မာရဝိဇယ - စစ်ခေါင်းဆောင်တည်တဲ့ဘုရား ဘာတွေထူးခြားလဲ

မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်မှာ ဇူလိုင် ၂၈ ရက်က တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်မှာ ဇူလိုင် ၂၈ ရက်က တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

မြန်မာစစ်ခေါင်းဆောင်အဆက်ဆက်ဟာ မြန်မာဘုရင်တွေကို အားကျပြီး သာသနာပြုမင်းကောင်းများဖြစ်ချင်တဲ့ ဆန္ဒရှိနေတတ်ကြတာကို သူတို့ရဲ့ ဘုရားတည်၊ ကျောင်းဆောက်မှုတွေက သက်သေပြနေပါတယ်။

မြန်မာပြည်ရဲ့ ပထမဆုံးအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းက စလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအလယ် နောက်ဆုံးအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အဆုံး ဒီအာသီသ ကို တွေ့ခဲ့ကြရတာပါ။

ဒီအထဲမှာမှ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘုရားဒါယကာဘွဲ့ခံပြီး သူ့ရဲ့ စီနီယာတွေထက် သာလွန်အောင် ဘုရားတည်ပြခဲ့တာလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

နေပြည်တော်က “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ဟာ ကမ္ဘာပေါ်က ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်တွေထဲမှာ ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမယ် လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူနဲ့နီးစပ်တဲ့ ရဟန်းရှင်လူအပေါင်းကို ခေါ်ယူရှင်းပြနေပါတယ်။

စစ်ခေါင်းဆောင်တွေ တည်တဲ့ ထင်ရှားတဲ့ ဘုရားတွေ

ဥပ္ပါတသန္တိစေတီတော် ထီးတင်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဥပ္ပါတသန္တိစေတီတော် ထီးတင်ပွဲမှာတွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်

ဗိုလ်ချုပ်ကြီးနေဝင်းက ရွှေတိဂုံစေတီတော်ကြီးအနီးမှာ မဟာဝိဇယစေတီတော်ကို ထီးတော်တင်ခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က နေပြည်တော်ကို မြို့တော်ပြောင်းရွှေ့ခဲ့သလို ရွှေတိဂုံ စေတီတော် နဲ့ ပုံစံတူ ဥပ္ပါတသန္တိစေတီတော်ကြီးကို တည်ထားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေ နေထိုင်ကြတဲ့ နေပြည်တော် ခြောက်လုံးတန်း အိမ်ရာကနေ ဥပ္ပါတသန္တိစေတီတော်ကြီးကို ဖူးမျှော်လို့ရအောင် နေရာရွေးချယ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

ဥပ္ပါတသန္တိစေတီတော်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဥပ္ပါတသန္တိစေတီတော်

သမ္မတဟောင်း ဦးသိန်းစိန်ကလည်း နေပြည်တော်မှာ ဗုဒ္ဓဂယာပုံတူ ဘုရားတွေနဲ့ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကို တည်ထားခဲ့ပါတယ်။

အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ လက်ထက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ ဦးဆောင်ပြီး နေပြည်တော်မှာ ထာဝရငြိမ်းချမ်းရေး စေတီတော် ကို တည်ထားခဲ့ပါသေးတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရှေ့က အုပ်စိုးသူတွေထက် အရွယ်အစား၊ အကျယ်အဝန်း နဲ့ အကုန်အကျ ပိုမိုများပြားတဲ့ ဘုရားတစ်ဆူကို နေပြည်တော်မှာ တည်နေတာ ဖြစ်ပါတယ်။

မူလကုသိုလ်ရှင်တွေထဲမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလည်းပါ

ဘုရားကြီးထဲက ကျောက်စာတွေကို လေ့လာနေတဲ့ ဦးသန်းရွှေ

ဓာတ်ပုံ ရင်းမြစ်, Aung Paing Min/fb

ဓာတ်ပုံ ပုံစာ, ဘုရားကြီးထဲက ကျောက်စာတွေကို လေ့လာနေတဲ့ ဦးသန်းရွှေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

