စစ်ကော်မရှင်ရွေးကောက်ပွဲ - နေရပ်စွန့်ခွာသူတွေရဲ့ မဲ သန်းချီရှိနေ

၂၀၂၀ ပြည့်နှစ် ‌ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခဲ့ကြတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ပြည့်နှစ် ‌ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခဲ့ကြတဲ့မြင်ကွင်း

ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပမဲ့ လာမယ့်ရွေးကောက်ပွဲမှာ နေရပ်စွန့်ခွာသူ မဲဆန္ဒရှင် သန်းပေါင်းများစွာရှိနေမှာဖြစ်ပြီး မကြုံစဖူး အရေအတွက် ဖြစ်ပါတယ်။

ပြည်ပကိုရွှေ့ပြောင်းသွားသူတွေရော ပြည်တွင်းမှာစစ်ရှောင်နေရသူတွေပါ မဲပေးကြမှာလားဆိုတာက နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အတွက် စိန်ခေါ်ချက်ဖြစ်ပါတယ်။

ယာယီနေရပ်စွန့်ခွာသူအရေအတွက်ဟာ သန်းဂဏန်းရှိနေပြီး စစ်တပ်လုပ်မယ့်ရွေးကောက်ပွဲအတွက် သက်ရောက်မှုရှိတယ်လို့ နိုင်ငံရေးပါတီတွေရော ဥပဒေနဲ့ နိုင်ငံရေးလေ့လာသူတွေကပါ သုံးသပ်ကြပါတယ်။

ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲပေးနိုင်ဖို့ကိုယ်ရေးအချက်အလက်တွေကိုဖော်ပြပြီး သက်ဆိုင်ရာသံရုံးတွေကို ပေးပို့တောင်းဆိုရမယ့်အကြောင်း ဘီဘီစီရဲ့ ဆိုရှယ်မီဒီယာသတင်းဖော်ပြချက်ကို ကွန်မန့်ရေးသားသူ ၂,၇၀၀ ကျော်ရှိပြီး ပြန်လည်မျှဝေသူ ၈၀၀ နီးပါးရှိပါတယ်။

အများစုဟာ မဲမပေးကြောင်းနဲ့ စစ်တပ်ဦးဆောင်မယ့်ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း ရေးသားခဲ့တာ ကို တွေ့ရပါတယ်။

စစ်တပ်ရွေးကောက်ပွဲနဲ့ နေရပ်စွန့်ခွာမဲဆန္ဒရှင်တွေ

၂၀၂၄ ခုနှစ် မြဝတီတိုက်ပွဲတုန်းက ထိုင်းနိုင်ငံ၊ မဲဆောက်ကို ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်‌ဘေးရှောင်တွေမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် မြဝတီတိုက်ပွဲတုန်းက ထိုင်းနိုင်ငံ၊ မဲဆောက်ကို ထွက်ပြေးခဲ့ရတဲ့ မြန်မာစစ်‌ဘေးရှောင်တွေမြင်ကွင်း

၂၀၂၅ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပဖို့ ရက်ပေါင်း ၁၂၀ ကျော်သာ လိုတော့ပေမဲ့ မဲပေးခွင့်ရှိတဲ့ ယာယီ နေရပ်စွန့်ခွာသူဦးရေ ဘယ်လောက်ရှိနေလဲဆိုတာကို ရွေးကောက်ပွဲကော်မရှင်ကဖြစ်စေ စစ်ကော်မရှင်ရဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကဖြစ်စေ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

