ရွေးကောက်ပွဲဆန့်ကျင်သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရသူတွေထဲအနုပညာရှင်တွေပါဝင်လာ

စစ်ခေါင်းဆောင် လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးခံရသူ အရေအတွက်ဟာ ၂၀၂၅ အောက်တိုဘာလအထိစာရင်းအရ ၇၀ နီးပါးရှိပြီဖြစ်ပါတယ်။
ဥပဒေထုတ်ခဲ့တဲ့ ဇူလိုင် ၂၉ ရက်ကစလို့ အောက်တိုဘာနောက်ဆုံးပတ် ၃ လဝန်းကျင်အတွင်း စုစုပေါင်း ဖမ်းဆီးခံထားရသူ ၇၀ နီးပါးထဲမှာ ထင်ရှားတဲ့ မြန်မာရုပ်ရှင်ဒါရိုက်တာ ၃ ဦးအပါအဝင် အနုပညာသမား ၅ ဦးအထိပါဝင်လာပါတယ်။
စက်တင်ဘာလက ဖမ်းဆီးခံရတဲ့အထဲမှာဆိုရင် ကရင်နီ(ကယားပြည်နယ်)၊ လွိုင်ကော်မြို့က အသက်မပြည့်သေးသူ ၃ ဦးလည်း ပါဝင်ခဲ့ပါတယ်။
စက်တင်ဘာလဆန်းမှာ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲပျက်ပြားအောင်ရေးသားဖြန့်ဝေတဲ့ အမှုတွေကို အရေးယူထားတယ်လို့ ပြောပြီးနောက်မှာ ဒီဥပဒေနဲ့ ဖမ်းဆီးမှု ပိုစိပ်လာပါတယ်။
ဒါတင်မက ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလနီးကပ်ချိန်မှာပိုပြီး ဖမ်းဆီးမှုတွေတိုးလာတာဖြစ်ပါတယ်။
ရွေးကောက်ပွဲဆန့်ကျင်လို့ နောက်တစ်ကြိမ်ထပ်မံဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူ ကိုရန်နိုင်ကြည်ဝင်း

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ကော်မရှင်က ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အရှေ့ပိုင်း၊ ၆ ရပ်ကွက်က နေအိမ်မှာ စက်တင်ဘာ ၁၈ ရက်တုန်းက ဖမ်းဆီးလိုက်တဲ့ ကိုရန်နိုင်ကြည်ဝင်း ဟာ ၂၀၂၂ ခုနှစ်မှာ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ် မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း တစ်ဦး ဖြစ်ပါတယ်။
အဲဒီနေ့က သူနဲ့အတူ အသက် ၂၄ နှစ်အရွယ် ကိုအောင်ရဲထွဋ် လည်း ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ဟာ စက်တင်ဘာ ၁၇ ရက်က လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားလမ်းနဲ့ ဦးဖိုးလှိုင် လမ်းထောင့်မှာရှိတဲ့ လမ်းညွှန်ဆိုင်းဘုတ်မှာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းရေးသားထားတဲ့စာတန်းပါ စတစ်ကာတွေကို ကပ်ခဲ့တာကြောင့်လို့ စစ်ကော်မရှင်က ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒီမတိုင်ခင်တုန်းကလည်း အများပြည်သူသွားလာတဲ့ နေရာ ၁၀ ခုထက်မနည်းမှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့တယ်လို့ စက်တင်ဘာ ၂၀ ရက် စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကိုရန်နိုင်ကြည်ဝင်းဟာ ပထမတစ်ကြိမ် စစ်တပ်ဖမ်းဆီးခံရချိန်ကတည်းက စစ်ကြောရေးဒဏ် ကြောင့် ခါးထိပြီး အောက်ပိုင်းချိသလိုဖြစ်ထားတာကြောင့် "အဲဒီလို ထပ်ပြီး ဖြစ်မှာတော့ စိုးရိမ်တယ်" လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