မတ္တရာမြို့နယ်မှာရှိတဲ့ စကျင်တောင်က စကျင်ကျောက်တော်ကြီးကို Angelo Mining Co., Ltd. က အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ရွှေဖောင်ဒေးရှင်းကို ၂၀၁၃ ခုနှစ်မှာ လှူဒါန်းခဲ့ပါတယ်။

ရွှေဖောင်ဒေးရှင်းဟာ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့ အဓိကဦးဆောင်ဖွဲ့စည်းထားပြီး သူတို့ရဲ့ မိသားစုဝင်တချို့လည်း ပါဝင်ပါတယ်။

အငြိမ်းစားယူသွားပြီးတဲ့နောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ စကျင်ကျောက်တွေကို ဘုရားတည်ပြီး လှူဒါန်းမှုတွေလုပ်နေခဲ့တဲ့ အချိန်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ အရွယ်အစားကြီးမားလှတဲ့ စကျင်ကျောက်တော်ကြီးကိုတော့ ရွှေဖောင်ဒေးရှင်းက တပ်မတော်ကို ၂၀၁၇ ခုနှစ်မှာ ပြန်လည်လှူဒါန်းခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တန်ချိန်များစွာကြီးမားလေးလံလှတဲ့ စကျင်ကျောက်တုံးတွေကို ရေလမ်း၊ ကုန်းလမ်းကနေ ခက်ခက်ခဲခဲ သယ်ဆောင်ခဲ့ပြီး နေပြည်တော်မှာ ဘုရားတည်ခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မူလကုသိုလ်ရှင်တွေထဲက တစ်ဦးဖြစ်လို့ ဘုရားကြီးဆီ မကြာခဏ လာရောက်ကြည့်ရှုခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ် တချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဘုရားကြီးထဲက ကျောက်စာတွေကို ဦးသန်းရွှေ လေ့လာနေတဲ့ ဓာတ်ပုံတချို့လည်း ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီနေ့က ဦးသန်းရွှေရဲ့ ခြောက်လုံးတန်းအိမ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် သွားရောက် ဖိတ်ကြားခေါ်ဆောင်ခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

‘’ဗုဒ္ဓဥယျာဉ်တော်ထဲမှာ လိုက်ပြတော့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် ဘတ်ဂီ (ယာဥ်အငယ်စားလေး) မောင်းပြီး ဦးသန်းရွှေကို လိုက်ပြတာ’’ လို့ အဲဒီနေ့က လိုက်ပါသွားသူတစ်ဦးကို ကိုးကားပြီး ဘီဘီစီရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မာရဝိဇယ ရုပ်ပွားတော်တည်ဆောက်ရေး လုပ်ငန်းခွင်ကို အပတ်စဉ်သွားရောက်လေ့ရှိပြီး တည်ဆောက်လို့ပြီးစီးခါနီးအချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့လပိုင်းတွေကစလို့ တစ်ပတ်ကို အနည်းဆုံး ၃ ကြိမ်အထိ သွားလေ့ရှိတယ် လို့ ဘီဘီစီရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

‘’ဒီဘုရားကြီးနဲ့ပတ်သက်လို့ ဦးမင်းအောင်လှိုင်ရဲ့ စိတ်အားထက်သန်နေမှုကို မြင်သာစေပါတယ်’’ လို့ အငြိမ်းစားတပ်မတော်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ခဲ့ကြသူတွေနဲ့ နေပြည်တော်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ရေးလုပ်ငန်းတွေ ပါဝင်ခဲ့ကြသူတွေလို့ဆိုပြီး ဆရာတော်ကြီး ၂၆ ပါးနဲ့ စစ်ဗိုလ်ချုပ်၊ ရဲ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ရာနဲ့ချီကို စစ်ကောင်စီက ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ပါတယ်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သရေစည်သူဘွဲ့ကို နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်အပါအဝင် ဆရာတော်ကြီး ၄ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို စစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။