ရွေးကောက်ပွဲကြိုတင်ပြင်ဆင်မှုဆိုပြီး စစ်တပ်က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကိုကောက်ခံပေမဲ့ ရှေ့ပြေး လူဦးရေစာရင်း ကို သာထုတ်ပြန်သေးတာကြောင့် လူဦးရေ ပျံ့နှံ့နေထိုင်မှုပုံစံကိုလည်း အတိအကျ မသိနိုင် ဖြစ်နေဆဲပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့လူဦးရေ ပျံ့နှံ့နေထိုင်မှုပုံစံကတော့ သိသိသာသာပဲပြောင်းလဲ သွားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နေရပ်စွန့်ခွာတဲ့ ပုံစံတွေကို တော်လှန်ရေးလက်နက်ကိုင်လမ်းစဉ်ရွေးချယ်တာ၊ ပြည်တွင်းမှာပဲ စစ်ရှောင်တာနဲ့ ပြည်ပကိုရွှေ့ပြောင်းနေထိုင်တာဆိုပြီး ယေဘုယျအနေနဲ့ ခွဲခြမ်းပြောနိုင်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တစ်ခုတည်းမှာတင် အင်အား ၂ သိန်းနဲ့အထက်ရှိကြောင်း သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ISP Myanmar က ဆိုထားတာကြောင့် ဒီလူဦးရေရဲ့ ဆန္ဒမဲတွေကို မရရှိနိုင်ပါဘူး။

နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာလူဦးရေ ခန့်မှန်းခြေ ၃.၅ သန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သြဂုတ်လထုတ်စာရင်းအရသိရပါတယ်။

၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းရဲ့ အချက်အလက်ကို ပြန်ကြည့်မယ်ဆိုရင် မြန်မာ့ လူဦးရေရဲ့ အသက် အလယ်ကိန်းဟာ "သက်လတ်ပိုင်း" အုပ်စုဖြစ်တယ်။

သဘောကတော့ မြန်မာ့လူဦးရေထဲမှာ သက်လတ်ပိုင်းအရွယ်တွေက အများဆုံးရှိနေတာဖြစ်ပါတယ်။

ခန့်မှန်းတွက်ချက်မှုအရ သန်းနဲ့ချီတဲ့ ပြည်တွင်းနေရပ်စွန့်ခွာသူ တနည်းအားဖြင့် စစ်ရှောင်အများစုဟာ မဲပေးနိုင်တဲ့ အသက် ၁၈ နှစ်အထက် သက်လတ်ပိုင်း ဖြစ်နိုင်ပါတယ်။

ပြည်ပထွက်ခွာသူအရေအတွက်လည်း သန်းနဲ့ချီရှိနေကြောင်း စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ထုတ်ပြောခဲ့ဖူးတာပါ။

၂၀၂၂ ခုနှစ်နဲ့ နှိုင်းယှဥ်ရင် ၂ နှစ်ကျော်အတွင်း လူ ၄ သန်းဝန်းကျင်ကျဆင်းသွားတာဟာ နိုင်ငံကထွက်ခွာသူတွေ များနေတာကြောင့်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလထဲမှာပဲ ပြောခဲ့ပါ တယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM) ရဲ့ အချက်အလက်အရလည်း ၂၀၂၄ ခုနှစ် တစ်နှစ် တည်းမှာတင် နယ်စပ်လမ်းကြောင်းကနေ အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာဦးရေ ၁ သန်းကျော် ဝင်ရောက်ခဲ့ပါတယ်။

ဒါကြောင့် မဲဆန္ဒနယ်တချို့မှာ မဲပေးခွင့်ရှိသူတွေထဲ မိမိနေရပ်မှာနေထိုင်သူဦးရေထက် ယာယီနေရပ်စွန့်ခွာနေထိုင်သူဦးရေက သန်းနဲ့ချီရှိတဲ့သဘောပါ။

ဒီအချက်ကပဲ အရင်ရွေးကောက်ပွဲတွေနဲ့မတူညီတာပဲဖြစ်ပါတယ်။ မြန်မာ့ပြည်တွင်းစစ်ကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာလည်း ပြောင်းရွှေ့နေထိုင်သူရှိပေမဲ့ အခုကိန်းဂဏန်းတွေက မနှိုင်းယှဥ်သာအောင် ဆတိုးများပြားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကြေညာစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကြေညာစဉ်

