ထိုင်းကို တရားမဝင်လမ်းက ဝင်ရင်း မိသားစုလိုက်ရေနစ်သေဆုံးကြတဲ့ မြန်မာလူငယ်များ

မြန်မာလူငယ် ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်ပေးနေတဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေ

ဓာတ်ပုံ ရင်းမြစ်, Kanchanaburi ဒေသန္တရသတင်း

ဓာတ်ပုံ ပုံစာ, မြန်မာလူငယ် ၃ ယောက်ရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်ပေးနေတဲ့ ထိုင်းလူမှုအဖွဲ့အစည်းတွေ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလမြို့နယ်ထဲက ဝချီရာလောင်ကွန်ဆည်ရဲ့ ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေတဲ့ ရုပ်အလောင်း သုံးလောင်းကို စက်တင်ဘာ ၁၂ ရက်မှာ ထိုင်းလူမှုကူညီရေးအဖွဲ့တွေနဲ့ တာဝန်ရှိသူတွေ သယ်ယူခဲ့ကြပါတယ်။

သေဆုံးသူတွေက မြန်မာနိုင်ငံသားတွေဖြစ်ပြီး စစ်ကော်မရှင် ရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ရွာက လူငယ်တွေပါ။

သူတို့တွေက အသက် ၂၃ နှစ်အရွယ် ကိုဆန်းဝင်းကျော်နဲ့ ဇနီးဖြစ်သူ အသက် ၁၈ နှစ်အရွယ် မပပဝင်းခင်၊ ကိုဆန်းဝင်းကျော်ရဲ့ ညီဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုချစ်ဖြိုးကျော် တို့ဖြစ်ပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါး ကျပ်တည်းမှုတွေကြောင့် ထိုင်း ကို တရားမဝင်လမ်းက ဝင်ရောက်ရင်း မိသားစုလိုက် ရေနစ်သေဆုံးခဲ့ရတဲ့ ကိုဆန်းဝင်းကျော် မိသားစုလို အသက်ဘေးကို ထည့်မတွက်ဘဲ ထိုင်းကိုဝင်ရဖို့ ကြိုးစားနေတဲ့ မြန်မာလူငယ်တွေ ဘယ်လောက် ပမာဏ ရှိနေလဲ။

ဆည်ကို ဖြတ်သန်းရင်း ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ်

အရှိန်နဲ့မြန်မြန် စက်လှေမောင်းတာကြောင့် မှောက်ဖို့လွယ်ကူတယ်လို့လည်း ကိုယ်တိုင်စီးခဲ့ရတဲ့ မြန်မာလူငယ်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Kanchanaburi ဒေသန္တရသတင်း

ဓာတ်ပုံ ပုံစာ, အရှိန်နဲ့မြန်မြန် စက်လှေမောင်းတာကြောင့် မှောက်ဖို့လွယ်ကူတယ်လို့လည်း ကိုယ်တိုင်စီးခဲ့ရတဲ့ မြန်မာလူငယ်က ပြောပါတယ်။

ကိုဆန်းဝင်းကျော်နဲ့ ကိုချစ်ဖြိုးကျော် တို့ ညီအစ်ကိုရယ်၊ နောက်ထပ် ညီအစ်ကို ဝမ်းကွဲတော်စပ်သူတစ်ယောက်ရယ်၊ ကိုဆန်းဝင်းကျော်ဇနီး မပပဝင်းခင်ရယ် လေးယောက်ဟာ စက်တင်ဘာ ၆ ရက် ညပိုင်းမှာ မြောက်မြိုက်ရွာကနေ ထိုင်းကို တရားမဝင်ခရီး စခဲ့ကြပါတယ်။

ညီအငယ်ဆုံးဖြစ်သူ ချစ်ဖြိုးကျော်က သူ့ရဲ့ လူမှုကွန်ရက် Facebook အကောင့်မှာ "နှုတ်ဆက်ခဲ့ပါတယ်။ မြောက်မြိုက်ရွာကြီးရေ၊ တစ်နေ့နေ့တော့ ပြန်လာမှာပေါ့။ ချစ်ရတဲ့ သူငယ်ချင်းတို့ ခဏတော့ မင်းတို့နဲ့ခွဲခွာပြီး သူများနိုင်ငံမှာ လူရာဝင်ဖို့အတွက် ငွေအများကြီးရအောင် စီးပွားသွားရှာအုံးမယ်ကွာ" ဆိုပြီး စက်တင်ဘာ ၆ ရက်က ရေးသားခဲ့ပါတယ်။