အဲဒီထဲ စစ်ကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအပြင် အင်ဂျင်နီယာကောင်စီနာယကအပါအဝင် ၅ ဦးက သရေစည်သူဘွဲ့ကို ဆရာတော်ကြီးတွေနဲ့အတူရခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ အရေးအကြီးဆုံးစီးပွားရေးတာဝန်ခံလို့ ခေါ်ဝေါ်ရတဲ့ မြန်မာ့စီးပွားရေကော်ပိုရေးရှင်း က အရာရှိကြီး ၅ ဦးနဲ့ အင်းဝဘဏ်အထွေထွေမန်နေဂျာကိုပါ စီမံထူးချွန်တံဆိပ်ပေးခဲ့သလို ပုဂ္ဂလိကကုမ္ပဏီပိုင်ရှင်ဆယ်နဲ့ချီကိုလည်း လူမှုထူးချွန်တံဆိပ်တွေပေးခဲ့တာပါ။

ဒီကနေ့ တရက်တည်းမှာတင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တည်ထားကိုးကွယ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ပြီးစီးမှုအထိမ်းအမှတ်ဆိုပြီး မြန်မာငွေကျပ် နှစ်သောင်းတန်ထုတ်ဝေမယ့်အကြောင်းတွေပါ ဆက်တိုက်ကြေညာနေတာဖြစ်ပါတယ်။

သမ္မတဟောင်းဦးသိန်းစိန် နဲ့အဖွဲ့ ကို ဘုရားကြီးမှာ တွေ့ရစဉ်။

ဓာတ်ပုံ ရင်းမြစ်, mwd

ဓာတ်ပုံ ပုံစာ, ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတဟောင်းဦးသိန်းစိန် နဲ့အဖွဲ့ ကို ဇူလိုင်လ ၈ ရက်က ဘုရားကြီးမှာ တွေ့ရစဉ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်ကလည်း ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတဟောင်းဦးသိန်းစိန်၊ ဒုတိယသမ္မတဟောင်းဦးဉာဏ်ထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေးတို့အပါအဝင် အငြိမ်းစားတပ်အရာရှိကြီး တော်တော်များများကိုလည်း စစ်ခေါင်းဆောင်က ဘုရားအကြောင်း ခေါ်ယူ ရှင်းပြခဲ့ပါသေးတယ်။

တနည်းပြောရရင် ဒီရှင်းလင်းပွဲဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ တပည့်ဟောင်းတွေကို တစုတစည်းတည်း ပြန်မြင်ရတဲ့ ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီရှင်းလင်းပွဲမတိုင်ခင် ဇွန် ၂၉ ရက်မှာ စစ်ခေါင်းဆောင်က မြန်မာပြည်ရဲ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ယူ ရှင်းလင်းတဲ့ပွဲကလည်း စိတ်ဝင်စားစရာ တွေရှိခဲ့ပါတယ်။

ဘုရားဆောင်းပါးရေးတဲ့ သူဌေးတွေ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရောက် စီးပွားရေးလုပ်ငန်းရှင်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တည်ဆောက်ပြီးစီးမှု အခြေအနေတွေကို စီးပွားရေးလုပ်ငန်းရှင်တွေလှည့်လည်ကြည့်

မြန်မာနိုင်ငံရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ၁၀၁ ဦး ဟာ ဇွန် ၂၉ ရက်မှာ စစ်ခေါင်းဆောင်တည်တဲ့ ဘုရားကိုရောက်လာကြပြီး အလှူငွေ ကျပ်ဘီလျံချီ ပေးအပ်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးကတည်းက ပျောက်ကွယ်နေတဲ့ သူဌေးကြီးတွေ၊ ထိန်းသိမ်းခံထားရတယ်လို့ ယူဆခံထားရတဲ့ ဦးမောင်ဝိတ်လို လုပ်ငန်းရှင်မျိုးကိုလည်း ဒီအခမ်းအနားမှာတွေ့ခဲ့ရပါတယ်။

ဧရာဝတီ ဘဏ်သူဌေး ဦးဇော်ဇော်၊ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ A Bank ဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ကုန်သည်စက်မှု အသင်း ဥက္ကဋ္ဌဟောင်း ဦးဝင်းအောင်၊ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့မြေး ဦးကျော်နေဝင်း တို့ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိမှုမှာ စစ်ကောင်စီဘက်က သက်သေထွက်တဲ့ ဦးမောင်ဝိတ်နဲ့ တခြားလုပ်ငန်းရှင်အမြောက်အများကိုပါ တွေ့ခဲ့ရတာပါ။

ဒီအခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဆက်ဆံရေးပြန်တည်ဆောက်ဖို့ လုပ်ငန်းရှင်တချို့က အလှူငွေ ပေးအပ်တယ်ဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

အခမ်းအနားကို ကိုယ်တိုင်မတက်ဘဲ အလှူငွေပေးအပ်ခဲ့တဲ့ လုပ်ငန်းရှင်တွေကိုလည်း ဘီဘီစီကရရှိထားတဲ့ အလှူရှင်စာရင်းမှာတွေ့ရပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လုပ်ငန်းရှင်တွေ နဲ့ အမှုဖြစ်နေတဲ့ လုပ်ငန်းရှင်တွေလည်း စစ်ခေါင်းဆောင်ကို အလှူငွေပေးအပ်ခဲ့ကြပြီး ဦးချစ်ခိုင် ရဲ့ ဧဒင်ကုမ္ပဏီက ကျပ် သိန်း ၁၅,၀၀၀ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။

နေပြည်တော်မှာ ဇွန်လ ၂၉ ရက် က ပြုလုပ်တဲ့ အခမ်းအနားမှာ တစ်မနက်တည်းမှာတင် စီးပွားရေးကဏ္ဍစုံက လုပ်ငန်းရှင် ၁၀၁ ဦးက ကျပ် ၁၆ ဘီလီယံကျော် အထိ လှူဒါန်းခဲ့ပါတယ်။

ဒီပမာဏ ဟာ မိုခါ မုန်တိုင်းပြီးနောက်တစ်ရက်မှာ ပြန်လည်ထူထောင်ရေးအတွက် အလှူခံရရှိခဲ့တဲ့ ကျပ်ငွေ ၁၃ ဘီလီယံကျော်ထက်တောင် များပြားနေတဲ့ ပမာဏလည်း ဖြစ်ပါတယ်။

လုပ်ငန်းရှင်တချို့ကတော့ အဆင့်အလိုက် အလှူငွေသတ်မှတ်ထားတဲ့အကြောင်း ဘီဘီစီကို ထုတ်ပြောထားပေမယ့် စစ်ကောင်စီကတော့ အလှူငွေပေးအပ်ပွဲဟာ မူလ အစီအစဉ်မှာမပါဘဲ သူဌေးတွေက လှူချင်တဲ့အတွက် ကြားဖြတ်အစီအစဉ်နဲ့ လက်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေရဲ့ သတင်းထုတ်လွှင့်ချက်တွေမှာ သူဌေးတချို့က သူတို့ရဲ့ ပုံကို မပေါ်ထွက်အောင် ကြိုးစားခဲ့ကြသလို တစ်ဖက်မှာလည်း သူဌေးတချို့က ဘုရားအကြောင်းကို နိုင်ငံပိုင်သတင်းစာမှာကလောင်အမည်တချို့သုံးပြီးဆောင်းပါးဝင်ရေးခဲ့ကြပါတယ်။

ဇွန်လ ၂၉ ရက်နေ့ အခမ်းအနား ဖိတ်ကြားခံရတာကစလို့ ဘုရားကြီးကို အလှူငွေပေးအပ်ရတာ ကုသိုလ်ထူးပုံကို ဖွဲ့နွဲ့‌ရေးသားခဲ့တာပါ။

ဇူလိုင် ၂၃ ရက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သာသနနုဂ္ဂဟ ဘွဲ့ရပုဂ္ဂိုလ်အလှူရှင်တွေ နဲ့ ကုမ္ပဏီတချို့ကို ဖိတ်ကြားခဲ့ပြီး ဘုရားကြီးအကြောင်း ရှင်းလင်းပြန်ပါတယ်။

