ဆစ်ခ် ခွဲထွက်ရေးသမား ကနေဒါမှာ သတ်ဖြတ်မခံရခင် အမေရိကန် အေးဂျင့်တွေ ဘာတွေသိထားခဲ့လဲ

မစ္စတာ နီဂျာ သတ်ဖြတ်ခံရမှုကို ကနေဒါ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်

ဓာတ်ပုံ ရင်းမြစ်, The Sikh PA

ဓာတ်ပုံ ပုံစာ, မစ္စတာ နီဂျာ သတ်ဖြတ်ခံရမှုကို ကနေဒါ ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေပါတယ်
    • ရေးသားသူ, ဟော်လီ ဟွန်းဒါး
    • ရာထူးတာဝန်, ဝါရှင်တန်

မြောက်အမေရိကားမှာ ဆစ်ခ်လူမျိုးခွဲထွက်ရေးသမားလေးဦးထက်မနည်းကို သတ်ဖြတ်ဖို့ လျှို့ဝှက်ကြံစည်မှုနဲ့ အိန္ဒိယနိုင်ငံသားတစ်ဦးကို အမေရိကန်အစိုးရရှေ့နေတွေက စွဲချက်တင်လိုက်ပါတယ်။ ဒီစွဲချက်ဟာ အခုနှစ်အစောပိုင်းက ကနေဒါနိုင်ငံသား ဆစ်ခ်လူမျိုး အသတ်ခံရမှုနဲ့လည်း ဆက်စပ်နေပါတယ်။ အခုတရားစွဲတင်မှုကြောင့် အဲဒီကနေဒါနိုင်ငံသား မသေဆုံးခင်ရက်ပိုင်းက အခြေအနေတွေကို အမေရိကန်အေးဂျင့်တွေ ဘာတွေသိထားခဲ့ကြလဲဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာနေစေပါတယ်။

ဇွန်လ ၁၈ ရက် က နီခီဂူပတာ ဟာ ကနေဒါနိုင်ငံက ကားထဲမှာသေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့ ဆစ်ခ်ခွဲထွက်ရေးခေါင်းဆောင်ရဲ့ ရုပ်သံဖိုင်ကို ကြည့်ခဲ့ပါတယ်။ ဂူပတာ ကြည့်တဲ့ဗီဒီယိုထဲမှာ သေဆုံးသူရဲ့ သွေးအလိမ်းလိမ်းနဲ့ ကိုယ်ခန္ဓာဟာ ကားစတီယာတိုင်အပေါ်မှာ လဲကျနေတာပါ။

မစ္စတာဂူပတာဟာ လူသတ်မှုတစ်ခုအတွက် ကြေးစားလူသတ်သမားအဖြစ် ငှားရမ်းခံရတယ်လို့ စွပ်စွဲခံထားရတဲ့ အခြားနိုင်ငံတစ်နိုင်ငံက အမျိုးသားတစ်ဦးဆီကို သူကြည့်တဲ့ဗီဒီယိုကို ထပ်ဆင့်ပေးပို့ခဲ့ပါတယ်။ နောက်နေ့မှာတော့ မစ္စတာဂူပတာက အဲဒီလူကို ကနေဒါတက်ကြွလှုပ်ရှားသူဟာ စာရင်းထဲက "ပစ်မှတ်" "#4 ၊ #3" ဖြစ်ခဲ့တယ်ဆိုပြီး ဖုန်းကနေတဆင့်ပြောခဲ့ပါတယ်။

‘’ကျုပ်တို့မှာ ပစ်မှတ်တွေအများကြီးရှိတယ်’’ လို့ မစ္စတာဂူပတာကပြောပြီး ‘’သတင်းကောင်းကတော့ အခု ဘာမှစောင့်စရာမလိုတော့ဘူး’’

ဒီလိုပြောဆိုခဲ့ကြတယ်ဆိုတဲ့ အပြန်အလှန်စကားပြောဆိုမှုတွေဟာ အပေါ်မှာပြောထားတဲ့စွဲချက်အတွက် အမေရိကန်အစိုးရရှေ့နေတွေက ထုတ်ပြလာတဲ့စကားပြောဆိုမှုတွေဖြစ်ပါတယ်။