သန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေရဲ့ ဆန္ဒမဲတွေဟာ စစ်တပ်ဦးဆောင်မယ့် အပိုင်းလိုက်ရွေးကောက်ပွဲတွေရဲ့ မဲစာရင်းမှန်ကန်မှုမှာစောင့်ကြည့်ရမယ့်အခြေအနေတစ်ရပ်လို့ နိုင်ငံရေးစောင့်ကြည့်သူရော ဥပဒေလေ့လာသူတွေကပါ ထောက်ပြကြပါတယ်။

"အခုကတော့ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်နီးပါး ရှောင်တိမ်းနေရတာမို့ သတ်မှတ်စံနှုန်းနှင့်အညီ ရွေးကောက်ပွဲ အထမြောက်ဖို့က သိပ်ကို ရာခိုင်နှုန်းနည်းပါးပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အသိပညာ ပေးတာတွေ၊ မဲစာရင်းပြုစုတာတွေကလည်း အတော်ကို ကသီလင်တဖြစ်မှာပါ" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ပြောပါတယ်။

စစ်တပ်ကလည်း ဒီအခြေအနေကို သိရှိထားပုံရပါတယ်။ လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေ ပြင်ဆင် ချက်မှာ ယာယီနေရပ်စွန့်ခွာသူတွေနဲ့ ပတ်သက်လို့ ပြင်ဆင်ထားပါတယ်။

စစ်ကောင်စီသက်တမ်းမကုန်မီ ဇူလိုင် ၂၉ ရက်မှာ ဆဋ္ဌမအကြိမ်လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ကိုပြင်ဆင်ခဲ့ပြီး စစ်ကော်မရှင်လက်ထက်မှာတော့ နည်းဥပဒေထွက်လာခဲ့တာပါ။

အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းပါရှိတဲ့ သက်ဆိုင်ရာမြို့နယ်ပြင်ပကို ‌ရောက်ရှိနေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရရှိစေရေးအတွက်ဆိုပြီး ပုဒ်မ ၄၆ ကို ဖြည့်စွက်ခဲ့ပါတယ်။

ဒါဟာ ရွေးကောက်ပွဲကျင်းပမယ့်ရက်မှာ နေရပ်မှာမရှိနေသူတွေက ရောက်ရာအရပ်မှာ မဲပေးနိုင်ဖို့အတွက် တောင်းဆိုလို့ရသလို ကြိုတင်မဲပေးလို့လည်းရမှာပါ။

ဒီလိုကြိုတင်မဲနဲ့ဆက်စပ်လို့မဲမသမာမှုရှိနိုင်ခြေတွေကိုလည်း မျက်ခြေပြတ်လို့မရကြောင်း နိုင်ငံရေးလေ့လာ သူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုသစ်လွင်က ပြောပါတယ်။

"ဒီတခေါက်ရွေးကောက်ပွဲမှာက ပြည်ပရောက်သူတွေရဲ့ ကြိုတင်မဲတွေတောင်းယူထားပြီးတော့ သူတို့ (စစ်တပ်) လိုအပ်တဲ့ ပမာဏမပြည့်ခဲ့ရင် အဲဒီလိုကြိုတင်မဲတွေဝင်လာနိုင်တဲ့အခြေအနေမျိုးမြင်မိတယ်" လို့ ကိုသစ်လွင် က ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေမှာ "သန်းခေါင်ယံကြိုတင်မဲ" တွေဆိုပြီး ရုတ်တရက်ရောက်လာတဲ့ ဆန္ဒမဲတွေ အကြောင်းနဲ့ သူကနှိုင်းယှဉ်သုံးသပ်တာပါ။ "သန်းခေါင်ယံကြိုတင်မဲ" ကိစ္စတွေဟာ လူပြောများပေမဲ့ တရားဝင် ဖော်ထုတ်နိုင်ခဲ့တဲ့အခြေအနေမျိုးတွေ မတွေ့ခဲ့ရပါဘူး။