နေပြည်တော်ကနေ ဘုရားသုံးဆူကို ကားနဲ့တဆင့် အဲဒီကနေမှ ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စံခလမြို့ထဲက ဝချီရာလောင်ကွန် ဆည်ကို စက်တင်ဘာ ၉ ရက် ညအချိန်မှာ ဖြတ်ကြရပါတယ်။

ထိုင်းနယ်မြေခံ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အဖမ်းအဆီး လွတ်ကင်းချိန်ကို စောင့်ပြီး ည ၈ နာရီခွဲလောက်မှာ ကိုဆန်းဝင်းကျော် ၊ ကိုချစ်ဖြိုးကျော်၊ အစ်ကိုဝမ်းကွဲနဲ့ မပပဝင်းခင်တို့အပါအဝင် မြန်မာလူငယ် ၂၂ ယောက်ကို စက်လှေတစ်စင်းပေါ် တက်ကြရပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ထပ် မြန်မာလူငယ်တွေ ပါတဲ့ စက်လှေ ၆ စင်းလောက်လည်း နောက်မှာ ပါလာပါတယ်။

"စက်လှေကို တအားမောင်းတော့ သူတို့တွေက ရေကြောက်ကြတယ်လေ။ အဲဒါကို ဖြည်းဖြည်းမောင်းဖို့ ပြောကြသေးတာ။ သူတို့ ၄ ယောက်က စက်လှေဦးပိုင်းမှာ ထိုင်ကြတာ။ စက်လှေဦးက တစ်ခုခုနဲ့ တိုက်မိပြီး ဦးထောင်ပြီးမှောက်တာ။ ဝမ်းကွဲအစ်ကို ကောင်လေးက ရေကူးတတ်တယ်။ သူတို့သုံးယောက်က မကူးတတ်ဘူး"လို့ ဖြစ်စဥ်ကို သိထားတဲ့ ဆွေမျိုးတော်စပ်သူ မြောက်မြိုက် ရွာခံအမျိုးသမီးက ပြန်ပြောပြပါတယ်။

စက်လှေမှောက်ချိန်မှာ ဝမ်းကွဲအစ်ကိုဖြစ်သူက ဝမ်းလျားမှောက်နေတဲ့ စက်လှေရှိရာကို ကူးခတ်ပြီး ခိုနေခဲ့ပါတယ်။ သူနဲ့အတူ စက်လှေမှာ ခိုနေတဲ့ လူငယ် ၇ ယောက်လောက်လည်း ရှိနေခဲ့တယ်လို့ သိရပါတယ်။

ညအမှောင်မှာ ရေပြင်ထဲမှာ ကိုဆန်းဝင်းကျော်တို့ သုံးယောက်ကို လှေကိုခိုရင်း လိုက်ရှာကြည့်ပေမဲ့ မတွေ့ခဲ့ပါဘူး။ နောက်က ပါလာတဲ့ လှေတွေကနေ ဝမ်းကွဲအစ်ကိုနဲ့ တခြားလူငယ်တွေကို ဆွဲခေါ်တင်သွားသလို တချို့ ကမ်းပေါ်ကို ကူးခတ်သွားတဲ့သူတွေကိုလည်း ကယ်ဆယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ ကိုဆန်းဝင်းကျော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ မပပဝင်းခင်တို့တော့ မပါခဲ့ပါဘူး။

ဒီအခြေအနေတွေကို သူတို့ မိသားစုနဲ့ မြောက်မြိုက်ရွာကလူတွေ ချက်ချင်း မသိခဲ့ကြဘဲ လွတ်မြောက်သွားတဲ့ ဝမ်းကွဲအစ်ကိုက စက်တင်ဘာ ၁၁ ရက်မှာ အသိပေးမှ သိခဲ့ကြပါတယ်။