အမေရိကန်တရားရေးဌာနကတော့ မစ္စတာ ဂူပတာကို နယူးယောက်မှာနေထိုင်တဲ့ အမေရိကန်-ကနေဒါ နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူတစ်ဦးကို လုပ်ကြံသတ်ဖြတ်ဖို့ကြံစည်မှုနဲ့ စွဲချက်တင်ထားတာပါ။ လုပ်ကြံဖို့ဇာတ်လမ်းကိုတော့ အိန္ဒိယအစိုးရဝန်ထမ်းတစ်ဦးက ညွှန်ကြားခဲ့တာလို့လည်း စွပ်စွဲထားပါတယ်။

လုပ်ကြံခံနိုင်ခြေရှိတဲ့ပစ်မှတ် ဘယ်သူဖြစ်တယ်ဆိုတဲ့နာမည်ကို အစိုးရရှေ့နေတွေက ထုတ်‌ဖော်မပြောခဲ့ပေမဲ့ အမေရိကန်သတင်းဌာနတွေကတော့ အဲဒီလူဟာ အမေရိကန်အခြေစိုက် ဆစ်ခ် ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့ထဲက အမေရိကန် - ကနေဒါနှစ်နိုင်ငံ နိုင်ငံသားခံယူထားတဲ့ ဂါပါဝမ့်ဆင်းဂျ် ပန်နန်လို့ ဖော်ပြကြပါတယ်။

ဒီလုပ်ကြံမယ့်အထူးအစဥ် ပျက်ပြားခဲ့ပါတယ်။ တကယ်တော့ မစ္စတာဂူပတာ တစ်ယောက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ပေးခဲ့ဖို့ သဘောတူခဲ့တဲ့ နယူးယောက်က ကြေးစားဟာ လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်နေခဲ့တာပါ။

၁၅ မျက်နှာရှိတဲ့ ဒီတရားစွဲဆိုတင်တဲ့ အ‌ထောက်အထားစာရွက်စာတမ်းတွေထဲမှာတော့ ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာမှာ သေနတ်ပစ်သတ်ခံခဲ့ရတဲ့ ဘာသာရေးခေါင်းဆောင် ဟာဒစ်ဆင်းဂျ်နီဂျာကို အောင်မြင်စွာတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အသေးစိတ်အချက်အလက်အသစ်တွေလည်း ပါဝင်နေပါတယ်။ ဒီအချက်အလက်အသစ်တွေကပဲ ကနေဒါမြေပေါ်က လူသတ်မှု၊ နောက် ဘယ်သူက ဘယ်လိုအကြောင်းကို ဘယ်တုန်းက သိထားခဲ့လဲဆိုတဲ့မေးခွန်းအသစ်တွေပေါ်လာပါတယ်။

မစ္စတာနီဂျာ အသတ်ခံရမှုနောက်ကွယ်မှာ အိန္ဒိယပါဝင်ပတ်သက်နေတယ်ဆိုတဲ့အသုံးအနှုန်းမျိုး ကနေဒါ ဝန်ကြီးချုပ်က ထုတ်ပြောလာချိန်မှာ ကနေဒါမှာ ဆန္ဒပြမှုတွေထွက်ပေါ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မစ္စတာနီဂျာ အသတ်ခံရမှုနောက်ကွယ်မှာ အိန္ဒိယပါဝင်ပတ်သက်နေတယ်ဆိုတဲ့အသုံးအနှုန်းမျိုး ကနေဒါ ဝန်ကြီးချုပ်က ထုတ်ပြောလာချိန်မှာ ကနေဒါမှာ ဆန္ဒပြမှုတွေထွက်ပေါ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အသက် ၄၅ နှစ်အရွယ် ဘာသာရေးခေါင်းဆောင်လည်းဖြစ်၊ လွတ်လပ်တဲ့ဆစ်ခ်နယ်မြေကို အိန္ဒိယကနေ ခွဲထွက်ရေး လှုံ့ဆော်ခဲ့သူလည်းဖြစ်တဲ့ မစ္စတာနီဂျာ တစ်ယောက် ပေါ်ပေါ်ထင်ထင်အသတ်ခံရမှုဟာ ကနေဒါနိုင်ငံသားတွေကြား အံ့သြတုန်လှုပ်ခဲ့ကြရပါတယ်။