"လောလောဆယ်တရားရင်ဆိုင်ခွင့်ရှိသလားဆိုတာတော့ အခြေအနေအရ မသိရသေးဘူး။ လှိုင်သာယာရဲစခန်းကနေ ရမန်ယူပြီး ပြန်ချုပ်ထားပြီး စစ်ကြောရေးလုပ်နေတယ် ကြားတယ်"လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၄ ရက်အထိအချက်အလက်အရ ကိုရန်နိုင်ကြည်ဝင်းကို စက်တင်ဘာနောက်ဆုံးပတ် ရက်ပိုင်းအတွင်း စစ်ခုံရုံးက အမိန့်ချမယ်လို့ သိထားရကြောင်း မိသားစုဝင်နဲ့ နီးစပ်သူ ကပြောပါတယ်။
သူတို့ ညီအစ်ကို ၄ ယောက်မှာ အကြီးဆုံး ကိုသူဇော်ကြည်ဝင်း က စစ်တပ်ကို လက်နက်ကိုင်တော် လှန်နေသူ ဖြစ်ပါတယ်။ ဒုတိယမြောက်ဖြစ်သူ ကိုနိုင်ဇော်ကြည်ဝင်း ကလည်း ရွှေပြည်သာမှာ ၂၀၂၁ ခုနှစ်နှောင်းပိုင်းတုန်းက ဖမ်းခံရပြီး ၂၀၂၃ခုနှစ်မှာ ပြန်လွတ်ခဲ့တဲ့ နိုင်ကျဥ်းတစ်ဦးပါ။
အခုထပ်ဖမ်းခံရတဲ့ ကိုရန်နိုင်ကြည်ဝင်းမှာ အမွှာညီဖြစ်သူ ကိုရန်နောင်ကြည်ဝင်းရှိပြီး သူကလည်း သပိတ်တိုက်ပွဲဦးဆောင်ထားတာကြောင့် အင်းစိန်ထောင်ထဲမှာ ဖမ်းခံထားရဆဲပါ။
သူတို့ ညီအစ်ကို ၄ ယောက်ရဲ့ မိခင် ဒေါ်ခင်ကြည်ကိုလည်း စစ်တပ်က ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီး စစ်ဆေးတာတွေလုပ်ခဲ့တာကြောင့် ရှောင်တိမ်းနေရတာဖြစ်ပါတယ်။
မိသားစုတွေ တစုတစည်းတည်းမရှိနိုင်တာကြောင့် ကိုရန်နိုင်ကြည်ဝင်းအတွက် အမှုလိုက်ဖို့ ရှေ့နေ စီစဥ်ထားနိုင်တာမရှိသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူ က ဘီဘီစီကို ပြောပါတယ်။
ကိုရန်နိုင်ကြည်ဝင်း လို ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးခံရသူအတွက် ခုခံချေပ ပိုင်ခွင့်နဲ့ပတ်သက်လို့ "ဥပဒေက ခုခံချေပခွင့်ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ခုခံချေပခွင့် မပေးထားဘူး"လို့ တရားလွှတ်တော် ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းအပြီး နှစ်လဝန်းကျင်အတွင်း ဖမ်းဆီး မှုတွေကို ကြည့်ပြီး ဒေါ်ဇာလီအေးက "Law Enforcement သမားတွေ အကဲဆတ်လာတာ မြင်ရတော့ သူတို့အတွင်းထဲက စိုးရိမ်မှုတွေ အထင်းသားထင်ရှားလာတယ်" လို့ သုံးသပ်ပါတယ်။
စစ်ခေါင်းဆောင်လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့တဲ့ ဒီဥပဒေမှာ နှစ်ရှည်ထောင်ဒဏ်၊ ထောင်ဒဏ် တစ်သက်နဲ့ သေဒဏ်အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေထည့် ပြဋ္ဌာန်းထားပါတယ်။ ဒီလိုဥပဒေမျိုး ရှေ့က ၂၀၁၀ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ထုတ်ခဲ့တာမရှိပါဘူး။
လွိုင်ကော်က အသက်မပြည့်သေးသူ ၃ ဦးအပါအဝင် လူငယ် ၅ ယောက် ဘာကြောင့်ဖမ်းခံရလဲ

ဓာတ်ပုံ ရင်းမြစ်, MOI
စက်တင်ဘာ ၂၂ ရက်ထုတ် သတင်းစာမှာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ပျက်ပြားအောင်လှုံ့ဆော်တဲ့ ပြုလုပ်သူတွေကို စက်တင်ဘာ ၁၄ ရက်မှာ လွိုင်ကော်ရဲစခန်းက ဖမ်းလိုက်တယ်ဆိုပြီး လူငယ်တွေရဲ့ နာမည်၊အသက်တွေသာ ဖော်ပြထားပါတယ်။