"လှေမှောက်တဲ့အထဲ ပိုက်ဆံတွေရော၊ ဖုန်းတွေရော အကုန်ပါသွားတော့ ဝမ်းကွဲကောင်လေးကလည်း ချက်ချင်းဆက်သွယ်လို့ မရဘူးလေ။ ထိုင်းက သူ့အမျိုးတွေဆီရောက်မှ ပြောပြနိုင်တာ"လို့ ဆွေမျိုးတော်စပ်သူ ရွာခံအမျိုးသမီးက သူသိထားတာကို ပြောပြပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာတော့ ကိုဆန်းဝင်းကျော်တို့ ညီအစ်ကိုနဲ့ မပပဝင်းခင်တို့ရဲ့ ရုပ်အလောင်းတွေကို ထိုင်းဒေသခံတွေက တွေ့ရှိပြီး သက်ဆိုင်ရာတွေကို အသိပေးတာကြောင့် အလောင်းတွေကို ဆယ်ယူခဲ့တယ်လို့ ထိုင်းပရဟိတအဖွဲ့ဝင်တစ်ယောက်က ရေးသားထားပါတယ်။

ထိုင်းနိုင်ငံသား ပရဟိတအဖွဲ့ဝင် လူမှုကွန်ရက်မှာ တင်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကိုကြည့်ပြီး အစ်ကိုကြီးဆုံးဖြစ်သူက သူ့ ညီတွေနဲ့ ခယ်မဖြစ်သူတွေဆိုတာ ပိုသေချာသွားခဲ့ပါတယ်။

"မျက်နှာမမြင်ရပေမဲ့ သူတို့ဝတ်သွားတာ သူတို့အစ်ကိုကြီး ဘောင်းဘီလေးတွေမို့ ကောင်းကောင်းမှတ်မိနေတာ။ သူ့ခယ်မလေးရဲ့ ဘောင်းဘီနဲ့ ဘေးလွယ်အိတ်လေးကို သေချာသိနေလို့ ဒီအခြေအနေကို လက်မခံဘဲ လက်ခံလိုက်ကြတာ"လို့ အစ်ကိုကြီးဖြစ်သူနဲ့ စကားပြောခဲ့ရတဲ့ ထိုင်းအလုပ်သမားသတင်းတွေ ဖြန့်ဝေပေးသူ ကိုချစ်မင်းထက်က ပြောပါတယ်။

လှေက ရေအောက်က သစ်ပင်ငုတ်ကို တိုက်မိလို့ တိမ်းမှာက်သွားတာဖြစ်ပြီး သေဆုံးသူတွေကို စံခလဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း ထိုင်းပရဟိတအဖွဲ့ဝင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

သူ တင်ထားတဲ့ ဗွီဒီယိုဖိုင်နဲ့ ဓာတ်ပုံတွေအောက်မှာလည်း "သူတို့ခန္ဓာနဲ့ ဝိညာဉ်တွေ အိမ်ပြန်နိုင်ကြပါစေ။ ကောင်းတဲ့နေရာကို ရောက်ကြပါစေ၊ နောင်ဘဝမှာ ဒီလိုအဖြစ်တွေနဲ့ မကြုံရဘဲ ပျော်ရွှင်တဲ့ဘဝ ရပါစေ"၊ "သေဆုံးသူ မိသားစုအတွက် ဝမ်းနည်းပါတယ်" ဆိုတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ မှတ်ချက်တွေကိုလည်း တွေ့ရပါတယ်။

သားနှစ်ယောက်နဲ့ချွေးမ တပြိုင်တည်း လက်လွှတ်လိုက်ရတဲ့မိဘ

ရေနစ်သေဆုံးသူတွေရဲ့ ဇာတိဖြစ်တဲ့ မြောက်မြိုက်ရွာဟာ ငလျင်ဒဏ်ထိခဲ့တဲ့ ရွာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဦးအဂ္ဂဝံသ

ဓာတ်ပုံ ပုံစာ, ရေနစ်သေဆုံးသူတွေရဲ့ ဇာတိဖြစ်တဲ့ မြောက်မြိုက်ရွာဟာ ငလျင်ဒဏ်ထိခဲ့တဲ့ ရွာလည်း ဖြစ်ပါတယ်။

"သူတို့ ညီအစ်ကိုတွေက ကလေးတွေလိုပဲ လူချစ်လူခင် အရမ်းပေါတာ။ သူတို့ရွာက မထွက်ခင် ညပိုင်းမှာ လာလည်ကြသေးတယ်။ ကျွန်တော်သွားရင် လွမ်းပြီး မငိုနဲ့ဦးဆိုပြီး ချစ်ဖြိုးကျော်က စ သွားသေးတယ်လေ"လို့ သေဆုံးသူတွေရဲ့ ရပ်ဆွေရပ်မျိုး ရွာခံ အမျိုးသားတစ်ဦးက ပြောကြပါတယ်။