အဲဒီ အခမ်းအနားမှာလည်း အလှူရှင် ၃၇၇ ဦးက ကျပ် ၁၇ ဘီလီယံ ကျော် လှူဒါန်းခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်လာ သန်း ၄၀ အထိ ကုန်ကျ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ရုပ်ပွားတော်မြတ်ကြီးရဲ့ ကုန်ကျစရိတ်ဟာ စကျင်ကျောက်သားတန်ဖိုးများ မပါဝင်ဘဲ အမေရိကန်ဒေါ်လာသန်း ၃၀ ကနေ သန်း ၄၀ အထိ ရှိမယ်လို့ ခန့်မှန်းထား

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာမသိမ်းခင်ကတည်းက ဘုရားကြီးတည်ထားကိုးကွယ်ဖို့ စကျင်ကျောက်တော်ကြီးတွေကို နေပြည်တော်ကို ရေလမ်း၊ကုန်းလမ်း အဆင့်ဆင့်နဲ့ ခက်ခက်ခဲခဲ သယ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို စိတ်တိုင်းကျ တည်ဆောက်ခဲ့ပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားရာ ဗုဒ္ဓဥယျာဉ်တော်ထဲမှာ ဂန္ဓကုဋီတိုက်တွေ၊ ဓမ္မာရုံတွေ၊ မော်ကွန်းတိုက်တွေ၊ သုဓမ္မာဇရပ်၊ မုစလိန္ဒအိုင်၊ မင်္ဂလာတံတားနဲ့ ရေပန်းတွေကိုပါ ရတနာပုံခေတ်ဟန် ထည့်သွင်းတည်ဆောက်ထားတာကို စစ်ကောင်စီရဲ့ ရုပ်သံ နဲ့ ဓာတ်ပုံ ထုတ်ပြန်ချက်တွေအရ တွေ့ရပါတယ်။

ရုပ်ပွားတော်မြတ်ကြီးကို ဉာဏ်တော်အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေ တည်ဆောက်ထားပြီး စစ်ဗိုလ်ချုပ်တွေရဲ့ အကြိုက်ဖြစ်တဲ့ ကိုး ဂဏန်းတွေနဲ့ နေရာအတော်များများမှာ စကေးကိုက် ထည့်သွင်းတည်ဆောက်ထားတာ တွေ့ရပါတယ်။

ရုပ်ပွားတော် ကြီးရဲ့ စုစုပေါင်းအလေးချိန် တန်ချိန် ငါးထောင်ကျော်အထိ ရှိ

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ရုပ်ပွားတော် ကြီးရဲ့ စုစုပေါင်းအလေးချိန် တန်ချိန် ငါးထောင်ကျော်အထိ ရှိ

ရုပ်ပွားတော် ကြီးရဲ့ အလေးချိန်ဟာ ၁၇၈၂ တန် ချိန်အထိ ရှိသလို ပလ္လင်တော်ရဲ့ အလေးချိန်ကလည်း ၃၅၁၀ တန် ချိန်အထိ ရှိလို့ စုစုပေါင်း တန်ချိန် ငါးထောင်ကျော်အထိ (၅၂၉၂ တန်) ရှိပါတယ်။

အဲဒီဂဏန်းတွေ တွေကိုလည်း ပေါင်းလိုက်ရင် ကိုး ရအောင် စီစဉ်ထာတာ တွေ့ရပါတယ်။

ဗုဒ္ဓဥယျာဉ်တော်ထဲမှာ ကျောက်စာ ချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ် လို့တင်စားကြတဲ့ မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားက ပဉ္စသင်္ဂါယနာ တင် ပိဋကတ်ကျောက်စာရုံတွေကို စံပြုထားတာ ဖြစ်ပါတယ်။

ကျောက်စာရုံတွေဟာ အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိပြီး ကျောက်စာချပ်အနေနဲ့ အလျား ၄၅ လက်မ၊ အမြင့် ၇၅ လက်မ၊ ထု ၇ ဒသမ ၂ လက်မ စီရှိပါတယ်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ကုန်ကျစရိတ်ဟာ စကျင်ကျောက်သားတန်ဖိုး မပါဝင်ဘဲ စုစုပေါင်းကုန်ကျစရိတ်အဖြစ် အမေရိကန်ဒေါ်လာသန်း ၃၀ ကနေ သန်း ၄၀ အထိ ရှိမယ်လို့ ခန့်မှန်းထားတဲ့အကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင် ၂၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လေ့လာသူတွေကတော့ စစ်ကောင်စီထုတ်ပြန်တဲ့စာရင်းထက် ပိုမိုကုန်ကျလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။