ကနေဒါဝန်ကြီးဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးက အိန္ဒိယပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ‘‘ယုံကြည်ရလောက် တဲ့စွပ်စွဲချက်တွေ’’ ရှိနေတယ်လို့ ပြောခဲ့ပြီးတဲ့နောက် စက်တင်ဘာလကစလို့ ဒီလူသတ်မှုကြောင့် သံခင်းတမန်ခင်းအကျပ်အတည်းတွေ ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ထရူးဒိုးရဲ့ စွပ်စွဲချက်တွေကို ‘‘အဓိပ္ပါယ်မဲ့တယ်လို့’’အိန္ဒိယက သုံးနှုန်းတုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့်ပဲ နှစ်နိုင်ငံအကြား အကွဲအပြဲတွေကြီးထွားလာခဲ့ပြီး ဝန်ကြီးချုပ်အနေနဲ့ သူ့ပြောဆိုချက်တွေကို သက်သေနဲ့တကွ ထုတ်ပြဖို့အထိ ဖိအားပေးခံခဲ့ရပါတယ်။ ဝန်ကြီးချုပ်ထရူးဒိုးကတော့ ကနေဒါဘက်ကစွပ်စွဲချက်တွေကို အိန္ဒိယဘက်က အလေးထားဖို့ အမေရိကန်ရဲ့ စွဲချက်တင်မှုတွေက အလေးသာစေခဲ့တယ်လို့ပဲ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

အကဲခတ်တွေကတော့ အမေရိကန်ရဲ့ စွဲချက်တင်မှုကြောင့် ဝန်ကြီးချုပ်ရဲ့ပြောဆိုချက်တွေကို ပိုအလေးသာသွားစေတယ်လို့ ပြောပါတယ်။

‘‘ဒီကနေ့ အမေရိကန်ရဲ့ သက်သေပြချက်တွေက ထရူးဒိုးပြောခဲ့တာထက်ပိုပြီး အများကြီးပိုခဲ့ပါပြီ’’ လို့ ကနေဒါနိုင်ငံ၊ အိုတဝါမြို့ ကာလီတန်တက္ကသိုလ် က နိုင်ငံတကာရေးရာဌာနပါမောက္ခ စတီဖင် ကာဗင် ကမှတ်ချက်ပြုပါတယ်။ ‘‘ဒါက ပူးပေါင်းကြံစည်မှုတစ်ခုဆိုတာ ရှင်းပါတယ်။ လူလေးဦးကို သတ်ဖို့လေ၊ သုံးဦးက ကနေဒါမှာ .. မစ္စတာနီဂျာတစ်ဦးထဲကိုသတ်တာမဟုတ်ပါဘူး''

ဝန်ကြီးချုပ်ထရူးဒိုးရဲ့ လူသိရှင်ကြားစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ကနေဒါရဲ့ အရင်းနှီးဆုံး မဟာမိတ် အမေရိကန်ရဲ့ တုံ့ပြန်မှုက တိတ်ဆိတ်ခဲ့ပါတယ်။ အမေရိကန် တာဝန်ရှိသူတွေက အခုလိုစွဲချက်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်တဲ့အကြောင်း ပြသခဲ့ပေမဲ့ မစ္စတာ ထရူးဒိုရဲ့ ပြောကြားချက်ကို ထောက်ခံတာနဲ့ အိန္ဒိယကို ပြတ်ပြတ်သားသား ရှုတ်ချတာမလုပ်ခဲ့ပါဘူး။