ဘာကြောင့်ဖမ်းရတယ်ဆိုတဲ့ အကြောင်းပြချက်ကို မဖော်ပြထားပါဘူး။ နာမည်တွေနဲ့ ဖော်ပြတဲ့ ဖမ်းဆီးခံရသူတွေထဲ အသက် ၁၈ နှစ် အရွယ် ၂ ဦးပါဝင်ပြီး အသက်မပြည့်သေးတဲ့ ၁၄ နှစ်၊ ၁၆ နှစ်နဲ့ ၁၇ နှစ် အရွယ် ၃ ဦးတို့ဖမ်းဆီးခံခဲ့ရတာပါ။
သူတို့ဟာ ဒေါနိုးကူးနဲ့ မင်းစုရပ်ကွက်ကြားက မင်းကျောင်းဘုန်းကြီးကျောင်း အနီးမှာ ဖမ်းခံလိုက်ရတာလို့ လွိုင်ကော်မြို့ခံ ၂ ဦးက ဘီဘီစီကို အတည်ပြုပါတယ်။ မင်းကျောင်းဘုန်းကြီးကျောင်းအနီးမှာ ရေကန်တစ်ခုရှိပြီး အဲဒီမှာ မြို့ကလူငယ်တွေဟာ စုဝေး လာရောက်အပန်းဖြေလေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
"အဲဒီနေ့က ရောင်နီသီချင်းကို စုဆိုနေလို့ ဖမ်းသွားတာ" လို့ လွိုင်ကော်မြို့ခံက ဘီဘီစီကိုပြောပါ တယ်။
ရောင်နီသီချင်းဟာ ၂၀၂၁ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အဆိုတော်လင်းလင်းရဲ့ သီချင်းဖြစ်ပါ တယ်။ အမှောင်ညတွေဆုံးရင် နေ့သစ်တွေရှိလာမှာဖြစ်လို့ ယုံကြည်ချက်နဲ့ ရှေ့ကိုဆက်ချီတက်ဖို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ စာသားတွေပါဝင်ပါတယ်။
စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့က ဒီလူငယ်တွေကို ရွေးကောက်ပွဲပျက်ပြားအောင်လုပ်တယ်စွပ်စွဲပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်လိုက်တာဖြစ်ပါတယ်။
စစ်ကော်မရှင်က ပြဋ္ဌာန်းလိုက်တဲ့ ရွေးကောက်ပွဲကာကွယ်ပေးရေး ဥပဒေရဲ့ ပုဒ်မ ၁၆ မှာ ရွေးကောက်ပွဲပျက်ပြားအောင် ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချိတာ မပြုရလို့ တားမြစ်ထားပါတယ်။
ဒီတားမြစ်ချက်ကို ဖောက်ဖျက်ရင် ပုဒ်မ ၂၃(က)အရ ထောင် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်းချမှတ်နိုင်တာပါ။
ပုဒ်မ ၁၆ ကို လူစုလူဝေးနဲ့ ဖောက်ဖျက်ရင် ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိအပြင် ငွေဒဏ် လည်း ချမှတ်နိုင်တယ်လို့ ပုဒ်မ ၂၃(ခ)မှာ ပြဋ္ဌာန်းထားတာတွေ့ရပါတယ်။
တရားလွှတ်တော် ရှေ့နေ ဒေါ်ဇာလီအေးက"အကယ်လို့ အခုဖမ်းဆီးခံရသူတွေရဲ့ လုပ်ရပ်တွေကြောင့် အစုလိုက်အပြုံလိုက် ဆူပူမှုဖြစ်ခဲ့လျှင်သာ ရာဇဝတ်ကြောင်းအရ ဖမ်းဆီးအရေးယူရန် ဆောင်ရွက်ရမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။
လူငယ်တွေကို ဖမ်းဆီးထားတဲ့ လွိုင်ကော်မြို့မရဲစခန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာ မှာတော့ "ကျွန်တော်ပြောတာတွေ လိုတာတွေရှိမှာစိုးလို့ အထက်ကခွင့်ပြုမှသာပြောပေးနိုင်မယ်" လို့ တာဝန်ရှိသူတစ်ဦးက ပြန်ဖြေပါတယ်။
ရွေးကောက်ပွဲဥပဒေနဲ့ ဘယ်သူတွေ ဖမ်းခံထားရသေးလဲ

ဓာတ်ပုံ ရင်းမြစ်, MOI
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၄ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသားနဲ့ အသက်မပြည့်သေးတဲ့ ယောကျာ်းလေးတွေဖြစ်ပါတယ်။