ဘုရားပွဲ နဲ့ နိုင်ငံရေးအပြောင်းအလဲ

သြဂုတ် ၁ ရက်မှာ အနေကဇာတင်လှူတဲ့ အခမ်းအနား ရှိ

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁ ရက်မှာ အနေကဇာတင်လှူမယ်

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ဗုဒ္ဓာဘိသေက အနေကဇာတင်လှူမယ့်အခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူမယ့်အခမ်းအနား နဲ့ ရေစက်ချမဟာမင်္ဂလာအခမ်းအနားတွေကို သြဂုတ် ၁ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ဒါဟာ နောက်ဆုံးတစ်ခေါက် သက်တမ်းတိုးထားပြီးသား ဖြစ်တဲ့ အရေးပေါ်ကာလ ခြောက်လ ကုန်ဆုံးပြီဖြစ်လို့ စစ်ကောင်စီက သူတို့အာဏာမှာ ဆက်နေဖို့ သက်တမ်းကို တစ်နည်းနည်းနဲ့ ထပ်တိုးပြီး နောက်ထပ်သက်တမ်းသစ်စတင်မယ့် ပထမဆုံးရက်လည်း ဖြစ်ပါတယ်။

အချက်အလက်တွေ့ရှိမှုတွေအရ နိုင်ငံရေးအပြောင်းအလဲ တချို့ နဲ့ ဘုရားကြီးတည်ထားတဲ့ နေ့ရက်တွေ တိုက်ဆိုင်မှုရှိနေတာပဲ ဖြစ်ပါတယ်။

နေပြည်တော်ကို စကျင်ကျောက်တော်ကြီးသယ်ဆောင်ရေးလုပ်ငန်းတွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ဆောင်ရွက်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းမှုပေါ်ပေါက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၆ လက အရေးပေါ်ကာလသက်တမ်းတိုးတဲ့ကာလ ဇန်နဝါရီ ၃၁ ရက်မှာပဲ ဆင်းတုတော် အပိုင်းတွေကို ရတနာပလ္လင်တော်ထက် အောင်မြင်စွာပင့်ဆောင်ပူဇော်တာကို အချိန်ကိုက် ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိ အရေးပေါ်ကာလသက်တမ်းတိုးမယ့်ကာလ သြဂုတ် ၁ ရက်မှာ အနေကဇာတင်လှူတဲ့ အခမ်းအနား ရှိနေပြန်ပါတယ်။

ဘုရားပွဲကုသိုလ်တော်အဖြစ် စစ်ကောင်စီက အကျဉ်းသားအမြောက်အများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ရှိနေတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ဗိုလ်ချုပ်ကြီးနေဝင်းကလည်း ၁၉၈၀ ခုနှစ်တုန်းက ပထမအကြိမ် ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီး ပြီးမြောက်အောင်မြင်တဲ့ အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။

အဲဒီအမိန့်မှာ နိုင်ငံရေးအကျဉ်းသားတွေသာမကဘဲ အစိုးရကိုလက်နက်ကိုင်ဆန့်ကျင်သူတွေကိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ့်အထဲ ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်လာနိုင်မလားလို့ မျှော်လင့်ချက်တွေရှိနေကြပေမဲ့ အပြီးသတ်လွှတ်ပေးလိုက်ဖို့တော့ ဖြစ်နိုင်ခြေနည်းတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

‘’အိမ်ချုပ်( နေအိမ်အကျယ်ချုပ်) ကြေညာတာ နဲ့ ပြစ်ဒဏ်လျှော့ပေါ့တာ အလွန်ဆုံး အဲဒီလောက်ပဲ ဖြစ်မယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ဘာမဆိုဖြစ်သွားနိုင်တာလည်း ထည့်တွက်ရမယ်’’ လို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။