ကိုသစ်လွင်ဟာ လူမှုရေးနဲ့ နိုင်ငံရေးသိပ္ပံအရေးအထူးပြုလေ့လာနေတဲ့ မဟာတန်းကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်ရှောင်တွေရဲ့ ဆန္ဒမဲအကြောင်းပြောတဲ့အခါမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေကတော့ "နိုင်ငံရေးပါတီ တွေ မနစ်နာရေး" ရှုထောင့်ကနေပြောကြပါတယ်။

နေပြည်တော်မှာ သြဂုတ် ၂၆ ရက်ကပြုလုပ်တဲ့ နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်တွေ့ဆုံမှုမှာတောင် နေရပ်စွန့်ခွာနေထိုင်သူတွေဘယ်လိုမဲပေးကြမလဲ၊ သူတို့တွေမဲလာပေးအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ တွေက အမေးများဆုံးမေးခွန်းတွေလို့ တက်ရောက်သူတချို့ဆီက သိရပါတယ်။

"စစ်ရှောင်များတဲ့မြို့နယ်တွေမှာ မဲမပေးဘူး မဲပေးလို့မရဘူးဆိုရင် ထိခိုက်မှုကများတယ်။ အဲဒီလိုဒေသတွေ မှာပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေမနစ်နာရအောင် ရွေးကောက်ပွဲကော်မရှင်နဲ့ အားလုံး ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်" လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ အတွင်းရေးမှူး ၂ ဦးစောကျော်ဝင်းက ပြောပါတယ်။

ဘီဘီစီမေးမြန်းကြည့်ချက်အရ စစ်ရှောင်တွေ မဲလာပေးအောင် နိုင်ငံရေးပါတီတွေက စည်းရုံးဖို့ ရည်ရွယ်ထားကြပုံရပါတယ်။

ရက်ပေါင်း ၁၈၀ (သို့) ၆ လ နေရပ်အသစ်ရောက်နေသူတွေ

၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းရေတွက်ဖို့ ကြိုတင်မဲပုံးကို ဖွင့်လှစ်နေကြစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ ရွေးကောက်ပွဲက မဲစာရင်းရေတွက်ဖို့ ကြိုတင်မဲပုံးကို ဖွင့်လှစ်နေကြစဉ်

ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲပထမပိုင်းဟာ နိုင်ငံရဲ့ ၃၀.၉ ရာခိုင်နှုန်းမှာသာပြုလုပ်မှာ ဖြစ်ပါတယ်။ မြန်မာမှာရှိတဲ့ မြို့နယ် ၃၃၀ ထဲက ၁၀၂ မြို့နယ် မှာသာ ကျင်းပမှာဖြစ်ပြီး နေပြည်တော်တစ်ခုတည်း မှာပဲ မြို့နယ်အကုန်ရွေးကောက်ပွဲလုပ်မှာပါ။

‌၂၀၂၄ ခုနှစ်သန်းခေါင်စာရင်းအရ လူဦးရေအချိုးအများဆုံးရှိနေတဲ့ ရန်ကုန်မှာတောင် ၁၂ မြို့နယ်မှာပဲ ကျင်းပမှာဖြစ်ပါတယ်။

မြို့ပြနဲ့ ကျေးလက်ခွဲခြမ်းကြည့်မယ်ဆိုလည်း မြန်မာလူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းသာ မြို့ပြနေထိုင်ပြီး ၆၉ ရာခိုင်နှုန်းက ကျေးလက်မှာနေထိုင်ပါတယ်။

စစ်ကိုင်းနဲ့ မကွေးမှာဆိုရင် ကျေးလက်နေလူဦးရေက ၈၃ ရာခိုင်နှုန်းရှိပြီး စစ်ကိုင်းမှာ ကျေးလက်လူဦးရေက ၅ သန်းနီးပါးနဲ့ မကွေးမှာဆိုရင် ၃သန်းကျော်ရှိပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဒီကျေးလက်ဒေသတွေဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေလည်းဖြစ်ပါတယ်။