ဒီထဲမှာ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတဲ့ လှုပ်ရှားမှုလုပ်ဆောင်သူက ၂ ဦးသာတွေ့ရပြီး ကျန်ဖမ်းဆီးခံရသူတွေဟာ လူမှုကွန်ရက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရေးသားတာ၊ ရောင်နီသီချင်းဆိုတာနဲ့ တို့အရေးလို့ အရက်မူးပြီး အော်သူတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။
စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရွေးကောက်ပွဲပျက်ပြားအောင်ရေးသားဖြန့်ဝေတဲ့ အမှု ၃ မှုကို အရေးယူထားတယ်လို့ စက်တင်ဘာလဆန်းမှာ စထုတ်ပြောလာပါတယ်။
ဒီထဲမှာ စက်တင်ဘာ၉ ရက်က ထောင်ထဲ ၇ နှစ်ချခံလိုက်ရပြီဖြစ်တဲ့ တောင်ကြီး၊ အေးသာယာမြို့ က အသက် ၃၆ နှစ်အရွယ် ကိုနေသွေး ပါဝင်ပြီး ကျန် ၂ မှုမှာ ဘယ်သူတွေပါနေလဲဆိုတာ မသိရပါဘူး။
ကိုနေသွေးက သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ '' ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြု ရမလဲ စဉ်းစား…"စသဖြင့်ပါတဲ့ စာကို ရေးသားလို့ ဖမ်းဆီးတာလို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ဒီဖမ်းဆီးမှုကို စတင်သတင်းရေးသားခဲ့တဲ့ DVBသတင်းဌာနကတော့ ကိုနေသွေးဟာ Lashio Baegyi ဖေ့ဘုတ်အကောင့်နဲ့ လားရှိုးမြို့က ဖြစ်ပွားတဲ့ ကားလုယက်မှုတွေအပေါ် ဝေဖန်ရေးသားချက်ကို ရွေးကောက်ပွဲပျက်ပြားစေဖို့ ရေးသားဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံခဲ့ရတာလို့ သြဂုတ် ၂၇ ရက် ကဖော်ပြပါတယ်။
ဥပဒေပြဋ္ဌာန်းပြီး တစ်လမပြည့်ခင်မှာပဲ ကိုနေသွေး ကို ဖမ်းခဲ့တာဖြစ်ပြီး နှစ်ပတ်ကျော်အတွင်း အမြင့်ဆုံးထောင်ဒဏ်ချခဲ့တာပါ။
တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေး ကတော့ '' စစ်ကော်မရှင်က ဒီဥပဒေကို အကြောက်တရားထည့်ဖို့ ပြဋ္ဌာန်းတယ်လို့ဘဲ မြင်ပါတယ်။ ပြဋ္ဌာန်းချက်တစ်ခုစီတိုင်းက နိုင်ငံရေးအရထင်မြင်ယူဆခွင့်၊ ဝေဖန်ခွင့်ကိုတောင် မပေးထားဘူး။ ၂၀၀၈ ခြေဥ ကပေးတဲ့ အခွင့်အရေးကိုတောင် ပိတ်ပင်ထားသေးတယ်" လို့ သူက ဖြည့်ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က)အရ နိုင်ငံသားတိုင်းဟာ မိမိရဲ့ ယုံကြည်ချက်၊ ထင် မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်စေခွင့်ဆိုတဲ့ အခွင့်အရေးကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိတယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။
စက်တင်ဘာ ၁၆ ရက်ညပိုင်းက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ထန်းခြောက်ပင်လမ်းဆုံ မှာ ဖမ်းဆီးခံရတဲ့ အမျိုးသား ၅ ဦးကို ''တို့အရေး" လို့အော်လို့ ဖမ်းဆီးခဲ့တာလို့ ရန်ကုန်ကင်းထောက်ကွန်ရက်က RSN တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
"ဖြစ်စဉ်က အဲ့လူ ၅ ယောက် မူးပြီး ဆိုင်ကယ်နဲ့ ပတ်နေတဲ့ချိန် ထန်းခြောက်ပင် မီးပွိုင့်နား ရောက်တော့ 'တို့အရေး..' စတာတွေ အော်လိုက်တာမှာ အဲဒီနား ဘီယာဆိုင်မှာ ရှိနေတဲ့အရပ်ဝတ်တွေ ထွက်ချလာပြီး ရိုက်နှက် ဖမ်းဆီးခဲ့တာ" လို့ RSNတာဝန်ရှိသူက ဆိုပါတယ်။