ကြေးစားလူသတ်ခိုင်းတဲ့အခုဇာတ်လမ်းကို အိန္ဒိယမှာကျင်းပခဲ့တဲ့ စက်မှုထိပ်သီးညီလာခံ(G20)အပြီးမှာ ကနေဒါဝန်ကြီးချုပ်က လူသိရှင်ကြားထုတ်မပြောခင် သီတင်းပတ်တွေအလိုကတည်းက အမေရိကန်ဘက်က စုံစမ်းစစ်ဆေးမှုစတင်နေပြီဆိုတာကို သမ္မတအိမ်တော် အိမ်ဖြူတော်ဘက်က သိထားနှင့်ပြီးဖြစ်တယ်လို့ နားလည်ရပါတယ်။

တဖက်မှာလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ချက်ရှိတဲ့အကြောင်း G20 အစည်းအဝေးမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အိန္ဒိယဝန်ကြီးချုပ်မိုဒီကို ပြောခဲ့တယ်လို့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပါတယ်။

ဖြည့်စွက်ရေးသားချက် - G20 လို့ခေါ်ကြတဲ့ စက်မှုအင်အားကြီးတွေအပါအဝင် နိုင်ငံ ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ပါဝင်တဲ့ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလဆန်းပိုင်းက အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီကမ္ဘာ့ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်၊ ကနေဒါ၊ဗြိတိန်အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေတက်ခဲ့တာပါ။အဲဒီအစည်းအဝေးမှာ ကနေဒါဝန်ကြီးချုပ် ထရူးဒိုးက မစ္စတာနီဂျာအသတ်ခံရတဲ့အကြောင်း အိန္ဒိယဝန်ကြီးချုပ်ကို အရိပ်အမြွက်ပြောခဲ့ပေမဲ့ အလေးထားခဲ့ဟန်မတူတာကြောင့် စက်တင်ဘာနှောင်းပိုင်းမှာ ကနေဒါဝန်ကြီးချုပ်က ‌သူ့လွှတ်တော်မှာ အိန္ဒိယပါတယ်ဆိုတဲ့စွပ်စွဲချက်ကို ထုတ်ပြောခဲ့တာပါ။ တကယ်တမ်း အခုရတဲ့သတင်းတွေအရဆိုရင် အဲဒီကတည်းက အိမ်ဖြူတော်က သိနေခဲ့ပေမဲ့ ကနေဒါအသံကိုထပ်ဆင့်ပြောခဲ့တာရှိမနေခဲ့တာမျိုးဖြစ်နေပါတယ်။

‘‘ကနေဒါက ပစ်မှတ်ကြီးတစ်ခု’’

အမေရိကန်အရာရှိတွေက စွပ်စွဲပြီး စွဲချက်တင်ထားတဲ့ မစ္စတာဂူပတာဟာ အိန္ဒိယအစိုးရအရာရှိတစ်ဦး ခိုင်းစေခဲ့တဲ့ ၂၀၂၃ မေလ ကစီစဥ်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို မလုပ်ခင်မှာ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှုတွေပါဝင်ပတ်သက်ခဲ့တယ်လို့ဆိုပါတယ်။

ဆစ်ခ် ခွဲထွက်ရေးအဖွဲ့ထဲက ဂါပါဝမ့်ဆင်းဂျ် ပန်နန်ဟာ အမေရိကန်မှာအခြေစိုက်တဲ့ ခါလစ်စတန်လှုပ်ရှားမှုကို ထောက်ခံတဲ့ ဆစ်ခ်လူမျိုးများတရားမျှတမှုရရှိရေးအထွေထွေကောင်စီမှာ ကနေဒါမှာသတ်ဖြတ်ခံရတဲ့ ဘာသာရေးခေါင်းဆောင် မစ္စတာနီဂျာနဲ့ တွဲဖက်ဖြစ်ပါတယ်။

