ငါတို့ရဲ့ အမြင်တွေ၊ ရပ်တည်ချက်တွေအတွက် “လက်တုံ့ပြန်လိုက်တယ်”ဆိုတာကိုလည်း ငါတို့သိပါတယ်” ဆိုပြီး Bi-2 ကပြောပါတယ်။

အဲဒီတီးဝိုင်းအဖွဲ့ဟာ ၂၀၂၂ ခုနှစ်ကတည်းက ရုရှားကနေထွက်ခွာပြီး ပြည်ပလှည့်လည် ဖျော်ဖြေခဲ့တာဖြစ်သလို မနှစ် ၂၀၂၃ ခုနှစ်မှာလည်း ဥရောပမှာ ပြုလုပ်ခဲ့တဲ့ ရှိုးပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။

မေလမှာ ရုရှားရဲ့ တရားရေးဆိုင်ရာဝန်ကြီးဌာနကနေ တီးဝိုင်းခေါင်းဆောင်ဖြစ်တဲ့ Bortnik ကို ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်မှုကို ဆန့်ကျင်ပြီး ရုရှားနိုင်ငံသားတွေအပါအဝင် အာဏာပိုင်တွေနဲ့ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ ပြောဆိုချက်တွေကြောင့် “ပြည်ပ ပယောဂ” လို့ တံဆိပ်ကပ်သတ်မှတ်ခဲ့ပါတယ်။

Bi-2 တီးဝိုင်းအဖွဲ့ဟာ “ရုရှားကိုဆန့်ကျင်မှု” ကြောင့်ဆိုပြီး အရင်ကလည်း ရုရှားလွှတ်တော်အမတ်တွေရဲ့ မျက်မုန်းကျိုးခံရပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ ရုရှားသံအမတ် Yevgeny Tomikhin ကတော့ ရုရှားက တရားခံလွှဲပြောင်းပေးရေးအတွက် ထိုင်းကို တောင်းဆိုခဲ့တာမရှိဘူးလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ရုရှားနိုင်ငံပိုင် ရုပ်သံတစ်ခုကနေ ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲစတင်တဲ့ လွန်ခဲ့တဲ့ ၂ နှစ်နီးပါးကတည်းက ဖူးဆက်ကျွန်းကို ရရှားခရီးသွားတွေ အများအပြားဝင်ရောက်လာကြတာဖြစ်ပါတယ်။

ရုရှားမှာ စစ်မှုထမ်းတာကို ရှောင်လွှဲဖို့အတွက် ရုရှုားနိုင်ငံသားအများစုက သူတို့ရဲ့ နိုင်ငံကနေ ရှောင်တိမ်းနေကြတာ ဖြစ်ပါတယ်။

တချို့ခန့်မှန်းချက်တွေက ၂၀၂၃ ပထမနှစ်ဝက်မှာ ဖူးခက်ကျွန်းဘက်ကို ရှောင်ပြေးခဲ့ကြတဲ့ ရုရှားနိုင်ငံသား ငါးသိန်းလောက်အထိ ရှိမယ်လို့ ဆိုပါတယ်။