စစ်တပ်ကတော့ ရွေးကောက်ပွဲပျက်ပြားအောင် ဆန္ဒပြ၊ လှုံ့ဆော်ခဲ့တဲ့ ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်နေသူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
သူတို့ကိုလည်း ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိချနိုင်တဲ့ ပုဒ်မ ၂၃(က)နဲ့ ရွှေပြည်သာရဲစခန်းက အမှုဖွင့်ဖမ်းဆီးထားပါတယ်။
ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေ"ရဲ့ တားမြစ်ချက် အခန်း ၆ - (၁၇) က၊ ခ၊ ဂ တွေမှာ ခြိမ်းခြောက်ခြင်း၊ ဟန့်တားခြင်း ၊ မလျော်သြဇာ သုံးခြင်း မိမိအလိုအလျောက်နာကျင်စေခြင်း၊ မိမိအလိုအလျောက်အပြင်းအထန် နာကျင်စေခြင်းဆိုတဲ့ အချက်တွေပါဝင်ပါတယ်။
ဒီဥပဒေအရ ရွေးကောက်ပွဲလုပ်ငန်းစဥ်တွေကို တားဆီးနှောင့်ယှက်တာ၊ ရွေးကောက်ပွဲမတိုင်ခင်မဲဆွယ်စည်းရုံးရေးကာလမှာ မဲဆွယ်စည်းရုံးမှုတွေကို နှောင့်ယှက်ဟန့်တားတာတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ပါရှိပါတယ်။ ဒါအပြင် မဲပေးသူတွေ မဲပေးလို့ မရအောင်နှောင့်ယှက်တားဆီးတာတွေနဲ့ မဲရုံဝန်ထမ်းတွေကို အကာအကွယ်ပေးနိုင်ဖို့လည်း ရည်ရွယ်တယ်လို့ဆိုပါတယ်။
ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ဟောပြောပြောဆိုစည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာတွေကို ပြုလုပ်ရင် ထောင် ၃ နှစ် ကနေ ၇ နှစ်ထိချနိုင်တယ်၊ အဲဒီပြစ်မှုကို လူစုလူဝေးနဲ့ ပြုလုပ်ရင် ထောင်အများဆုံး ၁၀ နှစ်အထိ ချနိုင်သလို ငွေဒဏ်လည်း ချမယ်လို့ ပါရှိပါတယ်။
ရွေးကောက်ပွဲ လုပ်ငန်းစဥ်တွေနဲ့ သက်ဆိုင်တဲ့ မဲဆန္ဒရှင်၊ ကိုယ်စားလှယ်လောင်း ၊ မဲရုံမှူးမဲရုံအဖွဲ့ဝင်နဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက တာဝန်ပေးထားသူတွေကို ခြိမ်းခြောက် ဟန့်တား နှောင့်ယှက်တာ၊ ထိခိုက်နာကျင်စေတာမျိုးလုပ်ရင် အနည်းဆုံး ထောင်သုံးနှစ်ကနေ ထောင် ၂၀ ထိ ချမှတ်နိုင်ပါတယ်။
အဲဒီ ပြစ်မှုကိုပဲလူစုလူဝေးနဲ့ ကျူးလွန်ရင် ကျူးလွန်သူအားလုံးကို ထောင် တစ်သက်အထိ ချနိုင်ပြီး ငွေဒဏ်လည်း ချမယ်လို့ ပါရှိပါတယ်။ အထက်ပါပုဂ္ဂိုလ်တွေကို အသက်သေဆုံးတဲ့အထိ ပြစ်မှုကျူးလွန်ခဲ့ရင်တော့ သေဒဏ်အထိ ချမှတ်မယ်လို့ ဖော်ပြထားပါတယ်။
စစ်အစိုးရလက်ထက် ညောင်နှစ်ပင်ညီလာခံလို့ လူသိများတဲ့အမျိုးသားညီလာခံကို ကျင်းပခဲ့တုန်းကလည်း ဆန့်ကျင့်ကန့်ကွက် ဆန္ဒဖော်ထုတ်သူတွေကို တားဆီးဖို့ အမျိုးသားညီလာခံ နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။
အဲဒီတုန်းကလည်း အမျိုးသားညီလာခံကို ဆန့်ကျင်ပြောဆိုတဲ့ နိုင်ငံရေးသမားတွေကို ဒီဥပဒေသုံးပြီး နှစ်ရှည် ထောင်ဒဏ်တွေချခဲ့ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရော သူ့ရဲ့ ပြည်ထဲရေးဝန်ကြီးကပါ ရွေးကောက်ပွဲကိုထိခိုက်အောင်လုပ်ရင် အွန်လိုင်းကလှုံ့ဆော်သူတွေရော ကန့်ကွက်သူတွေကိုပါ အရေးယူမယ်လို့ ပြောဆိုထားပါတယ်။