ဆစ်ခ်တွေဟာ ဘာသာရေး လူနည်းစု ဖြစ်ပြီး အိန္ဒိယ လူဦးရေရဲ့ နှစ်ရာခိုင်နှုန်း ရှိပါတယ်။ အချို့ ဆစ်ခ်ဘာသာရေးအဖွဲ့တွေ ကတော့ ဆစ်ခ်လူမျိုးတွေအတွက် ခွဲထွက်နယ်မြေပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယနိုင်ငံ၊ ပန်ဂျပ်ပြည်နယ်မှာ အဲဒီ ခွဲထွက်ရေးလှုပ်ရှားမှု အထွတ်အထိပ် ရောက်ရှိခဲ့ပြီး ဆစ်ခ်လူမျိုးတွေအသက်ဆုံးခဲ့ပါတယ်။ ဒီနေ့ခတ် အိန္ဒိယမှာ တားမြစ်ထားတဲ့ အဲဒီလှုပ်ရှားမှုကို အထူးစစ်ဆင်ရေးတွေလုပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေက နှိမ်နင်းခဲ့ပြီးတဲ့နောက်မှာတော့ ဒီလှုပ်ရှားမှု မျှဥ်းမျှဥ်းပဲရှိတော့ပေမဲ့ ပြည်ပရောက် ဆစ်ခ်လူမျိုးတွေကတော့ သီးခြားပြည်နယ်ပေးရေးကို ဆက်ပြီးတောင်းဆိုနေဆဲဖြစ်ပါတယ်။

မစ္စတာ ပန်နန်ကိုလည်း မစ္စတာနီဂျာလိုပဲ အကြမ်းဖက်သမားတစ်ဦးအဖြစ် အိန္ဒိယက စာရင်းသွင်းထားပေမဲ့ သူတို့နှစ်ဦးလုံးကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

စွဲချက်တင်ခံထားရတဲ့ စွပ်စွဲချက်တွေအရ အိန္ဒိယအစိုးရဝန်ထမ်းရဲ့ အမိန့်အတိုင်း မစ္စတာဂူပတာက မစ္စတာ ပန်နန်ကို ရက်သတ္တပတ်တွေကြာ ခြေရာခံပြီး စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။ အိန္ဒိယအစိုးရဝန်ထမ်း က သူ့ကိုယ်သူ ‘‘တိုက်ပွဲဗျူဟာ’’လေ့ကျင့်မှုရထားတဲ့ ‘‘အကြီးတန်းကွင်းဆင်းအရာရှိ’’ ဖော်ပြထားပါတယ်။

မစ္စတာ ဂူပတာကို အကွက်ဆင်ဖို့ အမေရိကန်အေးဂျင့်တစ်ဦးက ဖုန်းကနေတဆင့်ပြောဆိုဆက်သွယ်တဲ့ကြေးစားတစ်ဦးအဖြစ် အသွင်ယူပြီး အမေရိကန် တရားဥပဒေစိုးမိုးရေးအဖွဲ့တွေက စွပ်စွဲထားတဲ့ ဒီလုပ်ကြံသတ်ဖြတ်မယ့်ဇာတ်လမ်းကို စိမ့်ဝင်ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။

စွပ်စွဲခံထားရတဲ့လူသတ်လုပ်ကြံဇာတ်လမ်း ရွေ့လေလေ မစ္စတာ ပန်နန်လုပ်ကြံခံရမှုအပြီးမှာ ထွက်လာတဲ့ ပစ်မှတ်တွေစာရင်းရှည်တစ်ခုလည်း မစ္စတာ ဂူပတာဆီကနေ ရိုးတိုးရိပ်တိတ်ပြောဆိုမှုတွေ ထွက်လာပါတယ်။ “အလုပ်တွေ အများကြီး ၊ အလုပ်တွေအများကြီး” လို့ ဇွန်လက သူ့ရဲ့ တယ်လီဖုန်းပြောဆိုမှုမှတ်တမ်းကို ကိုးကားပြီးစွဲချက်တွေကဖော်ပြပါတယ်။

လုပ်လာနိုင်ခြေရှိတဲ့ “အလုပ်အကိုင်တွေ” ဆိုတာမှာ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးတွေလည်း ပါဝင်ပါတယ်။ ကနေဒါမှာ"ပစ်မှတ်ကြီး" ရှိတယ်လို့ မစ္စတာ ဂူပတာက အမေရိကန် တရားဥပဒေစိုးမိုးရေးသတင်းရင်းမြစ်ကို ဇွန်လ ၁၂ ရက်မှာ ပြောခဲ့ပါတယ်။