ဒီနေရာမှာမြင်သာတဲ့အချက်က လက်ရှိရွေးကောက်ပွဲလုပ်မယ်ကြေညာထားတဲ့မြို့နယ်တွေထဲက ၁၇ မြို့နယ်ထက်မနည်းရဲ့ ကျေးလက်ဒေသတွေဟာ စစ်ကော်မရှင်ရဲ့ အလုံးစုံစိုးမိုးမှုအောက်မှာမရှိနေပါဘူး။

ကလေး၊ ကသာ၊ စစ်ကိုင်း၊ ရွှေဘို၊ မုံရွာ ၊ ညောင်ဦး၊ ချောင်းဆုံ၊ ညောင်လေးပင်လို မြို့နယ်တွေရဲ့ ကျေးလက်ဒေသတွေဆိုရင် စစ်ဘေးကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းသူတွေရှိနေပါတယ်။

ရွေးကောက်ပွဲပထမပိုင်းမှာတင် ယာယီနေရပ်စွန့်ခွာသူ စစ်ရှောင်သန်းနဲ့ချီ ရှိမယ့်သဘောပါ။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာတွေက စစ်ရှောင်တိမ်းကြတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာတွေက စစ်ရှောင်တိမ်းကြတဲ့မြင်ကွင်း

ဒါကြောင့် စိုးမိုးမှုအပြည့်အဝမရှိတဲ့ ကျေးလက်ဒေသတွေမှာ မဲရုံဖွင့်လှစ်ဖို့ ဘယ်လိုစဥ်းစားချက်ရှိထားသလဲ ဆိုတာနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

"လုံခြုံရေးအခြေအနေကြောင့် မဲရုံမဖွင့်လှစ်နိုင်ရင်တောင် အဲဒီဒေသကမဲဆန္ဒရှင်တွေ မဲပေးခွင့်မဆုံးရှုံးစေဖို့ အတွက် မဲရုံးတွေကို လုံခြုံမှုရှိတဲ့နေရာမှာရွှေ့ပြောင်းပြီး ဖွင့်လှစ်နိုင်တဲ့ ပြဋ္ဌာန်းချက်အတိုင်းဆောင်ရွက်နိုင် တယ်" လို့ ရွေးကောက်ပွဲကော်မရှင်က ပြန်ဖြေပါတယ်။

နေရပ်အသစ်မှာ ရက်ပေါင်း ၁၈၀ (ဒါမှမဟုတ်) ၆ လ ထက်မနည်းနေထိုင်နေသူတွေဟာ ရွေးကောက်ပွဲနေ့မှာ မိမိနေရပ်ကိုပြန်ပြီး မဲမပေးလိုရင် ပုံစံ ၃-က နဲ့ တောင်းဆိုပြီးရောက်ရာအရပ်မှာပဲ မဲပေးနိုင်မှာပါ။

ဒါမှမဟုတ် မူရင်းဒေသမဲဆန္ဒနယ်အတွက် မဲပေးမယ်ဆိုရင်လည်း ပုံစံ ၁၅ နဲ့ ကိုယ်ရေးအချက်အလက်ဖော်ပြ ပြီး ကြိုတင်မဲပေးနိုင်ပါတယ်။

ပုံစံ ၃ -က

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, ပုံစံ ၃ -က
ပုံစံ ၃ -က

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, ပုံစံ ၃ -က
ကြိုတင်မဲပေးဖို့တောင်းခံရမယ့် ပုံစံ ၁၅

ဓာတ်ပုံ ရင်းမြစ်, UEC

ဓာတ်ပုံ ပုံစာ, ကြိုတင်မဲပေးဖို့တောင်းခံရမယ့် ပုံစံ ၁၅

မူရင်းနေရပ်ကိုစွန့်ခွာပြီး ပြည်ပနိုင်ငံကိုရောက်နေတဲ့သူတွေအနေနဲ့လည်း ကြိုတင်မဲပေးဖို့အတွက် သြဂုတ် ၂၂ ရက်ကနေ စက်တင်ဘာ ၈ ရက်အထိ သက်ဆိုင်ရာသံရုံးတွေကို ပုံစံ ၁၅ ပေးပို့ဖို့ ကြေညာခဲ့ပါတယ်။

ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးကတော့ မဲမပေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။

"ကြိုတင်မဲအတွက် ကိုယ်ရေးအချက်အလက်က မပေးသင့်ဘူးလို့ထင်တယ်။ အချက်အလက်တွေပေးလိုက်ရင် ဒီမှာလုံခြုံမှုပိုမရှိနိုင်ဘူးလို့ ထင်တယ်" လို့ ထိုင်းရောက်မြန်မာနိုင်ငံသားတစ်ဦးက ပြောပါတယ်။

ဒီလိုပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ကြောင်း ဘီဘီစီရဲ့ ဆိုရှယ်မီဒီယာသတင်းဖော်ပြချက်မှာ မှတ်ချက်ဝင်ရောက်ရေးသားသူ ၂,၇၀၀ ကျော်ရှိပါတယ်။

မှတ်ချက်ရေးသူအများစုဟာ ပြည်ပရောက်မြန်မာတွေဖြစ်ပြီး "မဲမပေးမယ့်အကြောင်း၊ ရွေးကောက်ပွဲကို စိတ်မဝင်စားကြောင်း" ကို ဖွင့်ဟရေးထားကြပါတယ်။

ဒါကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူအပြင် ပြည်ပကိုရွှေ့ပြောင်းရောက်ရှိနေကြသူ သန်းနဲ့ချီရဲ့ ဆန္ဒမဲတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့်ရေးယန္တရားလိုအပ်တယ်လို့ ဥပဒေရေးရာရော နိုင်ငံရေးလေ့လာသူတွေကပါ သတိပေးကြပါတယ်။

"အီလက်ထရောနစ်မဲပေးစက် (Electronic Voting Machine – EVM) နဲ့ ဖြစ်စေ၊ မဲလက်မှတ်နဲ့ဖြစ်စေ ပေးထားတဲ့မဲတွေကို ရေတွက်ဖို့အတွက် အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိအောင် မဲရေတွက်မှုကို စောင့်ကြည့်တဲ့ လွတ်လပ်ပြီး အမှီအခိုကင်းသူတွေကို ခန့်အပ်ထားသလဲဆိုတာက အရေးကြီးပါတယ်" လို့ တရားလွှတ်တော်ရှေ့နေဖြစ်တဲ့ ဒေါ်ဇာလီအေးက ပြောပါတယ်။

ဒီရွေးကောက်ပွဲကို တရုတ်စောင့်ကြည့်လေ့လာရေးအဖွဲ့လာမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပေမယ့် တခြားဘယ်အဖွဲ့အစည်းတွေလာဦးမလဲဆိုတာကို မသိရသေးပါဘူး။

ဒါအပြင် ရွေးကောက်ပွဲကို အပိုင်းလိုက်ဘယ်နှပိုင်းခွဲပြီးကျင်းပမလဲဆိုတာကိုတောင် ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေမှာ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့ အခြေအနေလို့ ပါတီအသိုင်းအဝိုင်းကနေ သိရပါတယ်။

အပိုင်းလိုက်ရွေးကောက်ပွဲ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဝင်တော့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မပါဝင်တော့တဲ့ ၂၀၂၅ ရွေးကောက်ပွဲ

ပထမပိုင်းပြီးရင် ရွေးကောက်ပွဲလုပ်ဖို့ ၂၀၁ မြို့နယ်ကျန်ရှိနေပြီး ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထား ပါတယ်။

ဒါကိုကြည့်မယ်ဆိုရင် ပထမပိုင်းရွေး‌ကောက်ပွဲမှာမပါဝင်တဲ့ ကျန်မြို့နယ်တွေမှာ နေရပ်စွန့်ခွာ စစ်ရှောင်သူ တွေ ပိုများမယ့်သဘောလို့နားလည်နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေအနည်းဆုံးပြည်နယ်လို့သိကြတဲ့ ကယား (ကရင်နီ) ပြည်နယ်မှာတောင် စစ်ရှောင်စခန်း ၄၂၀ ကျော်မှာ နေထိုင်နေတဲ့ စစ်ရှောင်ဦးရေ တစ်သိန်းခွဲ ရှိနေပါတယ်။