နောက်တစ်ရက် လှေမှောက်တယ်ဆိုတဲ့သတင်းကို စသိချိန်မှာတော့ အစ်ကိုအကြီးဆုံးဖြစ်သူက နှလုံးရောဂါရှိနေတဲ့ မိခင်ကို သားလတ်ဖြစ်သူ ကိုဆန်းဝင်းကျော်တစ်ယောက် လှေမှောက်လို့ဆေးရုံတင်ထားရတယ်ဆိုပြီးသာ ပြောထားပါတယ်။

အဲဒီ သတင်းစသိရတာနဲ့တင် စက်တင်ဘာ ၁၁ ရက်ကစပြီး မိခင်ဖြစ်သူက ထမင်းသေချာမစားတော့ပါဘူး။ ဒါပေမဲ့လည်း ဖြစ်ရပ်ကို ကြာရှည်ဖုံးကွယ်လို့ မဖြစ်နိုင်တာကြောင့် စက်တင်ဘာ ၁၄ ရက်မှာ ဖွင့်ပြောခဲ့ကြပါတယ်။

"သူ့အစ်ကိုအကြီးဆုံးက ဒီစကားကို ပြောဖို့အတွက် သူ့အမေဘေးမှာ ဆရာဝန်ခေါ်ထားရတယ်။ ပြီးမှ ဖြစ်ရပ်အခြေအနေမှန်ကို ပြောပြတာ၊ ရုတ်တရက်ကြီးဆိုတော့ သူ့အမေ သတိလစ်သွားတယ်။ ရင်ဘတ်မှာလည်း ပုဝါစည်းပေးထားရတယ်။ သူတို့အဖေဆိုလည်း ချိုချဉ်တွေ တစ်လုံးပြီးတစ်လုံး ပါးစပ်ထဲ ပစ်ထည့်ပြီး စကားမပြောဘဲ ငူငိုင်နေတော့တာ"လို့ ဖြစ်ရပ်တွေကို မြင်တွေ့ကြရတဲ့ မြောက်မြိုက် ရွာခံအမျိုးသမီးက ပြောပါတယ်။

သူတို့မိသားစုတွေဟာ ညီအစ်ကိုတွေ၊ သားအဖတွေကြားမှာ သူငယ်ချင်းလိုမျိုး ရင်းနှီးချစ်ခင်တဲ့ မိသားစုလည်း ဖြစ်ကြပါတယ်။

"အမေက သူ့ရဲ့ သားငယ်လေးတွေ ပြန်လာမယ်ဆိုပြီး မျှော်နေတာ။ ညီလေးတို့ အိမ်လည်သွားလို့ ပြန်မလာသေးရင်တောင် မအိပ်ဘဲ ထိုင်စောင့်နေတာ။ အမေ့ရဲ့ အချစ်ဆုံးသားလေးတွေမှ ဖြစ်ရတယ်ကွာ"ဆိုပြီး အစ်ကိုအကြီးဆုံးဖြစ်သူကလည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မြောက်မြိုက်ရွာဟာ ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ ဒဏ်ကိုလည်း ခံစားခဲ့ကြရပါတယ်။ ငလျင်ဒဏ်ကြောင့် အိမ်ခြေ ၅၀ နီးပါး ပျက်စီးခဲ့ရပြီး ရေနစ်သေဆုံးသွားတဲ့ ကိုဆန်းဝင်းကျော်တို့ မိသားစုနေအိမ်လည်း ယိုင်နဲ့သွားပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း တပ်ကုန်းမြို့နယ်အတွင်း စစ်မှုထမ်းနဲ့ ဖမ်းဆီးခံရတဲ့ လူငယ်တွေရှိလာတာ၊ စိုက်ပျိုးထားတဲ့ ယာထွက်ကုန်တွေ အထွက်နည်းတာ၊ အိမ်ထောင်ကျပြီးသား ကိုဆန်းဝင်းကျော်ကလည်း အိုးပိုင်အိမ်ပိုင်လေးနဲ့ ခွဲနေချင်တာကြောင့် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ဖြစ်လာခဲ့တာပါ။