အဲဒီနောက် ၆ ရက်မြောက်အကြာ ဇွန်လ ၁၈ ရက်မှာ မစ္စတာနီဂျာဟာ ဗြိတိသျှကိုလံဘီယာပြည်နယ် ဆာရီရပ်ကွက်က ဂုရုနာနက်ခ် ဆစ်ခ်ဘုရားကျောင်းအပြင်ဘက်လူရှုပ်ထွေးနေတဲ့ကားပါကင်ထဲက သူ့ရဲ့ကားထဲမှာပဲ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ သေနတ်သမားနှစ်ဦးရဲ့ပစ်သတ်တာ ခံခဲ့ရပါတယ်။

ကနေဒါအမျိုးသားရဲတပ်ဖွဲ့နဲ့ တော်ဝင်ကနေဒီယန်ရဲတပ်ဖွဲ့ကတော့ မစ္စတာနီဂျာသတ်ဖြတ်ခံရမှုအတွက် စုံစမ်းစစ်ဆေးမှုတွေလုပ်နေဆဲလို့ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ စွဲချက်တင်မှုနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးပါဘူး။ အမေရိကန်အစိုးရရှေ့နေတွေကတော့ အဲဒီရာဇဝတ်မှုထဲမှာ သူတို့စွဲချက်တင်ထားတဲ့ လုပ်ကြံဖို့ကြံစည်နေကြတယ်ဆိုတဲ့သူတွေ ပါတယ်ဆိုတာမျိုး စွပ်စွဲထားတာ မရှိပါဘူး။ ဒါပေမဲ့ မစ္စတာဂူပတာနဲ့ သူ့ကိုနောက်ကွယ်ကကြိုးကိုင်နေသူတွေဟာ အဲဒီလူသတ်မှုဖြစ်ပြီးတဲ့နောက်မှာ အဲဒီဖြစ်ရပ်ကို ဆွေးနွေးခဲ့ကြတယ်လို့ အခိုင်အမာပြောပါတယ်။

လူသတ်မှုကို သူကိုယ်တိုင်လုပ်ဆောင်ချင်ခဲ့ကြောင်း မစ္စတာဂူပတာက အဲဒီအိန္ဒိယအစိုးရဝန်ထမ်းဆိုတဲ့သူကို ပြောခဲ့တယ်လို့လည်း စွဲချက်မှာဖော်ပြပါတယ်။ သိပ်မကြာခင်မှာပဲ သူက အရင်ရက်တွေတုန်းက သူရည်ညွှန်းခဲ့တဲ့ ကနေဒါမှာလုပ်ရမယ့် ‘‘အလုပ်’’ဟာ မစ္စတာ နီဂျာဖြစ်တယ်ဆိုတာကို အမေရိကန်တရားဥပဒေစိုးမိုးရေးသတင်းရင်းမြစ်ကို ဖုန်းဆက်ပြောခဲ့ပါတယ်။

‘‘အဲဒီလူပဲ။ ခင်ဗျားကို ကျွန်တော်ပို့ခဲ့တဲ့ ဗီဒီယိုထဲကလူ’’ လို့ မစ္စတာ ဂူပတာက ပြောပြီး ‘’အလုပ်တော့ တခြားလူတွေ လုပ်သွားတာ’’ လို့ပြောခဲ့ပါတယ်။

တရုားရုံးစာရွက်စာတမ်းတွေအရဆိုရင် မစ္စတာနီဂျာအသတ်ခံရမှုဟာ မစ္စတာဂူပတာကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တယ်လို့ ယူဆရပါတယ်။ သူကပဲ မစ္စတာပန်နန်ရဲ့ လူသတ်မှုကို မြန်မြန်ပြီးသင့်တယ်လို့ ‌အမေရိကန်သတင်းရင်းမြစ်ကိုပြောခဲ့ပါတယ်။ အဲဒါပြီးရင်တော့ စွပ်စွဲချက်အရဆိုရင် မစ္စတာ ဂူပတာက သူတို့မှာ ဇွန်လကုန်မှာ အပြီးသတ်ရမယ့် '' အလုပ်တွေ'' သုံးခုရှိတယ်လို့ ဆိုပြီး အားလုံးက ကနေဒါမှာလို့ဆိုပါတယ်။