ကျေးလက်ဒေသတွေမှာနီးစပ်ရာယာယီရွှေ့ပြောင်းနေထိုင်သူနဲ့ပါဆိုရင် စစ်ရှောင်လူဦးရေက ၂ သိန်းခွဲကျော်တယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ စာရင်းအရ သိရပါတယ်။

၂၀၂၄ ရွေးကောက်ပွဲမှာ ကယားပြည်နယ်လူဦးရေဟာ ၂၉၆,၉၀၃ သာရှိတာကြောင့် ခန့်မှန်းလူဦးရေရဲ့ ၈၄ ရာခိုင်နှုန်းက နေရပ်စွန့်ခွာနေကြသူတွေဖြစ်ပါတယ်။

ကရင်နီစစ်ရှောင်တစ်ဦးကိုတွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကရင်နီစစ်ရှောင်တစ်ဦးကိုတွေ့ရစဉ်

ဒီလိုဒေသတွေမှာ စစ်တပ်ကရွေးကောက်ပွဲဘယ်လိုလုပ်မလဲ၊ အပိုင်းလိုက် ရွေးကောက်ပွဲတွေမှာပါလာဖို့ အတွက် ဘယ်လောက်အတိုင်းအတာစိုးမိုးမှုရရင် ကျင်းပမှာလဲဆိုတဲ့ မေးခွန်းတွေထပ်ရှိလာပါတယ်။

"ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်အရ မဲဆန္ဒနယ်တစ်နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် ပြည်သူတွေ မဲပေးဖို့အတွက် လုံခြုံရေးအခြေအနေမရှိဘူးဆိုရင်တော့ ကော်မရှင်အနေနဲ့ အဲဒီမဲဆန္ဒနယ်ရဲ့ ရွေးကောက်ပွဲ ကို ရွှေ့ဆိုင်းထားနိုင်ပါတယ်" လို့ ရွေးကောက်ပွဲကော်မရှင်က ဘီဘီစီကိုတုံ့ပြန်ဖြေပါတယ်။

လုံခြုံရေးအခြေအနေပေးတဲ့အချိန်မှသာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးနိုင်ပါတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးလေ့လာသူကိုသစ်လွင်ရဲ့ အမြင်ကတော့ "သူတို့ရဲ့ရွေးကောက်ပွဲအတွက် သတ်မှတ်မဲဆန္ဒနယ် မပြည့်ရင်တော့ ဥပဒေတစ်ခုခု သို့မဟုတ် စဉ်းစားချက်တစ်ခုခုနဲ့ ရွေးကောက်ပွဲလုပ်လိုက်တာမျိုး ဖြစ်နိုင်တယ်" လို့ သုံးသပ်ပါတယ်။

"အထူးဥပဒေတစ်ရပ်အနေနဲ့ ပြဋ္ဌာန်းပြီးလည်းလုပ်သွားနိုင်ပါတယ်။ ဒါပေမဲ့ မုံရွာမှာမကျင်းပနိုင်လို့ ရွှေဘိုမှာ မုံရွာအတွက်မဲပုံးထောင်တာက ဖြစ်တန်ခြေရှိတယ်လို့ တွေးနိုင်ပေမဲ့ သမိုင်းမှာမရှိဘူး" လို့ ဆိုပါတယ်။

ဒါကြောင့် စစ်ကော်မရှင် စိုးမိုးမှုမရှိတဲ့ဒေသတွေကို ချန်ထားခဲ့ပြီး နောက်ပိုင်းမှသာ ရွေးကောက်ပွဲလုပ်နိုင်ခြေရှိတဲ့အနေအထားပါ။

သြဂုတ် ၁၄ ရက်တုန်းက နိုင်ငံရေးပါတီတွေစုပေါင်းပြီးသတင်းစာရှင်းလင်းပွဲမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, USDP