မြောက်မြိုက်ရွာထဲက တခြားလူငယ်တွေကလည်း သူတို့ချိတ်ဆက်မိတဲ့ ပွဲစားကိုယ်စီနဲ့ အသီးသီး ထွက်သွားတာလည်း ရှိနေပါတယ်။

ဒါ့ကြောင့် ပွဲစားခ တစ်ယောက် သိန်း ၄၀ အတွက် ငွေကို အတိုးနဲ့ ချေးယူခဲ့ပြီး အိမ်က ထွက်လာခဲ့ရင်း အခုလို ကြုံတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

"အကြွေးတွေတော့ ဘယ်လိုဆပ်ကြမလဲ မသိကြသေးပါဘူး။ အခုက သူတို့မှာ သောကအပူကိုယ်စီ ဆိုတော့ ဒါတွေလည်း မတွေးနိုင်ကြသေးဘူးထင်ပါတယ်"လို့ ရွာခံအမျိုးသမီးက ပြောပါတယ်။

တရားမဝင် ထိုင်း ခရီးနဲ့ အဖမ်းဆီးခံမြန်မာလူငယ်တွေ

ကန်ချနာဘူရီမှာ အဖမ်းခံရတဲ့ မြန်မာလူငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, ကန်ချနာဘူရီရဲတပ်ဖွဲ့

ဓာတ်ပုံ ပုံစာ, ကန်ချနာဘူရီမှာ အဖမ်းခံရတဲ့ မြန်မာလူငယ်တွေ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာကြတဲ့ လူငယ်တွေ များလာခဲ့တယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံကို တရားမဝင်လာတဲ့ ကုန်းလမ်းခရီးတွေမှာ ထိုင်းနိုင်ငံက လုံခြုံရေး ပိုတင်းကျပ်လာပြီး အဖမ်းအဆီးများတာတွေကြောင့် ‌ရေလမ်းခရီးကို ဖြတ်ရတဲ့ ဘုရားသုံးဆူမြို့နဲ့ ကန်ချနာဘူရီခရိုင် ဆက်စပ်လမ်းကြောင်းကနေ သွားကြတာတွေ ပိုများလာကြပါတယ်။

ဒီလမ်းကြောင်းကို ၂၀၂၅ ခုနှစ်မှာ အလုပ်သမားပို့တဲ့ ပွဲစားတွေ ပိုအသုံးများလာတယ်လို့လည်း အလုပ်သမားရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ရေးမြို့နယ်က အသက် ၂၄ နှစ်အရွယ် ကိုဟိန်းလေးက ပြီးခဲ့တဲ့ ဇန်နဝါရီတုန်းက ဒီရေလမ်းကနေ ထိုင်းကို ဝင်ရောက်လာသူပါ။

ခရီးစဉ်တလျှောက်မှာ တောထဲကနေ ဆိုင်ကယ်စီးရတာ၊ လမ်းလျှောက်ရတာ၊ ရေလမ်းကို ဖြတ်ရပြီး တောလမ်းတစ်ခါ ထပ်လျှောက်ရတာ အပါအဝင် အဖမ်းအဆီးမရှိရင် ၄ ညအိပ်ခရီး၊ အဖမ်းအဆီးရှိရင် ဒီထက်ရက်ပိုကြာအောင် ထိုင်းကို သွားကြရပါတယ်။

စစ်ဆေးရေးလွတ်အောင် စက်လှေကို အရှိန်နဲ့ မောင်းတာတွေကြောင့် "ရေလမ်းကတော့ အန္တရာယ်အများဆုံးပဲ။ လူတွေကို စက်လှေပေါ်ကို ရောက်တာနဲ့ မိုးကာအုပ်လိုက်တယ်။ ပြီးရင် အသားကုန်မောင်းတာ၊ ရေပြင်နဲ့ လှေနှုတ်ခမ်းသားနဲ့က တပြေးတည်းပဲ။ မိုးကာထဲမှာ အသက်ရှုမဝလို့ လှပ်ကြည့်လိုက်ရင် စက်အရှိန်နဲ့ စင်လာတဲ့ရေစက်တွေပဲ မြင်ရတာ"လို့ ကိုဟိန်းလေးက ပြောပါတယ်။

စက်လှေမောင်းရင်း စစ်ဆေးရေးရှိနိုင်တဲ့ အခြေအနေတွေ့ရင်လည်း စက်လှေကို ကမ်းစပ်က ခြုံအကွယ်တွေမှာ ရပ်စောင့်ကြရပါသေးတယ်။