မေးခွန်း ထုတ်စရာ ထောက်လှမ်းရေးသတင်းရရှိထားမှု

အမေရိကန်တရားရေးဌာနရဲ့ စွဲချက်တင်မှုမှာ မစ္စတာနီဂျာအပါအဝင် ကနေဒါနိုင်ငံသားတွေ ခြိမ်းခြောက်ခံရမှုနဲ့ပတ်သက်တဲ့ မေးခွန်းသစ်တွေထွက်ပေါ်လာခဲ့ပါတယ်။

မစ္စတာနီဂျာ မသေဆုံးခင်က သူ့မှာအသက်အန္တရာယ်ရှိနေတဲ့အကြောင်း ကနေဒါတရားဥပဒေစိုးမိုးရေးဌာနက အသိပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ကနေဒါနိုင်ငံသားတွေ ခြိမ်းခြောက်ခံရမှုကို သူလျှိုလုပ်နေတဲ့ အမေရိကန်ထောက်လှမ်းရေးဘက်က ဘယ်လောက်အထိ သတိပေးခဲ့တယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

''ကျွန်တော် သိပ်ကို အံ့အားသင့်မိတာကတော့ FBI က ရထားတဲ့သတင်းအချက်အလက်မှတ်သမျှဟာ ကနေဒါ အာဏာပိုင်တွေဘက်ကို ချက်ချင်းပေးမသိခဲ့ဘူးလားပေါ့’’ လို့

Centre for International Governance Innovation ဌာန အကြီးတန်းအဖွဲ့ဝင် ဝက်လ်စလေ ဝက်ခ် က ဘီဘီစီကို ပြောပါတယ်။ သူကတော့ ကနေဒါ - အမေရိကန် တရားဥပဒေစိုးမိုးရေးဌာနနှစ်ခုရဲ့ ဆက်ဆံရေး က ''တကယ့်ကို တရင်းတနှီးရှိတယ် '' လို့ ရည်ညွှန်းပုံဖော်ပါတယ်။

မစ္စတာ ပန်နန် ကိစ္စနဲ့ ယှဉ်ရင် မစ္စတာနီဂျာ အသတ်ခံရတဲ့ ကိစ္စက ထောက်လှမ်းရေးအချက်အလက်တွေအရ အရေးယူနိုင်တဲ့ အသေးစိတ်အချက်အလက်တွေ နည်းပါးတာကြောင့် ဖြစ်နိုင်ခြေရှိတယ်လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ကနေဒါမလုပ်နိုင်ခဲ့တဲ့ လူသတ်ဖို့ကြံရွယ်မှုကို အမေရိကန်က ဘာကြောင့်တားဆီးနိုင်လဲဆိုတာက မေးခွန်းဖြစ်နေတာပါ။

"မစ္စတာ နီဂျာကို ကာကွယ်ဖို့ ကြိုးစားတာနဲ့ ပတ်သက်ပြီး ကနေဒါဘက်ခြမ်းမှာ တရားဥပဒေစိုးမိုးရေး ဒါမှမဟုတ် ထောက်လှမ်းရေးစနစ် ကြီးကြီးမားမား ပျက်ပြားမှုမျိုး ရှိတယ်လို့ ယူဆဖို့ စောလွန်းတယ်လို့ ကျွန်တော်ထင်ပါတယ်" လို့သူကပြောပါတယ်။

အဖြစ်မှန်က ပိုကြောက်စရာကောင်းနိုင်တယ်လို့ မစ္စတာဝက်ခ်ကပြောပါတယ်။ အမေရိကန်ရဲ့ စွဲချက်နဲ့ မစ္စတာထရူးဒိုးရဲ့ စွပ်စွဲချက်တွေပေါင်းစပ်ကြည့်ရင် - လွတ်နေတဲ့ ‌လူသတ်ဖို့ကြံရွယ်တဲ့အဖွဲ့တွေ ရှိနေနိုင်ပြီး သူတို့ထဲက တစ်ခုက ထောက်လှမ်းရေး စက်ကွင်းအောက်ကပျောက်ပြီး စစ်ဆင်ရေးကို လုပ်ခဲ့တာလို့လည်း ဆိုလိုရာရောက်နေပြန်ပါတယ်။