ဓာတ်ပုံ ပုံစာ, သြဂုတ် ၁၄ ရက်တုန်းက နိုင်ငံရေးပါတီတွေစုပေါင်းပြီးသတင်းစာရှင်းလင်းပွဲမြင်ကွင်း

တော်လှန်ရေးအင်အားစုတွေကတော့ "ရွေးကောက်ပွဲ" ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း၊ နိုင်ငံရေး ပြဿနာရဲ့ ထွက်ပေါက်အဖြေမဟုတ်ဘူးလို့ ထုတ်ပြောထားကြပါတယ်။

"အတုအယောင် ရွေးကောက်ပွဲ . . . လူထုအားနဲ့ ဆန့်ကျင်ကြ" ဆိုတဲ့ ကြွေးကြော်ချက်တွေကိုလည်း သပိတ်အင်အားစုတွေက ဆက်တိုက်တိုက်တွန်းလာပါတယ်။

ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေမှာလည်း မဲပေးသူနည်းမှာကိုစိုးရိမ်နေကြပါတယ်။

"နေရပ်စွန့်ခွာသူဖြစ်ဖြစ်၊ နေရပ်မှာနေတဲ့ပြည်သူဖြစ်ဖြစ် မဲပေးတဲ့အခါ သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေကို ကြောက်ရွံ့ပြီး ကိုယ်ပေးချင်တဲ့မဲ မပေးတာမျိုး၊ ကိုယ့်ခံယူချက်အရ မဲမပေးဘူးတာမျိုးလည်းဖြစ်နိုင်တယ်"

"အရေးကြီးတာကလွှတ်တော် ကိုယ်စားလှယ်လောင်းတွေက ကိုယ့်ပြိုင်တဲ့နေရာမှာ မဲဆန္ဒရှင်တွေကို စည်းရုံးနိုင်ဖို့လိုတယ်" လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ အတွင်းရေးမှူး ၂ စောကျော်ဝင်းက ပြောပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲတရားမျှတမှုရှိ၊ မရှိကိုတော့ အာမခံပြီးမပြောနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။

"သွားလာတဲ့ process (လုပ်ငန်းစဉ်တလျှောက်) အထိ ကျွန်တော်တို့ယုံကြည်တယ်။ လက်ရှိ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ တချိန်က မဲမသမာမှုကြောင့် တိုင်းပြည်ဒုက္ခရောက်နေတာကို သိကြပြီး ထပ်မဖြစ်အောင် အားလုံးရိုးရိုးသားသားနဲ့ ပူးပေါင်းဖို့လိုတယ်" လို့ သူကပြောပါတယ်။

၂၀၂၀ တုန်းက ရွေးကောက်ပွဲ မသမာမှုရှိကြောင်း ကြံ့ခိုင်ရေးပါတီ (USDP) က ရန်ကုန်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၀ တုန်းက ရွေးကောက်ပွဲ မသမာမှုရှိကြောင်း ကြံ့ခိုင်ရေးပါတီ (USDP) က ရန်ကုန်မှာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တဲ့မြင်ကွင်း

အရင်ရွေးကောက်ပွဲတွေနဲ့မတူဘဲ ကိန်းဂဏန်းသိန်းနဲ့ချီရှိနေတဲ့ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်သူနဲ့ ပြည်ပ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ မဲတွေဟာ မဲသမာသမတ်ဖြစ်ဖို့အတွက် စိန်ခေါ်မှုရှိတယ်လို့ ဥပဒေလေ့လာသူ တချို့ကတော့ သုံးသပ်ကြပါတယ်။

"နှစ်နေရာစလုံးမှာကို စိန်ခေါ်မှုရှိပါတယ်။ လက်ရှိနိုင်ငံရေးအခြေအနေမှာ လွတ်လပ်ပွင့်လင်းမြင်သာ တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲကျင်းပတာကပဲ စိန်ခေါ်မှုတစ်ရပ်ပါပဲ" လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ဘီဘီစီကို ပြောပါတယ်။