"ဘာစကားမှ မပြောခိုင်းဘူး။ ဘာအသံမှ မထွက်စေနဲ့၊ ပွဲစားတွေ လက်သုံးစကားက ကိုယ်ဖြစ်ကိုယ်ခံ ဆိုတာချည်းပဲ"လို့ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပြပါတယ်။

လှေစီးပြီးနောက် နောက်ထပ်ချိတ်ဆက်တဲ့ပွဲစားနဲ့ ကန်ချဘူရီခရိုင်ထဲက စိုက်ခင်းတွေထဲကို ဖြတ်သွားကြရပါတယ်။

တချို့ ပွဲစားအဆင့်ဆင့်နဲ့ ချိတ်ဆက်နေတုန်းမှာပဲ စိုက်ခင်းတွေထဲမှာ အဖမ်းခံကြရပါတယ်။

ထိုင်းသတင်းဌာနနဲ့ ကန်ချနာဘူရီခရိုင် ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ ကန်ချနာဘူရီခရိုင်၊ စံခလမြို့ထဲမှာ အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ စက်တင်ဘာ နှစ်ပတ်အတွင်း လူ ၅၀၀ ခန့် ရှိနေပါတယ်။

"ပြီးခဲ့တဲ့ ဩဂုတ်ကဆို အယောက် ၁၇၀၀ ရှိတယ်။ အခုနောက်ပိုင်းဆို ဖမ်းမိတဲ့သူတွေကို ထောင်မချတော့ဘဲနဲ့ မြန်မာဘက်ကို ပြန်ပို့ဖို့ လုပ်နေကြတယ်။ သူတို့ထောင်တွေမှာလည်း မြန်မာနိုင်ငံသား အများစုနဲ့ ပြည့်နေပြီ"လို့ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ-JACBA ဟာ ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ ၂၀၂၅ ခုနှစ် ဇူလိုင် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၄ သန်းကျော်ရှိပြီး တစ်ဝက်ခန့်က တရားဝင် အထောက်အထားမရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

တရားမဝင်နေထိုင်ရတာကြောင့် မကြာခဏ ဖမ်းဆီးခံရတာနဲ့ နိုင်ငံကို ပြန်ပို့ခံရတာတွေ ရှိနေတယ်လို့လည်း HRW က ပြောထားပါတယ်။

အခုလို တရားမဝင် သွားရင်း သေဆုံးတာတွေ ရှိလာတဲ့အခါ ထိုင်းနိုင်ငံရဲ့ လူသားချင်း စာနာမှုအရ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးကြတယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။

ဒါပေမဲ့ ကိုဆန်းဝင်းကျော်နဲ့ ဇနီး မပပဝင်းခင်၊ ညီဖြစ်သူ ကိုချစ်ဖြိုးကျော် တို့ကို သင်္ဂြုဟ်ပေးလိုက်ပြီလားဆိုတဲ့ အခြေအနေနဲ့ ပတ်သက်လို့တော့ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကိုဆန်းဝင်းကျော်တို့ မိသားစုကတော့ ရုပ်အလောင်း မမြင်လိုက်ရတဲ့ နာရေးကို စက်တင်ဘာ ၂၀ ရက်မှာ ကျင်းပဖို့ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေ၊ အလုပ်အကိုင်ကျပ်တည်းမှုနဲ့ စစ်မှုထမ်းဥပဒေလို ပြဿနာတွေက မြန်မာလူငယ်တွေကို နိုင်ငံထဲက ထွက်ခွာစေတဲ့ အဓိကအကြောင်းအရင်းတွေဖြစ်နေတယ်လို့ ကုလသမဂ္ဂက သြဂုတ်လမှာ အစီရင်ခံစာနဲ့ ပြောထားပါတယ်။

ပိုကောင်းတဲ့ဘဝအတွက် ရွှေ့ပြောင်းနေထိုင်ဖို့ စိတ်ကူးကြတဲ့ မြန်မာလူငယ် ထက်ဝက်နီးပါး ဟာ အန္တရာယ်များတဲ့ တရားမဝင်လမ်းကြောင်းတွေကို ရွေးချယ်မိစေတဲ့အန္တရာယ် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ရဲ့ "ဌာနေဝေး မျိုးဆက်သစ်" အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။