တော်လှန်ရေးအင်အားစုတွေကလည်း ဒီရွေးကောက်ပွဲကိုသပိတ်မှောက်ဖို့ ဆော်သြတာတွေရှိနေပါတယ်။
ဒါရိုက်တာ ၃ဦးအပါ ဇာတ်ပို့သရုပ်ဆောင်တွေပါ ဖမ်းဆီးခံရ

ဓာတ်ပုံ ရင်းမြစ်, CINCDS
"ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ" ဆိုတဲ့ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအကြောင်း ဇာတ်လမ်းတိုနဲ့ ပါဝင်သရုပ်ဆောင်သူတွေ အပေါ် ဝေဖန်ခဲ့တာနဲ့ တခြားသူက ဝေဖန်တဲ့ ဆိုရှယ်ပို့စ်တွေကို ထောက်ခံတဲ့ react (တုံ့ပြန်ချက်) ပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။
ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်နဲ့ အောင်ချမ်းလူတို့ကို ဆိုရှယ်မီဒီယာပေါ်က ကန့်ကွက်ရေးသားချက်တွေကို react (တုံ့ပြန်ချက်) ပေးတယ်လို့ဆိုကာ အောက်တိုဘာ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၂၇ ရက် ကဒါရိုက်တာ မိုက်တီးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို ဖမ်းဆီးခဲ့ပါတယ်။
သူတို့ကိုတော့ ကိုယ်တိုင်ပို့စ်တင်ပြီးကန့်ကွက်ဝေဖန်တာကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။
ဦးသက်လွင် (ခေါ်) ဇမ္ဗူထွန်းသက်လွင်ဟာ ခေတ်သစ်မီဒီယာရဲ့ ဖေ့စ်ဘုတ်မှာဖော်ပြထားတဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ သတင်းတစ်ပုဒ်နဲ့ ရွေးကောက်ပွဲဇာတ်လမ်းတိုကို ဝေဖန်တဲ့ ရေးသားချက်တခုကို အသည်းပေးတာကြောင့် အရေးယူတာဆိုပြီး မနေ့ အောက်တိုဘာ ၃၁ ရက် စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
နောက်ထပ်ဒါရိုက်တာတဦးဖြစ်တဲ့ အောင်ချမ်းလူ ကိုတော့ ၂၀၂၁ ခုနှစ်တုန်းက စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ထားတဲ့ ဓာတ်ပုံနဲ့အတူ စစ်တပ်ကိုဆန့်ကျင်သူ အဆိုတော် ရန်ရန်ချမ်းရဲ့ ရွေးကောက်ပွဲ ဇာတ်လမ်းတိုအပေါ် သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားတဲ့ ပို့စ်မှာ အသည်းပုံ (Love react) ပေးတာကြောင့်ဆိုပြီး ဖမ်းဆီးခဲ့တာပါ။
စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြချက်အရ ရုပ်ရှင်ဒါရိုက်တာ ၃ ဦးလုံးဟာ ၂၀၂၁ စစ်တပ်က နိုင်ငံတော်အာဏာကို ရယူအုပ်ချုပ်တာကိုထောက်ခံမှုမရှိတဲ့အပြင် ရွေးကောက်ပွဲအတွက်လည်း အနုပညာကဏ္ဍကနေပူးပေါင်းပါဝင်တာမရှိတာကြောင့်လို့ဆိုပါတယ်။
ဒါအပြင် ရွေးကောက်ပွဲအောင်မြင်အောင် လုပ်ပေးနေတဲ့ အနုပညာရှင်တွေအပေါ် ပြည်ပကနေဝေဖန်ချက်တွေကို ထောက်ခံတဲ့သူတွေလို့ ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်ပေးရေးဥပဒေ အပါအဝင် တခြားဥပဒေတွေနဲ့ ထိရောက်စွာအရေးယူသွားမယ်လို့ ကြေညာပါတယ်။
အသစ်ဖြည့်စွက်ချက် - အောက်တိုဘာ ၃၁ ရက်အထိထပ်မံရရှိတဲ့ သတင်းအချက်အလက်များကိုထပ်မံဖြည့်စွက်ထားပါတယ်။