စွပ်စွဲခံထားရတဲ့ဒီလျှို့ဝှက်ပူးပေါင်းကြံစည်မှုကို အိန္ဒိယအစိုးရက အကြီးတန်းအရာရှိတွေကို အသိပေးခဲ့ပြီး အိန္ဒိယအရာရှိတွေဘက်က ဒီကိစ္စကို ‘’အံ့သြရပြီး စိုးရိမ်မှု’’ရှိတဲ့အကြောင်း ပြန်တုံ့ပြန်မှုရထားတယ်လို့ အမေရိကန် အိမ်ဖြူတော်က စွဲချက်တင်တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အတည်ပြုပြောဆိုထားပါတယ်။ အိန္ဒိယ အစိုးရကတော့ ဒီလုပ်ကြံမှုနှင့် ဆက်စပ်ပြီး အမေရိကန်က ထွက်ပေါ်လာသော လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ပဲဖြစ်ဖြစ် အိန္ဒိယပဲဖြစ်ဖြစ် ဖူးပွင့်ဝေနေပြီဖြစ်တဲ့သူတို့ နှစ်နိုင်ငံကြားက သံခင်းတမန်ခင်း ဆက်ဆံရေးကို ပျက်ပြားစေလိုစိတ်ရှိမှာမဟုတ်ဘူးလို့ နိုင်ငံတကာရေးရာကျွမ်းကျင်သူ ပါမောက္ခ ကာဗင်က ပြောပါတယ်။

''ကျွန်မ ခိုင်ခိုင်မာမာယူဆတာကတော့ ဝါရှင်တန်က အိန္ဒိယကို ‌ဒီပြဿနာကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ အမြန်ဆုံးဖြေရှင်းဖို့ ကြိမ်ဖန်များစွာ‌ဖုန်းခေါ်ဆိုပြီး ပြောလိမ့်မယ်'' လို့ မစ္စကာဗင်က ပြောပါတယ်။

သံတမန်ရေးရာဆိုင်ရာတစ်ခုခုတုံ့ပြန်မှုတွေကို ရှိလာလိမ့်မလားလို့ စောင့်ကြည့်နေကြချိန်မှာပဲ ဗုဒ္ဓဟူးနေ့တုန်းက တရားရုံးစွဲချက်တွေကနေ ထွက်လာတဲ့အထောက်အထားတွေဟာ ကနေဒါမှာရှိတဲ့ ဆစ်ခ် တွေရဲ့အသံကို ပိုပြီး ထင်ဟပ်သွားစေတယ်လို့ ဗြိတိသျှကိုလံဘီယာ အခြေစိုက် Sikh သတင်းထောက်နဲ့ ရေဒီယို အစီအစဉ်တင်ဆက်သူ Gurpreet Singh က ပြောကြားခဲ့ပါတယ်။

“ အိန္ဒိယအစိုးရဟာ ကြားဝင်စွက်ဖက်နေပြီး သူတို့နဲ့သဘောထားကွဲလွဲသူတွေရဲ့အသံကို လွတ်လပ်စွာ ထုတ်ပြောပြောဆိုခွင့်မရအောင် ကြိုးပမ်းနေတယ်လို့ ကျွန်တော်တို့ပြောနေရတာလည်း ဖန်တရာတေနေချိန် အခုလိုပေါ်လာတော့ လူတွေက သူတို့ပြောနေတာ အမှန်ပါလို့ သင်္ကာရှင်းနိုင်သလိုတော့ဖြစ်သွားတယ်’’ လို့ သူက ပြောပါတယ်။ ‘’ပြောရရင် မစ္စတာ နီဂျာက အသက်နဲ့ရင်းပြီးပြောသွားတာပေါ့’’